အပိုင်း(၁)
၁၉၄၉ ခု၊ အောက်တိုဘာလလောက်ကဖြစ်ပေသည်။ ထိုအချိန်ကာလသည်ကား မြန်မာပြည်အလယ်ပိုင်းတွင် ရောင်စုံသူပုန်များ အာဏာလွှမ်းမိုးနေဆဲ ကာလဖြစ်၍ ပြည်၊ အာလံ(အောင်လံ)၊ တောင်တွင်း၊ မကွေး၊ နတ်မောက်၊ မြို့သစ် စသည်တို့မှာ လွတ်မြောက်သောနည်မြေဟု သတ်မှတ်ထားသော ဒေသများ ဖြစ်ကြပေသည်။
ရောင်စုံတပ်ပေါင်းစုတို့ သိမ်းပိုက်လိုက်သောနယ်တိုင်းတွင် ၎င်းတို့နှင့်အခန့်မသင်သော အရာရှိများ၊ နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများ၊ အစိုးရအမှုထမ်းများကို ဖမ်းဆီး၍ ‘လုံခြုံရေးစခန်း’ ဟု သာယာနာပျော်ဖွယ် ကင်ပွန်းတပ်ထားသော အကျဉ်းထောင်သို့ ပို့ထားကြသည်မှာ အဆန်းမဟုတ်တော့ချေ။ ထို့ကဲ့သို့သော ရောင်စုံသူပုန်တို့၏ အကျဉ်းသားများတွင် နိုင်ငံရေးသမားများ၊ ခရိုင်ရဲဝန်၊ ခရိုင်ဝန်၊ ရဲဝန်ထောက်များမှစ၍ ကျောင်းစရာများ၊ မင်းစေများထိအောင်ပါဝင်ပေသည်။
ရောင်စုံတို့၏အကျဉ်းသားများဖြစ်သည်အတိုင်း လူစုံလည်း ပါဝင်သည်။ ပုတီးတကိုင်ကိုင်နှင့် အမြဲတမ်း ဘုရားကို ဝတ်ပြုနေသောသူများ၊ ထောင်ကြပ်များနှင်းပင်း၍ သွင်းလားသော အရက်ကို နေ့ရောညပါသောက်နေသူများ၊ စာပေကိုချည်း လေ့လာနေသောသူများ၊ ဖဲဝိုင်းကက်ဝိုင်းနှင့် တစ်နေ့တာ အချိန်ကုန်လွန်စေသူများ၊ မာ့က်စ်၏ ရုပ်ဝါဒကို အကြွင်းမဲ့ လက်ခံ၍ ဂေါတမကိုပင် ဝေဖန်သူများ၊ ဗေဒင်နှင့် ရတနာဒီပံအင်းကို လေ့လာကျင့်သုံးနေသူများဖြင့် စုံနေပါတော့သည်။
ကျွန်တော်တို့ သရက်ထောင်တွင် အကျဉ်းသားပေါင်း ၁၀၀ ခန့် ရှိပါသည်။ ဤအကျဉ်းသားများကို ပထမစ၍ ဖမ်းဆီးခြင်းခံရစဉ်က မကွေးထောင်ကြီးတွင် ထားပါသည်။ အစိုးရတပ်များက ရေနံချောင်းကို သိမ်း၍ မကွေးကို ထိုးစစ်ဆင်တော့မည့်အသွင် ရှိလာသောအခါတွင် ကျွန်တော်တို့ကို တောင်တွင်းထောင်သို့ ပို့လိုက်ပါသည်။ တောင်တွင်းထောင်တွင် တစ်လခန့်မျှကြာသော် ‘ပြည်’ ထောင်သို့ ပို့ပြန်လေသည်။
“ပြည်” ထောင်ကြီးတွင်အထက်ဗမာပြည်မှအကျဉ်းသားအောက်ဗမာပြည် သာယာဝတီတစ်ရိုးမှ အကျဉ်းသားစုစုပေါင်း ၅၀၀ ခန့် ရှိလိမ့်မည် ထင်ပါသည်။ အတိအကျမသိတော့ပါ။ အားလုံးပြည်ထောင်တွင်စုနေကြရသဖြင့် “ဒို့မှ ပြည်ထောင်စု အစစ်ကွ” ဟူ၍အကျဉ်းသားများ ရယ်မောပြောဆိုလေ့ပင်ရှိကြပါသည်။
ပြည်ထောင်တွင် တစ်လခန့်နေပြီးနောက် သရက်ထောင်သို့ လူ၁၀၀ ကျော်ခန့် ခွဲပို့သည်တွင် ကျွန်တော်တို့လည်း သရက်ထောင်သို့ ပါလားပါတော့သည်။
ထိုစဉ်က သရက်ထောင်ပိုင်ကြီးမှာ “အေ-ကရစ်ရှနား” ဖြစ်၍ ထောင်ကြပ်များမှာ ဦးထွန်းဝင်း၊ ဦးမောင်ကြီး စသောသူများဖြစ်ပါသည်။ အစိုးရအမှုထမ်း ထောင်အလုပ်သမားများကိုပင် သူ့တာဝန်နှင့်သူ ဆက်လက်၍ခန့်ထားစေခိုင်းကြပါသည်။ ထောင်အတွင်း၌ ထောင်အမှုထမ်းများကို ခန့်ထား ထမ်းဆောင်စေသော်လည်း ထောင်ဘူးဝကြီးနှင့် မျှော်စင်များပေါ်တွင်ကား ရဲဘော်များကို သေနတ်ကိုယ်စီ နှင့် စောင့်စေပါသည်။ ထောင်အမှုထမ်းများကိုလည်း တကယ်တမ်း ယုံကြည်မှုရှိဟန်မတူပါ။
ကျွန်တော်တို့ အကျဉ်းသားများကို တစ်နေ့လျှင် တစ်ကျပ်တစ်ပဲကျစီ ပေးပါသည်။ အကျဉ်းသားများမှာ မိမိတို့ခင်မင်သူအချင်းချင်းစု၍ ချက်ပြုတ်စားရသည်၊ တစ်စုလျှင် ၁၀ ယောက်မှ ၁၇ ယောက်အထိ ရှိကြသည်၊ ရောင်စုံတို့ကပေးသော တစ်ကျပ်တစ်ပဲတါင် တစ်ပဲမှ ထင်းဖိုးက ၂ပြား၊ မိလ္လာသိမ်းသော လူကြီးအတွက်က ၂ ပြားပေးရသောကြောင့် တစ်ကျပ်စီသာ ရကြသည်။ ထိုငွေ တစ်ကျပ်စီကိုစု၍ ကိုယ့်အိုးစားနှင့် ကိုယ်ကြိုက်နှစ်သက်ရာ ဟင်းများကို ချက်စားကြသည်။
