05/04/2026
The Brain Waves Vs Digital Era
ဒီနေ့ခေတ်ရဲ့ လျင်မြန်လွန်းတဲ့ Digital လောကမှာ လူတွေဟာ အနားယူဖို့ ဖုန်းကို ဖွင့်ကြတယ်… ဒါပေမယ့် အဆုံးမှာတော့ အပန်း မဖြေရဘဲ ပိုပင်ပန်းလာကြတာ မထူးဆန်းတော့ဘူး။
Content တစ်ခုပြီးတစ်ခု Scroll လုပ်နေတဲ့ လက်ချောင်းလေးတွေကြားမှာ ဦးနှောက်ကလည်း မနားတမ်း ပြေးလွှားနေရတယ်။
တကယ်တော့ တချို့လူ ရှာ နေတာက
"Entertainment” မဟုတ်ဘူး…
“Stillness” ပါ။
ဦးနှောက်လှိုင်းတွေက လူတစ်ယောက်ရဲ့စိတ်အခြေအနေကို ညွှန်ပြနေကြတယ်—
🧠 Beta လှိုင်းတွေထဲမှာ ကျမတို့ဟာ အမြဲတမ်း တုံ့ပြန်နေတဲ့ လူတစ်ယောက်ဖြစ်တယ်။ Notification တစ်ခု၊ Video တစ်ခု၊ အရာရာကို လိုက်ပြီး ဖမ်းဆီးနေရင်း စိတ်ကတော့ တဖြည်းဖြည်း မောရင်း High Beta State ဖြစ်လာကြတယ်။
🧠 Alpha လှိုင်းထဲကို ဝင်သွားတဲ့အချိန်— အရာရာဟာ နည်းနည်းလေး နှေးသွားတယ်။ စာတစ်အုပ်ဖတ်နေချိန်၊ တိတ်ဆိတ်တဲ့ နေရာတစ်ခုထဲမှာ နေချိန်… အဲ့ဒီအချိန်တွေမှာပဲ စိတ်ဟာ အမှန်တကယ် အနားယူတတ်လာတယ်။
🧠 Theta လှိုင်းတွေကတော့ အတွင်းစိတ်ရဲ့ တံခါးဖွင့်သလိုပါပဲ။ အတွေးတွေ ပိုနက်ရှိုင်းလာပြီး မေးခွန်းတွေထက် အဖြေတွေ ပိုမြင်လာတတ်တယ်။ တရားထိုင်နေတဲ့ အချိန်တွေမှာ အဲဒီလှိုင်းကို အနည်းငယ် ခံစားရနိုင်တယ်။
🧠 Delta လှိုင်းတွေကတော့ လူတွေ မမြင်နိုင်တဲ့ အလုပ်တွေကို လုပ်နေကြတယ်။ နက်ရှိုင်းတဲ့ အိပ်စက်မှုထဲမှာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို တိတ်တိတ်လေး ပြန်လည်ပြုပြင်ပေးနေတယ်။
ဒါပေမယ့် Digital ဆူညံသံတွေထဲမှာ နေကြာလာတဲ့အခါ ကျမတို့ဟာ Beta ထဲမှာပဲ အမြဲနေလို့ Alpha ကို မရောက်နိုင်၊ Theta ကို မခံစားနိုင်၊ Delta ကိုတောင် ပြည့်ပြည့်ဝဝ မရရှိနိုင်ကြတော့ဘူး။
ဒါကြောင့် ဖုန်းကို ခဏချထားတဲ့ အချိန်တိုင်းက အချိန်ဆုံးရှုံးခြင်းမဟုတ်ဘူး....
ကိုယ့်ဦးနှောက်ကို Reset လုပ်ပေးနေတာပါ။
တစ်နေ့တစ်ကြိမ်လောက်ပဲဖြစ်ဖြစ်... မိနစ်ပိုင်းလောက်ပဲဖြစ်ဖြစ်... Noise ထဲကနေ ထွက်ပြီး ကိုယ့် Alpha waves ကို ပြန်ရှာကြည့်ပါ။
အဲ့ဒီတိတ်ဆိတ်မှုလေးထဲမှာပဲ စိတ်အေးချမ်းမှု၊ တီထွင်နိုင်စွမ်း၊ နောက်ပြီး ကိုယ့်ကိုယ်ကိုပါ ပြန်တွေ့နိုင်ပါလိမ့်မယ်။
အရေးကြီးဆုံးအရာတွေက
အသံကြားထဲမှာ မရှိနေဘူး....
တိတ်ဆိတ်မှုထဲမှာပဲ ရှိနေတတ်တာပါ။
#စာပေ
04/04/2026
🧀“ဒိန်ခဲ ရှာပုံတော် ဖွင့်ခန်း"
အမေရိကန် စာရေးဆရာ Dr Spencer Johnson ရဲ့ “Who Moved My Cheese?” စာအုပ်က “အပြောင်းအလဲကို လက်ခံလိုက်ပါ၊ လိုက်လျောလိုက်ပါ” လို့ ပြောတဲ့ စာအုပ်တစ်အုပ်ဆိုရင်
တရုတ်စာရေးဆရာမ Cheng Tong ရဲ့ “Whose Cheese Can I Move” ကတော့ “အပြောင်းအလဲတိုင်းအတွက် ကိုယ်တိုင် မေးခွန်းထုတ်ပါ” လို့ ပြောတဲ့ စာအုပ်တစ်အုပ်လိုပါပဲ။
အနောက်တိုင်း အတွေးအခေါ်တွေက_ ရှင်းလင်းတယ်… တိုက်ရိုက်ကျတယ်…
solution-oriented ဖြစ်တယ်။
ဒါပေမဲ့ အရှေ့တိုင်းစာရေးဆရာတွေရဲ့ အတွေးအခေါ်ကတော့—
နည်းနည်းပိုနူးညံ့တယ်… နည်းနည်းပိုအတွင်းကျကျ စဉ်းစားတယ်…
meaning-oriented ဖြစ်တယ် လို့မြင်မိတယ်။
“Who Moved My Cheese?”က
“ဒိန်ခဲပျောက်သွားရင် ဘယ်လိုလုပ်မလဲ” ဆိုတာအတွက် အပြောင်းအလဲကို လက်ခံတတ်ဖို့ သင်ပေးတယ်။
ဒါပေမဲ့ “Whose Cheese Can I Move”ကတော့ “ဒိန်ခဲလိုက်ရှာနေတဲ့ဘဝကိုယ်တိုင်က မှန်သလား” ဆိုတာကို မေးခွန်းထုတ်စေတယ်။
ကျမအတွက်တော့ အောင်မြင်မှုကို လိုက်ရှာနေတဲ့စာအုပ်ထက်— ဘာလို့လိုက်ရှာနေတာလဲဆိုတာကို မေးတဲ့စာအုပ်မျိုးက ပိုပြီး အချိန်ကြာရှည် မှတ်မိနေတတ်တယ်။
ဒီစာအုပ် (၂) အုပ်လုံးမှာ သုံးထားတဲ့ “ဒိန်ခဲဆိုတာ ဘာလဲ…?”
