နေ့စဥ်ဖတ်မိသောစိတ်ခွန်အားဖြည့်စာစုများ

နေ့စဥ်ဖတ်မိသောစိတ်ခွန်အားဖြည့်စာစုများ

Share

ကြိုက်နှစ်သက်သောပို့စ်များ copy ယူတင်ခြင်းဖြစ်ပါတယ်။ မူရင်းစာရေးသူများအား credit ပေးပါတယ်ရှင့်။

09/11/2025

Celebrating my 9th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

05/09/2025

အနိုင်ရသူ
🇦🇶 🇦🇶🇦🇶🇦🇶🇦🇶
စာပေချစ်သူတို့ရေ...

တစ်နေ့သောအခါမှာ

လူတစ်ယောက်နှင့် ရဟန်းတစ်ပါး
တောစပ်တွင် ဆုံတွေ့ကြပါတယ်။

“အရှင်ဘုရား ဘယ်ကို ကြွမလို့ပါလဲ ဘုရား”

“မြိုင်သာ”

“တပည့်တော်လည်း မြိုင်သာကိုသွားမှာပဲဘုရား ... အတော်ပဲ အဖော်ရပြီ”

ရဟန်းက သပိတ်တစ်လုံး ပိုက်ထားပါတယ်။ ဘာစကားမျှမပြော ပဲရှေ့ဆက်သွားပါတယ်။ လူကတော့ အထုပ်လေးကို ကိုင်ထားပါတယ်။

“အရှင်ဘုရား ... နေဝင်တော့မယ် ... မြန်မြန်လျှောက်ပါ ဘုရား”

“နေဝင်တော့ ဘာဖြစ်သလဲ”

“တောလမ်းထဲမှာ ဓားပြတွေကို ကြောက်ရပါတယ်ဘုရား”

“ဓားပြတွေကို ဘာကြောင့်
ကြောက်တာလဲဒကာ”

“ဒါကြောင့်ပါ ဘုရား"

လူက လက်ထဲကိုင်ထားသည့် အထုပ်လေးကို ပြပါတယ်။

“ဘာတွေလဲ”

“ကုန်ရောင်းခဲ့ရတဲ့ ငွေအသပြာတွေပါ ဘုရား”

“ဒကာက ဓားပြကို ကြောက်တာမှ မဟုတ်တာ ... အသပြာတွေကို ကြောက်နေတာပဲ”

“မှန်ပါ ဘုရား”

“အင်း ... ဒီတောထဲကလည်း
ဓားပြရန်ကို ရင်မဆိုင်ဘဲ လွတ်မြောက်သွားတယ်ဆိုတာ
မရှိပါဘူး”

“အရှင်ဘုရားပါတာပဲဘုရား ... ဓားပြတွေက အရှင်ဘုရားကိုတွေ့ရင်တော့ ချမ်းသာခွင့် ပေးလောက်ပါတယ်”

“ဒကာ ... လူမိုက်ဆိုတာ မှန်းဆရတာ မလွယ်ပါဘူး ... လူကသာ ပြင်ဆင်ပြီး ဆင်ခြင်ရမှာ”

“တပည့်တော် ကြောက်တယ်ဘုရား”

“ဘာကိုကြောက်တာလဲ”

“တပည့်တော် ပင်ပန်းစွာ ရှာဖွေထားတဲ့ အသပြာတွေ ဆုံးရှုံးမှာ ကြောက်တယ်ဘုရား”

“ဟိုးမှာ တွေ့လား ... ဓားပြတွေစခန်း ... သူတို့ကို မကျော်ဘဲ ဖြတ်လို့ မရနိုင်ဘူး”

“တပည့်တော်တို့တော့ ဒုက္ခပဲဘုရား”

“ဒုက္ခဆိုတာ တပ်မက်နေလို့ပါ ... ဒကာကြီး အသပြာတွေကို ပေးစမ်းပါ”

“ဘာလုပ်မလို့လဲ ဘုရား”

“ပေးပါ ... ဒုက္ခငြိမ်းအောင်
လုပ်ပေးမလို့"

အားကိုးကြီးစွာဖြင့် ဒကာက အသပြာတွေကို ပေးလိုက်ပါတယ်။ ရဟန်းက အသပြာတွေကို သပိတ်ထဲ ထည့်ခိုင်းလိုက်ပါတယ်။

ထို့နောက် အနီးတွင်ညင်သာစွာ စီးဆင်းနေသည့် ချောင်းထဲကို သပိတ်အား မျှောလိုက်ပါတယ်။

“အရှင်ဘုရား ... ဘယ်လိုလုပ်လိုက်တာလဲ ... ဟာ သွားပါပြီ ... တပည့်တော်အသပြာတွေ သွားပါပြီ”

ရဟန်းက တည်ငြိမ်စွာဖြင့်...

“ခုဆိုရင် ခင်တွယ်စရာဆိုလို့
ငါ့ထံတွင်လည်း သပိတ်မရှိတော့ပြီ ... သင့်ထံတွင်လည်း အသပြာ
မရှိတော့ပြီ။ အသက်ထက် အရေးကြီးတာမရှိဟု သင်ယူဆလျှင် ငါ့နောက်ကို လိုက်ခဲ့ ... ကျန်တာတော့ ကံစီမံရာအတိုင်းပဲ”

ရဟန်းက ရှေ့ဆက်သွားပါတယ်။

လူက နောက်ကလိုက်ပါတယ်။

“ဒကာ”

“ဘုရား”

“ဓားပြစခန်းကို ဖြတ်တော့မယ် ... ကြောက်သေးလား”

“မကြောက်တော့ပါဘူး ဘုရား”

“စောစောက ကြောက်တယ်ဆို”

“စောစောက ဆုံးရှုံးစရာတွေ ရှိနေပါတယ်ဘုရား ... ခုတော့ ဆုံးရှုံးစရာ ဘာမျှမရှိတော့လို့ မကြောက်တော့ပါဘူး ဘုရား”

“အင်း ... ဒကာကြီး နည်းနည်း သဘောပေါက်စ ပြုလာပြီ”

သူတို့ ဓားပြစခန်းကို ကပ်လာပါတယ်။

“ရပ် ... ဘယ်သူတွေလဲ”

“မြိုင်သာကို သွားမယ့် ခရီးသည်တွေပါ”

“ဘာတွေပါလဲ”

“ဘာမှ မပါဘူး”

ဓားပြတွေက ထွက်လာပြီး မီးတုတ်တွေနှင့် ကြည့်ပါတယ်။

“ဟေ့ လူလွတ်တွေပဲ … လွှတ်ပေးလိုက်”

ရဟန်းနှင့်ဒကာ စခန်းကိုဖြတ်ကာ ဆက်လျှောက်သွားကြပါတယ်။

နောက်ဆုံး စခန်းနှင့်ဝေးကွာသည့် တောစပ်စမ်းချောင်းလေးကို ရောက်လာပါတယ်။ စမ်းချောင်းကို လွန်လျှင် မြိုင်သာကို ရောက်ပါပြီ။

“ဒကာကြီး”

“ဘုရား”

“အသပြာတွေ ဆုံးရှုံးသွားလို့ ဝမ်းနည်းနေသလား”

“ဝမ်းနည်းတာပေါ့ဘုရား ... ဒါပေမဲ့ ဖြေသာပါတယ်ဘုရား ... အသပြာတွေ မပါလို့ အသက်ချမ်းသာခွင့်ရတယ်လို့ ဆင်ခြင်မိပါတယ်”

“ကောင်းပါတယ် ... အဲဒီလိုတွေးတော့လည်း ကောင်းတာပေါ့ ... ဒါပေမဲ့ ဒကာကြီး”

“ဘုရား”

“ဟိုချောင်းစပ်မှာ သပိတ်တစ်လုံးတွေ့လား သွားယူလိုက်”

သူက ဝမ်းမြောက်စွာဖြင့် ချောင်းထဲဆင်းပြီး သပိတ်ကိုယူကာ ဖွင့်ကြည့်လိုက်ပါတယ်။

“အလို ... တပည့်တော် အသပြာတွေ”

ရဟန်းက ဘာမျှမပြော ချောင်းကိုဖြတ်ကူးသွားပါတယ်။ လူက ပြေးလိုက်လာပါတယ်။

“အရှင်ဘုရား ... သပိတ်ကို ယူသွားပါဦးဘုရား”

“ဒကာ ... ငါကား အားလုံးကို စွန့်ပြီးသွားပြီ ... စွန့်ပစ်ထားသောအရာကို
ငါဘယ်တော့မှ ပြန်၍ မခံယူ”

ရဟန်းက တစ်လှမ်းချင်း ကြွသွားပါတယ်။

လူက ငိုင်ပြီး ကျန်နေခဲ့ပါတယ်။

တပ်မက်ခြင်းကင်းသောအသိစိတ်ဖြင့် သောကကိုအနိုင်ယူနိုင်စွမ်းရှိသောရဟန်းတစ်ပါးကားတဖြေးဖြေးဝေးရာသို့ထွက်သွားခဲ့ပြီဖြစ်ပါတယ်။

လေးစားလျှက်
မိုးမြေသစ္စာ
- နေ့စဥ်ဖတ်မိသော စိတ်ခွန်အားဖြည့်စာစုများ -
#နေ့စဥ်ဖတ်မိသောစိတ်ခွန်အားဖြည့်စာစုများ