နံနက်လင်းလျှင် ဈေးဝယ်ပေးရသော ထောင်ကြပ်ရောက်လာတော့သည်။ အိုးစားသူကြီးများက စာရင်းကိုယ်စီနှင့် ဟင်းလျားများမှာကြရသည်။ ၉ နာရီခန့်တွင် ဈေးဝယ်ထောင်ကြပ် ပြန်ရောက်လာလျှင် ကိုယ့်ပစ္စည်းကို စရင်းနှင့် တကွ ယူကြရသည်။ ထမင်းတာဝန်ခံများက ချက်ပြုတ်ပြီးနောက် ၁၀ နာရီခွဲ၊ ၁၁နာရီခန့်တွင် ထမင်းစားကြရသည်။ ညစာအတွက်မူကား နံနက်ဟင်းလျာမှာစဉ်ကပင် ပို၍မှာလိုက်ပြီးဖြစ်သောကြောင့် ၄ နာရီခန့်တွင် ချက်ကြ၍ ၅ နာရီခန့်တွင် ထမင်းစားကြသည်။ စားသောက်၍ ခဏတစ်ဖြုတ်လမ်းလျှောက်ကြ၊ စကားပြောကြနှင့်နေကြပြီး ၆ နာရီထိုးလျှင်အိပ်ထောင်ပိတ်သည်။ အိပ်ထောင်ဆိုသည်မှာ သံတိုင်စိုက် တံခါးပေါက်ကြီးများနှင့် တိုက်တန်းလျားကြီးများပင်ဖြစ်ပါသည်။ အိပ်ထောင်ပိတ်ချိန် ၆ နာရီတွင် သော့လာခတ်ပြီး နံနက် ၆ နာရီထိုးမှ ဖွင့်ပေးသည်။
အိုးစားတစ်ဖွဲ့လျှင် ၁၀ယောက်မှ ၁၇ ယောက်အထိဖွဲ့ကြကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ထိုအဖွဲ့များတွင် ကိုယ်အဖွဲ့နှင့်ကိုယ် သောက်ရေ၊သုံးရေတာဝန်ခံများ၊ သန့်ရှင်းရေးတာဝန်ခံများ၊ ပန်းကန်ဆေးဘုတ်အဖွဲ့၊ ထမင်းချက်ပါတီ စသည်ဖြင့် တာဝန်ခွဲကြရပါသေးသည်။ ကျွန်တော်တို့အဖွဲ့မှာ တောင်တွင်း၊နတ်မောက်၊မင်းဘူးမှ နိုင်ငံရေးသမားများချည်းဖြစ်ကြသည့်ပြင် လူပေါင်း ၁၇ယောက်ရှိလျက် လူအများဆုံးဖြစ်သည်။
ဗိုလ်တိုက်မောင်း (ယခု လယ်ဝေး ပျဉ်းမနားတင် နိုင်ငံရေးလုပ်နေသည်။) ဗိုလ်အောင်ကြည် (စစ်ဝန်ထမ်းတပ်ခွဲမှုးအဖြစ်နှင့် တိုက်ကြီးအနီးတွင်ကျဆုံးသွားသူ) နှင့် ကျွန်တော်တို့သုံးယောက်မှာ ကျွန်တော်တို့အိုးစားအဖွဲ့၏ တာဝန်ခံများဖြစ်သည်။ သောက်ရေ၊သုံးရေ၊ချိုးရေ အားလုံးကို တာဝန်ခံကြရသည်။
ရေကို ရေတွင်းအနီးရှိ အုတ်ကန်တွင် အပြည်ထည့်ပေးရသည်။ ရေတွင်းမှာ ၁၈တောင်ခန့်နက်၍ သုံးယောက်သား တစ်နာရီခန့် ချွေးတစ်လုံးလုံးနှင့် ငင်ကြရပါသည်။ ထိုရေကိစ္စပြီးလျှင်ကား ကျွန်တော်တို့အတွက် ဘာအလုပ်မျှမရှိတော့ပြီ။ ထမင်းကိုခူးပြီး အသင့်လက်လျှိုစားရုံသာဖြစ်၍ စားပြီးလျှင် အသာထသွားရုံမျှသာဖြစ်သည်။ ပန်းကန်ဆေးတာဝန်ခံများက လိုက်သိမ်းသွားသည်။
မင်းဘူး သခင်ဖိုးဘ (ဖဆပလ)၊ ဘကြီးသစ် (ပမညတ) တို့တစ်တွေမှာ ထိုစဉ်က ထမင်းချက်ပါတီဖြစ်သည်။ သခင်ဖိုးဘမှာ ရင်းနှီးဖော်ရွှေစွာ နေတတ်သည့်အပြင် ပြောမနာဆိုမနာ ပေါင်းတတ်သူဖြစ်၍ လူတိုင်းကခင်မင်ကြသည်။ ထမင်းစား၍မကောင်းကြလျှင် အခြားအကျဉ်းသားများက ‘ဟေ့ဘွိုင်၊ မင်း ဒီနေ့ချက်တာဘာဖြစ်တယ် ညာဖြစ်တယ်’ စသည်အားဖြင့် နောက်ပြောင်အော်ငေါက်လေ့ ရှိပါသည်။
ထောင်တွင်းသို့ ရောက်လာကြသောသူများ ၇ လကြာမျှ အတူတူနေထိုင်ခဲ့ကြပြီးဖြစ်၍ တစ်ယောက်နှင်းတစ်ယောက် အလွန်ရင်းနှီးကြပါသည်။ နိုင်ငံရေးခေါင်းဆောင်များ အရာရှိများမှာလည်းနိုင်ငံရေးမာန၊အရာရှိစိတ်ဓါတ်များပျောက်လျက်တစ်ခါတစ်ရံကလေးငယ်များသဖွယ် ပျော်ရွှင်မြူးတူးကြပါသည်။ ထောင်မှူး၏ နွားကြီး ၂ ကောင်မှာ ထောင်ထဲတွင် လွှတ်ထားလေ့ရှိပါသည်။
တစ်ကောင်မှာအလွန်သဘောကောင်း၍အစီးခံသည်။ တစ်နေ့တွင်နတ်မောက်မှစစ်ဝန်ထမ်းတပ်သားပေါ်လာကြီး (ယခုကားစစ်ထဲတွင်ပင်ရှိမည်ထင်ပါသည်။)ကိုနွားပေါ်တင်ပေးကြပြီးနောက်တစ်ထောင်လုံးရှင်ပြုအလှူဝတ်လှည့်ကြသည်မှာ ယခုတိုင်တွေးမိတိုင်း ပြုံးမိပါသေးသည်။
