သပြေညို
.................
သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို။
တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။
ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေဗဟိုရ်
လေချိုက အသွေး။
လင်းကြက် အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။
(ဆရာကြီး မင်းသုဝဏ်)
For Literature -စာပေရေးရာ
We can plant a memory garden.
08/08/2021
ဆရာမကြီး၏မိသားစု၊ဆရာမကြီး၏စာဖတ်ပရိတ်သတ်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။
မြန်မာစာပေ အနုပညာကြယ်ပွင့် ဆရာမကြီး ဒေါ်ခင်စောတင့် (၁၉၃၇-၂၀၂၁) သည် ယနေ့ ၈.၈.၂၀၂၁ ရက်နေ့ နံနက် ၃ နာရီအချိန်တွင် ကွယ်လွန်သွားပါသဖြင့် ဆရာမကြီး၏ ကျန်ရစ်သူမိသားစု၊ စာဖတ်ပရိသတ်များနှင့်အတူ ပန်းဆက်လမ်းမိသားစုမှ ဝမ်းနည်းကြေကွဲရပါသည်။
ဆရာမကြီးကို ၁၉၃၇ ခုနှစ်၊ ဧပြီလ ၂၀ ရက် အင်္ဂါနေ့တွင် ရန်ကုန်မြို့တွင် ဦးဘတင့် (I.C.S) နှင့် ဒေါ်ခင်စောမူ (ခေတ်စမ်း၊ စာပေခေတ် စာဆို) တို့မှ မွေးဖွားသည်။ မွေးချင်းနှစ်ယောက်အနက် မောင်ဖြစ်သူမှာ ဦးနေအုပ်တင့် (နေအုပ် စိန်ပေါလ်) ဖြစ်သည်။
- ၁၉၆၀ ခုနှစ်တွင် မြန်မာအနုစာပေ၊ အင်္ဂလိပ်စာပေ၊ မနုဿဗေဒ ဘာသာတို့ဖြင့် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။
- စက်မှုတက္ကသိုလ် (အင်္ဂလိပ်စာဌာန၊ ၁၉၆၄-၁၉၇၆)
- တက္ကသိုလ်စာပေးစာယူသင်တန်းဌာန (အင်္ဂလိပ်စာဌာန၊ ၁၉၇၇ - ၁၉၈၁)
- ဆေးတက္ကသိုလ် -၁ (အင်္ဂလိပ်စာဌာန ၁၉၈၂ - ၁၉၉၅) တို့တွင် နည်းပြအဖြစ် ထမ်းဆောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။
မဂ္ဂဇင်းများ၊ ဂျာနယ်များတွင် ဘာသာရေး၊ လူမှုရေးဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါများ အစဉ်တစိုက်ရေးသားခဲ့ပြီး ကွယ်လွန်ချိန်တွင် စာအုပ်ပေါင်း ၁၀၀ ကျော် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်သည်။ စာအုပ်အများစုမှာ အကြိမ်ကြိမ် ပြန်လည်ပုံနှိပ်ထုတ်ဝေရသည့် စာအုပ်များဖြစ်ပြီး ဆရာမကြီး၏ ဘ၀၊ ဓမ္မ၊ စိတ်ခွန်အားနှင့် ပတ်သက်သည့် စာအုပ်များမှာ ဆရာမကြီး၏ အကောင်းဆုံး စာပေလက်ရာများ ဖြစ်ပါသည်။
07/29/2021
မြန်မာစာပေလေကတွင် ထင်ရှားသည့် ကဗျာဆရာကြီး မင်းယုဝေ ကွယ်လွန်
ဧရာဝတီ
မြန်မာစာပေလောကတွင် ထင်ရှားသည့် ကဗျာဆရာကြီး မင်းယုဝေ(၉၃နှစ်)သည် ယနေ့ကွယ်လွန်သွားကြောင်း သိရသည်။
ခေတ်စမ်းစာပေ၏ ဒုတိယမျိုးဆက်ဟု ဆိုရမည့် ဆရာကြီး မင်းယုဝေ၏ အမည်အရင်းမှာဦးဝင်းမောင်ဖြစ်ပြီး ဇနီးသည်မှာလည်း ထင်ရှားသည့် ကဗျာဆရာမကြီး ငွေတာရီဖြစ်သည်။
ကဗျာဆရာ စာရေးဆရာများဖြစ်သည့် ဂုဏ်ဝင်း၊ နောင်၊ ဗန်းမော်ညိုနွဲ့ ၊ ထွန်းနေနွယ်၊ တက္ကသိုလ်မင်းမော်၊ တက္ကသိုလ်ဝင်းမွန် စသည့် ဆရာများမှာ ဆရာမင်းယုဝေနှင့် ခေတ်ပြိုင်များဟု ဆိုနိုင်သည်။
