20/05/2026
🇰🇷 ကိုရီးယားရောက် မြန်မာလုပ်သားများထံမှ ကျပ်သိန်းသောင်းချီ လိမ်လည်မှုဖြစ်ပွား
တောင်ကိုရီးယားတွင် မြန်မာနိုင်ငံသားတဦးဖြစ်သော မင်းမင်းထွန်း ဆိုသူက မြန်မာလုပ်သားများထံမှ ဝမ်ငွေများ လက်ခံယူကာ ကျပ်ငွေပြန်လည်လွှဲပို့ပေးမည်ဟုဆိုပြီး ငွေကြေးအမြောက်အများ လိမ်လည်ယူဆောင်သွားကြောင်း သိရသည်။
အစပိုင်းတွင် ပုံမှန်ငွေလွှဲလုပ်ငန်းများ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ဝမ်ငွေများ လက်ခံပြီး ကျပ်ငွေ ပြန်မလွှဲပေးတော့ဘဲ အဆက်အသွယ်ဖြတ်တောက် ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။
လိမ်လည်ခံရသူများထဲတွင် တဦးလျှင် ကျပ်သိန်းဆယ်ဂဏန်းမှ သိန်းထောင်ချီအထိ ဆုံးရှုံးသူများရှိပြီး စုစုပေါင်း ပမာဏမှာ ကျပ်သိန်းသောင်းချီခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။
လက်ရှိတွင် ငွေလိမ်ခံရသူများ စုစည်းကာ ရဲတိုင်ကြားမှုများ ပြုလုပ်ရန် စီစဉ်နေကြပြီး ကိုရီးယားရောက် မြန်မာအသိုက်အဝန်းအတွင်းလည်း သတိပေးမှုများ ပျံ့နှံ့နေသည်။
⚠️ ပြည်ပရောက် မြန်မာလုပ်သားများအနေဖြင့် ငွေလွှဲရာတွင် ယုံကြည်စိတ်ချရသော တရားဝင် channel များကိုသာ အသုံးပြုကြရန် နှင့် အကောင့်အတု၊ ပွဲစားမသေချာသူများအား သတိထားကြရန် လိုအပ်နေပါသည်။
#ကိုရီးယား #မြန်မာလုပ်သား #ငွေလိမ်လည်မှု
19/05/2026
တာချီလိတ်မြို့ရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများက လူကုန်ကူးခံထားရသော အလုပ်သမားများကို တရုတ်မြေရှားသတ္တုတွင်းများသို့ ထပ်မံရောင်းစားပြီး ကျွန်ပြုစေခိုင်းနေကြောင်း သိရပါတယ်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်၏ ပြောကြားချက်အရ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း တာချီလိတ်မြို့ရှိ UWSA ပိုင် ရောင်နီဦးဝန်းအတွင်းက တရုတ်ကျားဖြန့်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၃ ဦးကို “ငွေအလွဲသုံးစားလုပ်သည်” ဟု မတရားစွပ်စွဲကာ မြေရှားသတ္တုတွင်းများသို့ ရောင်းစားခဲ့ကြောင်း ဆိုသည်။
ရောင်းစားခံရသူများကို မြန်မာရဲအရာရှိတစ်ဦးက မိုင်းယွန်းဒေသသို့ ပို့ဆောင်ပြီး UWSA စစ်သားများထံ လွှဲပြောင်းပေးခဲ့ကာ ထိုင်းနယ်စပ်အနီးရှိ တရုတ်ကုမ္ပဏီပိုင် မြေရှားသတ္တုတွင်းများတွင် အတင်းအကျပ် အလုပ်လုပ်ခိုင်းခဲ့ကြောင်း သိရသည်။
အလုပ်သမားများကို မြေတူးခြင်း၊ ပစ္စည်းသယ်ယူခြင်းကဲ့သို့ ပင်ပန်းကြီးမားသော အလုပ်များစေခိုင်းခဲ့ပြီး UWSA စစ်သားများက စောင့်ကြပ်ထားကြောင်းလည်း ဖော်ပြထားသည်။
ရောင်းစားခံရသူများထဲမှ တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သော်လည်း အခြားတစ်ဦးမှာ မိသားစုက ငွေပေးရွေးယူခဲ့ရပြီး ကျန်တစ်ဦးမှာ ယနေ့အထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။
#တာချီလိတ် #ကျားဖြန့် #လူကုန်ကူးမှု #မြေရှားသတ္တုတွင်း
18/05/2026
🚨 DR Congo တွင် အီဘိုလာကူးစက်မှုကို WHO က “နိုင်ငံတကာအရေးပေါ်အခြေအနေ” အဖြစ် ကြေညာ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံ (DR Congo) မှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါကူးစက်မှုကို နိုင်ငံတကာက စိုးရိမ်ရတဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပါတယ်။
အီတူရီပြည်နယ်မှာ ကူးစက်ခံရတယ်လို့ သံသယရှိသူ ၂၄၆ ယောက်အထိရှိလာပြီး သေဆုံးသူ ၈၀ ဦးခန့် ရှိနေတယ်လို့ သိရပါတယ်။ အိမ်နီးချင်း ယူဂန္ဓာနိုင်ငံမှာလည်း ကူးစက်သူတွေ တွေ့ရှိထားပါတယ်။
WHO အဆိုအရ လက်ရှိကူးစက်နေတဲ့ ဗိုင်းရပ်စ်ဟာ “Bundibugyo” အမျိုးအစားဖြစ်ပြီး ယခုအချိန်ထိ တရားဝင်ခွင့်ပြုထားတဲ့ ကာကွယ်ဆေးနဲ့ ကုသဆေး မရှိသေးပါဘူး။
🦠 အီဘိုလာ ဘယ်လိုကူးစက်လဲ?