05/09/2025

‎၃၅ နှစ်အရွယ်မှာမှ လမ်းကြောင်းတစ်ခုရှာမတွေ့သေးရင် …

‎"၄၀ မှ ဘ၀စတယ်" ဆိုတာ ဘယ်သူထွင်လိုက်တယ်တော့မသိ။ ဆင်ခြေပေးလို့တော့ အတော်ကောင်းတဲ့စကားဗျ။

‎တကယ်တော့ အသက် ၄၀ ဆိုတာ ဘ၀စဖို့မဟုတ်ဘူး။ဘ၀တည်ငြိမ်ရမယ့်အရွယ်ဖြစ်ပါတယ်။ ဆိုလိုတာက ဝင်ငွေနဲ့ပတ်သက်ရင်၊ အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ရင် တည်ငြိမ်နေရမယ်။ ကျရှုံးတယ်ဆိုရင်တောင် လမ်းကြောင်းတစ်ခုပေါ်မှာရှိနေပြီး ကျရှုံးတာမျိုးဖြစ်သင့်နေပြီ။

‎ဝန်ထမ်းလုပ်တယ်ဆိုပါတော့ ၄၀ ဆိုတာ CEO, GM မဟုတ်ရင်တောင် အနည်းဆုံး Department တစ်ခုကို ဦးဆောင်သူလောက်ဖြစ်နေမှ၊ ဒါမှမဟုတ်လည်း ကိုယ့် Field မှာ ဆရာကျနေမှ အလုပ်လုပ်ရတာဖီးလ်လာနိုင်တယ်။ မဟုတ်ရင် အသက်ရလာတဲ့အခါ ငယ်တဲ့သူတွေရဲ့ ဦးဆောင်မှုအောက်မှာ ကျကျေနပ်နပ်နဲ့လုပ်ဖို့ သိပ်မလွယ်လှဘူး။ အခုခေတ် ပိုသိသာတယ်။ အသက် ၂၀ ကျော်နဲ့ မန်နေဂျာဖြစ်နေသူတွေ အများကြီး။ ကိုယ့်ထက်ငယ်သူတွေလက်အောက်မှာ အလုပ်လုပ်ရတဲ့အခါ အတော့်ကို Positive မြင်ပေးနိုင်မှရမယ်။

‎နောက်တစ်ခုက ၄၀ ဆိုတာ Freelancer/ Professional ၊ ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုရင်လည်း ဟိုစမ်းဒီစမ်းလုပ်နေဖို့ထက် တည်ငြိမ်မှုတစ်ခုရသင့်နေတဲ့အရွယ်ဖြစ်ပါတယ်။ လူ့သက်တမ်းကို ခွဲကြည့်ရင် ၅ နှစ်ကနေ ၂၀ အထိ ပညာကောင်းကောင်းသင်။ ၂၁ ကနေ ၃၀ အထိက အလုပ်အတွေ့အကြုံယူ။ ၃၀ ရောက်လို့မှ ကိုယ်ဘာဖြစ်ချင်မှန်းမသိရင် ပြဿနာရှိလာပြီ။ ၃၅ ဆိုတဲ့အရွယ်ကတော့ အသိပညာ၊ အတွေ့အကြုံ၊ Network အတော်လေးပြည့်စုံလာတဲ့အရွယ်ဖြစ်သလို ကိုယ်စွမ်းဉာဏ်စွမ်းအမြင့်ဆုံးနဲ့ Risk လည်း ယူရဲတဲ့အရွယ်လို့ပြောလို့ရတယ်။ ဒီအချိန်မှာ အမှားတွေလုပ်မိလို့လဲကျသွားရင်လည်း ပြန်ထရလွယ်တယ်။

‎ကျွန်တော် လူငယ်တွေနဲ့စကားစပ်မိတိုင်းပြောဖြစ်တာတစ်ခုက ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့အစီအစဉ်ရှိရင် ၃၀-၃၅ လောက်မှာ စနိုင်ဖို့ Plan သာဆွဲထားလို့။ အဲဒီထက် စောစောစချင်လည်း စလို့ရတယ်။ လုပ်ငန်းရှင်အများစု ဒီအရွယ်မှာ အောင်မြင်မှုစရနေကြပြီ။ ခင်ဗျား ၆၀ ကျော်မှအောင်မြင်တဲ့ KFC ပိုင်ရှင်လိုလူမျိုးတွေရှိတာပဲလို့ စောဒကတက်ချင်တင်လိမ့်မယ်။ ဒါပေမဲ့ ဒါမျိုးက လက်ချိုးရေလို့ရတယ်။ လူက အသက်ကြီးလာလေ စွန့်စားရမှာ၊ ခေါင်းစားရမှာကြောက်လာလေပဲ။

‎ဆိုတော့ဗျာ လုပ်နိုင်တုန်းမှာ ဟိုစမ်းစမ်းဒီစမ်းစမ်းလုပ်နေတာထက် လမ်းကြောင်းတစ်ခုဖောက်ပြီး လုပ်စရာရှိတာ မြန်မြန်လုပ်တာအကောင်းဆုံးပဲ။ ၄၀-၅၀ လောက်ထိ အသားကုန်လုပ်။ ပိုက်ဆံရှာစရာရှိတာရှာ။ ၆၀ လောက်ရောက်လာရင် နေ့စဉ်တာဝန်အများစုကို လူငယ်တွေထံလွှဲပေး။ အဲဒီအရွယ်က အလုပ်တွေ ကျုံးလုပ်နေတာထက် ကိုယ်လုပ်ချင်တာတွေပဲ လျှောက်လုပ်သင့်တဲ့အရွယ်ဖြစ်လာပြီ။ ကျန်းမာရေးလိုက်စားမလား၊ ဘာသာရေးလုပ်မလား၊ ခရီးထွက်မလား၊ မြေးတွေအတွက် အချိန်ပေးမလား၊ စာလေးဖတ် စာလေးရေးမလား။ ၆၀-၇၀ တန်းဆိုတာ ပိုက်ဆံရှာဖို့ထက် ကိုယ်လုပ်ချင်တာလုပ်နေရမယ့် အရွယ်လို့မြင်တယ်။

‎ဘ၀မှာ “၄၀ မှ ဘ၀စတယ်” ဆိုတဲ့စကားနောက် လိုက်ယောင်ဖို့ထက် ၃၅ နှစ်လောက်မှာ လမ်းကြောင်းတစ်ခုပေါ်ရောက်အောင်လုပ်နိုင်မှ တော်ကာကျပါမယ်။

‎Credit
လေးစားစွာဖြင့် ~~

#နေ့စဥ်ဖတ်မိသောစိတ်ခွန်အားဖြည့်စာစုများ

04/09/2025

သမီးလေးတွေကို ငယ်ငယ်တည်းက ပြောပြထားသင့်တဲ့အချက် (၄) ချက်

အမေဆိုတာ သမီးတွေရဲ့ အရင်းနှီးဆုံး သူငယ်ချင်းကောင်းလို့လည်း ပြောလို့ရပါတယ်။ မိန်းကလေးတွေရဲ့ ဘဝက ထိလွယ်ရှလွယ်တာကြောင့် တချို့အရာတွေကို သမီးတွေ ငယ်စဉ်ကတည်းကနေ ပြောပြထားပေး သင့်ပါတယ်နော်။ အဲဒီလိုမှသာ အရွယ်ရောက်လာတဲ့အခါ စိတ်ဓါတ်ခိုင်မာပြီး ပျော်ရွှင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်လာမှာပါ။

၁။ ငြင်းဆန်တတ်ဖို့

မိဘတွေက ကလေးတွေကို ယဉ်ကျေးအောင်၊ တခြားသူတွေကို လေးစားမှု ထားတတ်အောင် သင်ပေးပါတယ်။ ယဉ်ကျေးတတ်ဖို့၊ လေးစားတတ်ဖို့အပြင် ယဉ်ယဉ်ကျေးကျေး ငြင်းဆန်တတ်အောင် သင်ကြားပေးဖို့လည်း အရေးကြီးပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကလေးတွေက စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော နေ့စဉ်စော်ကားခံနေရပါတယ်။ စိတ်ပညာရှင်တွေရဲ့ အဆိုအရ ကလေးတွေရဲ့ လုံခြုံရေးအတွက် ငြင်းဆန်တတ်တဲ့စကားတွေ သင်ပေးဖို့ တိုက်တွန်းထားပါတယ်။

၂။ အလှအပအပေါ် တန်ဖိုးထားမှု

လေ့လာချက်တွေအရ အမေက မျိုးရိုးကြောင့် မဟုတ်ဘဲ အဝလွန်နေရင် သမီးတွေကလည်း ကိုယ်ခန္ဓာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန် တတ်ကြတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းရာကနေ စိတ်ဖိစီးမှုတွေပါ ဖြစ်လာစေပါတယ်။ အဲဒါကြောင့် အမေကိုယ်တိုင်က သမီးတွေ အားကျရလောက်အောင် လှပနေသင့်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ မိန်းကလေး တစ်ယောက်အတွက် အလှအပကလည်း အရေးပါလို့ပါ။