နွားပေါ်မှ ရှင်လောင်းပေါ်လာကြီး၊ နွားရှေ့မှအလှူဝတ်လှည့်လိုက်ပါလာသူ ၂၀ခန့်တန်းစီလျက်။ နွားနောက်မှ ယခု နတ်မောက်အမတ် ဦးဘဆိုင်က ရှင်လောင်းအဖေအဖြစ် (ရှင်လောက်အမေကိုမမှတ်မိတော့ပါ) အသီးသီးပါဝင်ကြရသည်။ နောက်ဆုံးမှဒိုးပတ်ဝိုင်းမှာ လူအတောင့်ဆုံးဖြစ်သည်။ ဒိုးပတ်ဝိုင်းခေါင်းဆောင်မှာ ဗိုလ်တိုင်းမောင်ဖြစ်၍ တီးလိုက်ရသည်မှာ ပါးစပ်မှအမြှုပ်ထွက်မခမ်းဖြစ်သည်။ ကျွန်တော်က သီချင်းဆို သံချပ်တိုင်ရသည်။ သီချင်းမရသူများက ဟေး-ဟေး နှင့် ဝါး၍ လိုက်ကြရသည်။ပါးစပ်ဒိူးပတ်ပင်ဖြစ်သော်လည်း အလွန်မြိုင်သည်။ ရှင်လောင်းပေါ်လာကြီးကလည်း နွားပေါ်၌ခါးတောင်းကျိုက်လျက်ထိုင်နေသည်မှာအမြိန့်သား။
ဤသို့ဖြင့်စိတ်ညစ်စရာ၊ပျော်စရာ၊ဝမ်းနည်းစရာ၊ဝမ်းသာစရာမျိုးစုံနေပါသည်။ တစ်ခါတစ်ခါ ဖမ်းထားသူများအနက် အချို့ကိုထုတ်၍ သေနတ်နှင့်ပစ်သတ်တတ်သည်လည်းရှိသေးသောကြောင့် နိုင်ငံရေးပြစ်ချက်အကင်းသူများမှာတထိတ်ထိတ်နေကြရပါသည်။ စိတ်ဓါတ်တက်ကြွသောလူငယ်ပိုင်းကမှုကား နေ့စဉ်နှင့်အမျှထောင်ဖောက်ပြေးရန်အခွင့်အရေးကိုသာကြည့်ရှုနေတတ်ကြပါသည်။ ထိုကဲ့သို့လူငယ်များတွင် ကျွန်တော်တစ်ယောက်အပါအဝင်ဖြစ်သည်။ ဗိုလ်တိုင်းမောင်၊ ဗိုလ်အော်ကြည် နှင့် ကျွန်တော်တို့ ၃ ယောက်မှာ အတွဲမိဆုံးဖြစ်၍ နေရသည်မှာလည်း တစ်အိုးစားတည်း တစ်အိပ်ထောင်တည်းဖြစ်ပါသည်။
ယခုအဖြစ်အပျက်တွင် ဗိုလ်တိုင်းမောင် နှင့် ဗိုလ်အောင်ကြည့်တို့မှာ အရေးအကြီးဆုံးသူများဖြစ်၍ ၎င်းတို့အား ဖော်ပြလိုပါသည်။ ဗိုလ်အောင်ကြည်မှာ နတ်မောက်နယ် အိုင်ပေါက်ကုန် ဇာတိဖြစ်၍ လူလားမြောက်စကပင် စစ်ထဲရောက်လာသူဖြစ်သည်။ ထိုစဉ်က အသက် ၂၄ နှစ်ခန့်ရှိနေပြီး၊ အရပ်၅ ပေ၊ ၅လက်မခန့်ရှိပြီးလျှင် ကိုယ်လုံးကိုယ်ဖန် ထွားကျိုင်း၍ ကာယဗလလိုက်စားသူဖြစ်သဖြင့် အသားအရေမှာ ဖိတ်ဖိတ်တောက်ချော၍ မာကျောတောင့်တင်းလှသည်။ အသားဖြူသည့်အပြင် ဉပတိရုပ်ခံ့ညားသည်၊ မျက်လုံးပုံစူးစူးရဲရဲရှိ၍ သတ္တိကောင်းလှသူတစ်ယောက်ဖြစ်ကြောင်း နဖူးတွင်စာတန်းထိုးထားသကဲ့သို့ ထင်ရှားလှသည်။ အဖမ်းခံရစဉ်တွင် မကွေးစစ်ဝန်ထမ်းတပ်ခွဲမှူးအဖြစ် အဖမ်းခံခဲ့ရသည်။ လယ်ဝေးသူပုန်နှင့် တစ်ပြိုင်တည်း နတ်မောက်သူပုန်ထစဉ်ကလည်း စစ်ရေးဘက်မှ တာဝန်ခံတစ်ယောက်ဖြစ်၏။ နှာတံပေါ်ပေါ် မေးရိုးဒေါင့်ကျကျ ပါးရိုးအနည်းငယ်ထွက်သယောင်ယောင်ရှိ၍ မျက်လုံးတစ်ဖက်တွင် မဲ့ကလေးတစ်ခုပါသည်။ အမြဲတမ်း သပ်သပ်ရပ်ရပ်နေတတ်သည်။ ရင်းနှီးသူများမှအပ အခြားသူများနှင့် စကားပြောလျှင် အလွန်ပြုံးခဲ၍ ပြတ်ပြတ်ပြောတတ်သည်။ စိတ်လည် ဆတ်သည်။ စိတ်တိုမိလျှင် ဓါးမမြင်၊ တုတ်မမြင် နီးရာနှင့်ဆွဲ၍ ခုတ်တတ်၊ ထစ်တတ်သော လူစားမျိုးလည်းဖြစ်သည်။ ရင်းနှီးသူများ ခင်မင်သူများအပေါ်တွင်ကား အလွန် သည်းခံချုပ်တည်းသည်။ ပြောဆိုဖျောင်းဖျလျှင် နာယူလွယ်သော သဘောရှိသည်။
