12/05/2026
အားလုံးပဲ မင်္ဂလာပါရှင် ....
ယနေ့မှာကျရောက်တဲ့ International Nurses Day မှာ
ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ သူနာပြုများနဲ့ နိုင်ငံနေရာဒေသစုံမှာ ရောက်ရှိ တာဝန်ထမ်းဆောင်နေသော သူနာပြုညီအစ်ကို မောင်နှမများအားလုံးကို လေးစားလျှက်ပါ။
အာဏာသိမ်းပြီးကာလမှာ အသက်ပေးဆုံးရှုံးခဲ့ရသော သူနာပြုများအားလုံးကိုလည်း လေးစားဦးညွှတ်ပါတယ်ရှင်။
ကျွန်မအနေနဲ့ သူနာပြုတစ်ယောက်ဖြစ်လာဖို့အတွက် အခက်အခဲ များစွာ တွေ့ကြုံခဲ့ရပါတယ်။
အခြားသူများလည်း မတူညီကြတဲ့ အခက်အခဲမျိုးစုံ
တွေ့ကြုံကြရတာ အမှန်ပါပဲ။
လူနာတွေအတွက် ပိုမိုကောင်းမွန်တဲ့ quality nursing care တွေပေးနိုင်ဖို့ရန်အတွက်
ကျွန်မ သားဖွားဆရာမတစ်ယောက်အနေနဲ့ မရပ်တန့်ခဲ့ပါဘူး ။
ဒါကြောင့် Nursing Diploma ကို တက်ရောက်ဖို့
ကြိုးစားခဲ့ပြီး ဆက်လက်လေ့လာခဲ့ပါတယ်။
ဒီလို လေ့လာနေတဲ့အချိန်မှာ 2021 ခုနှစ်မှာ
အာဏာသိမ်းကာလနဲ့ ကြုံတွေ့ရပြန်ပါတယ်။
အဲ့အချိန်မှာ ကျမဟာ တတိယနှစ် ကျောင်းသူတစ်ယောက်ဖြစ်ပြီး ကျောင်းပြီးဖို့ second semester သာ ကျန်တော့တဲ့အချိန်လေး ဖြစ်ပါတယ်။
ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတဲ့အချိန်
ပညာဆက်လက်လေ့လာချင်တဲ့ ကျောင်းသား/သူတွေအတွက် အခွင့်အလမ်းရရှိစေရန် ကြိုးစားပေးနေတဲ့
ICMNMTS က တီချယ်တွေရဲ့ ကျေးဇူးကြောင့်
Diploma Level ကို ပြီးမြောက်အောင်မြင်ခွင့် ရခဲ့တယ်။
ဒါ့အပြင် ဆက်လက်ပြီး Continuous Learning လုပ်နိုင်ဖို့အတွက် Bachelor Level ထိ လေ့လာနိုင်အောင်
ကိုယ်ကျိုးမငဲ့ဘဲ ကြိုးစားလမ်းဖွင့်ပေးတဲ့
တီချယ်တွေနဲ့ ပြည်ပက သူနာပြုနယ်ပယ်မှ ပညာရှင်များချိတ်ဆက်ပြီး ပူးပေါင်းဖွင့်လှစ်တဲ့ Bridging ကိုလည်း အောင်မြင်စွာ တက်လှမ်းခွင့် ရခဲ့ပြန်တယ်။
ဒီလို လှေခါးထစ်လေးတွေ အောင်မြင်စွာ တက်လှမ်းနိုင်ဖို့ အချိန်ကုန် အပင်ပမ်းခံ ၊ကိုယ်ကျိုးမကြည့်အနစ်နာခံခဲ့ကြသော ကျွန်မတို့ချစ်ရသော တီချယ်များ ၊ Professor များကို အထူးကျေးဇူးတင် ဂါရဝပြုပါတယ်ရှင်။
Bridging ကာလတစ်လျှောက် စိတ်ဓာတ်ကျချိန်
စိတ်ဓာတ်ခွန်အားပေးခြင်း ၊ အခက်အခဲကြုံတွေ့ချိန် လမ်းကြောင်းလေးတွေ ညွှန်ပြပေးခဲ့သော
Facilitator တီချယ်များ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။ မှတ်မှတ်ရရတစ်ခုအနေနဲ့
ကျွန်မ Bridging ကာလမှာ ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရလေးတစ်ခုကို မျှဝေချင်ပါတယ်....
ကျွန်မအနေနဲ့ သင်တန်းကာလ စာတွေလေ့လာနေတဲ့အချိန်
နို့စို့ကလေးငယ်လေးနဲ့အခက်အခဲအချို့ ရှိခဲ့တယ်....
ဒါကို သိတဲ့အတွက် ကျွန်မတို့ရဲ့ Facilitator တီချယ်များထဲမှ တီချယ်တစ်ယောက်ရဲ့ အကြံပေးမှုနဲ့ ဖြတ်ကျော်နိုင်ခဲ့တဲ့ အပိုင်းလေးလဲ ရှိခဲ့တယ်။
ကျွန်မတို့ကို စာလေ့လာရင် ဒီပုံစံ ဒီတိုင်းလုပ်ရမယ်ဆိုတဲ့ အတွေးထဲကနေ ဖယ်ထုတ်ပေးပြီး
"သမီးရေ.....ခုတိုင်းလေး စာလုပ်ရတာ အဆင်မပြေရင် Lecture Video လေးကို Bluetooth လေးနဲ့ချိတ်ပြီး
ပုံမှန်လေး နားထောင်ကြည့်ရင်ရော" ဆိုတဲ့
လမ်းကြောင်းလေးပေးခဲ့တယ်။
ကျွန်မတို့ရဲ့ ဆရာတွေဟာ ကျွန်မတို့တစ်ဦးချင်းစီရဲ့ အနီးအနားမှာ မရှိကြပေမဲ့ လိုအပ်ချက်ကလေးတွေကို
သိနေတတ်ပြီး ဖြည့်ပေး၊ လမ်းကြောင်းလေးတွေ အမြဲပေးခဲ့ပါတယ်။ ကျွန်မတို့ကို Nurse တစ်ယောက်အနေနဲ့မဟုတ်ဘဲ Quality ရှိတဲ့ Nurse တစ်ယောက်ဖြစ်လာဖို့ ၊
personal မှာရော professional မှာပါ Development ဖြစ်လာဖို့ အခွင့်အလမ်းတွေ ဖောက်ပေးခဲ့ကြသော
တီချယ်များအားလုံးနဲ့ ပြည်ပမှ သူနာပြုအတတ်ပညာရှင်များ အားလုံးကို ဒီနေ့မှာ ကျရောက်တဲ့ International Nurses Day မှာ ဦးညွှတ်ဂါရဝပြုပါတယ်ရှင့်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်❤️။
Our Nurses. Out Future.
Empowered nurses save lives.
Happy nurses day!