၃။ လိုအပ်တဲ့အချိန်မှာ အကူအညီ တောင်းတတ်ဖို့

ထက်မြက်တဲ့ အမျိုးသမီးတွေက ကိုယ့်အားကိုယ်ကိုးပြီး နှစ်ပေါင်းများစွာ ရပ်တည်နိုင် ကြပါတယ်။ ဒါပေမယ့် ကလေးအရွယ်မှာတော့ အကူအညီ တောင်းတတ်ဖို့က လိုအပ်ပါတယ်။ အကူအညီ တောင်းတယ်ဆိုတိုင်း အမြဲတမ်း သူများကို အားကိုးတာကို ဆိုလိုတာ မဟုတ်ပါဘူး။ အကူအညီတောင်းတာက အားနည်းချက် တစ်ခုလည်း မဟုတ်ပါဘူး။ တစ်ခါတရံမှာ ကိုယ်တိုင်မလုပ်နိုင်တဲ့ အရာတွေ ရှိတဲ့အခါ အကူအညီတောင်းဖို့ လိုသလို ကိုယ်ကလည်း ပြန်ကူညီပေးဖို့ လိုအပ်ကြောင်း ပြောပြထားသင့်ပါတယ်။

၄။ ပျော်ရွှင်မှုကို ရှာဖွေမယ့်အစား ကိုယ်တိုင် ဖန်တီးယူတတ်ဖို့

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းသူတွေက ပျော်ရွှင်မှုကို သူများက ပေးမှရမယ်လို့ ထင်တတ်ကြပါတယ်။ အဲဒီအခါ ပျော်ရွှင်မှုအတွက် တစ်ဖက်သားကို အမြဲတမ်း မှီခိုသွားတတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ကိုယ်တိုင်ပဲ ဖန်တီးနိုင်တာပါ။ အဲဒါကြောင့်..

- အကောင်းမြင်စိတ်

- ကျေးဇူးသိတတ်ခြင်းနဲ့ လေးစားမှုရှိခြင်း

- ပျော်ပျော်နေတတ်ခြင်း

- လိုက်လျောညီထွေ နေတတ်ခြင်း

- နေ့စဉ်လေ့ကျင့်ခန်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ

စတာတွေက လူတစ်ယောက်မှာ မဖြစ်မနေ လိုအပ်ကြောင်း သင်ပေးပါ။

သင့်ရဲ့ကလေးကို ဘယ်အရာပဲ သင်ပေးသင်ပေး သင်က ကလေးရဲ့ စံပြလူသား ဖြစ်နေမှာပါပဲ။

(zombie)

#နေ့စဥ်ဖတ်မိသောစိတ်ခွန်အားဖြည့်စာစုများ

04/09/2025

ကိုယ်စိုက်တာ ကိုယ်ပြန်ရမယ်
*********************
လောကမှာ…
ရိုးသားမှုကို စိုက်ရင်…
ယုံကြည်မှုကို ပြန်ရမယ်။

ကောင်းမြတ်ခြင်းကို စိုက်ရင်…
ခင်မင်ရင်းနှီးမှုကို ပြန်ရမယ်။

နှိမ့်ချ ရိုကျိုးမှုကို စိုက်ရင်…
ကြီးမြတ်ခြင်းကို ပြန်ရမယ်။

ဇွဲလုံ့လကို စိုက်ရင်…
အောင်မြင်မှုကို ပြန်ရမယ်။

စာနာထောက်ထားမှုကို စိုက်ရင်…
မျှတမှုကို ပြန်ရမယ်။

ကြိုးစားရင်…
အောင်မြင်မှုကို ပြန်ရမယ်။

ခွင့်လွှတ်ရင်…
ပြေလည်မှုကို ပြန်ရမယ်။

ပွင့်လင်းရင်…
ရင်းနှီးမှုကို ပြန်ရမယ်။

သည်းခံရင်…
တိုးတက်မှုကို ပြန်ရမယ်။

ယုံကြည်ရင်…
ထူးခြားမှုကို ပြန်ရမယ်။

ဒါပေမဲ့…
မရိုးသားရင်…
မယုံကြည်မှုကို ရမယ်။

အတ္တကြီးရင်…အထီးကျန်မယ်။
မာနကြီးရင်…ပျက်စီးမယ်။
မနာလိုရင်…ဒုက္ခရောက်မယ်။
ပျင်းရင်…ကျဆုံးမယ်။
မုန်းတီးရင်…အထီးကျန်မယ်။
လောဘကြီးရင်…ဆုံးရှုံးမယ်။
အတင်းပြောရင်…ရန်သူပေါမယ်။
စိုးရိမ်ရင်…သိမ်ငယ်မယ်။
အပြစ်လုပ်ရင်…
လိပ်ပြာမသန့် ဖြစ်မယ်။

ဒါကြောင့်…
ကိုယ်စိုက်တာ
ကိုယ်ပြန်ရတတ်တယ်ဆိုတာကို
အမြဲ သတိထားကြပါ။

ငါ ဘာစိုက်ရင်
ဘာရမယ် ဆိုတာကိုလည်း
စိတ်ထဲမှာ တွေးထား။
မဟုတ်တဲ့အပင်တွေတော့
မစိုက်မိပါစေနဲ့။

အရှင်ဇဝနဉာဏ
#လေးစားစွာဖြင့်ဖြန်လည်မျှဝေပါသည်

14/08/2023

အပြောအဆို ခံလိုက်ရပြီး
ဘာမှ ပြန်မပြောခြင်းဟာ
လူကြီးဆန်ခြင်း တစ်မျိုးပါ

အစော်ကား ခံလိုက်ရပြီး
ဘာမှ ပြန်မပြောခြင်းဟာ
ခွင့်လွှတ်ခြင်း တစ််မျိုးပါ

အထင်လွဲခံလိုက်ရပြီး
ဘာမှ ပြန်မပြောခြင်းဟာ
သဘောထား ကြီးခြင်း တစ်မျိုးပါ

အဖြစ်အပျက် အမှန်ဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်

စိတ်ထိခိုက်သွားပြီး
ဘာမှ ပြန်မပြောခြင်းဟာ
စိတ်ရင်းကောင်းခြင်း တစ်မျိုးပါ

မေတ္တာရဲ့ အအေး အနွေး ဟာ
အချိန်ကသာ သက်သေပြ သွားပါလိမ့်မယ်

ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ်
စိတ်လောပြီး မငြင်းဆိုပါနဲ့

ဘာအကြောင်းအရာကိုမှ
စိတ်လောပြီး မရှင်းပြပါနဲ့

နားလည်ပြီးသား သူအတွက်
ရှင်းပြဖို့ မလိုအပ် သလို

နားမလည်ချင်တဲ့ သူအတွက်
ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်

စကားပြောတတ်ဖို့
နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့
ပါးစပ် ပိတ်တတ်ဖို့
တစ်သက်တာ ကြိုးစားကြရမယ်

လောက နိယာမအရ...

အနစ်နာခံတဲ့လူဟာ
နောက်ဆုံးမှာ တကယ်မနစ်နာသလို

ငြင်းခုံမှုမှာ အရှုံးပေးတဲ့ သူဟာလဲ
နောက်ဆုံး တကယ် မရှုံးပါဘူး

ခွင့်လွှတ်ပေးသူက
မြတ်ပြီးသားပါ

#ဘုန်းခေ

Photos from နေ့စဥ်ဖတ်မိသောစိတ်ခွန်အားဖြည့်စာစုများ's post 28/09/2021

#လှပနေဆဲပါ_ဒေါက်တာ ❤️❤️
#ဒီဝဋ်ကြွေးသည်_ဒီဘဝနောက်ဆုံးဖြစ်ပါစေ

ဘဝ ရည်မှန်းချက် ကြီးမားခဲ့တဲ့ ဒေါက်တာ ခင်သစ်နှင်းဟာ ကလေးအထူးကု ဆရာဝန် ဖြစ်လုလု နှစ်လခန့် အလိုမှာ တခြား ဆရာဝန် မတယောက်က မျက်နှာကို အက်စစ်နဲ့ ပက်တာခံလိုက်ရပြီး အမြင် အာရုံ ကွယ်ပျောက် ရုံမက နဖူးရဲ့ အောက်မျက်နှာ တခုလုံးနဲ့ ရင်ညွန့်ပါ အက်စစ်စားတဲ့ဒဏ်ကို ခံလိုက်ရတယ်။

ဒီအဖြစ်မျိုးကို ကိုယ်ခံစားရရင် အမှောင်ကမ္ဘာ ကြီးထဲမှာ ဘယ်လောက် စိတ်ဓာတ်ကျစရာ ကောင်းမလဲ။ ဘဝကို ဘယ်လို ဆက်လက် ရှင်သန်ရပ်တည် နေထိုင်မလဲ။

ဒေါက်တာ ခင်သစ်နှင်းကတော့ ယခုအချိန်မှာ သူငယ်ချင်းတွေနဲ့ အတူ ကိုယ်ပိုင်ဆေးခန်း ဖွင့်တယ်။ စာတွေရေး တယ်။ “အဓိဋ္ဌာန် မှန်ပေါင်လေးတချပ်”၊ “မမြင်ရတဲ့ မြင်ကွင်းများ” နဲ့ “ပီတိမြင်ကွင်း” ဆိုတဲ့ စာအုပ်တွေ ရေးသားခဲ့ တယ်။ ပရဟိတ အလုပ်တွေကိုလည်း လုပ်နေပါတယ်။

သူ့ဘဝကို ဘယ်လို အားမာန်တင်းပြီး ပြန်လည် ထူထောင်လာခဲ့တာလဲ ဆိုတာကို သိချင်လို့ မန္တလေးမြို့က သူ့အိမ်ကို ကျနော် သွားပြီး ဒေါက်တာ ခင်သစ်နှင်းနဲ့ စကားစမြည် ပြောတယ်။