ဗိုလ်တိုင်းမောင်ကား အသားအနည်းငယ်မည်းသည်။ တောင်တွင်းကြီးမြို့ တောင်ပြင်ရပ်ဇာတိဖြစ်၍ ကျွန်တော်နှင့် တစ်ရပ်တည်းသား အိမ်နီးချင်းပင်ဖြစ်သည်။ ထိုစဉ်က အသက် ၂၈ နှစ်ခန့်ရှိပြီး ဘဝအမျိုးမျိုး၊ လောကဓံအသွယ်သွယတွင်း ဒိုးကဲ့သို့ လည်ခဲ့ရသူဖြစ်၍ အတွေ့အကြုံစုံလှသည်။ ကြုံသမျှဘဝ၊ ရောက်သမျှ ပတ်ဝန်းကျင်ကို ဆင်ခြင်သုံးသပ်တတ်သော ပင်ကိုယ်စွမ်းရည်ကြောင့် ချက်ချာပါးနပ်လှသော သူတစ်ယောက်ပါပေ။ လေနုအေးထဲ၌လည်းကောင်း၊ မုန်တိုင်းထဲ၌လည်းကောင်း စုန်ဆန်သွားလာခဲ့သောကြောင့် အသည်းနှလုံးတွင် ကျွဲပခုံးထနေသူပေတည်း။ လက်တွေ့၏ သွန်သင်ချက်တို့ကြောင့် သည်းခံခြင်း၊ ချုပ်တည်းခြင်း၊ ရဲရင့်ခြင်းတို့နှင့် ပြည့်စုံသည့်ပြင် အထူးသဖြင့်ကား လူအများလေးစားချစ်ခင်အောင် ပေါင်းသင်းရာတွင် အတုခိုးလောက်သောသူပါပေတည်း။
ဗိုလ်တိုင်းမောင်မှာ ပညာအားဖြင့် အလယ်တန်းကုန်အောင်ပင် မသင်ခဲ့ရပေ။ သို့သော် လူ့လော့ကကို ချဉ်းကပ်ပုံ၊ ရှုထောင့်အသွယ်သွယ်မှ သုံးသပ်ပုံ၊ မိမိကိုယ်ကိုယ် ပြန်လည်စစ်ဆေးပုံများတွင် ကျွန်တော်ထက်သာသည်ဟု ထင်မြင်မိပါသည်။ ကိုယ်လုံးကိုယ်ထည်မှာ နေတော်ပင်ဖြစ်ပါသည်။ အဝတ်အစားဝတ်လျှင် ချပ်ချပ်ရပ်ရပ်ရှိလှသည်။ စကားပြောချိုသာသည်၊ လူတိုင်း၏ ကိစ္စကို စိတ်ဝင်စားစွာဖြင့် မေးမြန်းကူညီတတ်သော အလေ့ရှိသည်။ စွန်းစားခြင်းမူကား မွေးကတည်းက မြတ်နိုးလာသည်။ ကိုတိုင်းမောင်ကို အတိုချုပ်ဖော်ပြရလျှင် လူ့လောကအတွင်းသို့ စွန့်စားဝင်ရောက်လာခဲ့ပြီးလျှင် ဘဝသိမှုအရ အောက်တန်းစားတို့အတွက် တတ်နိုင်သမျှ စွန်းစားရုံးကန်နေသောသူဖြစ်သည်ဟု ဆိုချင်ပါသည်။ မကွေးခရိုင် စစ်ဝန်ထမ်းတပ်ရင်းတွင် နိုင်ငံရေးခေါင်းဆောင်အဖြစ် နှင့် ဆောင်ရွက်ရင်း ထောင်တွင်းသို့ရောက်လာခဲ့သည်။
ကျွန်တော်မှာကား ကိုတိုင်းမောင် နှင့် ဇာတိအတူဖြစ်သည်။ ၃ ယောက်ထဲတွင် အရပ်အရှည်ဆုံးဖြစ်သည်။ အနည်းငယ်ပိန်သဖြင့် ပုံပန်းမှာ ကလန်ကလားနေသည်ဟု ဆိုနိုင်သည်။ အသက် ၂၂ ခန့်ရှိ၍ အငယ်ဆုံးဖြစ်သည်။ အဖမ်းခံရစဉ်က သရက်ခရိုင် ဆိုရှယ်လစ်ပါတီစည်းရုံးရေးမှူးအဖြစ် ရဲဘော်မောင်မောင် (ယခု သုံးဘက်မြင်ရုပ်ရှင်ဂျာနယ်) နှင့်အတူ အဖမ်းခံခဲ့ရသည်။ အသိဉာဏ်တွင်လည်း ကိုတိုင်းမောင်ကို မမီ၊ သတ္တိတွင်လည်း ဗိုလ်အောင်ကြည်ကဲ့သို့ မထက်မြက်၊ သုံးယောက်အနက် အညံ့ဆုံးရဲဘော်ဖြစ်သည်။
အတူတူ စာဖတ်ကြမယ် Let's read together
စာဖတ်ခြင်း အလုပ်ကို မဖြစ်မနေလုပ်ဖို့ ကိုယ်တိုင်ဖတ်ပြီး ဖတ်ပြီးသားလေးတွေရေးမယ်။ ဖတ်သလောက်လေးပေါ့။
“ပြည်” ထောင်ကြီးတွင်
အထက်ဗမာပြည်မှအကျဉ်းသား
အောက်ဗမာပြည် သာယာဝတီတစ်ရိုးမှ
အကျဉ်းသား
စုစုပေါင်း ၅၀၀ ခန့် ရှိလိမ့်မည် ထင်ပါသည်။
အတိအကျမသိတော့ပါ။
အားလုံး ပြည် ထောင်တွင်စုနေကြရသဖြင့်
“ဒို့မှ ပြည်ထောင်စု အစစ်ကွ” ဟူ၍
အကျဉ်းသားများ ရယ်မောပြောဆိုလေ့ပင်
ရှိကြပါသည်။
အောင်သင်း
အောင်သင်း၏ အမှာစာ
ကျွန်တော်၏စာအုပ်များအတွက် အမှာစာရေးခဲ့ဖူးလှပါသည်။ ယခုဤအမှာစာကို ရေးရန်အတွက်ကွန်ပြူတာစာစီကိုပြန်ဖတ်လိုက်ရသောအခါ “လွမ်းအူပေါက်” သလိုလိုဖြစ်လာသည်။ ကျွန်တော်၏ထောင်ဖောက်ဖော်ထောင်ဖောက်ဖက်ဖြစ်ကြသည့် ကိုတိုင်းမောင် နှင့် အောင်ကြည်တို့လည်း မရှိကြတော့ပြီ။ ကျွန်တော်၏ ဆရာသမားများဖြစ်ကြသော တောင်တွင်းကြီး သခင်ကျော်စိန်လည်း မရှိတော့ပြီ။ ဘယ်မှာ ရှိနိူင်ငါတော့မည်လဲ။ ကျွန်တော်ကိုယ်တိုင်ပင်လျှင် အသက် ၈၇ နှစ် ရှိခဲ့ပါပြီ။ သိုသော် လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်ကတွေ့ကြုံခဲ့ရသောကျွန်တော့်ဘဝ အပေါင်းအသင်းမိတ်ဆွေတို့၏ဘဝ နိုင်ငံတော်၏ဘဝ စသည်တို့ကို ပြန်တွေးမိလိုက်တော့ လွမ်းစရာမဟုတ်ပါဘဲလျက် လွန်းနေမိတာတော့ အမှန်ဖြစ်ပါသည်။