ပြန်တွေးလိုက်တိုင်း ပြုံးမိချက်ပါပဲ
Fairy
12/05/2026
သားတို့ သမီးတို့ အားလုံး မင်္ဂလာပါ။
ကျမက Tr Beauty ပါ။
ကိုယ်ပိုင်အရည်အချင်း မပြည့်ဝပေမယ့်
အရည်အချင်းမျိုးစုံရှိသူများရဲ့ အလိုလိုက်ခြင်း ခံရသူလေးပေါ့။ (ကြွားတာပါ ကျမမှာ ဂုဏ်ယူလေးစားရတဲ့ သူနာပြုတွေက တစ်ဦးတစ်ယောက်မကဘဲ နေရာမျိုးစုံ၊
ကဏ္ဍမျိုးစုံကနေ ကျွမ်းကျင်ပညာရှင်မျိုးစုံရှိတာပါ။)
ပုံမှန်သင်ကြားရေး ယန္တရားရပ်လိုက်ရချိန်
ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလို့ ဝိုင်းလက်ညှိုးထိုးကြချိန်မှာ "ညီမလေး ဘာလိုချင်လဲ Quality လား၊ Quantity လား၊
ကိုယ်လိုချင်တာ တစ်ခုကိုရွေး ရအောင်လုပ်ကြမယ်" ဆိုတဲ့
စီနီယာများရဲ့ အားပေးမှုတွေ၊ "မာမီတို့ တီချယ်တို့ ကျနော်တို့ ကျမတို့က Quality ရှိတာကိုပဲ လိုချင်ပါတယ်
ဒီကာလမလို့ အအောင်ပေးတာ လျှော့ပေးတာမျိုးနဲ့
အောင်လက်မှတ်ကို မလိုချင်ပါဘူး
နိုင်ငံတကာက အသိအမှတ်ပြုတာလည်း လိုချင်ပါတယ်"
ဆိုတဲ့ ပညာရေးကို တန်ဖိုးထားသူ ကျောင်းသူကျောင်းသားတွေ ကျမတို့တတွေ အားလုံး အတူတူပဲလေ
အခက်အခဲတွေက လုံခြုံရေးအခက်အခဲ၊ စားဝတ်နေရေးအခက်အခဲ၊ အင်တာနက်အခက်အခဲ၊
ကိုယ်တိုင်နည်းလမ်းမျိုးစုံသုံး ရင်ဆိုင်ဖြေရှင်းပြီး
ကိုယ်လိုချင်တဲ့ Diploma တင်သာမက Degree ထိရအောင် ကြိုးစားဖော်ဆောင်နိုင်ခဲ့ကြပြီ၊ ဝမ်းသာတယ်
ဆရာဖြစ်တဲ့ ကျမတို့ အရည်အချင်းက ပြည်တွင်းဆရာတွေရဲ့ ထောက်ခံမှုနဲ့ပဲ ဖြစ်ပေမယ့် ကိုယ့်ကျောင်းသားရဲ့အရည်အချင်းကိုက ပြည်ပပညာရှင်တွေရဲ့ ထောက်ခံပေးမှုကိုပါ ရနိုင်ခဲ့တာ မဆုတ်မနစ် ကိုယ့်အားကိုကိုး ကြိုးစားဖော်ဆောင်ခဲ့တဲ့ ကျောင်းသားကျောင်းသူတွေရဲ့
ကြိုးစားမှုရလဒ်တွေပါပဲ။
နေရာမတူ အခြေအနေမတူ သင်ကြားရေးအတွက်
အခက်အခဲမျိုးစုံတွေကြားမှာ ပါဝင်ကူညီပေးနိုင်မယ့် ကျောင်းသားနဲ့အနီးကပ် ရှေ့ဆောင်လမ်းပြ
လုပ်ပေးနိုင်မယ့်သူတွေ မရှိတဲ့အခါ ငါလုပ်တာ မှန်ရဲ့လားလို့ အခါခါ စိုးရိမ်စိတ်များတိုင်း "ညီမလေး မမတို့တွေက ဒေသစုံမှာ ပညာသင်ပေးဖူးတဲ့ အတွေ့အကြုံရှိပြီးသားလေ
စိတ်မပူနဲ့ ဘာလုပ်ရမလဲပြော လုပ်ပေးမယ်" ဆိုတဲ့
စီနီယာတွေ ကျမမှာ ရှိတယ်။
Hey Beauty, What do you want to do? We can do လို့ အမြဲပြောနိုင်တဲ့ ပြည်ပက ပညာရှင်အသီးသီးရဲ့
စကားသံတွေ ကိုယ်နားမလည်လိုက်မှာစိုးလို့
ပါးစပ်ကလည်းပြော လက်ကလည်းရေးနဲ့ မျိုးစုံ
လမ်းညွှန်မှုပေးတဲ့ နိုင်ငံတကာက သူနာပြုပညာရှင်တွေ
ရှိတယ်။
"တီချယ် သားတို့ သမီးတို့ ကိုယ့်အရည်အချင်းကို သက်သေပြလို့မရဘူးလား မယုံရင် ကြိုက်သလိုစစ်ပေါ့
ဖြေနိုင်မယ်လို့ ယုံကြည်ပါတယ်၊
ပညာဆက်သင်နိုင်ဖို့ပဲ လုပ်ပေးပါ။
ကြိုးစားပါ့မယ်ဆိုတာကို ပါးစပ်အပြောပဲ မဟုတ်
လက်တွေ့လုပ်ဆောင်နိုင်ကြောင်း ပြခဲ့တဲ့ကျောင်းသားတွေ အရည်အတွက်နည်းပေမယ့် ထွက်လာသမျှက
စိန်တွေချည်းပါပဲ
Quality နဲ့ပတ်သက်ပြီး Standard Edition တွေ
ထုတ်နိုင်ခဲ့သလို နှစ်ယောက်ထပ်မရှိနိုင်တဲ့
အရည်အသွေးမျိုးတွေရှိတဲ့ Limited Edition တွေကိုလည်း ထုတ်နိုင်ခဲ့ပြီ ရှေ့ဆက်ဖို့ ခွန်းအားပေးတဲ့
သားတို့သမီးတို့ကို ဂုဏ်လည်း ယူတယ်
ကျေးဇူးလည်း တင်ပါတယ်။
အလုပ်ရမှာလား လစာရမှာလား ဆိုတာထက်
ကိုယ်ပညာရဖို့၊ သူနာပြုစုမှုပညာရပ်တွေကို
တန်ဖိုးထားသူများနဲ့ သာ တွေ့ရတာက
ကျမဘဝရဲ့ ဘာနဲ့မှ မလဲနိုင်ခဲ့တဲ့ ကံကောင်းမှုပါပဲ
ဒီလိုဂုဏ်ပြုစကားတွေကို နှစ်စဉ်နှစ်တိုင်း
ပြောချင်ပါသေးတယ်
အခက်အခဲမျိုးစုံကြားက သူနာပြုပညာရပ်ကို လက်မလွှတ်တဲ့ သူနာပြုဆရာ ဆရာမများကို အစဉ်လေးစား ဂုဏ်ပြုလျက်
Tr Beauty
ICMNMTS
12/05/2026
အားလုံးပဲ မင်္ဂလာပါရှင်
ကျမကတော့ ၂၀၂၁ စစ်ကောင်စီ
အာဏာသိမ်းတဲ့အချိန်တုန်းက ကျမက
တတိယနှစ်သူနာပြုကျောင်းသူ (နောက်ဆုံးနှစ်)
တစ်ယောက်ဖြစ်တယ်။
တကယ်ဆိုရင် သိပ်မကြာခင်အချိန်တစ်ခုမှာ
စာမေးပွဲတွေဖြေဆိုပြီး နိုင်ငံ့အတွက်
တာဝန်ထမ်းဆောင်တော့မဲ့ သူနာပြုအလောင်းအလျာတစ်ယောက်ပေါ့ကွယ်။
ဒါပေမဲ့ စစ်ကောင်စီ အာဏာသိမ်းပြီး ၇ ရက်အကြာမှာ စတင်ပြီး ကျောင်းဆက်မတက်ဘဲ
Civil Disobedience Movement လုပ်ခဲ့ပါတယ်….ခုချိန်ထိပေါ့
ကျမရဲ့ Nursing Journey ကဆိုရင်
CDM လုပ်ပြီး သိပ်မကြာဘူး… ကျမလို ခံယူချက်တူ၊ရည်ရွယ်ချက်တူတဲ့ သူနာပြုကျောင်းသား/သူတွေ စုစည်းပြီး အဆင့်ဆင့် ဖွဲ့စည်းခဲ့တယ်။
ယနေ့ လို May -12(International Nurses Day) မှာ
ဖွဲ့စည်းတည်ထောင်ခဲ့တာ (၅)နှစ်တောင်ရှိသွားပါပြီ။❤️
ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်ကတော့