▪️ ကူးစက်ခံထားရသူရဲ့ သွေး၊ အန်ဖတ်နဲ့ ခန္ဓာကိုယ်အရည်တွေကတဆင့် လူအချင်းချင်း ကူးစက်နိုင်
▪️ ရောဂါပိုးပါတဲ့ တိရစ္ဆာန်များ၊ အထူးသဖြင့် လင်းနို့များမှ လူသို့ စတင်ကူးစက်နိုင်
▪️ ကူးစက်ပြီး ၂ ရက်မှ ၂၁ ရက်အတွင်း လက္ခဏာပြနိုင်
⚠️ အဓိကလက္ခဏာများ
▪️ ရုတ်တရက်ဖျားခြင်း
▪️ ခေါင်းကိုက်ခြင်း
▪️ နုံးချည့်ခြင်း
▪️ အန်ခြင်း၊ ဝမ်းလျှောခြင်း
▪️ ပြင်းထန်လာပါက ကိုယ်တွင်း/ကိုယ်ပ သွေးထွက်နိုင်
WHO ကတော့ လက်ရှိကူးစက်မှုဟာ သိထားတာထက် ပိုကျယ်ပြန့်လာနိုင်ကြောင်း သတိပေးထားပြီး အိမ်နီးချင်းနိုင်ငံတွေကို စောင့်ကြည့်ကာကွယ်ရေး တိုးမြှင့်ဖို့ တိုက်တွန်းထားပါတယ်။
18/05/2026
🚨 ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရပြီး သေဆုံး၊ ရွှေများ လုယက်ခံရ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ ရပ်ကွက် (၃) ကျိုင်းငမ်းဝပ်အင်းလမ်းတွင် မေ ၁၃ ရက် မွန်းလွဲပိုင်းက ခေမာရဋ်ရွှေဆိုင်ပိုင်ရှင် ဦးစိုင်းယီတစ် သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
သတင်းများအရ ဦးစိုင်းယီတစ်နှင့်အတူ လူ ၃ ဦးသည် ဈေးမှ ဆိုင်သိမ်းပြီး မော်တော်ယာဉ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် လက်နက်ကိုင် လူ ၃ ဦးက အခြားယာဉ်တစ်စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့ပြီး ယာဉ်ပေါ်ပါလာသော ရွှေများနှင့် မော်တော်ယာဉ်ကို လုယက်ယူဆောင်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ပစ်ခတ်ခံရမှုကြောင့် ဦးစိုင်းယီတစ်မှာ သေနတ်ဒဏ်ရာ ၂ ချက် ရရှိခဲ့ပြီး ဆေးရုံပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
လုယက်ယူဆောင်သွားသည့် ရွှေပမာဏနှင့်ပတ်သက်၍ “သုံးပိဿာ” သို့မဟုတ် “ပိဿာ ၃၀ ခန့်” ဟု သတင်းအမျိုးမျိုး ထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဒေသခံများကတော့ ကျိုင်းတုံမြို့တွင် မကြာခဏ ဖြစ်ပွားနေသည့် ခိုးဆိုးလုယက်မှုများကြောင့် စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။
#ကျိုင်းတုံ #ရွှေဆိုင် #မှုခင်းသတင်း