“ဒိန်ခဲ” ဆိုတာ စားဖို့ အရာတစ်ခု မဟုတ်ပါဘူး… လူတွေလိုချင်တဲ့ အရာအားလုံးကို ကိုယ်စားပြုထားတဲ့ သင်္ကေတတစ်ခုပါပဲ—
(၁) အောင်မြင်မှု…
(၂) ငွေကြေး…
(၃) အချစ်…
(၄) ဂုဏ်သိက္ခာ…
(၅) တစ်ခါတစ်လေတော့… ကိုယ်မသိတဲ့ ကိုယ့်ရဲ့ လိုအင်တစ်ခုတောင် ပါဝင်နိုင်တယ်။
Maze လို့ခေါ်တဲ့ အန္တရာယ်တွေအပြည့် ဝင်္ကဘာထဲမှာ လူအမျိုးမျိုး၊ ကြွက်အမျိုးမျိုး တွေ့ရတယ်။
🐭တချို့ကြွက်တွေက ဒိန်ခဲကို ရှာဖွေနေကြတယ်…
မရပ်မနားပဲ…
ရောက်သွားမယ့် နေရာကို သေချာ မသိသေးပေမယ့် ရပ်နားခြင်းမရှိ ပြေးလွှားနေကြတယ်။
🧑🦱တချို့လူတွေက ရပြီးသား ဒိန်ခဲကို ကာကွယ်နေကြတယ်…
ကြိုးစားပမ်းစားပဲ…
ပိုင်ဆိုင်ပြီးသား ပျောက်သွားမှာကို ကြောက်လို့ ပျော်ရွှင်ရမယ့်အချိန်ရောက်တောင် မပျော်နိုင်တော့ဘူး။
🐭တချို့ကြွက်တွေက သူများဒိန်ခဲကို လုယူဖို့ ကြံစည်နေကြတယ်…
သိုသိုဝှက်ဝှက်ပဲ…
ကိုယ့်မှာရှိတာကို မမြင်နိုင်တော့ဘဲ သူများမှာရှိတာကိုပဲ တက်မက်နေတတ်ကြတယ်။
🧑🦱တချို့လူတွေက ဒိန်ခဲကို ခွဲဝေယူကြဖို့ စည်းရုံးနေကြတယ်…
ပေါ်ပေါ်တင်တင်ပဲ…
အဲ့ဒီထဲမှာ ကိုယ့်အကျိုးအမြတ်အတွက်ကိုတော့ မျက်နှာဖုံးအောက်မှာ ပုန်းကွယ်ထားတတ်ကြတယ်။
🐭🧑🦱တချို့လူတွေနဲ့ ကြွက်တွေက ဒိန်ခဲ အမြန်ဆုံးရှာနိုင်မယ့် အဖွဲ့ထဲ ဝင်နိုင်ဖို့ နေရာလုနေကြတယ်...
လိုလိုလားလားပဲ…
သူတို့ယုံကြည်တာက—
“ငါ တစ်ယောက်တည်း မရှာနိုင်ဘူး” ဆိုတဲ့ အတွေးတစ်ခုပေါ့။
🐭တချို့ကြွက်တွေကတော့ ကိုယ့်အကြိုက် ဒိန်ခဲအရသာတောင် မသိဘဲ ဒိန်ခဲရှာဖို့ပဲ ဖိနပ်မချွတ်တမ်း ပြေးလွှားနေကြတယ်…
မစဉ်းမစားပဲ....
ဘာလိုချင်လဲ မသိပဲ လိုချင်လိုက်တာ ဆိုတဲ့ ခံစားချက်နဲ့ပဲ တသက်လုံး နေထိုင်သွားကြတယ်။
🧑🦱တချို့လူတွေက ဒိန်ခဲရှာနေသူတွေကို မေးခွန်းထုတ်နေကြတယ်…
နှေးနှေးကွေးကွေးပဲ….
ကိုယ့် ဒိန်ခဲကတော့ မှိုတက်လာတာကိုပဲ သတိမထားမိတတ်ကြဘူး။
ဒါပေမဲ့… ဒီလူတွေထဲမှာ မတူညီတဲ့ လူအနည်းစုတစ်စုရှိတယ်။
သူတို့ဟာ ဒိန်ခဲ နန်းတော် မရှိတဲ့ အခြေအနေထဲမှာတောင် ပျော်ရွှင်နိုင်တဲ့ ဘဝကို ရှင်သန်နေကြတယ်။
သူတို့ နားလည်တာက ဒိန်ခဲဟာ ဘဝရဲ့ အဆုံးသတ်မဟုတ်ဘူး…
ဘဝရဲ့ အစိတ်အပိုင်း အားလုံးလည်း မဟုတ်ဘူး....