သူနာပြု-သားဖွား ကျောင်းသား/သူမှန်သမျှကို ပညာရေး အခွင့်အလမ်းတွေရရှိဖို့ပဲ ဖြစ်ပါတယ်။
နောက်ပြီး
-ကျောင်းသား /သူ တစ်ယောက်ချင်းစီတိုင်း လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ပြောရေးဆိုခွင့်၊ တာဝန်ဝတ္တရားတွေကို တန်းတူအခွင့်အရေးရရှိစေရန်၊အပြန်အလှန်လေးစားကြရမယ်၊
-ကိုယ့်ရဲ့ အခွင့်အရေးတွေကို မြှင့်တင်ကာကွယ်ရမယ်၊-ကိုယ့်ရဲ့ professional role ကို အစဉ်အလေးထားရန်၊
-တာဝန်ယူမှု/တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိစေရမယ်-ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်စွာ စီမံခန့်ခွဲမှုများရရှိစေရမယ်၊
-လူမျိုး/ဘာသာ/နေရာမရွေး လူတိုင်း အကျုံးဝင်ပညာရေးစနစ် ထွန်းကားလာစေရမယ်၊-ကျောင်းသားတိုင်း ပညာသင်ယူခွင့် နှင့် ပတ်သက်တဲ့ သာတူညီမျှများ ၊ လွတ်လပ်မှုမှန်သမျှကို အပြည့်အဝရရှိနိုင်စေရမယ်၊
- Diploma နဲ့ကျောင်းပြီးသွားသော သူနာပြုဆရာ/မများအား bridging, masters, PhDs ကဲ့သို့ အဆင့်မြင့်ပညာရေးများကို လက်လှမ်းမီစွာ ဆက်လက်တက်ရောက်နိုင်ဖို့ လက်တွဲခေါ်ရမယ်၊ အခွင့်အရေးများ ဖော်ဆောင်ပေးရမယ်၊
-အရည်အသွေးအာမခံနိုင်တဲ့ နိုင်ငံတကာ အသိအမှတ်ပြုသူနာပြု-သားဖွား ကောင်းများကို မွေးထုတ်ပေးနိုင်တဲ့ သင်ကြားမှုစနစ်ကောင်းတစ်ခု ပေါ်ပေါက်လာစေရမယ်၊
-သူနာပြု-သားဖွား ကျင့်ဝတ်များ ကို ထိန်းသိမ်းစောင့်ရှောက်၍ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးပြုနိုင်တဲ့ သူနာပြုသားဖွားကောင်းများ ပေါ်ထွက်လာစေရမယ်၊-ပြည်သူလူထုနဲ့ တစ်သားတည်း ရပ်တည်၍လိုအပ်တဲ့အကူအညီများကို ပါဝင်ကူညီဖြည့်တင်းရမယ်၊
-တိုင်းရင်းသားလူမျိုးစုရဲ့ ရိုးရာ၊ယဉ်ကျေးမှု၊ဓလေ့ထုံးတမ်းများကို အပြန်အလှန် လေးစားတန်ဖိုးထားတတ်စေရမှာပဲ ဖြစ်ပါတယ်။
တကယ့်လက်တွေ့မှာရော ဒါတွေ ဆောင်ရွက်နေသလား
မေးရင် …”ဟုတ် ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်သလို၊ဆက်လက်ပြီးလဲ စစ်မှန်တဲ့ ဖက်ဒရယ်အတွက် တိုက်ပွဲဝင်နေပါတယ်”
တစ်နိုင်ငံလုံးမှာရှိတဲ့ CDM လုပ်ထားတဲ့ သူနာပြု-သားဖွားကျောင်းသား/သူတွေရဲ့ပညာရေးအခွင့်အလမ်းတွေကို ဆက်လက်ဖော်ဆောင်ပြီး ချိတ်ဆက်ဆောင်ရွက်နေပါတယ်။
ဒီလိုနဲ့ Revolution -၅နှစ်တာကာလတွေမှာလဲ
ကိုယ့်အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်ပြီး တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံးတာဝန်ယူပြီး
ကျေပွန်အောင် ထမ်းဆောင်ပေးတယ်။
ဒါပေမဲ့ ကျမမှာ လုံလောက်တဲ့ပညာတွေ မရသေးတဲ့အတွက် ဆက်လက်ပြီး သင်ယူတယ်၊ ယခုဘွဲ့ရသည်အထိလဲ
ကိုယ့်ကိုယ်ကို တတ်ကျွမ်းနေပြီလို့ မခံစားရဘူး၊
သင်ချင်နေသေးတာတွေ ထပ်ထပ်တိုးလာတယ် ၊
ဆက်ပြီး လေ့လာသင်ယူနေတယ်၊နောက်ပြီး ကျမအနေနဲ့ သူနာပြုတစ်ယောက်ဆိုတာထက်
သူနာပြုကောင်းတစ်ယောက်ဖြစ်ဖို့ အများကြီး လိုအပ်နေသေးတာဖြစ်တယ်…
အခက်အခဲတွေကြားကနေ ကျောင်းသားတွေရဲ့ပညာရေးကို ဆက်လက်ပြီး ဖော်ဆောင်ပေးတဲ့ ICMNMTS က
တီချယ်တွေ ကျေးဇူးကြောင့် Diploma In Nursing လဲ ပြီးမြောက်အောင်မြင်ခဲ့ပြီ။
ပြည်ပဆရာတွေ၊ ချစ်ရတဲ့ တီချယ်တွေရဲ့ကျေးဇူးကြောင့် နောက်ထပ် Bachelor Degree Level အထိ အောင်မြင်ခဲ့ပြီ ⏫️
ဒီချိန်ထိ ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်ချင်တာကို
ကူညီထောက်ပံ့ပေးတဲ့ ကိုယ့်ရဲ့မိသားစုဝင်တွေနဲ့
ဒီကာလမှာ အတူတူရှိနေပေးတဲ့
ပြည်တွင်းက ဆရာ ဆရာမတွေ၊ ပြည်ပက သူနာပြုပညာရှင်အသီးသီးကို ကျေးဇူးတင်မိပါတယ်ရှင်။
ကျမက သူနာပြုပါ ဘယ်ကျောင်းဆင်းကပါလို့
ဂုဏ်ယူစွာပြောနိုင်ခဲ့တဲ့ မှတ်တမ်းလေးဖြစ်တယ်။
ကျမရဲ့ Nursing Journey လေးက
အထူးအဆန်းတော့ မရှိပါဘူး။
Diploma လက်မှတ်ယူတဲ့နေ့က ဆရာတစ်ယောက်ပြောတဲ့ "အနာဂါတ်လမ်းက ပျောက်တာမဟုတ်ဘဲ
ကိုယ်သွားချင်ရာကို ကိုယ်တိုင်ဖောက်ပြီး လျှောက်ရမှာ"
ဆိုတာက ကျမအတွက်တော့ ပညာဆက်သင်ချင်တယ်
ကျမ ပညာတွေရလေလေ ကျမပတ်ဝန်းကျင်ကို ပိုစောင့်ရှောက်နိုင်လေလေမလို့ Diploma နဲ့တင်ရပ်တန့်မနေချင်ခဲ့ပါဘူး။အရင်တုန်းကလို ပညာရေးလမ်းကြောင်း ဖြောင့်ဖြူးမနေဘူးဆိုတာ သိပေမယ့် အတူအခက်အခဲရင်ဆိုင်မယ့် သူငယ်ချင်းတွေကို စုစည်းတယ်၊ ကိုယ်လိုချင်တာကို တင်ပြတောင်းဆိုတယ်။
မပေးနိုင်သူတွေရဲ့ ငြင်းဆန်မှုတွေ ကြုံခဲ့ရသလို၊
မဖြစ်နိုင်တဲ့အရာတွေကို မလုပ်ဖို့ တားမြစ်သူတွေလည်း
ရှိခဲ့တယ်။ ကျမတို့ လိုချင်တာကို ပေးနိုင်တဲ့
ပညာရှင်တွေနဲ့ တွေ့တော့အောင်အောင်မြင်မြင်ဖြတ်သန်းနိုင်ခဲ့ပါပြီ။