ဒေါက်တာ ခင်သစ်နှင်းရဲ့ ဖခင် ဒေါက်တာ ခင်မောင်ရီက မုံရွာဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်တဲ့ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဖြစ်ပါတယ်။ “မောင်စန်းသော်” ကလောင် အမည်နဲ့ ကဗျာတွေ ရေးပြီး ကဗျာစာအုပ်တွေ ထုတ်ဝေခဲ့ တယ်။

ဒေါက်တာ ခင်သစ်နှင်းက မန္တလေး ဆေးတက္ကသိုလ်မှာ ဆရာမအဖြစ် တာဝန်ထမ်းဆောင်ပြီး ကလေးအထူးကု ဆရာဝန် ဖြစ်ဖို့ ဆေးတက္ကသိုလ် ကျောင်းဆောင်မှာပဲ နေထိုင်ကာ ဆေးပညာကို လေ့လာသင်ယူတယ်။ အထူးကုတန်း ပထမနှစ် အောင်ပြီးပြီ။ သုတေသန စာတမ်းလည်း တင်ပြီးလို့ သက်ဆိုင် ရာက လက်ခံပြီးပြီ။ မကြာမီ နောက် ၂ လ အကြာမှာ ဖိုင်နယ် စာမေးပွဲကြီး ဖြေပြီးရင် ကလေးအထူးကု ဆရာဝန်မကြီး ဖြစ်တော့မယ်။

အဲဒီ အချိန်မှာပဲ သူ့မျက်နှာကို အက်စစ်နဲ့ ပက်တာ ခံလိုက်ရတော့တာပါပဲ။

အဖြစ်အပျက်ကို ကျနော်က ပြန်မေးပါတယ်။ ကျနော်မေးချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ပါပဲ၊ အဖြစ်အပျက် ဖြစ်ပျက်ချိန်မှာ အတူတူရှိနေခဲ့တဲ့ သူ့အချစ်ဆုံး သူငယ်ချင်း ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ချိုချိုသန်း ကလည်း အနီးမှာ ရှိနေပါတယ်။

“ကျမနဲ့ လမ်းခြားတဲ့ တောင်ဘက်အခန်းက အိုဂျီ တက်နေတဲ့ အစ်မ တယောက်က မသစ်၊ မသစ် ခင်ဗျားကို ဟိုတယောက်က မေးမေးနေတယ် တဲ့”

ဒေါက်တာ ခင်သစ်နှင်းက မိဘများရှိရာ မုံရွာကို ခဏသွားလို့ ပြန်ရောက်လာချိန်မှာ ဆေးတက္ကသိုလ် တဆောင်တည်းနေဖက် သားဖွားမီးယပ် အထူးကုတက်နေတဲ့ဆရာဝန်မက သတင်းပေးတယ်။

မေးမေးနေတယ် ဆိုသူက မုံရွာဆေးရုံမှာ ဒေါက်တာ ခင်မောင်ရီရဲ့လက်အောက်၊ လက်ထောက် ဆရာဝန် အဖြစ် တာဝန် ထမ်းဖူးတယ်။ အထူးကု ဆရာဝန် သင်တန်းတက်ဖို့ မုံရွာကနေ မန္တလေးကို ပြောင်းရွှေ့လာတယ်။ ဆေးကျောင်း အဆောင်မှာပဲ တဆောင်တည်း အတူတူနေကြတယ်။ သူ့အခန်းက ဒေါက်တာ ခင်သစ်နှင်း တို့လိုပဲ မြေညီထပ်၊ တောင်ဘက်ထိပ်မှာ၊ ဒေါက်တာ ခင်သစ်နှင်းတို့က မြောက်ဘက်ထိပ်နားမှာ။

မုံရွာက ပြန်လာပြီး နောက်နေ့နံနက် ဒေါက်တာ ခင်သစ်နှင်းနဲ့ ဒေါက်တာ ချိုချိုသန်းတို့ သူငယ်ချင်း နှစ်ယောက် ခေါက်ခုံလေးခင်း၊ ထမင်းချိုင့်ဖွင့်ပြီး စားနေတုန်း အက်စစ်နဲ့ ပက်မယ့်သူက “ခင်သစ်နှင်း တို့အခန်း ခဏလိုက် ခဲ့ဦး” လို့ လာခေါ်တယ်။ ဒေါက်တာ ခင်သစ်နှင်းကလည်း ထမင်းအတူစားဖို့ ပြင်ဆင်နေတဲ့ သူငယ်ချင်းကို ထမင်းစားနှင့် ဆိုပြီး လိုက်သွားတယ်။

“သူ့အခန်းမှာ စာကြည့်စားပွဲကို ကုလားထိုင်က မျက်နှာလှည့်ပြီး ထိုင်တာ မဟုတ်လား။ အဲဒါ ကုလားထိုင်ကို ပြောင်းပြန်လှည့်ထားပြီး နောက်မှီကို နောက်ကျောပေးထားတယ်။ ကျမကို ထိုင်ခိုင်းပြီး ဒီစာဖတ်ကြည့်စမ်းပါတဲ့။ မျက်မှန်က ပါမသွားဘူး။ စာအိတ်ပေါ်မှာ Confidential (အတွင်းရေး လျှို့ဝှက်ကိစ္စ) လို့ ရေးထားတယ်။ ဘာပါလိမ့် ပေါ့။ ကျမကလည်း ဖတ်တာပေါ့။ တကြောင်း နှစ်ကြောင်းပဲ ဖတ်ခါရှိသေးတယ်။ ဖျန်းဆို ပက်ထည့် လိုက်တာ”

ဒေါက်တာ ခင်သစ်နှင်းက အဖြစ်အပျက်ကို ပြန်ပြောပြတယ်။

“အိမ်သာအိုး ဆီးအိုးလေ … ကော်အိုး။ ထည့်ထားတာ အရောင်က မည်းမည်းညိုညိုတွေ ကျမ ဖျတ်ခနဲ တွေ့လိုက် တယ်။ အဲဒါနဲ့ ပက်ချလိုက်တာ။ ကျမ မမြင်တော့ သလောက်ပါပဲ။ ကျမက အစမှာ ရေနွေးဓာတ် ဘူးကကွဲပြီး စဉ်လိုက်တာမျိုးလို့ ထင်လိုက်သေးတာ။ တခုခုအန္တရာယ်ဖြစ်ပြီ ဆိုတာ သိတာနဲ့ အဲဒီကနေ လာလမ်းအတိုင်း ကျမ အခန်းဆီ ပြန်ပြေးတာ။ အော်ပြီး ပြေးလာတာတဲ့။ အော်မိမှန်းတောင် မသိပါဘူး။ ကျမအသံ ဘယ်လောက်ကျယ် သလဲ မသိဘူး။ ယောက်ျားလေးဆောင် ကတောင် ကြားသတဲ့”

ထူးခြားတဲ့ ဖြစ်ရပ်တခု ဖြစ်ပြီလို့ သိတာနဲ့ ဒေါက်တာ ချိုချိုသန်းနဲ့ အဆောင်အတူနေ ဆရာဝန်မတွေက ဝိုင်းအုံလာ ကြတယ်။

အဲဒီတုန်းက အဖြစ်အပျက်ကို ကိုယ်တွေ့ တွေ့မြင်ရတဲ့ ဒေါက်တာချိုချိုသန်းက အခုလို ပြန်ပြောပြတယ်။

“ဘာဖြစ်တာလဲ … ဘာဖြစ်တာလဲ လို့ သူ့ကို မေးတော့ သူ့မျက်လုံးတွေက ဖွေးလို့။ သူ့ကို ကိုင်လိုက်တော့ ဗြစ်ဗြစ် ဗြစ်ဗြစ်ဆိုပြီး အင်္ကျီတွေလည်း အကုန်ကြွေကျကုန်တယ်။ တယောက်က အစ်မ အက်စစ်ထင်တယ် လို့ ပြောတယ်။ အဲဒါဆို ရေနဲ့ပက် ရေနဲ့ပက် ဆိုပြီး မျက်နှာကို ရေနဲ့ပက်ကြတယ်။ ကျမက အင်္ကျီတွေ လဲပေးတယ်”

အဆောင်မှူး ဆရာမကြီးကို သတင်းပို့ပြီး ချက်ချင်းပဲ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးသိန်းထွန်းအိမ်ကို သူတို့ ခေါ်သွားကြတယ်။ ဆရာကြီးကလည်း မျက်စိကို သန့်ရှင်းရေး လုပ်ပေးတယ်၊ မျက်စဉ်းတွေ ခတ်ပေးတယ်။ ပြီးတော့ မျက်စိဆေးရုံကြီးကို ချက်ချင်း ပို့ကြတယ်။ မျက်စိဆေးရုံကို ရောက်တော့ ဆရာဇော်ဂျီရဲ့ သမီး မျက်စိ ဆရာဝန်မကြီး ဒေါက်တာ ဒေါ်ခင်အုန်းဟန်က ကုသမှုတွေကို ချက်ချင်းပဲ ဆောင်ရွက်ပေးတယ်။

ဒေါက်တာ ခင်သစ်နှင်းရဲ့ အမေက သူမြင်တွေ့ခဲ့ရပုံကို “မျက်နှာကြီးက ရောင်ကိုင်းဖောင်းပြီး မည်းသွားတာ နဖူးအောက်ကနေ မျက်နှာ တခုလုံး ရင်ဘတ်တွေရော လောင်သွားတာ” လို့ ပြန်ပြောပြတယ်။