တစ်ခါတစ်လေတော့ ဝင်္ကဘာထဲ အလွဲအမှားနဲ့ မမောနိုင် မပန်းနိုင် ပြေးလွှားနေတဲ့ လူတွေ အများကြီး ရှိနိုင်တယ်။
ကိုယ်ကရော ဘယ်လိုလူမျိုး ဖြစ်နေမိလဲ။
“ငါ မမောတန်းရှာဖွေနေတဲ့ ဒိန်ခဲဟာ ငါ့အတွက် ဘာ့ကြောင့် အရေးကြီးတာလဲ”
#ဘယ်သူ့ဒိန်ခဲငါနေရာရွှေ့လို့ရမလဲ
#စာပေ
03/04/2026
အပြုသဘောဆောင်တဲ့ ဟန်ဆောင်ခြင်း ( Positive Pretending)
ဒီနေ့ခေတ် မြန်မာနိုင်ငံရဲ့
အခြေအနေအရပ်ရပ်ကြားမှာ
ကျမတို့အားလုံးဟာ "အဆင်ပြေပါတယ်" လို့ ဟန်ဆောင်နေပြီး ပြုံးနေကြရတဲ့
အချိန်တွေ များလာပါတယ်။
ဒါပေမဲ့ ဒီဟန်ဆောင်ခြင်းက
ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေတာလား၊
ဒါမှမဟုတ် ရှေ့ဆက်ဖို့ အားမွေးနေတာလား
ဆိုတာ ခွဲခြားကြည့်ဖို့ လိုပါလိမ့်မယ်။
Culinary Class War season 2 က Winner Chef Choi Kang-rok ပြောသလိုပဲ
"ကျွမ်းကျင်စားဖိုမှူးတိုင်းမှာ
ဟင်းချက်ကောင်းချင် ယောင်
ဟန်ဆောင်ခဲ့ရတဲ့ အချိန်ရှိခဲ့ဖူးတယ်" တဲ့။
ဆိုလိုတာဟာ မကျွမ်းကျင်ခင်မှာ လက်လျှော့လိုက်ချင်တဲ့ စိတ်ကို အားတင်းပြီး အလုပ်ကို တော်ချင်ယောင် ဆောင်ပြီး ဆက်လုပ် နေရတဲ့ အချိန်ပါ။
အခုအချိန်မှာ ကျမတို့ ဟာလည်း
စိတ်ဓာတ်တွေ ဘယ်လောက်ပဲ ပြိုလဲနေပါစေ... "ငါတို့ ရှေ့ဆက်နိုင်တယ်၊
ငါတို့ အလုပ်တွေ ကြိုးစားနိုင်သေးတယ်" လို့ ဟန်ဆောင်ပြီး ရုန်းကန်နေကြရပါတယ်။
ဒါဟာ လိမ်ညာတာ မဟုတ်ပါဘူး။
ရှင်သန်ဖို့အတွက် သဏ္ဍန်လုပ်
သရုပ်တူအောင် အားထုတ်နေရတဲ့
စိတ်ဓာတ်ခွန်အား တစ်ခုပါ။
" စိတ်ညစ်နေပေမဲ့ ပြုံးပြပြီး
အလုပ်ခွင်ထဲ ဝင်နေတာဟာ...
တာဝန်ကျေဖို့ ဟန်ဆောင်ခြင်းပါ။"
"အခက်အခဲတွေ ရှိနေပေမဲ့
ငါတို့ ဖြစ်အောင်လုပ်မယ်" လို့ ပြောနေတာဟာ... ယုံကြည်ချက်ကို ပြန်တည်ဆောက်ဖို့
ဟန်ဆောင်နေတာပါ"
ဒီလိုနဲ့ ကျမတို့ဟာ
"အဆင်ပြေချင်ယောင်ဆောင်ရင်းနဲ့
အခက်အခဲတွေကို ကျော်လွှားတတ်တဲ့ အလေ့အကျင့်ကို ရလာကြတယ်"
"အားတင်းထားချင် ယောင်ဆောင်ရင်းနဲ့ တကယ်တမ်း သံမဏိလို စိတ်ဓာတ်တွေ
ပိုင်ဆိုင်လာကြတယ်"
"လိမ်ညာခြင်းမှာ
အားထုတ်မှုမရှိတတ် ပေမဲ့
ဟန်ဆောင်ခြင်းမှာတော့
လိုချင်တဲ့ ပန်းတိုင်ရှိပြီး
အဲဒီပန်းတိုင်အတွက်
ရုန်းကန်နေတဲ့ အလှတရား ဆိုတာ ရှိပါတယ်။"
ဒီနေ့ခေတ်မှာ လိမ်ညာပြီး
အချိန်ဖြုန်းနေဖို့ထက်၊
ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်၊
ကိုယ်လိုချင်တဲ့ ဘဝအခြေအနေတစ်ခုဆီ ရောက်ဖို့အတွက်
"ဟန်ဆောင်ပြီး ကြိုးစား အားထုတ်တတ်ဖို့" အရေးကြီးပါတယ်။
ဒီနေ့ခေတ် မြန်မာပြည်မှာ
ကျမတို့အားလုံးဟာ
"အဆင်ပြေချင်ယောင် ဆောင်နေကြရသူတွေ" ချည်းပါပဲ။
"ဟန်ဆောင်ခြင်းဟာ
ပန်းတိုင်မရောက်ခင်အထိ
ဆက်တိုက်လုပ်ဆောင်နေဖို့
တွန်းအားဖြစ်သလို၊
ဒါဟာ အောင်မြင်မှုအတွက်
လိုအပ်တဲ့ အလေ့အကျင့်ကောင်းတွေကို တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။"
ဒါပေမဲ့…
တစ်နေ့နေ့မှာတော့
ဟန်ဆောင်နေစရာ မလိုတော့တဲ့အထိ
တကယ် အဆင်ပြေလာမယ့်နေ့ကို
တဖြည်းဖြည်း နီးကပ်လာဖို့ မျှော်လင့်မိတယ်။
#အဆင်ပြေပါတယ်
#စာပေ
#မြန်မာလူမျိုး
02/04/2026
ကိုယ့်ပုံစံအတိုင်း လေးပဲ ရှင်သန်ခွင့်ပေးလိုက်ပါ...
✔️လူ့ဦးနှောက်ဟာ ဘယ်ဘက်နဲ့ ညာဘက် အလုပ်လုပ်ပုံချင်း မတူကြဘူး...
✔️နှလုံးသားရဲ့ အခန်းလေးခန်းဟာလည်း တစ်ခန်းနဲ့တစ်ခန်း လုပ်ဆောင်ချက်ချင်း ကွဲပြားနေကြပြန်တယ်...
✔️အဆုတ်မှာတောင် ဘယ်ဘက်နဲ့ ညာဘက် အခြမ်းအရေအတွက် မတူညီသလို...
✔️ကျောက်ကပ်နှစ်ခုဟာလည်း တစ်ပြေးတည်း တစ်တန်းတည်း ရှိမနေကြပါဘူး...
တွဲလျက်ပေးထားတဲ့ ကိုယ့်ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေမှာတောင် ဒီလောက်အထိ ကွဲပြားခြားနားမှုတွေ ရှိနေတာကို...
တို့တွေက ဘာ့ကြောင့်များ တခြားသူတစ်ယောက်နဲ့ တူညီချင်နေရတာလဲ?
🧠မင်းရဲ့ ဦးနှောက်ကို တစ်ချက်ကြည့်လိုက်ပါ...