မောတော့မောတာပေါ့ ဒါပေမယ့် လှပစွာ ပြုံးနိုင်ခဲ့ပါပြီ။
ခေတ်ကြီး ကောင်းလာတဲ့အချိန်ကျရင်
ကျမမိသားစုအားကိုးရတဲ့ ဆရာမလေး ဖြစ်ချင်တယ်။ နောက်ပြီး လူနာတွေ အားကိုးရတဲ့ သူနာပြုကောင်းတစ်ယောက်ဖြစ်ချင်တယ်။
အများယုံကြည်အားကိုးရတဲ့
လမ်းပြကောင်းတစ်ယောက်ဖြစ်ချင်တယ်။
သူနာပြုများနေ့မှာ တော်လှန်ရေးကာလအတွင်း
ကျဆုံးသွားသော သူနာပြုဆရာ/ဆရာမများကို
အလေးပြုပါတယ်။
တာဝန်ထမ်းဆောင်နေသော သူနာပြုဆရာ/ဆရာမများကို ဂုဏ်ပြုလေးစားပါတယ်။
မဝေးတော့တဲ့ အနာဂတ်မှာ လူနာတွေ၊ချစ်ရတဲ့သူတွေကို ကယ်တင်ပြုစုစောင့်ရှောက်ရင်းနဲ့ ကျန်းမာစွာအသက်ရှင်ပေးဖို့ ဆုမွန်ကောင်းတောင်းလျက်။
Happy International Nurses Day ❤️
ချစ်လှစွာသော
2022NT_0129 or 2025PB_009 or အထူးငယ် 🖤
12/05/2026
မင်္ဂလာပါရှင်။ အားလုံး ဘေးကင်းကျန်းမာ
လိုရာပြည်စုံကြပါစေရှင်
ဒီနေ့ကျရောက်တဲ့ International Nurses Day အထိမ်းအမှတ်အနေနဲ့ ကိုယ့်ကိုယ်ကို သူနာပြုပါလို့
ဂုဏ်ယူခဲ့ရတဲ့ အခိုက်အတန့်လေးတွေကို မျှဝေချင်ပါတယ်ရှင့်
ကျွန်မအနေနဲ့ သူနာပြုတစ်ယောက်ဖြစ်လာနိုင်ဖို့
လွယ်ကူခဲ့တာမဟုတ်ပါဘူး။ 2021 ခုနှစ် အာဏာသိမ်းခံရပြီးချိန်မှာ ကျွန်မဟာ သူနာပြုသင်တန်းကျောင်းသူတစ်ယောက်သာ ဖြစ်နေခဲ့ပါတယ်။ ကျောင်းမပြီးသေးတဲ့
သင်တန်းကျောင်းသူ တစ်ယောက်အနေနဲ့ ဒီကာလတစ်လျောက် ဘဝဟာ ခက်ခဲမှုတွေများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ ကျွန်မရဲ့ ပညာရေးကို
ပြီးဆုံးတိုင်အောင် တက်ရောက်နိုင်မယ့်
အခွင့်အရေးရလာခဲ့ပါတယ်။ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူနိုင်ဖို့ရာအတွက် ကြိုးစားဖော်ဆောင်ပေးကြတဲ့ ICMNMTS မှ ဆရာ/ဆရာမ များအားလုံးကို ရင်ထဲမှာ
အထူးပင်ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်ရှင့်။
အန္တရာယ် အခက်အခဲအမျိုးမျိုးတွေကြားမှာ
ကျွန်မတို့ရဲ့ ပညာသင်ကြားခွင့် အနာဂါတ်
မပျောက်ဆုံးရလေအောင် ခေတ်မီသင်ကြားရေးနည်းလမ်းအမျိုးမျိုး ဖော်ဆောင်ပေးခဲ့ကြသော
ကျွန်မတို့ တီချယ်တွေဟာ ကျွန်မတို့အတွက်တော့
role models ကောင်းများပင်ဖြစ်ပါတယ်။
ကျွန်မတို့ကို diploma level နဲ့ မရပ်တန့်စေဘဲနဲ့
Bachelor degree ရရှိသော သူနာပြုများဖြစ်စေလာနိုင်ဖို့ Royal College of Nursing (UK) နှင့်ပူးပေါင်းကာ
ကျွန်မတို့ကို နိုင်ငံတကာအဆင့်မှီသော သင်ကြားရေး curriculum တွေနဲ့ ဆက်လက်တက်ရောက်နိုင်အောင်
စွမ်းဆောင်ပေးခဲ့ကြသည့်အတွက်
အထူးပင်ကျေးဇူးတင်ရပါသည်။
နိုင်ငံတကာ သူနာပြုများနည်းတူ အရည်အချင်းပြည့်မှီသော သူနာပြုများဖြစ်စေလာဖို့အတွက် များစွာသော concepts များကို သင်ယူရရှိခဲ့ပါသည်။ critical thinking ပိုင်းအားကောင်းလာစေဖို့ စနစ်တကျ သင်ကြားခံရတာ
ဖြစ်သည့်အတွက်ကျွန်မရဲ့ personal development, professional development အနေနဲ့
တိုးတက်လာမှုများကို ကိုယ်တိုင် ခံစားရပါသည်။ ကျွန်မကို nursing ethics အညီ ပြုမှုစောင့်ထိန်းသော သူနာပြုတစ်ယောက်ဖြစ်စေလာခဲ့ပါသည်။ ကျွန်မနဲ့ ဆွေမျိုးနီးစပ်သူများက သူတို့ရဲ့ ကျန်းမာရေး ပြဿနာများတိုင်ပင်လာသောအခါ အရင်ကနဲ့မတူဘဲ ပိုပြီးကျိူးကြောင်း
ဆီလျော်သော ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြံဉာဏ်များပေးလာနိုင်ခဲ့ပါသည်။
ဒါသင် ဒါကျက် ဒါပဲလုပ်လို့ သင်ခံလာရတဲ့
ပတ်ဝန်းကျင်ကနေ သမီးလေး
"ဘာလုပ်ချင်လဲ
ဘယ်နည်းလမ်းနဲ့ သမီးအဆင်ပြေမလဲ
ဘာအခက်အခဲတွေ ရှိနိုင်လဲ
ဘယ်လိုဖြေရှင်းနည်းက အထိရောက်အမြန်ဆန်ဆုံးလဲ
စသဖြင့် ဆွေးနွေးတိုင်ပင်ပေးသည့်အပြင်
Risk ဆိုတာ ကြောက်ရမှာမဟုတ်ဘူး Risk management ကိုလေ့လာနိုင်ဖို့ လမ်းစတွေ့တာ ဆိုတဲ့အားပေးစကားနဲ့အတူ
မရှိသေးတဲ့လမ်းကိုဖောက်ရဲဖို့ ကျွန်မဘေးမှာ အမြဲရှိပေးသော ပြည်တွင်းက ဆရာများ၊ ပြည်ပက သူနာပြုပညာရှင်များကို အထူးကျေးဇူးတင်မိသလို
ဒီလို သူနာပြုများရဲ့ စောင့်ရှောက်မှု၊ လမ်းညွှန်မှုတွေကို လက်ခံရရှိပြီး မဆုတ်မနစ် မလျှော့သောဇွဲနဲ့
Degree ရသည်ထိ လျှောက်လှမ်းနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုလည်း အလွန်ကျေနပ်မိပါတယ်ရှင်။
သူငယ်ချင်းများ မောင်လေး ညီမလေးများကိုလည်း International Nurses Day ဆောင်ပုဒ်ထဲက
Empowered Nurses တွေဖြစ်အောင် အတူတူကြိုးစားလေ့လာကြရအောင်လို့ အားပေးစကားပြောချင်ပါတယ်။
Our Nurses. Our Future.
Empowered nurses save lives.
Happy nurses day!