စာဖတ်သူများသိကြသည့်အတိုင်း ကျွန်တော်ကကျောင်းဆရာတစ်ယောက်ဖြစ်ပါသည်။ တက္ကသိုလ်တွင် တပည့်ကျောင်းသားများ၏ ပေါ့တီးပေါ့ဆနေကြပုံ ဝီရိယနည်းပါးပုံတို့ကို တွေ့လိုက်တိုင်း မြည်တွန်တောက်တီးခြင်းပြုမိပါသည်။ ကျွန်တော်တို့ ကျောင်းသားဘဝက ကြိုးစားခဲ့ပုံကိုလည်းပြောမိပါသည်။
ထိုအခါ ကျောင်းသား တစ်ယောက်နှစ်ယောက်က ကျွန်တော့်ကို ပြန်ပြောပါသည်။
“ဆရာတို့က ခေတ်ကောင်းမီလိုက်တာကိုး ဆရာရဲ့”
“ဟေ့ . . . ခေတ်ကောင်းကိုမီခဲ့တယ်- ဟုတ်လား၊ မင်းတို့ခေတ်ပျက်တာကြုံဖူးသလား၊ ငါက ခေတ်ပျက်တာကို နှစ်ခါ သုံးခါလောက် ကြုံခဲ့ဖူးတယ်။ ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်လာတော့ မြို့ပျက်ရွာပျက် ဗုံးဒဏ်သင့် မီးလောင် တောင်ပြေးမြောက်ပြေး ကျောင်းတွေကိုဆိုတာ ဝေလာဝေး၊ အင်္ဂလိပ်အပြေး ဂျပန်အဝင်၊ အဲ့ဒီနောက် ဖက်ဆစ်တော်လှန်ရေး ဂျပန်အပြေး အင်္ဂလိပ်အဝင်၊ လေယာဉ်ပျံတွေက တဝဲဝဲ ဗုံးတွေက နေ့ရောညပါကြဲ စက်သနက်သံကမစဲ၊ အဲ့ဒီနောက်ကျတော့ တစ်ပြည်လုံး သောင်းကျန်းသူတွေကမင်းမူ၊ ဟိုကဆူ ဒီကဆူ မူလတန်းကျောင်းတောင်မှ ခေါင်းမထောင်နိုင်လောက်အောင် ပျက်ခဲ့တဲ့ခေတ်မျိုးမင်းတို့ ကြုံဖူးသလား”
စသဖြင့် တပည့်များကိုရန်ထောင်ခဲ့ဖူးပါသည်။
ယခု ပြန်ပြီးစဉ်းစားကြည့်လိုက်တော့ ကျွန်တော်ကဆယ်တန်းအောင်ပြီးခါစ လပိုင်းအတွင်းမှာပင် အလယ်တန်းပြဆရာ ဖြစ်ခဲ့သည်။ တက္ကသိုလ်ရောက် မဟာဝိဇ္ဇာဘွဲ့ထိအောင်ပြီး တက္ကသိုလ်မှာဆရာဖြစ်ခဲ့သည်။
တပည့်များခမျာမှာတော့ တက္ကသိုလ်ကျောင်းမှာပင် မနေနိုင်၊ အဝေးသင်ဟူသောစနစ်တွေ၊ စာပေးစာယူဆိုတာတွေ ဟိုတက္ကသိုလ် ဒီတက္ကသိုလ် စသည်အားဖြင့် တကယ့်ကို အဝေးသို့ရောက်သွားသော အဝေးသင်တက္ကသိုလ်တွေဖြစ်ကုန်ကြပြီ။ ထိုကဲ့သို့ ပြန်စဉ်းစားလိုက်တော့ သူတို့ပြောပြသည့် “ဆရာတို့က ခေတ်ကောင်းမီလိုက်တာကိုး” ဟူသောစကားကို ကျွန်တော်ကစိတ်ထဲတွင် ကျိတ်ပြီးဝန်ခံမိလိုက်သည်။
မှန်သည်။ ကျွန်တော်တို့က စစ်တွေ လက်နက်တွေကြောင့် ခေတ်ပျက်ကိုကြုံရသည်။ ထို့ကြောင့်ပညာရေး လည်းပျက်ခဲ့ရသည်။
သူတို့မှာလည်း ပညာရေး အမျိုးမျိုးအဖုံဖုံကြောင့်၊ စနစ်တွေ အလဲလဲအပြောင်းပြောင်းကြောင့် ပညာရေးခေတ်ကြီး ပျက်ခဲ့ကြရသည်။
ဒါတွေအားလုံးကို စဉ်းစားကြည့်လိုက်တော့ (ကျေးရွှာမြို့နယ်က အစ) နိုင်ငံတစ်ဝှမ်းလုံးရှိ ခေါင်းဆောင်ကြီးငယ် အသီးသီးတို့ ပညာမပြည့်စုံ၍ သဘောထားမကြီးနိုင်ခြင်း၊ ထစ်ခနဲဆိုလျှင် လက်နက်အားကိုးကြခြင်း၊ လက်နက်ကလေးရှိလာလျှင် အာဏာကို သိမ်းပိုက်လိုခြင်း၊ သားသမီးလူငယ်များ၏ပညာရေးကို အလေးမမူခဲ့ခြင်း စသည်တို့ကြောင့်ပါကလားဟု တရားကျသလိုလို နိုင်ငံရေးသံဝေဂရသလိုလို ဖြစ်မိပါသည်။
ယခု ကျွန်တော်၏ ‘သရက်ထောင်ဖောက်ခဲ့စဉ်က’ ကို သေချာဖတ်ပြီး စဉ်းစားကြည့်လိုက်လျှင် စာဖတ်သူလည်း ကျွန်တော်တို့ ကြုံခဲ့ရသည့်ခေတ်ကို မှန်းဆသုံးသပ်ပြီး နိုင်ငံရေးသံဝေဂ ရလိမ့်မည်ဟု ထင်ပါသည်။ ပညာရေး ခေတ်ပျက်လျှင် အပျက်တွေ နောက်ကတန်းစီပြီး ပါလာတတ်ကြောင်းလည်း သံဝေဂယူကြလိမ့်မည်ဟု ထင်မိပါသည်။