ဘယ်ဘက်ခြမ်းက ယုတ္တိဗေဒ (Logic) တွေ၊ ဂဏန်းသင်္ချာတွေနဲ့ အလုပ်ရှုပ်နေချိန်မှာ၊ ညာဘက်ခြမ်းကတော့ စိတ်ကူးယဉ်အနုပညာ (Creativity) တွေနဲ့ ကမ္ဘာသစ်ကို ဖန်တီးနေပါတယ်။
သူတို့နှစ်ခုဟာ မတူညီပေမဲ့ တစ်ခုကိုတစ်ခု အမှီသဟဲပြုရင်း မင်းဆိုတဲ့ လူသားတစ်ယောက်ရဲ့ အတွေးအခေါ်ကို တည်ဆောက်ပေးထားတာပါ။
💗မင်းရဲ့ နှလုံးသားကိုရော သတိထားမိရဲ့လား...
အပေါ်ခန်း (Atria) တွေက သွေးကို လက်ခံစုဆောင်းပေးရတဲ့ အလုပ်ကို လုပ်ပြီး၊
အောက်ခန်း (Ventricles) တွေကတော့ ခန္ဓာကိုယ်အနှံ့ကို အားသွန်ခွန်စိုက် ညှစ်ထုတ်ပေးရပါတယ်။
တစ်ခန်းက လက်ခံတယ်၊ တစ်ခန်းက ပေးဆပ်တယ်။
ဒီလို မတူညီတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နေလို့သာ မင်းရဲ့ နှလုံးခုန်သံတွေက အားမာန်ပါနေရတာပေါ့။
🩻မင်းရဲ့ အဆုတ်မှာရော ဘာတွေထူးခြားနေလဲ...
ညာဘက်အဆုတ်မှာ အခြမ်း (၃) ခြမ်း ရှိနေချိန်မှာ၊ နှလုံးသားကို နေရာပေးထားရတဲ့ မင်းရဲ့ဘယ်ဘက်အဆုတ်မှာတော့ အခြမ်း (၂) ခြမ်းပဲ ရှိပါတယ်။
ဒါဟာ အနစ်နာခံမှုနဲ့ အပေးအယူ မျှတခြင်းရဲ့ အလှတရားပါပဲ။
🧬မင်းရဲ့ ကျောက်ကပ်ကို ကြည့်လိုက်ရင်ရော...
ညာဘက်ကျောက်ကပ်ဟာ အသည်းကို နေရာဖယ်ပေးရလို့ ဘယ်ဘက်ထက် အနည်းငယ် နိမ့်ကျနေတတ်ပါတယ်။
ဒါဟာ နှိမ့်ချမှုနဲ့ အတူယှဉ်တွဲနေထိုင်ခြင်းရဲ့ ပြယုဂ်တစ်ခုပါပဲ။
"သူ့လိုပဲ ဖြစ်ချင်လိုက်တာ"၊
"သူ့လိုပဲ ချွတ်စွပ်တူချင်လိုက်တာ" လို့
မင်း တွေးနေသေးရင်တော့...
မတူကွဲပြားတဲ့ အလှတရားတွေနဲ့ တည်ဆောက်ထားတဲ့ မင်းရဲ့ ခန္ဓာကိုယ်က မင်းကို ပြုံးစစနဲ့ ပျက်ရယ်ပြုပါလိမ့်မယ်။
အစုံလိုက်ပေးထားတဲ့
ကိုယ့်ခန္ဓာကိုယ်ထဲမှာတောင်
တစ်ခုနဲ့တစ်ခု အပေးအယူလုပ်ရင်း၊
မတူညီတာတွေကို လက်ခံရင်း
သက်ရှိထင်ရှား ရှိနေရတာပါ။
အတုအယောင်တွေနဲ့ တူဖို့
ကြိုးစားနေတာထက်၊
မတူညီတဲ့ အစိတ်အပိုင်းတွေက
ပေါင်းစပ်ပေးထားတဲ့
"Original" ဖြစ်မှုကိုပဲ တန်ဖိုးထားလိုက်ပါ။
လောကမှာ တုပလို့မရတဲ့
အကောင်းဆုံးအရာဟာ
"မင်းဟာ... မင်းပဲ ဖြစ်နေတာ" ဆိုတာပါပဲ။
#ကိုယ့်ပုံစံအတိုင်းလေးပဲရှင်သန်ခွင့်ပေးပါ
#စာပေ
30/12/2025
Intrinsic Incentive 💰✍️
နှစ်ကုန်လာတဲ့အခါ….. ငါတို့ဘာတွေကို တွက်နေမိသလဲ?
နှစ်ကုန်နီးလာတဲ့ အချိန် ဝန်ထမ်းအများစုရဲ့ စိတ်ထဲ မေးခွန်း တချို့ပေါ်လာတတ်တယ်။
“ငါ ဒီနှစ် Bonus ရမလား?”
“ငါ ဒီနှစ် Incentive ပြည့်မလား?”
ဒါဟာ မလွန်ဆန်နိုင်တဲ့ လူ့သဘာဝပဲလို့တွေးရင်
မကာင်းတဲ့အတွေးတော့လည်း မဟုတ်ပါဘူး။
ကြိုးစားခဲ့တဲ့အတွက် ပြန်လည်ရရှိချင်တာ သဘာဝကျပါတယ်။
ဒါပေမဲ့ “နှစ်တစ်နှစ်မှာ ငွေတစ်ခုပဲ ကျန်ခဲ့မလား၊ အဓိပ္ပါယ်ပါ ကျန်ခဲ့လား” ဆိုတာကိုပါ မေးကြည့်သင့်တယ်လို့ မြင်တယ်။
“Incentive” ဆိုတာ “ဒီလိုလုပ်ရင် ဒီအကျိုးရမယ်” ဆိုတဲ့ ကတိတစ်ခုလိုပါပဲ။
“Bonus” ဆိုတာကတော့ “မင်း ကောင်းကောင်းလုပ်ခဲ့တယ်” ဆိုတဲ့ အသိအမှတ်ပြုခြင်း တစ်မျိုးပါ။
လူအများစု မေ့လျော့နေတတ်တာက “Intrinsic Incentive” ပါ။
Incentive နဲ့ Bonus ဆိုတာက External Motivation သက်သက်မို့ ရပြီးသွားရင် ပြီးသွားတတ်ပါတယ်။ရေရှည်မတည်တံ့တတ်ပါဘူး။
ဒါပေမဲ့ စစ်မှတ်တဲ့ ဝန်ထမ်းကို အစစ်အမှန် ရေရှည်ထိန်းနိုင်တာက “Intrinsic Incentive” ပါ။
“Intrinsic Incentive” ဆိုတာ