ဂုဏ်ယူဝမ်းမြောက်စွာဖြင့်
Rosey
12/05/2026
အားလုံးပဲ မင်္ဂလာပါရှင့်
ကျွန်မငယ်ငယ်လေးထဲက အဖြူအနီ ဝတ်စုံလေးနဲ့
သူနာပြုဆရာမလေးတွေ ဆေးရုံမှာ ဆေးထိုးအပ်လေးတွေကိုင်ပြီး ဆေးထိုးနေတာကိုမြင်မိရင်သဘောကျတာမို့
"ငါကြီးလာရင် သူနာပြုဆရာမလုပ်မယ်" လို့ တွေးပြီး ဆယ်တန်းအောင်ပြီးတော့ သူနာပြုကျောင်းကို
တက်ဖြစ်ခဲ့ပါတယ်✨
၂၀၂၁ အာဏာသိမ်းစတုန်းက ကျွန်မက ဒုတိယနှစ်
သူနာပြုနှင့်သားဖွားဒီပလိုမာ ကျောင်းသူလေးပေါ့။
မတရားမှုကို မခံချင်တာကြောင့်သာ CDM လုပ်ပြီး ICMNMTS မှာ ကျောင်းဆက်တက်နေပေမဲ့
ငယ်ငယ်ထဲက သူနာပြုဆရာမ လုပ်ချင်စိတ်ကရှိနေတော့ ကိုယ့်ပတ်ဝန်းကျင်က သူနာပြုဆရာမတွေကိုမြင်တိုင်း
လူနာတွေကို ပြုစုချင်စိတ်၊ ဆေးထိုးအပ်ကိုင်ချင်စိတ်က တားဆီးမရတာမို့ ကျွန်မရဲ့ ICMNMTSက ဆရာမရဲ့အကူအညီနဲ့ တော်လှန်ရေးဆေးရုံတခုမှာ
သွားရောက်ကူညီရင်း ICMNMTS က သင်ကြားပေးတဲ့ Nursing subjects တွေကို ဆက်လက်လေ့လာဖြစ်ခဲ့တယ် 🏥📚
ဆေးရုံမှာ ကိုယ်တိုင်လူနာတွေကို care ပေးရတဲ့အချိန်မှာတော့ တဖြည်းဖြည်းနဲ့ ကျွန်မသိလာရတာက အရင်က
ကျွန်မတို့ရဲ့သူနာပြုတွေက ကျောင်းစာအုပ်ထဲကစာတွေကို ကျက်ဖြေစနစ်နဲ့သာ လေ့လာခဲ့ရတော့ လူနာတွေကို
သူတို့ကိုယ်တိုင် care ပေးချိန်မှာ Evidence based Practice တွေ သုံးပြီး care ပေးတဲ့အပိုင်းတွေမှာ အားနည်းချက်တွေရှိနေပြီး routine tasksတွေကိုသာ
စီနီယာတွေရဲ့ delegation အတိုင်း လုပ်နေရကြောင်း
ကျွန်မမြင်မိလာခဲ့တယ် 🧠📖💭
ဒါအပြင် လုပ်ငန်းခွင်ထဲ သူနာပြုဂျူနီယာ အသစ်တယောက်ရောက်လာတိုင်း စီနီယာတွေ အဆင့်ဆင့်ဆီက ဘိုးစဉ်ဘောင်ဆက်အရိုးစွဲ လက်ဆင့်ကမ်းလာတဲ့
"ကျောင်းကသင်တဲ့စာတွေက အရေးမကြီးပါဘူး
ward ထဲမှာလဲမလုပ်ရဘူး ဒီလိုဘဲ ဆရာဝန်ခိုင်းတာ၊
စီနီယာတွေခိုင်းတာ လုပ်ရင်းကိုင်ရင်းနဲ့ သူ့ပါသူ
အလိုလိုတတ်သွားလိမ့်မယ်" ဆိုတဲ့ brainwashစကားလုံးတွေကိုဘဲ over ပေးတဲ့အနေနဲ့ရော အလုပ်တွေ
တာဝန်ခွဲပေးတဲ့နေရာမှာပါ စီနီယာတော်တော်များများက သုံးနှုန်းနေတာ ကြားရချိန်မှာ ကျွန်မအတော်လေး
စိတ်မကောင်းဖြစ်သွားတယ် 💔😭
တဆက်ထဲမှာဘဲ နောင်မျိုးဆက် သူနာပြုများအတွက်လဲ
ဒီစကားလုံးတွေသာ ကျွန်မတို့ရဲ့ peer group ကလဲ ဆက်လက်သုံးနှုန်းနေမယ် ဆိုရင်တော့ ကျွန်မတို့မြန်မာနိုင်ငံက ပြည်သူတွေမှာ patient centered care ရဖို့ရော သူနာပြုတွေမှာလဲ comprehensive assessment လုပ်ပြီး nursing process ကိုအသုံးချကာ holistic nursing care ပေးနိုင်ဖို့အတွက်ကို challenges တစ်ခုဖြစ်နေတာမို့ အတော်လေးရင်လေးမိသွားတယ်💔🥺
ဒါ့ကြောင့်ကျွန်မတို့ ICMNMTS က ဆရာဆုံးမဖူးထားတဲ့ "စာအုပ်ထဲက စာတွေမှာ ခြေထောက်မပါတာမို့
ခြေထောက်ပါတဲ့ ဆရာမတို့က ယူသွားပြီး wardထဲမှာ အသုံးချမှ ရမှာပေါ့" ဆိုတဲ့ စကားလေးအတိုင်း change တခုကို ထိုဆေးရုံမှာ ကျွန်မကိုယ်တိုင်က စတင်ခဲ့တယ် ✨
📖➡️🏥 ကျွန်မက အဲ့ဆေးရုံမှာဆို student nurse positionဘဲဖြစ်တာမို့ စီနီယာတွေက တာဝန်ခွဲပေးတဲ့ လုပ်တဲ့ routine tasksတွေ လုပ်ပေးရင်း အချိန်ရတိုင်း ကျွန်မတို့ကို ICMNMTSက ဆရာတွေသင်ထားတဲ့ skills, attitudes, knowledge တွေကို အသုံးချကာ patient တယောက်ချင်းစီကို holistic nursing care ပေးနိုင်အောင်ကြိုးစားခဲ့တယ် 🤲🏻🩷🩺
ဒါပေမဲ့ ကျွန်မရဲ့စီနီယာများက ကျွန်မရဲ့ care တွေကို
အားမပေးသလို အချိန်ဖြုန်းတယ်လို့မြင်တဲ့အပြင် စီနီယာတွေကိုကျော်ပြီး လုပ်တယ်ဆိုတဲ့ pessimistic အမြင်တွေကိုရခဲ့ရုံသာမက ကျွန်မကို "ခိုင်းတာဘဲလုပ် လူနာအနားကြာကြာမနေရ လူနာနဲ့စကားမပြောရ"ဆိုတဲ့ ပိတ်ပင်မှုတွေကိုဘဲ
ကျွန်မရင်ဆိုင်ခဲ့ရပါတယ် 🚫😔💔
ဒါကြောင့်ကျွန်မရဲ့ change ကို evaluate ပြန်လုပ်ကြည့်မိချိန်မှာတော့ လူနာတွေမှာ quality patient care ရဖို့အတွက်ဆို ဆေးရုံက nursing care delivery တခုလုံးကို change နိုင်မှရမှာမို့ student autonomy သာရှိတဲ့
ကျွန်မအတွက် ကျွန်မရဲ့ goal က မအောင်မြင်နိုင်မှန်း analyze လုပ်မိခဲ့ပါတယ် ကျွန်မဘယ်လိုလုပ်သင့်လဲ
စဉ်းစားမိချိန်မှာတော့ ကျွန်မမှာ အခြေအနေကို
လေ့လာသုံးသပ် စဉ်းစားတွေးခေါ် အဖြေရှာနိုင်တဲ့ skills တွေက မလုံလောက်သေးဘူး ကျွန်မမှာ leadership skills တွေပါ ရှိရမယ်လို့ reflect လုပ်မိပြီး ဒီ skills တွေ attitudes တွေ knowledge တွေ ရှိဖို့ဆိုရင် continuous learning လုပ်မှရမယ်ဆိုတဲ့ အတွေးကိုရခဲ့ပါတယ် 🤔📚✨
ဒါကြောင့်မို့ ကျွန်မရဲ့ goal ကို ရောက်ဖို့ routine tasks တွေ pessimistic views တွေနဲ့အချိန်ကုန်နေတဲ့