လူကိုမဆိုထားဘိ ကြောင်၊ခွေး၊ ကြက်၊ ဝက် စသော သတ္တဝါတိုင်းပင်လျှင် မိမိတို့ရင်သွေးကို ချစ်တတ်ကြပါသည်။ ကျွန်တော်တို့သည် လူကြီးများဖြစ်လာကြပါပြီ။ သားသမီးကိုယ်စီနှင့် ဖြစ်နေကြပါပြီ။ ကျွန်တော်တို့၏ သားငယ် သမီးငယ် လူမမယ်တို့၏ အနာဂါတ် (ကျွန်တော်တို့၏ အိုမင်းသောအနာဂါတ်) အတွက် လူငယ်တို့၏ ပညာရေးကို ထိပ်တန်းဦးစားပေးပြီး စဉ်းစားကြရပါလိမ့်မည်။ လူငယ်တို့၏ ပျော်ရွှင်မှုကို စဉ်းစားကြရပါမည်။ ကျန်းမာရေးကိုလဲ ထိပ်တန်းဦးစားပေးရပါလိမ့်မည်။ လူငယ်တို့၏ အားကစာကွင်းများကို ဟိုလိုလို ဒီလိုလိုနှင့် ဖျက်ဆီးသိမ်းပိုက်ခြင်းက မသင်ကြောင်းကိုလည်း ကျွန်တော်တို့ နာနာကြီး သတိထားရပါလိမ့်မည်။
ယခုဤစာအုပ်တွင် ကျွန်တော်တို့ စွန်းစားခန်းများ ကိုတွေ့ပါလိမ့်မည်။ သို့သော် တစ်ပြည်လုံး ပျက်နေ၍ မအူမလည် နိုင်ငံရေးခေတ်ပျက်ကြီးတွင် စွန့်စားခဲ့ရသော မအူမလည်ကောင်လေးသုံးယောက်၏ မအူမလည်စွန့်စားခန်များဟု နိုင်ငံရေးသံဝေဂယူ၍ ကြင်နာစွာ သုံးသပ်ပါဟု ကြိုတင်ပြောလိုက်ချင်ပါသည်။
ကျွန်တော်အသက်ကြီးပါပြီ။ ယခုဤအမှာစာကိုပင်လျှင် ကျွန်တော်ကိုယ်တိုင်မရေးနိုင်ပါ။ ကျွန်တော်က နှုတ်ကပြောပြီး တပည့်ကျောင်းသားငယ်လေးတစ်ယောက်ကလိုက်ပြီးရေးပေးနေခြင်းဖြစ်ပါသည်။ ခါးလည်းကိုင်း၊ နားလည်းထိုင်း၊ မျက်စိလည်းမှိုင်းလာပြီဖြစ်သောကြောင့် ကွန်ပြူတာစာမှုကိုပင်လျှင် ကျွန်တော်ကိုယ်တိုင် ဖတ်ရှုပြင်ဆင်ခြင်း မပြုနိုင်တော့ပါ။ စာစီသူကလေးငယ်များ၏ စာမူကြမ်းကို ကဗျာဆရာ နိုင်သစ်နီက ဖတ်ရှုပြင်ဆင်ပါသည်။ သူကစာသမားပီပီ စာကြောကို (စာအသွားအလာကို) သိသောကြောင့် သူကိုယ်တိုင်ပြင်ပေးသည်။ ကျွန်တော့်ထံသို့လဲ ဖုန်းဆက်ပြီး မကြာခဏမေးသည်။ ဤနေရာတွင် စာလုံးကိုမည်းမည်းလား၊ စောင်းမည်လား စသည့်တို့ကို ကျကျနန စီစဉ်ပေးပါသည်။ သူ့ကျေးဇူးကို စကားမဆိုရလျှင် ကျွန်တော် လိပ်ပြာမသန့်နိုင်ပါ။
ကိုင်း . . . မိတ်ဆွေစာဖတ်သူ မအူမလည်ခေတ်ပျက်ကြီးတွင် မအူမလည်စွန့်စားသော မအူမလည်ကောင်လေးသုံးယောက်အကြောင်းကို ဖတ်ပြီး ပညာရေးခေတ်ပျက်ခြင်းအကြောင်းကို ဆက်လက်ပြီး တွေးတောဆင်ခြင်သင်ခန်းစာယူနိုင်ပါစေဟု ဆိုတောင်းလိုက်ပါသည်။
အောင်သင်း
၂၅.၇.၂၀၁၃
ဆရာကြီး ဦးအောင်သင်း၏ အတ္ထုပ္ပတ္တိအကျဉ်း
၁၉၂၇ခုနှစ်၊ ဧပြီလ ၁၇ ရက်တင် တောင်တွင်းကြီးမြို့ တောင်ပြင်ရပ်နေ
သခင်ညီမောင် နှင့် ဒေါ်ရွှေကြင် တို့မှဖွားမြင်သော သားသမီးသုံးယောက်အနက် အကြီးဆုံးဖြစ်သည်။ အမည်အရင်မှာလည်း “အောင်သင်း” ပင်ဖြစ်သည်။
အသက်၅နှစ်အရွယ်တွင်တောင်ပြင်ရပ်ရှိဆရာဦးသာဒွန်းဇံ၏မူလတန်းကျောင်းတွင်စတင်ပညာသင်ကြားခဲ့သည်။စတုတ္ထတန်းအောင်ပြီးနောက်
တောင်တွင်းကြီးမြို့မိုးထိမြန်မာအထက်တန်းကျောင်းတွင်
အလယ်တန်းပညာဆက်လက်သင်ကြားခဲ့သည်။ ဆဌမတန်းတွင် ၁၉၃၈ခုနှစ်ကျောင်းသားသပိတ်ကြီးနှင့်ကြုံခဲ့သည်။ ထိုနှစ်၌ မိခင် ကွယ်လွန်သည်။
သတ္တမတန်း၌ပညာသင်ကြားနေစဉ်တွင်ပညာဘက်၌အာရုံလျော့နည်းလာသဖြင့်စာမေးပွဲ ကျရှုံးခဲ့သည်။ ထိုနောက်ကျောင်းထွက်နေစဉ် ဖခင် နောက်အိမ်ထောင်ပြုသည်။ ၁၉၄၁ ခုနှစ်တွင် ရှင်သာမဏေ ဝတ်သည်။ သာမဏေဘဝနှင့် ပညာသင်နေစဉ် ဒုတိယကမ္ဘာစစ်ဖြစ်လာ၍ သာမဏေဘဝမှ ထွက်လိုက်ရသည်။
ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၇ ခုနှစ်တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့သို့ ဝင်ရောက်လှုပ်ရှားခဲ့သည်။ ထိုမှတစ်ဆင့် ဆိုရှယ်လစ်ပါတီသို့ရောက်သွားပြီး သင်တန်းများတက်၍ ခရိုင်စည်းရုံးရေးမှူး အဆင့်ထိတိုင်အောင် တာဝန်ယူဆောင်ရွှက်ခဲ့သည်။