(၁) ကိုယ့်အလုပ်မှာ အဓိပ္ပါယ်ရှိတယ်လို့ ခံစားရတာ
(၂) ကိုယ့်လုပ်အားကို ယုံကြည်ပေးတယ်ဆိုတဲ့ ခံစားချက်မျိုးရတာ
(၃) ကိုယ့်တိုးတက်ပြောင်းလဲမှုကို ကိုယ်တိုင် သိနိုင်မြင်နိုင်တာ
(၄) “ဒီ အလုပ်ကို ငါလုပ်ချင်လို့ ရွေးချယ် လုပ်နေတာပါ” ဆိုတဲ့စိတ်
ဒီလို ခံစားချက်တွေဟာ Salary Slip၊ Bonus၊ Incentive ထဲမှာ မပါတတ်ပေမဲ့ ဘဝထဲမှာတော့ ကျန်နေတတ်ပါတယ်။
ဒါတွေမရှိရင် ဝန်ထမ်းကို Bonus ကြီးကြီးပေးလည်း စိတ်လှုပ်ရှားမှု မတိုးလာတော့သလို၊ Incentive ပြည့်သွားလည်း အားထုတ်မှု ပိုတိုးမတက်လာတော့ပါဘူး။
“အတွေ့အကြုံဆိုတာ ငွေနဲ့ဝယ်လို့မရပေမဲ့၊ အချိန်နဲ့ နေ့တိုင်း ဝယ်ယူနေရတယ်ဆိုတာ” မမေ့ဖို့လိုတယ်။
ဒီနေ့သုံးလိုက်တဲ့ အချိန်ဟာ နောက်မှ ပြန်မရနိုင်ပါဘူး။
ဒါကြောင့် နှစ်ကုန်မှာ
ငါ Bonus တွေ Incentive တွေ ဘယ်လောက်ရခဲ့သလဲ ဆိုတာထက်၊ ငါ အတွေ့အကြုံတွေ ဘယ်လောက်ရခဲ့သလဲ ဆိုတာကိုလည်း မေးကြည့်ဖို့ မမေ့ပါနဲ့။
တချို့အရာတွေက
လက်ထဲမှာ မကျန်ခဲ့ပေမဲ့
နှလုံးသားထဲမှာတော့
စွဲမြဲစွာ ထင်ကျန်ရစ်နေတတ်လို့ပါ။
10/12/2025
No Sh*tty Way to win a fight 🥊
ဒီနေ့အတွက် အကြိုက်ဆုံး စကားတစ်ခွန်းကတော့
ပူပူနွေးနွေး UFC Champion ဆုရှင် Joshua Van အပေါ် UFC ဥက္ကဌ Dana White ရဲ့ တုံ့ပြန်စကားတစ်ခွန်းပါပဲ။
“ပွဲတစ်ပွဲမှာ ကံမကောင်းလို့ ရှုံးတယ်ဆိုတာပဲ ရှိတယ်။
ကံကောင်းလို့ နိုင်တယ်ဆိုတာ မရှိဘူး။
မင်း ဒီနိုင်ပွဲနဲ့ ထိုက်တန်တယ်” တဲ့။
ဒီစကားဟာ အားကစားပြိုင်ပွဲမှာမှ မဟုတ်ဘူး
နေ့စဉ်ဘဝမှာပါ ကျမတို့ကို သတိပေးနေတဲ့
စကားတစ်ခွန်းပါ။
အားကစားပြိုင်ပွဲတွေမှာ
ကြေးတံဆိပ်၊ ငွေတံဆိပ်ရသူတိုင်းရဲ့
အိပ်မက် ပန်းတိုင်က
ရွှေတံဆိပ်ဆုရှင် ဖြစ်ဖို့ပါပဲ။
တစ်ခါတစ်လေ ရွှေတံဆိပ်ရသူတွေဟာ
ဒဿမဆိုတဲ့ ကိန်းဂဏန်း အနည်းငယ်သာ
ကွာခြားပြီး ချန်ပီယံ ဖြစ်သွားကြတာပါ။
ဒီလိုအချိန်မှာ ပြောလေ့ရှိတဲ့ စကားလုံးက
နှာတစ်ဖျားသာသွားလို့ ရွှေတံဆိပ်ဆုရှင်
ဖြစ်သွားတာပါပေါ့။
နှာတစ်ဖျားသာတယ်လို့ အပြောခံရသူတွေမှာ
နှာတစ်ဖျားထက်မကတဲ့ ကြိုးစားအားထုတ်မှုတွေ
ရှိနေစမြဲပါ။
ဘဝမှာ အောင်မြင်သူတွေတွေ့ရင်
ကံကောင်းလို့ပါလို့
ကိုယ့်ကိုယ်ကို လှည့်စားနေမယ့်အစား
သူတို့ သူများထက် နှာတစ်ဖျားသာအောင်
ဘယ်ပုံဘယ်နည်း အားထုတ်ခဲ့လဲ
မြင်အောင် ကြည့်ဖို့ ကြိုးစားပါ။ အတုယူပါ။
တစ်နည်းအားဖြင့် ပြောရရင်
သင်အရှုံးနဲ့ ရင်ဆိုင်ရတဲ့အခါ
ကံမကောင်းလို့ပါလို့ ကိုယ့်ကိုကိုယ်
နှစ်သိမ့်ကောင်း နှစ်သိမ့်ပေးနိုင်တယ်။
အနိုင်ရဖို့ အလှည့်ကိုတော့
ကံကောင်းဖို့ တစ်ခုတည်းကိုပဲ
သင် ယုံကြည် မှီခို အားကိုးပြီး
စောင့်ဆိုင်းနေလို့မရဘူး။
ဒါကြောင့် အောင်ပွဲတိုင်းမှာ
တရားမျှတစွာ ပြိုင်ခဲ့သရွေ့
သင်ဟာ အောင်မြင်မှုနဲ့ ထိုက်တန်တဲ့သူတစ်ယောက်
ဖြစ်နေဦးမှာပါ။
#အောင်ပွဲတိုင်းဟာထိုက်တန်တယ်
20/11/2025
အနှစ် (၃၀)ကျော် ကြာမှ စာမေးပွဲဖြေဖို့ ပြင်ဆင်နေတဲ့ ကျမအမေက ဘုရားစာ ရွတ်လည်း အသံကျယ်ကျယ်ရွတ်ဖတ်တတ်သူပီပီ၊ အခု သုတဓမ္မဒီပလိုမာ level 1 စာမေးပွဲစဖြေဖို့ စာဖတ်တော့လည်း အသံထွက် ကျက်မှတ်တတ်တော့ စာမေးပွဲ ဖြေဖို့ရက်နီးလာလေလေ ကျမတို့မိသားစုဝင်တွေ ကြားနေရလေလေ ဖြစ်လာတာပေါ့။
