19/06/2026
မင်္ဂလာပါရှင့်
ဒီနေ့မှာတော့ သားသားမီးမီးလေးတို့အတွက် (၃၈) ဖြာ မင်္ဂလာပုံပြင်များထဲက
"လူဆိုးလူမိုက်နှင့် မပေါင်းသင်းရ" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ သက်ဆိုင်တဲ့ "အပေါင်းအသင်းမှားတဲ့ သမင်လေး" ဆိုတဲ့ ပုံပြင်လေးကို ပြောပြပေးချင်ပါတယ်
🦌🦌🦌
ဟိုးရှေးရှေးတုန်းက တောအုပ်တစ်ခုမှာ တိရိစ္ဆာန်မျိုးစုံ နေထိုင်ကြသတဲ့။ သူတို့တွေဟာ အခက်အခဲ ပြဿနာတွေ ကြုံလာရင် ပညာရှိဘိုးဘိုးဇီးကွက်ဆီ သွားပြီး မေးမြန်းကြသလို ဘိုးဘိုးဇီးကွက်ရဲ့ စကားကိုလည်း နားထောင်ကြသတဲ့။
တိရိစ္ဆာန်လေးတွေ အားလုံးထဲမှာ ဘယ်သူ့စကားမှ နားမထောင်ဘဲနဲ့ လုပ်ချင်တာလုပ်တဲ့ မြေခွေးလေး တစ်ကောင် ရှိသတဲ့ကွယ်။မြေခွေးလေးဟာ တောအုပ်ထဲမှာ အစားမရှာဘဲနဲ့ လူတွေနေတဲ့ ရွာအနီးကိုသွားပြီး လူတွေမွေးထားတဲ့ ကြက်၊ဘဲတွေကို ဖမ်းယူစားသောက်သတဲ့။
တစ်နေ့မှာတော့ မြေခွေးလေးဟာ ရွာထဲကနေ အစာတွေ ခိုးယူစားသုံးပြီးပြန်အလာမှာ တောထဲမှာ အစာရှာစားနေတဲ့ သမင်လေးနဲ့ တွေ့သတဲ့။သမင်လေးကို သူ့လိုဘဲ လူတွေနေတဲ့ ရွာအနားက အစာတွေ လိုက်စားသောက်ဖို့ခေါ်သတဲ့။
အစားမက်တဲ့သမင်လေးလည်း မြေခွေးနဲ့အတူလိုက်ပြီး ရွာအနီးအနားက စိုက်ခင်းတွေကသီးနှံတွေကို စားသတဲ့ကွယ်။အဲ့တာကို သတိထားမိတဲ့ တောထဲက တိရိစ္ဆာန်လေးတွေက သမင်လေးကို ရွာနားမသွားဖို့ သူများဆီက ခိုးယူမစားဖို့ ပြောကြပေမဲ့ သမင်လေးက နားမထောင်ပါဘူးတဲ့ကွယ်။
ရွာကလူတွေဟာ သူတို့ရဲ့ သီးနှံတွေ ကြက်၊ဘဲတွေ ပျောက်ဆုံးပျက်စီးကုန်တာဟာ မြေခွေးလေးနဲ့ သမင်လေးကြောင့်လို့သိတဲ့အခါ ဖမ်းဖို့ပြင်ဆင်ပြီး သမင်လေးနဲ့ မြေခွေးလေးတို့ အစာလာစားတဲ့အခါ ဖမ်းပြီး သတ်ပစ်လိုက်ကြတာပေါ့ကွယ်။
ဒါတွေကိုကြားတဲ့ ပညာရှိ ဇီးကွက်ဘိုးဘိုးက သမင်လေးဟာ မကောင်းတဲ့အကျင့်ရှိသူနဲ့ ပေါင်းသင်းတာကြောင့် အခုလိုကြုံရတာလို့ တိရိစ္ဆာန်လေးတွေကို ရှင်းပြသတဲ့။ 🦌🐺
သားသားမီးမီးလေးတို့လည်း လူလူချင်း ပေါင်းသင်းဆက်ဆံတဲ့အခါမှာ လူဆိုးလူမိုက်တွေနဲ့ မပေါင်းသင်းရဘူးနော်။
ပုံပြင်လေးတွေ စာလေးတွေ ဖတ်ချင်ရင် Future Stars Library သို့လာရောက်နိုင်ပါတယ်
No(2379),Chindwin Street,Mingaladipa Quarter,PobbaThiri
Ph: 09426665256,09426740097