ဆေးရုံက လုပ်ငန်းခွင်ကို ကျောခိုင်းခဲ့ကာ ICMNMTS ကဆရာတွေဆီမှာ စာတွေကို တကယ်နားလည်အောင် လေ့လာရင်း စဉ်းစားသုံးသပ်ရင်းနဲ့ စနစ်သစ်ရဲ့ အနှစ်သာရနဲ့ အကျိုးကျေးဇူးတွေကို တဖြည်းဖြည်းခံစားလာရတယ် 🌱📖💡
လုပ်ငန်းခွင်ကိုကျောခိုင်းလာတာမို့ ပတ်ဝန်းကျင်ရဲ့ အထင်သေးတဲ့အကြည့်တွေကို ရင်ဆိုင်ရတဲ့အခါမှာတော့
အရင်လို သိမ်ငယ်စိတ် လုံးဝမဖြစ်မိတဲ့အပြင် စစ်ပွဲမစခင်မှာ လိုအပ်တဲ့ ကျည်ဆံနဲ့ရိက္ခာစုနေတာလို့ဘဲ မြင်မိတာမို့
ကျွန်မရဲ့ academic ပိုင်းမှာ continue leaning လုပ်ရင်းlevel တခုအောင်မြင်ပြီးတိုင်း "ငါ့ရဲ့ goal ရောက်ဖို့ milestone တခုနီးလာပြီး" တွေးမိရင်း
self esteem မြင့်လာသလို ကိုယ့်ကိုယ်ကိုလဲ decision ချခဲ့တဲ့အပေါ် ကျေနပ်မိလာတယ် 🎯📈🤍
ဒါကြောင့်မို့ ကျွန်မတို့ကို တကယ့်သူနာပြုစစ်စစ်ဖြစ်အောင် ကြိုးစားပေးနေကြတဲ့ ICMNMTS က ဆရာ၊ဆရာမတွေကို အထူးအောက်မေ့သတိရပြီး ရင်ထဲကနေ ကျေးဇူးတင်မိပါတယ် 🙏🏻🌸🩷
Routine tasks တွေကို ငြီးငွေ့နေကြတဲ့ colleagues, peers, seniors, juniors များအားလုံးလည်း ကျွန်မတို့ရဲ့ nursing professionကို တိုးတက်အောင် လုပ်ဆောင်ရင်း quality patient care တွေပေးနိုင်တဲ့ nurse တွေ
ဖြစ်အောင် အတူတကွ ဝိုင်းဝန်းကြိုးစားပေးကြပါလို့ တိုက်တွန်းရင်းနဲ့
Mayလ 12ရက်နေ့မှာ ကျရောက်တဲ့
"International Nurses Day"မှာ အခက်အခဲတွေ၊
စိန်ခေါ်မှုတွေကြားထဲကနေ upgrade education ရရှိအောင် ဆောင်ရွက်ပေးနေတဲ့ ဆရာ၊ဆရာမများနှင့် လူနာတွေကို စိတ်စေတနာအရင်းခံပြီး ပြုစုပေးနေကြသော သူနာပြုအားလုံးကို ဂုဏ်ပြုပါတယ်ရှင့် 💐✨
လေးစားဂုဏ်ယူစွာဖြင့်
Lily
Lily
12/05/2026
May 12 ရက်နေ့ရောက်တိုင်း ကျွန်မတို့ရဲ့ သူနာပြုဆရာ၊ဆရာမတွေကို အထူးအောက်မေ့သတိရမိပါတယ် ❤️
ဒီလိုနေ့မျိုးမှာ “ငါ nurse တစ်ယောက်အနေနဲ့ ဘာတွေပြောင်းလဲတိုးတက်လာခဲ့လဲ၊ ရှေ့ဆက်ပြီး personal ပိုင်းရော professional ပိုင်းမှာပါ တိုးတက်အောင် ဘာတွေလုပ်ဆောင်သွားမလဲ” ဆိုတာကို ပြန်သုံးသပ်မိပါတယ် ✨
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျွန်မ ICMNMTS မှာ ကျောင်းဆက်တက်ဖြစ်ခဲ့တယ် ၊ အစပိုင်းမှာတော့
သင်ကြားရေးစနစ်အပြောင်းအလဲကြောင့်
“ငါလုပ်နိုင်ပါ့မလား” ဆိုတဲ့စိုးရိမ်မှုတွေရှိခဲ့တယ်။
ကျွန်မတို့က အရင်က ကျက်ဖြေစနစ်နဲ့ ကြီးပြင်းလာခဲ့ရတော့ critical thinking, reflection, clinical reasoning, creative thinking တွေသုံးပြီး open book system နဲ့ လေ့လာရတဲ့အခါ အရမ်းစိတ်ရှုပ်ရပြီး တစ်ခါတလေ လက်လျှော့ချင်ခဲ့မိတယ်။
ဒါပေမဲ့ နောက်ပိုင်း စာတွေကို တကယ်နားလည်အောင်လေ့လာရင်း စဉ်းစားသုံးသပ်ရတာကိုပဲ ပျော်လာခဲ့တယ် 🌱
စနစ်သစ်ရဲ့ အနှစ်သာရနဲ့ အကျိုးကျေးဇူးတွေကို တဖြည်းဖြည်းခံစားလာရတယ် ✨💫 အမှားကို
လုပ်မိမှာကို ကြောက်တာထက် အမှားကနေ ဘယ်လိုသင်ခန်းစာယူမလဲ ဘယ်လိုတာဝန်ယူဖြေရှင်းမလဲဆိုတာတွေကိုပါ လေ့ကျင့်ခဲ့ရတော့ မှားမှာ မကြောက်တော့သလို
ဘယ်သူမှ မလုပ်ဖူးတဲ့အရာကိုလည်း စတင်လုပ်ဆောင်ဖို့
ဝန်မလေးမိတော့ဘူး
လူတော်တော်များများက “ဆေးရုံမှာမလုပ်ပဲ ဘယ်လိုလက်တွေ့ကျွမ်းကျင်မှာလဲ၊ လူနာကိုဘယ်လိုပြုစုမှာလဲ” လို့ မေးကြတယ်။ ကျွန်မလည်း အိမ်မှာနေရင်း စာလေ့လာခဲ့ရတာဆိုတော့ အစပိုင်းမှာ အဲ့လိုပဲထင်ခဲ့တယ်။
“ငါလက်တွေ့မှာ လုပ်တတ်မှာမဟုတ်ဘူး” ဆိုတဲ့အတွေးတွေနဲ့ depression ဝင်ခဲ့ဖူးတယ် 🥺
အဲ့အချိန်မှာတော့ ဆရာတွေဆီက
emotional support တွေယူခဲ့ရတယ်🥰
နောက်ပိုင်း တကယ်လေ့လာလုပ်ဆောင်လာတဲ့အခါ
အဲ့လိုအတွေးတွေ မရှိတော့ဘူး ဘာလို့လဲဆိုတော့
ကျွန်မပတ်ဝန်းကျင်မှာလည်း care လိုအပ်နေတဲ့သူတွေ
အမြဲရှိနေတာပဲလေ။ “နေမကောင်းဘူး” ဆိုတာ
ရုပ်ပိုင်းဆိုင်ရာတစ်ခုတည်းမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ စသဖြင့် အမျိုးမျိုးရှိတယ်ဆိုတာ နားလည်လာခဲ့တယ် 🤍
အဲ့ဒီနောက် comprehensive assessment တွေလုပ်နိုင်လာပြီး nursing process ကိုအသုံးပြုကာ
လူနာတစ်ယောက်ချင်းစီအတွက် ထိရောက်တဲ့
holistic care ကို ပေးလာနိုင်ခဲ့တယ် 😍
Individual လိုက်တင်မဟုတ်ဘဲ family နဲ့ community အလိုက် ဘယ်လို care ပေးရမလဲဆိုတာကိုပါ
နားလည်လာခဲ့တယ်🤔
အိမ်မှာနေရင်း community ဘာသာရပ်ကို လေ့လာရတာက ကျွန်မအတွက် အပျော်ရွှင်ဆုံးအရာတစ်ခုဖြစ်ခဲ့တယ်
အရင် ward ထဲဆင်းခဲ့တုန်းကအခြေအနေနဲ့ ပြန်နှိုင်းယှဉ်ပြီး သုံးသပ်ကြည့်မိတော့ အဲ့တုန်းက routine tasks တွေပဲ
လုပ်ခဲ့ပြီး comprehensive care ဆိုတာကို
တကယ်နားမလည်ခဲ့ဘူး။
အခုတော့ လူနာတစ်ယောက်ချင်းစီအတွက်
ထိရောက်တဲ့ care ကို ဘယ်လိုပေးရမလဲဆိုတာ
ပိုနားလည်လာခဲ့တယ် ✨ အဲ့ဒီအချိန်ကစပြီး