ကျမကတော့ ငယ်ငယ်ကတည်းက သူများစာကျက်သံကိုပဲ နားထောင်ပြီး မှတ်မိတတ်သူ တစ်ယောက်မို့ ကျမအမေ ကျက်မှတ်နေကျ စာသားတွေထဲက ခေါင်းထဲ စွဲနေတာလေးကို ချရေးထားမိတယ်။
သဘောအကျမိဆုံး စာသားလေးက “ဘဝမှာ ကိုယ်ပိုင်အသိဉာဏ်နဲ့ မဆုံးဖြတ်နိုင်ရင် ဘာပဲလုပ်လုပ် သေချာပြီး၊ နှစ်ဖက်ကောင်းသောလမ်း ကိုပဲ ရွေးချယ်ရမယ်” ဆိုတာပါပဲ။ ဆိုလိုတာက ဘဝမှာ ရွေးချယ်စရာတွေ များလို့ တွေဝေတိုင်း၊ တုံ့ဆိုင်းတိုင်း၊ ဝေခွဲမရဖြစ်တိုင်း၊ ယုံမှားသံသယ ဖြစ်တိုင်း နှစ်ဖက်လုံး အတွက် အရှုံးမရှိသေချာတဲ့ လမ်းကိုပဲ ရွေးချယ်သင့်တယ် လို့ ယေဘုယျ ဆန်ဆန် တိုက်တွန်းလမ်းညွှန်ထားတဲ့ ရွေးချယ်နည်းလို့ မြင်မိတယ်။
ဘာသာမျိုးစုံရဲ့ မတူညီတဲ့ အယူအဆတွေအရ အတိတ်ဘဝ၊ နောက်ဘဝ ကို ရှိတယ် ၊ မရှိဘူး လို့ ယနေ့ထိ ငြင်းခုံသက်သေပြ နေကြတုန်းပါပဲ။နောက်ဘဝ ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတော်၊လူကောင်းဆိုတဲ့ စံနှုန်းအတိုင်း နေထိုင်ရင်တော့ ကောင်းသော အကျိုးကို ယခုဘဝမှာ ခံစားရမှာ မလွဲမသွေ ပါပဲ။
အကယ်၍ နောက်ဘဝဆိုတာ ရှိခဲ့ရင်လည်း ဒီကောင်းကျိုးကို ဆက်လက်ခံစားရမှာဖြစ်ပြီး၊ မရှိခဲ့ရင်လည်း အခုဘဝမှာတော့ နောင်တမရှိ အကောင်းဆုံး နေထိုင်ခဲ့လို့ ဘဝကို အကျိုးရှိရှိ ရှင်သန်ခဲ့တာပါပဲ။
တစ်ခါတစ်လေ ကျမတို့ဟာ ဘဝမှာ ပြန်ပြင်ချင်တဲ့ အတိတ်နဲ့ ပြည့်စုံကောင်းမွန်ချင်လွန်းတဲ့ အနာဂတ်ကို ပဲ ရွေးချယ်စရာလမ်းလို့ မြင်နေမိတတ်တယ်။
ဒါပေမဲ့ အတိတ်ဟာ ပြီးသွားပါပြီ။ အနာဂတ်မှာ အာမခံချက်မရှိပါ။ တစ်ခုတည်းသော ဘဝခရီးမှာ ရွေးချယ်ရမယ့် လမ်းက ပစ္စုပ္ပန်အချိန်ကို အကောင်းဆုံး၊ အကျိုးအရှိဆုံး အသုံးချနေထိုင်ခြင်းပါပဲ။
ဗုဒ္ဓတရားတော်တွေက ဘယ်သူ့ကိုမှ လက်တွေ့လိုက်မလုပ်ကြည့်ဘဲ သူများလုပ်ခိုင်းလို့ လိုက်လုပ်၍ဖြစ်စေ၊ လေးစားရတဲ့ တစ်စုံတစ်ဦးရဲ့တိုက်တွန်းမှုကြောင့်ဖြစ်စေ၊ ကိုယ့်အကြိုက်နဲ့ကိုက်လို့ဖြစ်စေ၊ အကြွင်းမဲ့ မယုံကြည်ခိုင်းဘူး၊ မကိုးကွယ်ခိုင်းပါဘူး။
ကိုယ်တိုင်ကျင့်ကြံ ကိုယ်တွေ့ အကျိုးထူးမှ ကိုယ်သွားရမယ့်လမ်းကို ကိုယ်တိုင် ရွေးချယ်ရမှာပါ။
ကိုယ်ပိုင် အသိဉာဏ်နဲ့ မစဉ်းစား၊ မရွေးချယ်နိုင်ရင်တော့ ဒီလမ်းဟာ သေချာပြီး နှစ်ဖက်ကောင်းတဲ့လမ်းဖြစ်ဖို့တော့ လိုအပ်ပါတယ်။
ဒီနှစ်ဖက်ကောင်းတဲ့လမ်းမှာ ယနေ့သင့်အတွက် အာမခံချက်ရှိသင့်သလို အနာဂတ်သင့်အတွက်လည်း အာမခံကြေး ဆတိုး ရှိနေသင့်ပါတယ်။ အနာဂတ်မှာ ကောင်းမွန်တဲ့ ဘဝခရီးလမ်းကို လျှောက်နိုင်လိမ့်မလား ဆိုတာဟာ သင်ယနေ့ ရွေးချယ်ပြီး လုပ်ဆောင်နေတဲ့ အပြုအမူတိုင်းကနေ ဆုံးဖြတ်ပေးမှာပဲ ဖြစ်တယ်။ အဆုံးမှာတော့ ဘဝခရီးလမ်းဝယ် ရွေးချယ်ရမယ့် လမ်းဟာ ဒီနေ့ သင့်လက်ထဲမှာပဲ ရှိနေပါတယ် လို့ ဆိုချင်ပါတယ်။
#ဘဝခရီးလမ်းဝယ်ရွေးချယ်ရမည့်လမ်း
#နှစ်ဖက်ကောင်းသောလမ်း
#သေချာသောလမ်း
#အာမခံချက်
06/10/2025
ဒီရက်ပိုင်း ပတ်ဝန်းကျင်မှာ တွေ့ဆုံနေရတဲ့လူတွေဆီကနေ မကြာခဏ ကြားရလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။
“ကိုယ် အမှန်တကယ် ဘာဖြစ်ချင်လဲဆိုတာ သေချာမသိဘူးတဲ့”
ဒီစကားလုံးကို လွန်ခဲ့တဲ့နှစ်အနည်းငယ်ကအထိ လက်စွဲသုံး စကားတစ်ခုလို ကိုယ်တိုင်လည်း ပြောနေမိခဲ့ဖူးတယ်။
ကျမကတော့ ဒီအဖြေကို သိရဖို့ ဆန့်ကျင်ဘက် နည်းလမ်းနဲ့ ချဉ်းကပ်ခဲ့သူပါ။