ဒီလို အဖြစ်ဆိုးကြီးကို ကြုံတွေ့လိုက်ရတော့ စိတ်မှာ ဘယ်လိုခံစားလိုက်ရသလဲ လို့ ကျနော်က ဒေါက်တာ ခင်သစ်နှင်း ကို မေးတယ်။ သူ ချက်ချင်း မဖြေနိုင်ဘူး။ ငိုတယ်။ ကြာခဲ့ပြီ ဖြစ်တဲ့ အတိတ် အိပ်မက်ဆိုးကြီးက ယခုအထိ ကြေကွဲစရာ ဖြစ်ဆဲ။

ကျနော်က ကိုယ့်မေးခွန်း အတွက် ခွင့်လွှတ်ဖို့ တောင်းပန်တယ်။ ဒါကို မမေးလို့လည်း မဖြစ်ဘူး။

“ရတယ်ဆရာ” လို့ သူ ငိုသံစွက်ပြီးပြောတယ်။

“အဓိကကတော့ ဖေဖေပဲ လို့ ပြောရမယ်”

သူ ဆက်မပြောနိုင်ဘဲ တရှုပ်ရှုပ် ငိုနေသေး တယ်။

“အဓိကကတော့ ဖေဖေပဲဆရာ။ သူက သိပ် မျှော်လင့်ထားတယ် လေ။ (ငိုရင်း) ရုတ်တရက် ဖေဖေ့ပဲ သနားတာ။ ဖေဖေ့ကို ဖုန်းနဲ့လှမ်းပြောတယ်။ ဖေဖေ သမီး ဘာမှ မဖြစ်ဘူး”

ဒေါက်တာ ခင်မောင်ရီလည်း မိဘများ ထုံးစံအတိုင်း သားညွန့် သမီးညွန့်တွေကို မျှော်လင့်ချက် ကြီးကြီး ထားခဲ့ပေမှာပဲ။

“ဖြစ်ပြီ ဆိုတော့ စသတိရလိုက်တာ ဖေဖေပဲ။ ဖေဖေက သိပ်ပြီးမျှော်လင့်ချက်တွေ ထားခဲ့တာ။ ဖေဖေတော့ သွားပြီ ပေါ့။ ကိုယ်ဖြစ်တဲ့ အပေါ်မှာ စိတ်ညစ်ပါတယ်။ ဒါပေမယ့် ဖေဖေတို့ကို မပြောနဲ့နော် မပြောနဲ့နော်လို့ သူငယ်ချင်းကို တားတယ်။ မပြောလို့လည်း မဖြစ်ဘူးလေ”

ဒေါက်တာ ခင်သစ်နှင်း ပြောရင်း ပြန်လည် တည်ငြိမ်လာပါတယ်။ သူ့အကြောင်းကို ဆက်ပြောတယ်။

မျက်စိနဲ့ မျက်နှာ ပျက်ယွင်းသွားပေမယ့် သူ လမ်းလျှောက်နိုင်တယ်။ ခွဲစိတ်ခန်းက ထွက်ထွက်ချင်းပဲ ဆေးရုံ အိတ်ချိန်း ကိုသွားပြီး မုံရွာက သူ့ဖခင် ဆီကို ဖုန်းဆက်တယ်။ သူ့ဖခင်က ကဗျာဆရာ ခွဲစိတ်အထူးကု ဆရာဝန်ကြီး။ ခံစားလွယ်တယ်။ မျှော်လင့်ချက် ထားခဲ့ရတဲ့ သမီးညွန့်က အညွန့်ချိုးခံ လိုက်ရပြီ။

သမီးရဲ့ အဖြစ်ကို ကြားတာနဲ့ တငိုငို တရယ်ရယ် ဖြစ်နေတယ်။ သမီးအကြောင်း ကြားရတော့လည်း လိုက်မလာနိုင် ဘူး၊ မိခင်သာ လိုက်လာပါတယ်။ အဖြစ်အပျက် ဖြစ်ပျက်တဲ့ အချိန် ၁၉၉၆ ခုနှစ်က အခုလို တယ်လီဖုန်း အဆက်အသွယ်က မလွယ်ကူဘူး။

ဒေါက်တာခင်သစ်နှင်းက ဘဝအတွက် ရည်မှန်း ချက်တွေ ကြီးတယ်။ စီမံကိန်းတွေ ချထားပြီးသား။ ကလေးအထူးကု ဖြစ်ဖို့ နောက်ဆုံး စာမေးပွဲကြီးက နီးလှပြီ။ ၂ လသာ လိုတော့တယ်။ စာတွေကလည်း အဆင်သင့်လုပ်ပြီးသား။

မျက်စိအထူးကု ဆရာဝန်ကြီးကို သူ့အခြေ အနေမေးတော့ ပြန်ကောင်းနိုင်ပါတယ် လို့ အားပေးတယ်။ စာမေးပွဲက ၂ လပဲ လိုတော့တယ်။ ဒေါက်တာ ခင်သစ်နှင်းက ဒီစာမေးပွဲ မမီရင်တောင်မှ နောက်ထပ် ၆ လနေရင် ထပ်လုပ်မယ့် နောက်ဆက်တွဲ စာမေးပွဲတော့ ဖြေခွင့်ရမှာပဲ လို့ အားတင်းထားတယ်။ ဒီလိုနဲ့ စာမေးပွဲတွေက တခုပြီးတခု ကျင်းပသွားတယ်။ သူ့အခြေအနေ ကတော့ ထူးမလာသေးဘူး။

မျက်စိအတွက် မန္တလေး၊ ရန်ကုန် မျက်စိအထူး ကုဆေးရုံကြီးတွေနဲ့ နိုင်ငံခြားကလာတဲ့ မျက်စိအထူးကု Orbit လေယာဉ်ပျံကြီး၊ အက်စစ်စား ခံထားရတဲ့ မျက်နှာနဲ့ ကိုယ်ခန္ဓာ အရေပြားတွေအတွက် ပလတ်စတစ်ဆာဂျရီ လုပ်ဖို့ ရန်ကုန် ကန်သာယာနဲ့ မန္တလေး ဆေးရုံကြီး၊ မန္တလေး ကန်တော်နဒီ ဆေးရုံတွေကို တက်လိုက် ဆင်းလိုက်။

“တရက်မှာတော့ ကျမ မျက်လုံးအစုံရဲ့ မျက်ကြည်လွှာက ကုရင်းကုရင်းနဲ့ ပါးပြီး ပေါက်လုနီးပါး ဖြစ်လာသတဲ့။ ကျမကိုတော့ မသိစေရဘူး။ ကျမကို အညင်သာဆုံးနဲ့ လှုပ်ရှားမှု နည်းနိုင်သမျှနည်းအောင် ထိန်းပြီး မန္တလေးကနေ ရန်ကုန်ကို ခေါ်သွားကြတယ်”

“ကျမ ကြောက်မှာ စိုးလို့ မပြောကြဘူး။ ကျမ မျက်လုံးအိမ်ထဲက အရည်တွေကလည်း စိမ့်ချင်ချင်တဲ့။ လေယာဉ်ကွင်း ကို လိုက်ပို့တော့ ကားထိုင်ခုံကို ပက်လက် လှန်ပေးထားတယ်။ မျက်လုံးထဲ ကျမ စိတ်အာရုံ မရောက်အောင်လည်း လေးဖြူရဲ့ သီချင်း တပုဒ်ကို ဖွင့်ပေးထားတယ်။ “ရူးချင်ယောင် ဆောင်မနေနဲ့” တဲ့။ ကျမ မှတ်မိနေတယ်”

ဒီလို အခြေအနေမျိုးကို ဒေါက်တာ ခင်သစ်နှင်း ဘယ်လိုရင်ဆိုင်သလဲ။

“စဖြစ်တော့ ပရိတ်တော်တွေ ပဋ္ဌာန်းတရားတော်တွေ နာဖို့ စီစဉ်ပေးကြတယ်။ ဒါပေမယ့် အကြောင်းအကျိုး တွေလည်း ဘယ်ဆင်ခြင်နိုင်ပါ့ မလဲ။ ပူထူနေတာ။ ဒေါက်တာ ဦးစိုးတင့်က ဆရာတော် ဦးဇောတိကရဲ့ တရားခွေတွေ ကက်ဆက်ခွေ တဘူး လာပေးတယ်။ “အရှုပ်ထဲမှာ ရှင်းအောင်နေ” ကို စနာတယ်။ နာလည်းပြီးရော ကျမရင်တွေ ပေါ့ပါးလာတယ်။ ပြီးတော့ “အပျော်ဆုံးလူ”၊ “မေတ္တာ တရား”။ နာရင်း နာရင်းနဲ့ နေတတ်ထိုင်တတ် ဖြစ်လာတာ။ တရားတွေ နာတော့ စိတ်က ဗလောင် ဆူရာကနေ အေးချမ်းလာတယ်။ အေးချမ်းလာတော့ စဉ်းစား ဆင်ခြင်နိုင်လာ တယ်”