၁၉၄၉ ခုနှစ် ရောင်စုံသူပုန်များ ပေါ်ပေါက်လာချိန်၌ ရဲဘော်ဖြူများ၏ ဖမ်းဆီးခြင်းကို ခံရကာ မကွေးထောင်, တောင်တွင်းကြီးထောင်, ပြည်ထောင်, သရက်ထောင်များတွင် နေထိုင်ခဲ့ရပြီး ၁၉၄၉ ခုနှစ် နိုဝင်ဘာလတွင် သရက်ထောင်ကို ဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့သည်။
၁၉၅၂ ခုနှစ်ရောက်မှ တောင်တွင်းကြီးမြို့သို့ ပြန်လာခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရာ ထိုနှစ်မှာပင် စာမေးပွဲအောင်မြင်ခဲ့သည်။ ၁၉၅၃ ခုနှစ် အောက်တိုဘာလတွင် မိုးထိအထက်တန်းကျောင်း၌ အလယ်တန်းပြဆရာအဖြစ် ဝင်ရောက်အမှုထမ်းခဲ့ပြီး ၁၉၅၆ ခုနှစ်တွင် အလုပ်မှတွက်၍ မကွေးကောလိပ်၌ ဉပစာဝိဇ္ဇာတန်းကို စတင်တက်ရောက်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခဲ့ပြီး ၁၉၆၀ ခုနှစ်တွင် ဝိဇ္ဇာတန်းကို မြန်မာဘာသာစကားနှင့် အနုစာပေ, အင်္ဂလိပ်ဘာသာစကားနှင့် အနုစာပေ၊ ဒဿနိကဗေဒဘာသာတွဲဖြင့် အောင်မြင်ခဲ့သည်။
၁၉၆၁ ခုနှစ်တွင် ဘီအီးဒီ ဆက်တက်နေစဉ် မြန်မာစာဌာနပါမောက္ခ ဦးဝန်၏ လက်ထက်၌ မဟာဝိဇ္ဇာ အရည်အချင်းစစ် စာမေးပွဲဖြေခွင့်ပေါ်လာခဲ့သောကြောင့် မြန်မာစာ မဟာဝိဇ္ဇာအရည်အချင်းစစ်သင်တန်း တက်ရောက်ခွင့်ကို ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်သက္ကသိုလ်၌ နည်းပြဖြစ်လာသည်။
၁၉၆၃ ခုနှစ်တွင် မော်လမြိုင်ဒီဂရီကောလိပ်သို့ ပြောင်းရွှေ့ရသည်။ ၁၉၆၅ ခုနှစ် မေလတွင် ပြင်ဦးလွင် စစ်တက္ကသိုလ် မြန်မာစာဌာနသို့ လက်ထောက်ကထိက ရာထူးနှင့် ပြောင်းရွှေ့အမှုထမ်းရသည်။ ၁၉၇၀ ခုနှစ် အောက်တိုဘာလတွင် ရန်ကုန် တက္ကသိုလ်သို့ ပြန်ပြောင်းရပြီး မဟာဝိဇ္ဇာတန်ကို ဆက်လက် တက်ရောက်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ‘ဝတ္ထုတိုလေ့လာချက် စာတမ်း’ ပြုစုတင်ပြပြီး မဟာဝိဇ္ဇာတန်းကို ဂုဏ်ထူးနှင့် အောင်မြင်ခဲ့သည်။
၁၉၅၉ ခုနှစ်၊ မေလထုတ် မြဝတီမဂ္ဂဇင်း တွင် ဖော်ပြခံရသော ‘သရက်ထောင်ဖောက်ခဲ့စဉ်က’ ဆောင်းပါးသည် အောင်သင်၏ ပထမဆုံး ဆက်ရာဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် ရေးပြီး ရှုမဝသို့ ဦးစွာပေးပိုခဲ့သည်။ ရှုမဝ အယ်ဒီတာအဖွဲ့က ပြည်တွင်းစစ်နှင့် ပတ်သက်သော အကြောင်းအရာများကို မထည့်ရန် ဆုံးဖြတ်ထားသောကြောင့် ပြန်ပို့ပေးခဲ့သည်။ အတန်ကြာမှ မြဝတီသို့ ပို့ခဲ့ရာ မြဝတီက ဖော်ပြခြင်းခံခဲ့ရသည်။
၁၉၆၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ထုတ်ဝေသော ပုသိမ်မဂ္ဂဇင်းတွင် ဆောင်းပါးနှစ်ပုဒ် (“လူသေ လူမဖြစ်မီက သျှင်ဥက္ကဌ’ ဟူသော ဆောင်းပါနှင့် အခြားဆောင်းပါးတစ်ပုဒ်) နှင့် အင်္ဂလိပ်ကဗျာ ဘာသာပြန်တစ်ပုဒ်ကို ရေးသားခဲ့သည်။ လူတစ်ဦး၏စာမူသုံးပုဒ် ဖော်ပြရန်မသင်ဟု ဆုံးဖြတ်သောကြောင့် Henery Davibes ၏ The Welcome ကဗျာတွင် ‘မောင်သံနိုင်’ ဟူသော အမည်နှင် ဖော်ပြခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ‘စာဆိုတော်’ ဟူသော ပြားငါးဆယ်တန် မဂ္ဂဇင်းကလေး ထွက်လာခဲ့ဖူးသည်။ ထိုမဂ္ဂဇင်း၏ စာပေညွှန်ကြားရေးမှူးအဖြစ် တာဝန်ခံခဲ့သည်။ (တာဝန်ခံအယ်ဒီတာမှာ တပ်မတော် မင်းရဲထွန်းဖြစ်သည်။) ထိုစာစောင်တွင်လည် လစဉ်သုံးလေးပုဒ် ရေးရသောကြောင့် ‘မောင်သံနိုင်’ ကို တစ်ခါထပ်ပြီး သုံးလိုက်သေးသည်။ သို့သော် နောက်ပိုင်းတွင် အောင်သင်းမှတစ်ပါး အခြားမည်သည့်နာမည်ကိုမျှ မသုံးတော့ပါ။ နာမည်ရင်းအတိုင်းသာ ရေးသားခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ကံကော်မြိုင်စာတမ်းများ စာစု၌ စာတမ်းသုံးပုဒ်ရေးခဲ့ရာ နှစ်ပုဒ်ကို ထိုစဉ်က အထက်တန်း, အလယ်တန်း မြန်မာစကားပြေ လက်ရွှေးစင်တို့တွင် ကျောင်းသုံးစာအဖြစ် ပြဌာန်ခဲ့သည်။