18/06/2026
မင်္ဂလာပါရှင့်
ဒီနေ့မှာတော့ သားသားမီးမီးလေးတို့အတွက် (၃၈) ဖြာ မင်္ဂလာပုံပြင်များထဲက
"သင့်တော်သော အရပ်တွင် နေထိုင်ခြင်း" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ သက်ဆိုင်တဲ့ ပုံပြင်လေးကို ပြောပြပေးသွားပါမယ်ရှင့်
ပုံပြင်လေး ခေါင်းစဉ်လေးကတော့ "ဖားကလေးရေမှာ နေတယ်" ဆိုတဲ့ ပုံပြင်လေးပါရှင့်
🍀 ဟိုးရှေးရှေးတုန်းက ဖားကလေးတစ်ကောင်ဟာ ရေအိုင်လေးမှာ ရေကူးလိုက် ကြာရွက်ပေါ်တက်ပြီး ကစားလိုက်နဲ့ နေသတဲ့ကွယ်
တစ်နေ့မှာတော့ ဖားကလေးက သူနေတဲ့ ရေအိုင်နားက ကုန်းလေးပေါ်မှာ ယုန်လေးတွေ၊သမင်ကလေးတွေ ဟာ ပြေးလွှားဆော့ကစားနေတာကို မြင်လိုက်ရသတဲ့ကွယ်
အဲ့တာကို မြင်လိုက်ရတဲ့ဖားလေးက ရေထဲမှာ မနေချင်တော့ဘဲ ကုန်းပေါ်မှာ နေချင်လာတော့ ကုန်းပေါ်ကို ပြောင်းနေသတဲ့
အဲ့လိုနဲ့ ကုန်းပေါ်မှာ ပြေးဆော့နေတုန်း သိမ်းငှက်ကြီးက ထိုးသုတ်ဖို့ လုပ်လို့ ရေထဲ ခုန်ဆင်းလိုက်သတဲ့
နောက်တစ်နေ့မှာလည်း ဖားလေး ကုန်းပေါ်မှာနေပူဆာလှုံနေတုန်း မြွေကြီးတစ်ကောင်က စားဖို့ကြံပြန်သတဲ့ကွယ်
ဒီလိုနဲ့ ဖားကလေးဟာ သူ့ကိုစားမဲ့ ရန်သူတွေကို ရှောင်ရှားနေရတာနဲ့ဘဲ အစာလည်း ကောင်းကောင်းမစားနိုင်သလို ပျော်လည်း မပျော်တော့နိုင်ဘူးတဲ့
နောက်ဆုံးမှာတော့ သူအရင်နေတဲ့ ရေအိုင်လေးနဲ့ ကြာရွက်လေးတွေကသာ လုံခြုံတဲ့ နေရာလေးမှန်း သဘောပေါက်ပြီး ရေအိုင်လေးထဲမှာဘဲ ပြန်ပြီး နေတော့တာပေါ့ကွယ် 🍀
မြတ်စွာဘုရားက ကိုယ့်အတွက် အဆင်ပြေတဲ့ သင့်တော်တဲ့ နေရာမှာ နေရမယ်လို့ ဟောကြားခဲ့တာမို့ ကလေးတို့လည်း ကိုယ်နဲ့ သင်တော်အဆင်ပြေတဲ့နေရာမှာ နေထိုင်နိုင်ကြပါစေကွယ်
ပုံပြင်လေးတွေ စာလေးတွေ ဖတ်ချင်ရင် Future Stars Library သို့လာရောက်နိုင်ပါတယ်
No(2379),Chindwin Street,Mingaladipa Quarter,PobbaThiri
Ph: 09426665256,09426740097
17/06/2026
မင်္ဂလာပါရှင်
ဒီနေ့မှာတော့ ဆရာမ လွန်းထားထား (ဆေးတက္ကသိုလ်)ရဲ့ "ဒီနေ့ပျော်ပါ" ဆိုတဲ့ စာအုပ်လေးထဲက " တစ်နေ့ကို အလုပ်တစ်ခုတော့ ပြီးအောင်လုပ်ပါ သေးသေးလေးပဲဖြစ်ပါစေ ပြီးမြောက်အောင်မြင်မှုအတွက် ကိုယ့်ဘာသာ ကျေနပ်ပျော်ရွှင်ပါ" ဆိုတဲ့ခေါင်စဉ်လေးနဲ့ မှတ်သားစရာလေးတွေကို ပြောပြပေးသွားချင်ပါတယ် ရှင့်