သူ့စိတ်ခံစားမှု အပြောင်းအလဲကို ကျနော် စိတ်ဝင်စားလို့ သေသေချာချာ နားစွင့်နေပါတယ်။

“သေချင်လောက်အောင် စိတ်ညစ်ပေမယ့် ကိုယ်က သေလည်း မသေရဲဘူးလေ။ အင်း … ဒါဆိုရင်တော့။ မျက်စိသာ ဖြစ်ထားတာ၊ အသက် မသေရင် လုပ်နိုင်တာတွေ အများကြီးရှိသေးတယ်။ ဘယ်သူမဆို ဘယ်နေရာမှာ မဆို အသုံးဝင်အောင် နေတတ်ရင် နေလို့ရတာပဲ။ မိသားစုမှာလည်း ကိုယ်လုပ်ပေးနိုင်တာတွေ ရှိတယ်။ ပတ်ဝန်းကျင်ကို လည်း စောင့်ရှောက်လို့ ရနိုင်တာတွေ ရှိတယ်။ ဆရာဝန် ဖြစ်နေမှ မဟုတ်ဘူး။ အသုံးကျတဲ့ လူတယောက် ဖြစ်အောင် လုပ်မယ် ပေါ့”

ဒေါက်တာ ခင်သစ်နှင်းက အမှိုက်သိမ်းပေးတဲ့ သူတွေသာ မရှိရင် အိမ်တိုင်းမှာ ညစ်ပတ်နံစော်နေမှာ ဖြစ်လို့ သူတို့ဟာလည်း လူသားတွေရဲ့ ကျေးဇူးရှင် ဖြစ်တယ် ဆိုတဲ့ သူရေးဖူးတဲ့ “ကျေးဇူးရှင်မလေးများ”အကြောင်းကို ပြန်ပြောပြတယ်။

“လူတိုင်း လူတိုင်းဟာ အသုံးဝင်နေတာပဲ။ အသုံးတည့်မယ့် ထောင့်ကလေး၊ အကွက်လေးတော့ ရှိနေတာပဲ။ အဲဒီ နေရာကို ကိုယ်က ရှာဖွေနိုင်ဖို့တော့ လိုတာပေါ့။ လိုအပ်နေတာတွေ ရှိနေတာပဲ။ ဆိုက်ကားဆရာ ရှိမှလည်း ကျမတို့ လိုရာကို သွားလို့ ရတာပဲ”

အသုံးဝင်တဲ့ လူသားတယောက် အဖြစ် သူ့ ကိုယ်သူ ပြန်လည်ထူမတ် ရပုံကို ဒေါက်တာ ခင်သစ်နှင်းက ပြန်ပြောပြ တယ်။

“ဆေးခန်း ပြန်ထိုင်မယ် လို့ ဒီသူငယ်ချင်း (ဒေါက်တာ ချိုချိုသန်း) နဲ့ ၂၀ဝ၀ ဧပြီမှာ မန္တလေး ၃၇လမ်း၊ ၈၀-၈၁ ကြားမှာ ဆေးခန်း ပြန်ဖွင့်တယ်။ သူငယ်ချင်း ၄ ယောက်စုပြီး “အောင်တံခွန်” ဆေးခန်း လို့ အမည်ပေးတယ်။ ရွေးရင်းရွေးရင်း ဒီနာမည် ဖြစ်သွားတာ”

အောင်တံခွန် ဆိုတဲ့အမည်နဲ့ ပတ်သက်ပြီး ပြောရင်း ဒေါက်တာခင်သစ်နှင်းက ရယ်ပါတယ်။

ဆရာဝန် အမျိုးသမီးငယ် ၂ ဦး၊ တဦးက တဦးကို ရက်ရက်စက်စက် မျက်နှာကို အက်စစ်နဲ့ ပက်တယ် ဆိုတော့ ဘာအကြောင်းရှိလို့လဲ လို့ လူတွေက သို့လောသို့လော ထင်ကြေးပေးကြတယ်။

ရည်းစားကိစ္စလား တွေးသူက တွေးတယ်။ ကျနော်ကလည်း မေးပါတယ်။ ရယ်မောရင်း မဟုတ်ပါဘူး။ ကျမဘက်က တော့ မဟုတ်ပါဘူး။ သူ့ဘက်ကတော့ မသိဘူး လို့ ပြောရင်း ဒေါက်တာ ခင်သစ်နှင်းက ရယ်နေပါတယ်။

အက်စစ်နဲ့ ပက်သူ ဆရာဝန်မက မုံရွာဆေးရုံမှာ ဒေါက်တာ ခင်မောင်ရီရဲ့ လက်ထောက်ဆရာဝန် အဖြစ် တာဝန်ထမ်းဆောင်ဖူးတယ်။ ဆရာကြီးက သူ့လက်အောက်က ဝန်ထမ်းတွေကို သားသမီးရင်းချာလို သဘောထား တယ်။

“ဆရာကြီး ကတော့ ဘယ်သူ့ကို ဖြစ်ဖြစ် သမီးလို့ပဲ ခေါ်တာ။ သူ့စိတ်ထဲမှာ သူ့ကိုယ်သူ သမီးလို့ မှတ်သွားပုံ ရတယ်” လို့ ဆရာကြီးကတော်က ပြောတယ်။

အထူးကုဆရာဝန် ဖြစ်ဖို့ ဆေးတက္ကသိုလ်ကို ပြန်တက်ကြတော့ ဆရာကြီးရဲ့ တကယ့်သမီးအရင်း၊ သမီးအစစ်ကို တွေ့ရတဲ့အခါ သူ့စိတ်မှာ မနာလိုစိတ် ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး ရန်ပြုတာလို့ မုံရွာ မြို့ခံတွေက ထင်ကြေး ပေးကြတယ်။

အမှုအခင်းတွေ ဖြစ်လာပြီ ဆိုတော့ ဒေါက်တာ ခင်သစ်နှင်း ဘယ်လို ရင်ဆိုင်ပါသလဲ။

“သက်ဆိုင်ရာက ကျမရုံးကို မလာနိုင်ရင် အိမ်တိုင်ရာရောက် ခုံရုံးဖွဲ့ပေးမယ်၊ ထွက်ဆိုချက် ပေးပါတဲ့။ ဖေဖေက သမီး မထွက်နဲ့၊ အစစ်မခံနဲ့၊ ခုံရုံးဖွဲ့ မခံနဲ့ တဲ့။ ငါ့သမီး ဝဋ်ကြွေးကြောင့် ဖြစ်ရတာ ဆိုရင်လည်း ထားလိုက်တော့။ သမီးရဲ့ နှုတ်ထွက်ကြောင့် သူ့အပြစ် ပိုကြီးသွားမယ်၊ ငါ့သမီး သံသရာ ရှည်မယ် တဲ့။ အကုန်လုံး ရပ်လိုက်တော့ တယ်” လို့ ဒေါက်တာ ခင်သစ်နှင်းက ပြန်ပြောပြတယ်။

သူ ဘာကြောင့် ခံနိုင်ရည်ရှိနေတာလဲ။

“ကျမ ပြန်စဉ်းစားတယ်။ ငါ ဘာမှားလို့ သူက ငါ့ကို ဒါလောက်အထိ လုပ်တာလဲ။ ငါ ဘာမှားသွား တုန်း၊ ဘာမှားသွား တုန်း၊ တချက်ချင်း စဉ်းစားတယ်။ ဘာမှ သူနဲ့ စကားကတောက်ကဆ ဘာမှ မဖြစ်ဖူးဘူး။ ခင်ခင်မင်မင် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးလည်း မရှိခဲ့ဘူး။ ကျမ မှားတာသာ ရှိခဲ့ရင် ကျမ ဘယ်လိုမှ နာလန်ပြန်ထူဖို့ မလွယ်ဘူးနော်။ နောင်တနဲ့ ပူပန် နေရမှာ။ ဒီလိုမှန်း သိရင် ငါ ဘာမှ မလုပ်ခဲ့ပါဘူးလို့ ဖြစ်နေမှာ။ ဘာတခုမှ အမှားမလုပ်ခဲ့တဲ့ အတွက် ကိုယ့်ကိုယ်ကို နေရတာ ပေါ့သွားတယ်။ အပြစ်ရှိတယ် လို့ မထင်တော့ဘူး”

သူ့မိဘ၊ သူငယ်ချင်းနဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလည်း ဒေါက်တာခင်သစ်နှင်းကို စိတ်ဓာတ်ခွန်အားနဲ့ ဖေးမ ပေးတယ်။ ဖခင် ကဗျာဆရာ မောင်စန်းသော်က သမီးအတွက် ကဗျာတွေ စာတွေ ရေးပေးတယ်။

ဒေါက်တာခင်သစ်နှင်း ကိုယ်တိုင်လည်း စာတွေ ရေးတယ်။ မျက်စိမမြင်ဘဲ မှန်းသမ်းရေးရတာမို့ သူရေးထားတဲ့ စာလုံးတွေက ကြီးတာကြီး၊ သေးတာ သေး၊ မျဉ်းကြောင်း အပေါ် တက်တာတက် အောက် ဆင်းတာ ဆင်း၊ မညီမညာပါ။ ဒါပေမယ့် သူကြိုးစား ရေးတယ်။ သူစာရေးရာမှာ ကြုံရတဲ့ အခက်အခဲကိုလည်း ပြောပြသေးတယ်။

“ကိုယ့်လက်နဲ့ ကိုယ် ရေးတော့ တမျက်နှာ နှစ်မျက်နှာရေးပြီးတဲ့အထိ မင်ကုန်နေတာ မသိဘူး။ သွားရော။ ရေးပြီးသား မျက်နှာပေါ် ထပ်ကာ ထပ်ကာ ရေးမိပြန်တော့ သွားရော။ တခါတလေ စာမျက်နှာအလွတ်တွေ ကျော်သွားရော”