ကျွန်မရဲ့ depression တွေလည်း တဖြည်းဖြည်းပျောက်သွားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း
ပိုရှိလာတယ် 🤍
Case presentation တွေတက်ရင်း သူငယ်ချင်းတွေရဲ့
လူနာတွေကိုလည်း လေ့လာခွင့်ရခဲ့တယ်
“ငါသာဆို ဘယ်လို care ပေးမလဲ” ဆိုပြီး
အကြံပေးခဲ့သလို သူတို့ရဲ့နည်းလမ်းကောင်းတွေကိုလည်း ပြန်သင်ယူခဲ့တယ်။ “ဒီလူနာကို care ပေးဖို့
ဘာအရည်အချင်းတွေလိုလဲ၊ ဘာတွေသိဖို့လိုလဲ” ဆိုတာကို ကိုယ့်ကိုယ်ကိုယ်ပြန်မေးပြီး စာတွေထပ်လေ့လာခဲ့တယ် ✍️
Hybrid သင်ကြားရေးခေတ်မလို့ သီအိုရီရော လက်တွေ့အတွက် အတွေးအခေါ်တိုးတက်ဖို့ရော
စာတွေလက်တွေ့ရအောင် ကိုယ်တိုင်နည်းလမ်း
ရှာတတ်ခဲ့တယ်။ တချို့ procedure တွေမှာ
ဘယ်လိုလုပ်ရမလဲဆိုတာ သိပေမဲ့
ကိုယ်တိုင်မမြင်ဖူးသေးတော့ စိုးရိမ်စိတ်ဝင်ခဲ့ဖူးတယ်၊
အဲ့ဒီအခါ YouTube ကနေရှာကြည့်၊
ထပ်ခါထပ်ခါလေ့လာရင်း တကယ်လုပ်ဖူးတဲ့အရာတစ်ခုလို ယုံကြည်မှုရလာခဲ့တယ် 💫✨
ဒါကြောင့် အခုချိန်မှာ ကျွန်မကိုယ်ကျွန်မ “ဆေးရုံမှာအလုပ်လုပ်နေမှမဟုတ်ဘဲ အိမ်မှာနေရင်းလည်း comprehensive and quality nursing care ပေးနိုင်တဲ့ nurse တစ်ယောက်” လို့ မြင်လာနိုင်ခဲ့တယ် 🤍
Self-esteem လည်း မြင့်လာခဲ့တယ်။ “ငါလုပ်နိုင်တယ်”
ဆိုတဲ့ယုံကြည်မှုကို ရလာခဲ့တယ်၊
လုပ်လည်းလုပ်လာနိုင်ခဲ့တယ်😁
ဒီနေ့လိုနေ့မျိုးမှာ ကျွန်မတို့ကို တကယ့်သူနာပြုစစ်စစ်ဖြစ်အောင် မွေးထုတ်ပေးခဲ့တဲ့
ICMNMTS က ဆရာ၊ဆရာမတွေကို
အထူးအောက်မေ့သတိရပြီး ရင်ထဲကနေ
ကျေးဇူးတင်မိပါတယ် 🙏🩷
Nurse တွေအတွက် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကြားထဲကနေ continuous education ရရှိအောင်
အမြဲကြိုးစားပေးနေကြတဲ့အတွက်လည်း
လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ် ✨
Diploma တင်သာမက upgrade education အတွက်ပါ ဆောင်ရွက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊
Quality Care ပေးနိုင်ဖို့ သူနာပြုတစ်ယောက်က
လုပ်သင့်တာ မလုပ်သင့်တာ ချင့်ချိန်တွေးခေါ်နိုင်စွမ်းမြင့်ဖို့ အရင်ဖြည့်ရမယ်ဆိုတဲ့စကားအတိုင်း
ပြည်တွင်းဆရာတွေရဲ့ ဆုံးမမှု၊
ပြည်ပသူနာပြုပညာရှင်များရဲ့လမ်းညွှန်မှုတွေကို နာခံရင် တဆင့်ထက်တဆင့်မြင့်အောင် ကြိုးစားသွားပါ့မယ်ရှင့်
ရှေ့ဆက်ပြီး ကျွန်မတို့ nursing profession ကို
အတူတကွတိုးတက်အောင်လုပ်ဆောင်ရင်း
quality patient care တွေပေးနိုင်တဲ့ nurse တွေဖြစ်အောင် ကြိုးစားသွားကြပါစို့ရှင် 🤍🩺
Happy International Nurses Day! 🪷
အားလုံးပဲ ဘေးကင်းကျန်းမာကြပါစေရှင်
Pandora
12/05/2026
သားတို့ သမီးတို့ မင်္ဂလာပါ
တစ်နှစ်ပြီး တစ်နှစ် Graduation လုပ်လာလိုက်တာ
အခုဆို စနစ်သစ်က ကျောင်းသား ကျောင်းသူတွေပါ ပါလာပြီ
စနစ်သစ်ရဲ့ မူအတိုင်း Grade ကောင်းတဲ့သူတွေကို
Degree Program တန်းတက်နိုင်ခွင့် ပေးနိုင်ဖို့လည်း ပြည့်မြောက်ခဲ့ပြီ။
ဒါက ကျမတို့ လုပ်ပေးနိုင်တဲ့ အောင်မြင်မှုမဟုတ်ပါဘူး။
သတ်မှတ်ချက်မီအောင် နေရာဒေသမျိုးစုံကနေ
ကြိုးစားဖြေဆိုခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ အောင်မြင်မှုပါ။
လုပ်သင့်တဲ့အရာ မလုပ်သင့်တဲ့အရာဆိုတာ
တရားဥပဒေအပြစ်ပေးမှုတွေနဲ့ ထိန်းကျောင်းတာကလည်း နည်းလမ်းတစ်ခုဖြစ်သလို ဘာ့ကြောင့်လုပ်သင့်တယ်
ဘာ့ကြောင့် မလုပ်သင့်ဘူးဆိုတာကိုအကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်နိုင်ဖို့
ပညာပြည့်ဝစေတာကလည်း ထိန်းကျောင်းနည်းတမျိုးပါပဲ
ဒါ့ကြောင့် ကျမတို့ရဲ့ မျိုးဆက်သစ်လေးများက
အခက်အခဲမျိုးစုံကြားကနေ Quality Care ပေးနိုင်ဖို့
အကျိုးရှိထိရောက်တဲ့ နည်းလမ်းတွေ အသုံးချနိုင်ဖို့
လိုအပ်တဲ့ ဗာဟုသုတ၊ ပြန်လည်အသုံးချနိုင်တဲ့
စဉ်းစားတွေးခေါ်မှုတို့ကို အဓိကထား ပေးနေမှာပါပဲ
ပြည်သူလူထုတွေကြားကနေ
ကျန်းမာရေးစောင့်ရှောက်မှုတွေပေးရင်း
ပညာဆက်လက်သင်နေသော သားတို့သမီးတို့ကို
အမြဲဂုဏ်ယူနေပါတယ်နော်
Happy Nurses Day ပါ
ဝမ်းမြောက်ဂုဏ်ယူစွာဖြင့်
Tr Barbie
ICMNMTS
12/05/2026
သားတို့ သမီးတို့ မင်္ဂလာပါ။
International Nurses Day မှာ ကမ္ဘာနဲ့အဝှမ်း
သူနာပြုတွေကို ဂုဏ်ပြုနေကြတဲ့အချိန်
ကျမကတော့ နေ့စဉ်တွေ့နေရတဲ့ ကျမ ကျောင်းသားတွေကိုပဲ ဂုဏ်ပြုစကား ပြောချင်ပါတယ်။
ပညာသင်ချင်တဲ့ ကျောင်းသားရဲ့အစပြုမှုကြောင့် ဖြစ်ပေါ်လာတဲ့ Diploma program,
Degree program တွေပါ ကျမတို့ဆရာတွေကချည်း စာသင်ချင်နေရုံနဲ့ ဖြစ်မလာပါဘူး။
ဆရာဆိုတာ ကျောင်းသားရှိမှ၊ ကျောင်းသားက လက်ခံမှ ဆရာမည်ထိုက်တယ်ဆိုတာကြောင့်ပါ။
လိုချင်တဲ့ Learning Outcomes ပြောရင်