" တကယ်တော့ စိတ်ဖိစီးမှုဆိုတာ အလုပ်မပြီးသေးခြင်းကနေ စတင်ပါတယ်။ကျွန်မတို့မှာ မပြီးပြတ်သေးတဲ့အလုပ်တွေ တိုးလိုးတန်းလန်းရှိနေသ၍ မပျော်ရွှင်နိုင်ပါဘူး။လုပ်စရာရှိနေတယ်ဆိုတဲ့ နောက်ဆံတင်းမှုက ရှိနေပါတယ်။ တကယ်တမ်းလုပ်လိုက်ရင် ဘာမှ မကြာတဲ့အလုပ်တွေကို နောက်မှလုပ်မယ်ဆိုပြီး ပုံထားရာကနေ အလုပ်တွေ မပြီးစီးနိုင် ဖြစ်နေတာပါပဲ။
ဘ၀မှာ ဘယ်အရာက တန်ဖိုးထားရမယ့်အရာလဲ။အရေးတကြီး ဦးစားပေးရမယ့်အလုပ်က ဘာလဲဆိုတာ သိဖို့လိုအပ်ပါတယ်။သိပြီးတဲ့အခါ တစ်နေ့တစ်နေ့ အဲဒီအလုပ်ကလေးတွေကို ပြီးမြောက်အောင်ဆောင်ရွက်ပြီး ပြီးမြောက်အောင်မြင်မှုအတွက် ပျော်ရွှင်ကျေနပ်နေဖို့ အရေးကြီးပါတယ်။
ကြီးကြီးမားမားအလုပ်ကြီးတွေဖြစ်ဖို့ မလိုပါဘူး၊သေးသေးမွှားမွှား အလုပ်ကလေးပဲဖြစ်ပါစေ ပြီးမြောက်အောင်လုပ်ကြည့်ပါ။အလုပ်ပြီးမြောက်ခြင်းရဲ့ ပျော်ရွှင်ကျေနပ်မှုကို ခံစားကြည့်ပါ။ဒါဆိုရင် ပျော်ရွှင်ခြင်းကို အလေ့အကျင့်တစ်ခုလို မွေးမြူနေမိခြင်းပဲဖြစ်ပါတယ်။နေ့ရက်တိုင်း ပျော်ရွှင်တတ်အောင် လေ့ကျင့်ပေးပါ။ "
ဒါလေးကတော့ အတိုကောက်ထုတ်နုတ်ထားတာလေးပါရှင့်။
အကယ်၍ စာအုပ်လေးတွေ ဖတ်ချင်ပါက Future Stars Library သို့ လာရောက်နိုင်ပါတယ်ရှင်။
No(2379),Chindwin Street,Mingaladipa Quarter,PobbaThiri
Ph: 09426665256, 09426740097
16/05/2026
မဂ်လာပါရှင်။
🍀🌻ယနေ့တွင် FUTURE STARS LIBRARY ၌ အနာဂတ် သားငယ်၊သမီးငယ် လေးများအတွက် တန်ဖိုးရှိမည့် နေ့လေးတစ်နေ့ ဖန်တီးပေးခြင်း ဖြစ်ပါတယ်ရှင်။
🍀🌻စာရေးဆရာ မောင်လေပြေ (တောင်တွင်း) မှ စာပေဝိုင်းလေး ပြုလုပ်၍ ကလေးများ အတွက် ပုံပြင်ပြောခြင်း အစီအစဥ်လေး စီစဥ်ပေးခဲ့ပါတယ်ရှင်။
🥰🍀🙏ဆရာကြီး မောင်လေပြေ ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
🥰🥰ပုံပြောအစီအစဥ် မှာ ကလေးများ၏ စာပေ နားလည်မှု အကြောင်းအရာ များကို မကြာခင်ဆက်လက်တင်ပေးသွားပါမယ်ရှင့်။
15/05/2026
ဒီနေ့ပြောပြပေးမယ့် စာအုပ်လေးကတော့📖 နွယ်နီကံဝင်း ရဲ့ "ကလေးပုံပြင်"ဆိုတဲ့ စာအုပ်ထဲမှ "ဂျစ်တိုက်တတ်တဲ့ ဖိုးညို" ဆိုတဲ့ ပုံပြင်လေးပဲဖြစ်ပါတယ်ရှင်🙏