ဒါပေမယ့် သူ ဇွဲမလျှော့ဘူး။ စာတွေရေးတယ်။ လေ့လာဆည်းပူးတယ်။ ရေဒီယို အမြဲနားထောင်တယ်။ အဘိဓမ္မာ သင်တန်းတွေ တက်တယ်။

“သိချင်တတ်ချင် နေတယ်။ ဒါက ပြန်မတ်လာ စေတယ် ထင်တယ်” လို့ သူက ဆိုတယ်။

ကြိုးဝိုင်းမှာ အလဲထိုးချ ခံခဲ့ရပေမယ့်လည်း သူ့ကို ချစ်သူတွေရဲ့ အားပေးမှု၊ သူကိုယ်တိုင်ရဲ့ ဇွဲသတ္တိတွေနဲ့ ဘဝလမ်းကို ဒေါက်တာ ခင်သစ်နှင်း ဆက်လက် လျှောက်လှမ်းနေတာ တွေ့ရပါတယ်။ ။

Credit:
ဆရာကျော်ရင်မြင့်|August 3, 2015
#နေ့စဥ်ဖတ်မိသောစိတ်ခွန်အားဖြည့်စာစုများ

30/08/2021

အပေါ်မော့ကြည့်ရလွန်းလို့ ညောင်းနေပြီလား။

ပတ်ဝန်းကျင်မှာ သင့်ထက်သာတဲ့သူတွေကိုကြည့်ပြီး သူတို့လို မဖြစ်ရလို့ အားငယ်နေတာလား။

သူများတွေ ကားအကောင်းစားတွေ စီးနေတဲ့အချိန်မှာ လိုင်းကားတိုးစီးနေရတဲ့ သင့်ဘဝကို စိတ်ပျက်နေတာလား။

သူများတွေ i phone တွေ ကိုင်နေတဲ့အချိန်မှာ အပေါစား ဖုန်းတစ်လုံးသာ ကိုင်နိုင်တဲ့ သင့်ကိုသင် စိတ်ပျက်နေတလား ။

သင့်ထက်သာတဲ့လူတွေကို ခေါင်းမော့ကြည့်နေလို့ ညောင်းနေလောက်ပါပြီ ။
မိမိကိုယ်ကိုယ် အားငယ်နေရတာတွေ များလှပါပြီ။
ခုချိန်ကစပြီးရပ်လိုက်ပါတော့။

အသက်ကို ပြင်းပြင်းရှူထုတ်ပြီး အောက်ကို ငုံ့ကြည့်လိုက်စမ်းပါ။

သင် ထမင်းနပ်မှန်အောင်စားနေရတဲ့အချိန်မှာ ထမင်းနပ်မှန်အောင်တောင် စားဖို့မလွယ်တဲ့သူတွေကို ကြည့်ပြီး သူတို့လောက်ကံမဆိုးသေးပါဘူးလို့မှတ်ပါ။

သင် လစာတစ်သိန်းကျော်ရတဲ့ အလုပ်ရှိနေတဲ့အချိန်မှာ
တစ်နေ့ကို တစ်ထောင်လောက်ရဖို့ နေပူကြီးထဲ ပင်ပန်းခံနေရတဲ့သူတွေကို ကိုယ်ချင်းစာကြည့်စမ်းပါ။

သင် ရှူးဖိနပ် အသစ်ဝယ်မစီးနိုင်လို့ စိတ်ပျက်နေတဲ့အချိန်မှာ ဖိနပ်တိုက်ပေးမှ ထမင်းဝရုံ စားရတဲ့လူတွေကို စာနာကြည့်ပေးပါ။

သင့်မှာ အသင့်အတင့်ဖုန်းတစ်လုံး ကိုင်နေချိန်မှာ ခလုပ်ဖုန်းလေးတောင် မကိုင်နိုင်သေးတဲ့ လူတွေရှိသေးတယ် ဆိုတာကို မြင်ကြည့်စမ်းပါ။

ဘဝမှာ သင်လက်လှမ်းမမှီသေးတဲ့ ဘဝကို စိတ်ကူးယဉ်ဆန်ဆန်
တမ်းတနေမဲ့အစား အားကျနေမဲ့အစား ၊ မိမိကိုယ်ကိုယ် အားငယ်သိမ်ငယ်နေမဲ့အစား မိမိလောက်မှ မတတ်နိုင်သေးတဲ့ ဘဝတွေကို တတ်နိုင်သမျှကူညီပေးပြီး မိမိဘဝကိုကျေနပ်အောင် သင်ယူတတ်ကြပါ။

Credit: original writer
#နေ့စဥ်ဖတ်မိသောစိတ်ခွန်အားဖြည့်စာစုများ

30/08/2021

တစ်နှစ်ပဲ အချိန်ပေးပါ

One year ago ဆိုပြီး ပုံတွေ တက်လာတယ်။
ဘုရား တ,ရတဲ့အထိ ကိုယ့်မှာ ရုပ်ဆိုးခဲ့တယ်။
One year ago ဆိုပြီး Feel post တွေ တက်လာတယ်။ ကိုယ့်ကိုယ်ကို ပြန်သနားမိတယ်။
ငါလေး တော်တော် ရူးခဲ့တာပဲလို့။
One year ago ဆိုပြီး တက်လာတယ်။
ငယ်ရွယ်သူ အတွေးတွေနဲ့
လောကကြီးကို အကောင်းမြင်စိတ် နည်းခဲ့တယ်။
တစ်နှစ်တဲ့။ ဘာမှ မကြာလိုက်ဘူး။ အသည်းကွဲတာလည်း မနေ့ကလိုပဲ။
ကဲ့ရဲ့ခံရတာတွေကလည်း မနေ့ကလိုပဲ။
မြေနိမ့်ရာ လှံစိုက်ခံခဲ့ရတာလည်း မနေ့ကလိုပဲ။
ဝိုင်းအကြဉ်ခံခဲ့ရတာလည်း မနေ့ကလိုပဲ။

ဒါပေမဲ့
တစ်နှစ်အတွင်း လူတွေအကြောင်း အများကြီး သိခဲ့ရတယ်။
ကိုယ့်ကိုယ်ကိုယ် ဘယ်လို ထိန်းမတ်ရမယ်ဆိုတာ သိခဲ့ရတယ်။ ဥပေက္ခာပြုသင့်တဲ့အကြောင်းနဲ့
ဥပေက္ခာပြုရမယ့်လူတွေကို သိလာခဲ့တယ်။
လက်ကျန်ဘဝ အစိတ်အပိုင်းကို ဘယ်လို အသုံးချရမယ်ဆိုတာ သိလာတယ်။
ဒဏ်ရာတွေဟာ အမာရွတ်တွေ ဖြစ်လာတယ်။ ဝိုင်းထိုးတဲ့ လက်ညှိုးတွေကို ဘယ်လို
အံတုရင်ဆိုင်သင့်တယ်ဆိုတာ သိလာတယ်။
အများကြီး မလိုပါဘူး။
တစ်နှစ်အတွင်း မသိမသာ ပြောင်းလဲခြင်းတွေနဲ့ ကိုယ်ဟာ အရင်ကထက်
ပိုပြီး လူပီသလာပါလိမ့်မယ်။

to original writer
#နေ့စဥ်ဖတ်မိသောစိတ်ခွန်အားဖြည့်စာစုများ

30/08/2021

သေချာတာက
အသက်ကြီးလာတာနဲ့အမျှ
စိတ်တူကိုယ်တူပေါင်းနိုင်သင်းနိုင်တဲ့
သူငယ်ချင်း မိတ်ဆွေဆိုတာ
တဖြည်းဖြည်းချင်း
နည်းပါးသွားတယ်ဆိုတာပါပဲ...

လူလတ်ပိုင်းရောက်လာတဲ့အခါ...

တစ်ချို့ကိုကိုယ်ကမကြိုက်လို့
ဆက်မပေါင်းဖြစ်တော့ဘူး
တစ်ချို့ကကိုယ့်ကိုသဘောမကျလို့
ထပ်ပြီးလာမပေါင်းကြတော့ဘူး
တစ်ချို့ကြတော့လည်း သူ့ဘက်ကိုယ့်ဘက်
နှစ်ဖက်စလုံးကအမြင်မတူလို့
ခပ်တန်းတန်းဖြစ်သွားကြတယ်။

တစ်ချို့တွေကျတော့လည်း
ကိုယ့်ရှေ့ကျချိုပြ
ကွယ်ရာကျအပုပ်ချကြတယ်
တစ်ချို့တွေလည်း မေးထူးခေါ်ပြော
တစ်ချို့တွေက အလုပ်သဘော
တစ်ချို့တွေလည်း
ဘာသတင်းမှမကြားရတော့ဘဲ
အစအနတွေပျောက်သွားကြတယ်။

လူတွေနည်းနည်းသွားကြတာတော့
သတိထားမိတယ်။

ဘဝရဲ့သင်ခန်းစာတွေကြောင့်
ဘယ်သူကတော့
အပေါ်ယံပဲပေါင်းလို့ရမယ်။
ဘယ်သူကတော့
အတွင်းကျကျပေါင်းလို့ရတယ်ဆိုတာ
သိလာလို့လည်းဖြစ်မယ်ထင်တယ်။