ကျမ “ဘာဖြစ်ချင်လဲ” ဆိုတာထက် ကျမ “ဘာမဖြစ်ချင်ဘူးလဲ” ဆိုတဲ့ အချက်အလက်တွေကို ချရေးထားပြီး၊ ကိုယ်အမှန်တကယ် မနှစ်သက်တဲ့အရာတွေရဲ့ ဆန်ကျင်ဘက်ကို မြင်အောင် ပြန်ကြည့်ခဲ့တယ်။
ဘာလို့ ချရေးလဲလို့မေးရင် လူ့စိတ်ဟာ အင်မတန်ပြောင်းလဲလွယ်ပြီး အနှောင့်အယှက်အဝင်လွယ်တယ်။ နေ့တိုင်းနီးပါး ကိုယ်မကြိုက်တဲ့အရာ၊ မဖြစ်ချင်တဲ့ ပုံစံတွေကို ချရေးမထားရင် ကိုယ့်စိတ်ကို သေသေချာချာ ပြန်ဖတ်နိုင်ဖို့ ဆိုတာ မလွယ်ကူလှဘူး။
ကိုယ်မနှစ်သက်တဲ့ အလုပ်မျိုးကိုမှ ရာထူး၊ဂုဏ်ပုဒ်၊ဝင်ငွေ တစ်ခုခုအတွက် နှစ်ရှည်လများစွာ အလုပ်လုပ်နေတယ်ဆိုတဲ့ လူတွေလည်း အများကြီးပဲ တွေ့ဖူးတယ်။ ဒီလိုလူတွေဟာ ကြွက်ပြေးလမ်းသံသရာမှာ ငရဲမီး စက်ကွင်းထဲ ပြေးနေသလိုပဲလို့ မြင်မိတယ်။
“So good they can’t ignore you” စာအုပ်ထဲမှာ Cal Newport ပြောသလိုဆိုရင် Passion ကိုအချိန်ကုန်ခံပြီး ရှာနေမယ့်အစား Craftsman mindset ကို အရင် ပျိုးထောင်လိုက်ရင် Passion ဆိုတာ သူ့အလိုလို လိုက်လာပါလိမ့်မယ်တဲ့။
Passion mindset ဆိုတာ ကိုယ်သဘောကျနှစ်သက်တယ်လို့ ယူဆရတဲ့ အလုပ်တစ်ခုကိုပဲ လုပ်ပြီး ဒီ့အတွက် ကမ္ဘာကြီးက ငါ့အတွက် နေရာတစ်ခုပေးလိမ့်မယ်လို့ အတွေး ရှိတဲ့လူတွေနဲ့တူတယ်။
တစ်နည်းအားဖြင့် သူပျော်ရာကိုလုပ်ပြီး သူ့အတွက်နေရာတောင်းနေသူနဲ့ တူတယ်။
Craftsman mindset ကတော့ ပညာရပ်တစ်ခုခုမှာ ကျွမ်းကျင်အောင် လုပ်ပြီး ကမ္ဘာကြီးအတွက် လိုအပ်နေပြီး တန်ဖိုးရှိတဲ့အရာတစ်ခုခုကို ဖန်တီးမယ် လို့ ခံယူချက်ရှိသူတွေ မှာတွေ့ရတဲ့ စိတ်ဓာတ်တစ်မျိုးပဲ။ ဒီစိတ်ဓါတ်ကို မွေးမြူတတ်ရင် passion ဆိုတာကို အထူးတလည် ရှာဖွေဖော်ထုတ်နေစရာတောင် မလိုဘူးလို့ ရေးထားတယ်။
သူတော်ရာကို သူကျွမ်းကျင်အဆင့်ရောက်အောင်လေ့ကျင့်ပြီး သူပျော်ရွှင်ဖို့ နေရာတစ်ခုကို သူကိုယ်တိုင်ပဲဖန်တီးမယ်ဆိုတဲ့ သူမျိုးနဲ့တူတယ်။
ဒီလိုပြောတိုင်း Passion mindset ဟာ မကောင်းဘူးလို့တော့ မဆိုလိုပါဘူး။ ဒါပေမဲ့ Passion ကို မသိလို့လည်း ဘဝဟာ လမ်းမဲ့မြေပုံ ဖြစ်မနေပါဘူး။ Passion ဟာ လူတိုင်းအတွက်တော့ Career Capital လမ်းစ မဖြစ်နိုင်ဘူးလို့တော့ သုံးသပ်မိတာ အမှန်ပဲ။
ကျမကတော့ Craftsman Mindset မပျိုးထောင်ခင် ကိုယ်ကြိုက်တာသိဖို့ထက် ကိုယ်မကြိုက်တာ သိဖို့ အရင်ဆုံး လေ့လာဆန်းစစ် မိခဲ့တယ်။
အခုထိ ကျမရဲ့ Passion ဟာ ဘာလဲလို့ လာမေးရင် တိတိကျကျ အဖြေ မရှိသေးဘူး။
ဒါပေမဲ့ ကျမ မဖြစ်ချင်တဲ့ ပုံစံဟာ ဘယ်လိုလူမျိုးလဲလို့ မေးရင်တော့ ပိုပြီး တိတိကျကျ ဖြေတတ် လာခဲ့ပြီ။
(၁) ကတိမတည်တဲ့ လူတစ်ယောက်
(၂) စည်းစနစ်မဲ့တဲ့ လူတစ်ယောက်
(၃) ပိုက်ဆံဟာ ဘဝတစ်ခုလုံးလို့ ခံယူတတ်တဲ့ လူတစ်ယောက်
(၄) မိမိကိုယ်ကို ယုံကြည်မှုနည်းတဲ့ လူတစ်ယောက်
(၅) ရာထူးနေရာတစ်ခုအတွက် မှားမှန်းသိတဲ့လမ်းကို ဆက်လျှောက်တတ်တဲ့ လူတစ်ယောက်
(၆)ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိတဲ့ လူတစ်ယောက်
(၇) ကိုယ့်ကိုယ်ကိုယ် လိမ်တတ်တဲ့ လူတစ်ယောက်
ဒီလို လူမျိုးအဖြစ်တော့ ဘဝကို မရှင်သန်ချင်ဘူး ဆိုတာပဲ။
ဒီနေ့တော့ ကျမဟာ ကိုယ်ဘာမဖြစ်ချင်လဲဆိုတာတောင် မသိတဲ့သူတစ်ယောက် အဖြစ် မရှင်သန်ချင်ဘူး။ လူ့ဘဝဟာ တိုတိုလေးဆိုပေမဲ့ ကိုယ့်အကြောင်း ကိုယ်သိအောင်ကြိုးစားဖို့တော့ အချိန်တော့ လုံလောက်ပါတယ်။
#ဘာဖြစ်ချင်သလဲ
18/08/2025
သူ့တန်ဖိုးနဲ့သူရှိစမြဲပါ…..