တစ်ခါတည်း တိရစ္ဆာန်ပေါင်းစုံနေကြတဲ့ တောအုပ်တစ်ခုမှာ ဖိုးညိုဆိုတဲ့ မျောက်လေးတစ်ကောင်ရှိသတဲ့ကွယ်.......။ အဲဒီမျောက်လေးဟာ ပေကတ်ကတ် ဂျစ်ကန်ကန်နိုင်တဲ့ မျောက်လေးတစ်ကောင်ပေါ့ကွယ်...........။ ဖိုးညိုရဲ့မေမေက အဝေးကြီး မသွားဖို့ပြောရင် ဖိုးညိုကနားမထောင်ပဲ ထွက်သွားတတ်သတဲ့ကွယ်...။
လူကြီးတွေက မလုပ်နဲ့လို့ပြောရင် နားမထောင်ပဲ လုပ်တတ်လို့ သူ့ကိုတစ်တောလုံးက ဂျစ်တူးဖိုးညိုလို့ ခေါ်ကြသတဲ့ကွယ်။
ဖိုးညိုရဲ့ဖေဖေနဲ့မေမေကတော့ ဂျစ်မတိုက်ဖို့ လိမ္မာဖို့ အမြဲဆုံးမတတ်တယ်။ တစ်ရက်မှာတော့ ဖိုးညိုဟာ တောစပ်နားကို အစာသွားရှာသတဲ့....။
ဖိုးညိုမိဘတွေက ဖိုးညိုကို တောစပ်နားမနေဖို့ ချက်ချင်းတောထဲကိုပြန်လာဖို့ ပြောပေမဲ့ ဖိုးညိုကနားမထောင်ဘူး။ ဂျစ်ကန်ကန်လုပ်ပြီး မပြန်ဘူးပေါ့ကွယ်......။ နောက်တော့ဖိုးညိုဟာ သူ့မိဘတွေမသိအောင် တောစပ်ကနေရွာနားအထိ ထွက်ပြေးသွားသတဲ့ကွယ်.....။ရွာနားမှာ ငှက်ပျောတောကြီး တွေ့လိုက်ရတော့ ဖိုးညိုလည်းဝမ်းသာအားရနဲ့ စားတော့တာပေါ့။ ဖိုးညိုတစ်ယောက် ငှက်ပျောသီးတွေစားနေတုန်း အခင်းရှင်ရွာသား ရောက်လာပြီး ဖိုးညိုကို နှင်ထုတ်တာပေါ့ကွယ်....။
ဖိုးညိုက ထွက်မပြေးဘဲ သူ့အကျင့်အတိုင်း ပေကတ်ကတ်လုပ်နေသတဲ့.......။ဒီတော့ ရွာသားက ဖိုးညိုကို တုတ်နဲ့ပစ်လိုက်တယ်လေ။ ခေါင်းပေါက်သွားတော့မှ ဖိုးညိုလည်း ကြောက်ကြောက်နဲ့ ရွာထဲကိုပြန်ပြေးဝင်သွားသတဲ့ကွယ်....။
တောထဲပြန်ရောက်တော့ သူ့ကိုစိတ်ပူပြီး လိုက်ရှာနေတဲ့ ဖေဖေ မေမေနဲ့ သူ့သူငယ်ချင်းတွေကိုတွေ့လိုက်တော့ ဖိုးညို လည်း သူ့အမှားသူသိသွားပီး နောက်ဆိုရင် ဂျစ်ကန်ကန် မနေတော့ဖို့ ဆုံးဖြတ်လိုက်သတဲ့ကွယ်.........။
ဒီပုံပြင်လေးကိုဖတ်ပီး မိဘစကားနားထောင်တတ်သော၊ လိမ္မာယဥ်ကျေးသော သားသားမီးမီးများ ဖြစ်ကြပါစေနော်
🌼🌼🌼🌼🌼🌼🌼🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
14/05/2026
မင်္ဂလာပါရှင်🙏 ဒီနေ့ဖတ်ဖြစ်တဲ့စာအုပ်လေးကတော့📖 ဆရာမလွန်းထားထားရဲ့ "ပိုကောင်းဖို့ဖြစ်တာပါ" ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ရှင်🤩။
အဲ့ဒီအထဲကမှ "စကားတစ်ခွန်းမပြောခင်" ဆိုတဲ့အကြောင်းလေးကို ပြောပြပေးသွားပါမယ်ရှင့်.........🤗🤗🤗🍀။