ဘာကိုမှဖုံးကွယ်ထားစရာမလိုဘဲ
သူ့အကြောင်းကို ကိုယ်ကအကုန်သိ
ကိုယ့်အကြောင်းလည်း သူအကုန်သိ
တွေ့လိုက်ရင် ပျော်သွားတဲ့သူ
ဖုန်းပြောလိုက်ရင်
ရင်ထဲပေါ့သွားတဲ့သူဆိုတာတော့
တော်တော်ရှားသွားတယ်
ဆယ်ယောက်မပြည့်ချင်တော့ဘူး။

သာရေးနာရေး
မသွားမဖြစ်သွားရမယ့်သူ
အရေးအကြောင်းဆို ပထမဆုံး
ဖုန်းဆက်တိုင်ပင်ရမယ့်သူ
တစ်ခုခုအတွက်အမြဲ
readyဖြစ်နေရမယ့်သူဆိုတာ
ပိုပြီးရှားသွားပါပြီ။

အရေးအကြောင်းဆို
အကြောင်းအမျိုးမျိုးပြပြီး
ရှောင်တတ်သူတွေ
လိုမှလာပြီး
မလိုရင်ပျောက်နေတတ်သူတွေ
ရယူခြင်းတွေသာအမြဲရှိပြီး
ဘာတစ်ခုမှပေးဖူးတာမရှိတဲ့သူတွေ
နောက်ကျောကိုဓားနဲ့ထိုးဖို့
စောင့်နေတဲ့သူတွေ
ကိုယ်လဲကျမှာကိုစောင့်နေတဲ့သူတွေ
ကိုယ်အဆင်ပြေမှာ
ကိုယ်ပျော်ရွှင်နေတာကို
မလိုချင်မမြင်ချင်တဲ့သူတွေရှိနေမှန်း
တဖြည်းဖြည်းချင်းသိလာတော့
သူတို့နားကအသာလေး
ထွက်လာလိုက်တယ်
အပြုံးလေးနဲ့လမ်းခွဲခဲ့တယ်
တစ်ချို့လည်း သူတို့လိပ်ပြာ သူတို့
မလုံလို့ ကိုယ့်ဘေးကခွာသွားတယ်။

အသက်ကြီးလာတော့
လူများပြီးပွဲမစည်တဲ့ဘဝကို
စိတ်ကုန်လာတာလည်းပါတယ်။
အရည်အသွေးရှိတဲ့သူအနည်းငယ်
ကိုယ့်ကိုချစ်တဲ့သူ
ကိုယ်ကလည်းချစ်တဲ့သူတွေနဲ့
ဘဝကို သပ်သပ်ရပ်ရပ်
အေးအေးဆေးဆေးနဲ့
တိတ်တိတ်ဆိတ်ဆိတ်နေရတာကို
ပိုသဘောကျလာတယ်။

စီးပွားရေးအရ လူမှုရေးအရ
လူအသစ်တွေနဲ့ထပ်ထပ်ပြီး
ဆက်ဆံနေရပေမယ့်
ကိုယ့်စိတ်ထဲယုံကြည်ရတဲ့
လူအသစ်ဆိုတာ တစ်နှစ်နေလို့
တစ်ယောက်ထပ်မတိုးတော့ဘူး။

ကောက်ကျစ်လွန်းတဲ့
မြေခွေးတွေကြားမှာ
ကိုယ့်နားရှိတဲ့သိုးတွေကို
ပိုပြီးတန်ဖိုးထားလာမိတယ်။

လူအများကြီးနဲ့
လူမှုရေးကောင်းတယ်ထင်ရပေမယ့်
တကယ့်အရေးဆို
ကိုယ့်နားကျန်ခဲ့တဲ့လူဆိုတာ
၅ယောက်အပြင်မပိုဘူးဆိုတာ
ဘဝကသင်ကြားပေးတော့
"မိတ်ဆွေစစ်"ဟာ
ဘာလဲဆိုတာသိလာတယ်။

ဟုတ်ကဲ့
သူတို့မှာမိတ်ဆွေတွေအများကြီးနဲ့
လူမှုရေးအောင်မြင်ကြပါတယ်
လူများပြီးပွဲစည်ကြပါတယ်။

ကျွန်တော့်ဆီမှာတော့ လူနည်းပါတယ်
ဒါပေမယ့် ပွဲလေးတော့လှပါတယ်
ကိုယ့်ဘေးနားကလူတွေဟာ
နည်းသည်များသည်
Quantity နဲ့မဟုတ်ဘဲ
ကောင်းသည်ဆိုးသည် Qualityနဲ့သာ
ဆုံးဖြတ်ထားတာမို့
မိတ်ဆွေစစ်အနည်းငယ်နဲ့
ရှင်သန်နေထိုင်ရတာ အဆင်ပြေပါတယ်။

မိတ်ဆွေတို့လည်း
မိတ်ဆွေတို့ဘဝမှာ quality ရှိတဲ့
မိတ်ဆွေကောင်းတွေနဲ့သာ
ဆုံတွေ့ပြီး အဆင်ပြေနိုင်ကြပါစေ။

Credit.....Min Yel KyawSwar
#နေ့စဥ်ဖတ်မိသောစိတ်ခွန်အားဖြည့်စာစုများ

30/08/2021

▪ဖြစ်ချင်စိတ်သာရှိပြီး
ဖြစ်အောင်လုပ်မယ်ဆိုတဲ့
ဇွဲမရှိရင် ဘယ်လောက်ထိ
စိတ်ပြင်းပြနေပါစေ
သင်...တိုးတက်မှာ မဟုတ်ဘူး...

▪လူကသာ အောင်မြင်ချင်တာ
စိတ်ဓါတ်က ခဏခဏကျနေရင်
သင့်...အတွက် ပန်းတိုင်မရှိဘူး...

▪လူရယ်လို့ဖြစ်လာရင်
ခံယူချက်၊ဦးတည်ချက်၊ရည်မှန်းချက် ရှိရတယ်...
လေထဲတိုက်အိမ်ဆောက်နေသရွေ့
ဘဝက လေဘောလုံးလိုပဲ
တရွေ့ရွေ့ လေနှင်ရာမျောနေမှာပါပဲ...

▪ဘဝမှာ အရာရာကိုကိုယ်ဖြစ်ချင်တာ
လုပ်ပိုင်ခွင့်ရှိတယ် ဒါပေမဲ့
အောင်မြင်ဖို့အတွက် ကတော့.....

➀...ဖြစ်သင့်တာကို ဦးစားပေးတတ်ရတယ်။

➁...စိတ်ဓာတ်ခွန်အား ထက်သန်မှုရှိရတယ်။

➂...ကိုယ်ရဲ့လုပ်ရပ်တိုင်းကို လက်ခံနိူင်ရတယ်။

➃...အမှားတွေ့တိုင်း မတွေဝေပဲ
သင်ခန်းစာယူတတ်ရတယ်။

➄....အရှုံးကို လက်ခံနိူင်ရတယ်။

➅....ဝေဖန်မှုတိုင်းကို အမှားအမှန်ခွဲခြားပြီး
လက်ခံသင့်တာကို သင်ယူပြီး
လက်မခံသင့်တာကို အတွေးထဲက
ချက်ချင်းထုတ်ပြစ်ပါ။

➆....သင်ယူပါ လေ့လာပါ
ပညာဆိုတာ သင်ယူလို့ကုန်သွားတယ်
မရှိပါဘူး ဘယ်နေရာ၊ဘယ်သူဖြစ်ဖြစ်
သင်ယူသင့်တာသင်ယူပြီး ၊လေ့လာသင့်တာ
လေ့လာပါ။

➇....စိတ်ဓါတ်မကျပါနဲ့
ငွေတစ်ထောင်ကျရင်တောင် ပြန်ကောက်သေးတာပဲ သင့်စိတ်ဓါတ်က
ငွေတစ်ထောင်ထက် ပိုတန်ဖိုးရှိမှာပါ။

➈....စိတ်ကောင်းထားပါ
စိတ်ကောင်းထားရင် ကံကောင်းပါတယ်
စေတနာက လူတိုင်းနဲ့မတန်ရင်နေပါစေ
ကိုယ်ထားတဲ့ စေတနာနဲ့တန်တဲ့အကျိုးကိုတော့
ကိုယ်တိုင်ခံစားရမှာပါ။

➉.....စာများများဖတ်ပါ
စာမဖတ်တဲ့သူက မျက်မမြင်တစ်ယောက်နဲ့
အတူတူပါပဲ
မှောင်နေတဲ့ ဘဝ
အားငယ်နေတဲ့စိတ်
ပျောက်ကွယ်နေတဲ့ အသိညဏ်တွေ
ပျော်ရွှင်မှု၊ငြိမ်းချမ်းမှု၊အေးချမ်းမှုစတဲ့
ခွန်အားတွေကို အလင်းပေးနိူင်တာ
စာအုပ်၊စာပေတွေပါပဲ။

to original writer
#နေ့စဥ်ဖတ်မိသောစိတ်ခွန်အားဖြည့်စာစုများ

Photos from နေ့စဥ်ဖတ်မိသောစိတ်ခွန်အားဖြည့်စာစုများ's post 17/06/2020

Photo credit - Go for Goal page
#နေ့စဥ်ဖတ်မိသောစိတ်ခွန်အားဖြည့်စာစုများ

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Address

Yangon