“ပိုမြန်လို့လည်း တန်ဖိုး မပိုသလို၊
ပိုနှေးလို့လည်း တန်ဖိုး မနည်းပါဘူး”
ဘဝမှာ သူများရဲ့ အရှိန်နဲ့
ကိုယ့်ရဲ့လည်ပတ်မှုကို
ယှဉ်နေမိရင်….
နာရီတစ်လုံးကို
သတိရလိုက်ပါတဲ့
အဖွားက သင်ပေးထားတယ်။
နာရီတစ်လုံးမှာ လက်တံ ၃ ချောင်းရှိတယ်။
နာရီလက်တံ တစ်ချောင်းဟာ တစ်ပတ်ပြည့်အောင်
၂ ကြိမ်လှည့်ရင် တစ်ရက်ဖြစ်တယ်။
မိနစ်လက်တံတစ်ချောင်းက တစ်ရက်မှာပဲ
တစ်ပတ်ပြည့်အောင် ၂၄ ကြိမ် ပတ်တယ်။
နောက် စက္ကန့်လက်တံတစ်ချောင်းကတော့
အကြိမ် ၁၄၄၀ လှည့်ပတ်မှ တစ်ရက် ပြည့်တယ်။
လက်တံ ၃ချောင်းစလုံးက တစ်ရက်ဆိုတဲ့
အချိန်ကာလကို ဖော်ပြဖို့
ဖြတ်သန်းရတာခြင်း
အတူတူပဲ။
ဒါပေမယ့် လှည့်ရာမြန်နှုန်းက
မတူညီကြဘူး။
“ပိုမြန်လို့လည်းတန်ဖိုးမပိုသလို၊
ပိုနှေးလို့လည်း တန်ဖိုး နည်းတယ်လို့”
မဆိုလိုနိုင်ပါဘူး။
ဘဝကလည်း အဲဒီလိုပဲ။
မင်း တန်ဖိုးနဲ့ အရည်အချင်းကို
တခြားသူတွေ ဘယ်နှနှစ်မှာ
ဘယ်အရာရခဲ့လဲ ဆိုတာနဲ့
ဘယ်တော့မှ မယှဉ်နဲ့။
မင်းရဲ့အရှိန်၊
မင်းရဲ့လှည့်ပတ်မှု၊
မင်းရဲ့ ပြန်ထမယ့်အချိန်ဟာ…
ဘယ်သူနဲ့မှ ထပ်တူမကျနိုင်ဘူး။
အမှန်က တူဖို့လည်း မလိုအပ်ပါဘူး။
နာရီ၊မိနစ်၊စက္ကန့်တိုင်းက
သူ့တန်ဖိုးနဲ့သူ ရှိစမြဲပါ။
#နာရီမိနစ်စက္ကန့်
#သူ့တန်ဖိုးနဲ့သူပေါ့
08/08/2025
🍀 8-8-2025 Manifestation Letter📝
ကံကောင်းဖို့ လူတိုင်း
မျှော်လင့်တတ်ကြတယ်။
အခုဆို ၈-၈-၂၀၂၅ အတွက်
ကံကောင်းဖို့ ဆုတောင်းမျိုးစုံ တွေ့နေရတယ်။
ကျမလည်း ဘာလုပ်ကြည့်ရမလဲလို့
အကုန်လိုက် ဖတ်ကြည့်နေမိတယ်။
ဒါပေမယ့်လေ...
အဲ့ဒီအချိန်မှာပဲ “ကံကောင်းခြင်းတံခါး လာခေါက်တဲ့အခါ” ဆိုတဲ့
နိုင်းနိုင်းစနေရဲ့ ဘာသာပြန်စာအုပ်ထဲက ပုံပြင်လေးတစ်ပုဒ်ကို သတိရမိလာတယ်။
အဲ့ဒီပုံပြင်လေးမှာ...
ကံကောင်းခြင်း clover leaf လေးကို ရှာဖွေထွက်ကြတာက စတယ်။
တောအုပ်ထဲမှာ ဘယ်သူ့မေးမေး မသိတဲ့
ဒီ clover leaf လေးကို
နောက်ဆုံး ownership ရတဲ့သူက…
“တကယ်တွေ့လိုက်သူမဟုတ်ဘူး။
ကိုယ်တိုင်စိုက်ပျိုးပြီး ခူးဆွတ်သွားသူပဲ။”
ကံကောင်းခြင်းဟာ ဘယ်တုန်းကမှ တောအုပ်ထဲမှာ ရှိနေခဲ့တာမဟုတ်ဘူး။
လုံ့လဝီရိယ၊ အသိဉာဏ်နဲ့ ကြိုးစားအားထုတ်မှုတို့ကြောင့် ကံကောင်းခြင်းဟာ ပေါ်ပေါက်လာတာပါ။
ဆုတောင်းပါ...
"ဆုမတောင်းနဲ့" လို့ မဆိုလိုပါဘူး။
ယုံကြည်ပါ...
"မယုံကြည်နဲ့" လို့လည်း မဆိုလိုပါဘူး။
ဒါပေမယ့် အရေးကြီးဆုံးက —
ကြိုးစားအားထုတ်မှု (Action)တော့
အမြဲ ပါရှိနေရမယ်။
ဒါကြောင့် ဒီစာလေးက
ကံကောင်းခြင်းကို ဆုတောင်းရင်း…
အနားမှာရှိနေတဲ့ လူတွေနဲ့ ကိုယ့်ကိုယ်ကို
တိတ်တဆိတ် သတိပေးဖို့
ရေးသားထားမိတာ ဖြစ်တယ်။
Dear Universe,
I am glad both my body and soul are thriving well.
Give me more wisdom and strength
to find true luck — the kind of luck that can be shared with everyone in the world.
#ကံကောင်းခြင်းတံခါးလာခေါက်တဲ့အခါ