စကားတစ်ခွန်းမပြောခင်မှာ ဒီစကားကိုပြောသင့်ရဲ့လား မပြောသင့်ဘူးလားဆိုတာကို ခဏလေးဆင်ခြင်ကြည့်ဖို့ တ ကယ်လိုအပ်ပါတယ်......။ ပြောသင့်မပြောသင့် မဆင်ခြင်ပဲ အထိန်းအချုပ်မရှိ ပြောမိတဲ့အခါ ကိုယ့်ရဲ့တန်ဖိုးနဲ့ အဆင့်အတန်းကို နှိမ့်ချသလို ဖြစ်သွားတတ်ပါတယ်.........။
လူတစ်ယောက်ရဲ့ စိတ်ဓါတ်အဆင့်အတန်းကို သူပြောလိုက်တဲ့စကားတွေကနေ လှမ်းမြင်နေရတတ်ပါတယ်။ တချို့ကပေါ့ပေါ့လေး လျှာဖျားကလေးကနေ ပြောချင်ရာလျှောက်ပြောနေတာမြင်ရရင် ဆက်ပီးနားထောင်ချင်စိတ်မရှိလောက်အောင် အထင်သေးသွားမိတတ်ပါတယ်....။ တချို့လူတွေကျတော့ သူတို့နဲ့စကားပြောနေရရင်ကို စိတ်ချမ်းသာပီး အကြည်ဓါတ်လေးတွေ တိုးစေသလို ဗဟုသုတ အသိပညာလေးတွေလည်း တိုးစေပါတယ်........။
စကားတစ်ခွန်းကိုမပြောခင်မှာ........ ဒီစကားကိုငါပြောသင့်လား ....အကျိုးရှိတဲ့စကားလား....မှန်ရောမှန်ရဲ့လား ........... နားထောင်သူအတွက်နားဝင်ချိုရဲ့လား.....ပြောသင့်ပြောထိုက်တဲ့အချိန်လား..စသဖြင့် ခဏလေးတွေ့ကြည့်လိုက်ရုံနဲ့ အဖြေတခုရနိုင်ပါတယ်🌼🌼🌼🌼။
အကယ်၍ ကိုယ်ပြောမဲ့စကားဟာ ...ပြောသင့်တဲ့စကားလည်းဖြစ်တယ်...အကျိုးလည်းရှိတယ်.....မှန်လည်းမှန်တယ်.......... ပြောသင့်တဲ့ အချိန်လည်းဖြစ်တယ်ဆိုရင် နားဝင်ချိုအောင်ပြောတတ်ဖို့လိုပါသေးတယ်.....။ ကောင်းစေချင်လို့ စေတနာနဲ့ပြောတာပဲဆိုပီး အထက်စီးနင်း မောက်မောက်မာမာပြောလို့လည်း အဆင်မပြေနိုင်ပါဘူး......။နူးညံ့သိမ်မွေ့စွာ ပြောတတ်ဖို့လိုပါတယ်...။
စကားတစ်ခွန်းဟာ လူတစ်ယောက်ရဲ့ ဘဝအတွက် ခွန်အားတစ်ခုလည်းဖြစ်သွားနိုင်သလို အဆိပ်တစ်ခုလည်းဖြစ်သွားနိုင်ပါတယ်....။... စကားတစ်ခွန်းကြောင့် လူနှစ်ယောက်ပိုပီး နွေးထွေးသွားသလို.......... မျက်နှာမကြည့်ချင်လောက်အောင် မုန်းသွားရတာတွေလည်းရှိတာပါပဲ........။
ဒါကြောင့်........ စကားတစ်ခွန်းမပြောခင် ခဏလေးအချိန်ယူလိုက်ပါ။ သတိလေးနဲ့ ဆင်ခြင်ပြီးမှ ပြောစေချင်ပါတယ်။ တချို့စကားတွေက ဖွာလန်ကြဲအောင်ပြောလိုက်မဲ့အစား.....မပြောပဲ ထိန်းသိမ်းမျိုသိပ်ပေးလိုက်ခြင်းက ပိုပြီးတန်ဖိုးရှိပါတယ်........☘️။
#ဒီစာအုပ်ရဲ့ 📖အဆက်ကလေးကိုဖတ်ချင်တယ်ဆိုရင်
Stars Library ကို လာလို့ရပါတယ်ရှင့်❤️
No(2379), Chindwin Street, Mingaladipa Quarter, Pobbathiri.
PH: 094263335256, 09426740097