ရအောင်လုပ်ပေးနိုင်တဲ့ ကျောင်းသားကျောင်းသူတွေကြောင့်သာ ကျမတို့ရဲ့ Program တွေက
ရှေ့ဆက်နိုင်နေတာပါ။ မဆုတ်မနစ်နဲ့ ကြိုးစားတဲ့ကျောင်းသား မရှိရင် ရပ်ပစ်လိုက်ရမှာပါပဲ။
ရပ်လိုက်ရင် ပညာဆက်သင်ချင်တဲ့ ကျောင်းသား
ကျောင်းသူတွေအတွက် နစ်နာစေပါတယ်။
ကျမတို့ကတော့ ရှိနေတဲ့ပညာ လုပ်နိုင်တဲ့
ကျွမ်းကျင်မှုတွေက လျော့မသွားဘူးဆိုပေမယ့်ပေါ့။
ခုချိန်ထိ ဘယ်လိုအခက်အခဲရှိရှိ စာကိုလေ့လာ
လက်တွေ့အသုံးချနေတဲ့ ကျောင်းသားကျောင်းသူတွေကြောင့်သာ နောက်ထပ် သူနာပြုပညာရပ်ကိုစိတ်ဝင်စားပြီး တက်ချင်တဲ့ သူတွေအတွက် မျှော်လင့်ချက်လေး
ဖြစ်စေတာပါ။
ဘယ်လိုအခက်အခဲရှိရှိ ကျမတို့နဲ့အတူ
ရင်ဆိုင်ဖြေရှင်းရင်း ပန်းတိုင်ကိုအရောက်လှမ်းနေသော ကျောင်းသားကျောင်းသူများကို အစဉ်အမြဲ ဂုဏ်ယူနေပါတယ်နော်။ ပြီးတော့ ကိုယ်ရွေးချယ်ထားတဲ့
ဒီလမ်းအတွက် အမြဲတမ်း ဂုဏ်ယူနေပါ။
ကျောင်းကနေ အမြဲစောင့်ကြိုလျှက်
Tr Bobby
ICMNMTS
12/05/2026
သားတို့ သမီးတို့ မင်္ဂလာပါ။
ယနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့မှာ ကျမတို့ သူနာပြု/သားဖွားများအားလုံး စိတ္တသုခ၊ ကာယသုခနဲ့ ပြည့်စုံပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ICN မှ 2026၊ International nurses day အတွက် Announced လုပ်ထားတဲ့ theme ကတော့
"Our Nurses. Our Future. Empowered Nurses Save Lives" ပဲဖြစ်ပါတယ်။
ကျမတို့သူနာပြုတွေဟာ
ပြည်သူလူထုနဲ့ လူတစ်ဦး/တစ်ယောက်ချင်းရဲ့
ဘဝတွေ/ အသက်တွေကာကွယ်နိုင်ဖို့အတွက်
မိမိကိုယ်တိုင် ဝမ်းစာပြည့်စွာဖြင့်
Empowered ဖြစ်ရန်လိုအပ်ကြောင်း
ဒီ 2026ရဲ့ theme လေးက မီးမောင်းထိုးပြနေပါတယ်။
ဒါလေးကို မြင်မိတာနဲ့ ကျမအတွေးထဲ ပေါ်လာတာကတော့ သားတို့သမီးတို့ကိုပါပဲ။ သားတို့ သမီးတို့လို့ ခေါ်ရတာ
ရင်ထဲကြည်နူးရလို့ ခေါ်လိုက်တာပါ။
တကယ်တော့ တချို့က မြေပြင်မှာ သေမင်းနဲ့ စစ်ခင်းပြီး လူနာတွေကယ်နေကြတာ မဟုတ်လား။
အလုပ်လုပ်ရင်းကျောင်းတက် ကိုယ် ပညာတွေတတ်မှ
အကျိုးရှိ ထိရောက်တဲ့ ပြုစုမှုတွေနဲ့ ဆောင်ရွက်နိုင်ဖို့
ကျောင်းတွေလည်း ဆက်တက်နေကြတဲ့
ဆရာမကြီးတွေ ဆရာကြီးတွေ ဖြစ်နေကြပြီပေါ့။
ဒါကြောင့် တွေ့ကြုံနေရတဲ့ အားလုံးသောအခက်အခဲများကို အောင်မြင်စွာဖြတ်ကျော်ရင်း မိမိကိုယ်တိုင်
စွမ်းအင်ပြည့်ဝစွာဖြင့် ပြည်သူလူထု၏ အားထားရသော သမီးကောင်း/သားကောင်းရတနာလေးများ
ဖြစ်စေရန် ကြိုးစားကြပါလို့ တိုက်တွန်းဆန္ဒပြုရင်း!!!!
Happy International Nurses Day !!!! ပါကွယ်
ဂုဏ်ယူဝမ်းမြောက်စွာဖြင့်
Tr Rose
ICMNMTS
12/05/2026
အားလုံး မင်္ဂလာပါ။
Tr Scarlett ပါ။
ဒီကာလမှာ သင်ကြားရေးဆရာတစ်ယောက်အနေနဲ့
ရပ်တည်နိုင်နေတာဟာမင်းတို့လေးတွေကြောင့်ပါ။
တနည်းပြောရရင် ခုချိန်ထိ ကြိုးစားလေ့လာသင်ယူနေတဲ့ကျောင်း သား/ကျောင်းသူတွေကြောင့်ပါ။
ပညာသင်ဖို့ဆိုတာ လူတိုင်းလုပ်နိုင်တဲ့အရာမဟုတ်ပါဘူး။
စိတ်ဝင်စားမှု၊ အချိန်ပေးနိုင်မှု၊ မဆုတ်မနစ်ကြိုးစားမှုတွေက လိုအပ်ပါတယ်။
ဒါ့အပြင် သူနာပြုပညာရပ်ကို လေ့လာမယ်ဆိုရင်
ကိုယ်ခန္ဓာဘဲဖြစ်ဖြစ်၊ စိတ်ဝိညာဉ် ဖြစ်ဖြစ်
ဝေဒနာခံစားနေရသူတွေကို သက်သာစေလိုတဲ့စိတ်
မျှဝေခံစားပြီး ပျောက်ကင်းအောင် ဆောင်ရွက်ပေးနိုင်တဲ့ စွမ်းရည်တွေ လိုအပ်ပါတယ်။
ဒါတွေက တစ်နေ့တစ်ရက်ထဲနဲ့ ရနိုင်တာ မဟုတ်သလို ကြက်တူရွေးနှုတ်တိုက်စာတွေ ကျက်ပြီးလည်း မရနိုင်ပါဘူး။ အခြေအနေအမျိုးမျိုးကို လေ့လာဆန်းစစ်၊ ခေတ်မီပြုစုမှု နည်းပညာတွေကို လေ့လာ၊ လက်တွေ့မှာ အသုံးချခြင်းတို့ကို ထပ်ခါတလဲလဲ ဆောင်ရွက် ပေးမှ ရလာလာတာပါ။
အရေအတွက်နည်းနေသေးပေမယ့် ကျမတို့ကျောင်းသားတွေက ဒီအရည်အချင်းနဲ့ ပြည့်စုံနေတာကို မြင်ရတာ
ကျမ အတော်လေး လေးစားဂုဏ်ယူမိပါတယ်။
ဒီလို သူနာပြုတွေကို ဒီတနေ့တရက်ထဲပဲ ဂုဏ်ပြုစကားပြောနေမှာမဟုတ်ဘူးနော် နေ့စဉ်ဂုဏ်ယူမိနေတာပါ။ ပြည်တွင်းမှာ ရှိပြီးသား သင်ကြားရေးပညာမှာ သာမက ကျောင်းသားက လိုချင်တယ်သာပြောရင်
ဖြစ်အောင်လုပ်ပေးကြတဲ့ ကျမတို့ရဲ့ ဂျူနီယာ လုပ်ဖော်ကိုင်ဖက် သင်ကြားရေးဆရာများကိုလည်း စွမ်းစွမ်းတမံ ကြိုးစားပုံဖော် ပေးကြလို့ ကျေးဇူးလည်းတင် လေးစား ဂုဏ်ပြုပါတယ်။
သူနာပြု ညီအစ်ကို မောင်နှမ အပေါင်းအသင်းတို့ရေ ကျောင်းသား ဆရာ စည်းချက်ညီညီနဲ့ ပညာရေးကို တစ်ဆင့်ထက်တစ်ဆင့်မြင့်အောင် ကြိုးစားပြီး
2026 international nurses day ဆောင်ပုဒ်နဲ့အညီ
ဘဝတွေ အသက်တွေကို အများကြီး
ကယ်တင်နိုင်ကြပါစေနော်
Happy international nurses day ပါ
အားလုံးဘေးကင်းကျန်းမာ လိုရာပြည့်ပါစေ **
ဂုဏ်ယူဝမ်းမြောက်စွာဖြင့်
Tr Scarlett
ICMNMTS