၁၉၆၆ ခုနှစ် ပတ်ဝန်းကျင်တွင် ‘စိတ်ပင်လယ်စာတမ်းများ’ အတွက် စာတမ်းငယ်နှစ်ပုဒ် ရေးပေးခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ရှုမဝ၌ ‘မြန်မာဘာသာစကား နှင့် ကာရန်မဲ့ ကဗျာ’ ဟူသော စာပေဝေဖန်ရေးဆောင်းပါးကို ရေးခဲ့သည်။ ထိုအချိန်မှစ၍ စာပေသဘောတရား စာပေဝေဖန်ရေး များကိုဆက်တိုက်ရေးခဲ့သည်။၁၉၇၇ခုနှစ်တွင် ‘စာပေရေးရာဆောင်းပါးများ’ အမည်ရှိစာပေဆောင်းပါများကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၁၉၈၃ ခုနှစ်နိုဝင်ဘာလတွင် သဘင်မဂ္ဂဇင်း အမှတ်(၁) ကို စတင်ထုတ်ဝေခဲ့ရာ ထိုမဂ္ဂဇင်း အမှတ်(၁) မှစ၍ ၂၅ လတိုင်တိုင် ‘အကြိုက်ဆုံး ဝတ္ထုတို’ ကဏ္ဍကို လစဉ်ရေးသားခဲ့သည်။
၁၉၇၈ ခုနှစ် ဧပြီလတွင် နိုင်ငံရေး လှုပ်ရှားမှု၌ ပါဝင်ပတ်သက်သည်ဟု မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီက ယူဆသောကြောင့် အလုပ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။
၁၉၇၉ ခုနှစ်နောက်ပိုင်းတွင် အလွတ်နည်းပြသင်တန်များ၌ မြန်မာစာသင်ပေးခြင်း၊ စာပေရေးသားခြင်းနှင့် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။
ထိုနောက် အခါအားလျော်စွာ စာပေဟောပြောခြင်း၊ ရေးသူဖတ်သူဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခြင်း, စာပေဝေဖန်ရေးဆောင်းပါများရေးသာခြင်း, လူငယ်များအတွက် စာကြည့်သင်းယဉ်ကျေးမှုထွန်းကားဖွံ့ဖြိုးရေးအတွက် ဆော်ဩရေးသား ဟောပြောခြင်း၊ ပညာရေးဆိုင်ရာ ကျင့်ဝတ်ဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ သုတရသစာပေများ ရေးသာခြင်း၊ ယနေ့တိုင် လူငယ်များ၏ ပစ္စုပ္ပန်နှင့် အနာဂါတ်ဘဝများ၊ ကိုယ်ရည်ကိုယ်သွေးတောက်ပြောင် စိမ်းလန်းရေးအတွက် စာပေရေးသား ဟောပြောခြင်းအားဖြင့် စာပေအနုပညာ၌ ဘဝကို မြှုပ်နှံကာ အချိန်ပြည့်စာရေးစရာအဖြစ် သက်ဝင်ရှင်သန် နေထိုင်လျှက်ရှိပါသည်။
ပထမဆုံးရေးချင်တာကတော့ ကျွန်တော် အရမ်းလေးစားတဲ့
ဆရာကြီး ဦးအောင်သင်း၏ "သရက်ထောက်ဖောက်ခဲ့စဉ်က"
ဆိုတဲ့ စာအုပ်ကို ရေးမှာဖြစ်ပါတယ်။
ဤစာအုပ်ကို ၂၀၁၃ စက်တင်ဘာလ မှာထုတ်ဝေခဲ့တာဖြစ်သည့်အတွက် ဆရာကြီး မကွယ်လွန်ခင်က တစ်နှစ်ခန့်ကဖြစ်ပါတယ်။
ဆရာကြီး မှာ
၁၉၂၇ခုနစ် ဧပြီလ ၁၇ရက် တွင်မွေးဖွားခဲ့ပြီး
၂၀၁၄ခုနစ် အောက်တိုဘာလ ၂၅ရက်နေ့မှာ ကွယ်လွန်ခဲ့ပါသည်။
ကျွန်တော်က စာဖတ် အလွန်ပျင်းသူတစ်ယောက်ပါ။
အခုလို Page လုပ်ပြီး ကျွန်တော်စာဖတ်သမျှ တနေ့ကို ၅မျက်နှာ ၁၀မျက်နှာ ၁၅မျက်နှာ ဖတ်ပြီးသလောက်ကို ပြန်ပြီးရေးမှာဖြစ်ပါတယ်။
ကျွန်တော်ဖတ်ထားတဲ့ စာအုပ်ကိုလဲ ပုံနဲ့တကွ တင်ပေးဖို့ စိတ်ကူးထားပါတယ်။
အခု စိတ်ကူးအတိုင်း ကောင်အထည်ဖော်ကြည့်ဖို့ပါပဲ။
ကျွန်တော်ရဲ့ စာဖတ်နိူင်မှု အတိုင်းအတာ ဘယ်လောက်ထိရောက်နိူင်တယ်ဆိုတာ ကိုယ်တိုင် ကြည့်ပြီး အကဲဖြတ်ရတာပေါ့။
Click here to claim your Sponsored Listing.
Location
Category
Website
Address
Singapore