ပုသိမ်ကန်ကြီးထောင့် ဇာတိ ဆရာကြီး မင်းယုဝေသည် ရန်ကုန်တက္ကသိုလ်တွင် ၁၉၄၆ ခုနှစ်မှ ၁၉၅၁ ခုနှစ်အထိ ပညာသင်ခဲ့ပြီးနောက် လန်ဒန်တက္ကသိုလ်တွင် အဘိဓာန်ပညာရပ်ကို သင်ယူကာ ရန်ကုန်တက္ကသိုလ် ဘာသာပြန်ဌာန တွင် လက်ထောက်စာတည်း လုပ်ကိုင်ခဲ့သည်။
ငွေတာရီ မဂ္ဂဇင်းတွင် လက်ထောက်စာတည်း၊ မြဝတီမဂ္ဂဇင်းကြီးတွင် အယ်ဒီတာချုပ် တာဝန်ကိုယူခဲ့သလို ကျောင်းသုံးစာအုပ်ကော်မတီဝင်၊ ပညာရေးဝန်ကြီးဌာန မြန်မာစာ အဖွဲ့ဝင်၊ စာပေဗိမာန်စာပေဆုနှင့် အမျိုးသားစာပေဆု ရွေးချယ်ရေး အဖွဲ့ဝင် အဖြစ်လည်း တာဝန်ယူလုပ်ကိုင်ခဲ့သူ ဖြစ်သည်။
ဆရာကြီး၏ ဤလက်များဖြင့် ကဗျာသည် အလယ်တန်း မြန်မာကဗျာ လက်ရွေးစင်အဖြစ် ပြဌာန်းခံရသလို ၁၉၈၀ ခုနှစ်တဝိုက်က ရှု့မဝမဂ္ဂဇင်းတွင် ဗုဒ္ဓဝင်နှင့် ပတ်သက်၍ နားလည်လွယ်ကူစေရန် ကဗျာများကို ပန်းချီသရုပ်ဖော် ဆရာကြီး ဦးစိန်၏ လက်ရာများဖြင့် ဖော်ပြခဲ့ရာ နှစ်သက်မှုများစွာ ရရှိခဲ့သည်။
ဆရာကြီး တိုက်စိုး(ဦးသန်းထွတ်)နှင့် တွဲဖက်၍ ရေးသားခဲ့သည့် မြန်မာစာပေမိတ်ဖွဲ့ စာအုပ်မှာ ထင်ရှားပြီး မြန်မာစာနှင့် ပတ်သက်လျှင် လက်စွဲထားရသည့် စာအုပ်ဖြစ်သလို၊ အီစွတ်ပုံပြင်များ၊ ဂရင်းပုံပြင်များ စာအုပ်မှာလည်း ထင်ရှားသည်
ထို့အပြင် ကလေးသူငယ်များကို ယဉ်ကျေးလိမ္မာစေရန်အတွက် မင်္ဂလာမောင်မယ် စာစောင်ကို ကြီးမှူးဆောင်ရွက်ခဲ့သ လို မင်္ဂလာရောင်ခြည် ဗုဒ္ဒဝင် ရုပ်ရှင်၊ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ ပုံပြင်များ၊ ဇာတ်ကြီး ဆယ်ဘွဲ့ အနှစ်ချုပ်တို့မှာ စာဖတ်သူကို စွဲထင်ကျန်ရစ်သည့် စာအုပ်များဖြစ်သည်။
ဆရာမင်းယုဝေ၏ စာပေအရေးအသားနှင့် ပတ်သက်၍ စာရေးဆရာအောင်ပြည့်က ဝေဖန်ရာတွင် စကားဝေါဟာရက ဆန်းသစ်မှု အားနည်းသော်လည်း စကားလုံးကြွယ်ပြီး ပြေပြေပြစ်ပြစ်၊ တည်တည်ငြိမ်ငြိမ် ရေးနိုင်သူ၊ ခန့်ငြားသော ကဗျာများကို စူးစူးစိုက်စိုက် ရေးနိုင်သူဟု မှတ်ချက်ချခဲ့သည်။
ဧရာဝတီသီတင်းဌာနမှကူးယူဖော်ပြပါသည်။
06/19/2021
Happy 76th Birthday Our Mother Suu.
May our leader be healthy in her 76th birthday.
ရိုးဂုဏ်ဖြောင့်ဂုဏ်
ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက
နှစ်သာရတည်း
သူက ငြူစူ
မကြည်ဖြူလည်း
ခွာယူ မရ
ကွာ မကျ။
-ဆရာဇော်ဂျီ
မီးထွန်းရအောင်ဆွေ
...............................
ဝါကျွတ်ချိန် သီတင်းမို့
ချစ်ရင်းတဲ့ ဆွေသဟာ
လာပါကြလေး။
ဆီမီးဖုံဖုံနဲ့
ထိန်ညီး ရောင်စုံပ
ဓမ္မာရုံ သည်ပတ်ဝန်းကို
သွန်းကြစို့လေး။
မီးရောင်စုံ ထိန်လင်းနဲ့
လမင်းကို ဂုဏ်ပြိုင်မယ်
နိုင်ပါစေ့လေး။
မီးပုံးတွေ ပြာဝါနီလို့
စီရရီ ကျောင်းမြေဝှမ်းမှာ
လျှမ်းတင့်လိမ့်လေး။
ချစ်တဲ့မေ ဆွေတနှုန်းက
ပြုံးဆိုတဲ့ မီးအိမ်ကိုင်
နိုင်အောင်တဲ့လေး။
တို့လည်းကိုယ်စီပ၊
ပြိုင်ပွဲဝင်မည်လို့
ထိန်ကြည်ကြည် မီးသည်ပွဲမှာ
နွှဲလိုက်စို့လေး။
ကျောင်းရိပ်မှာ ဝါထွန်းတော့
ကျောင်းဝန်းတဲ့ ပြန့်စရာ
ဖွေရှာခဲ့လေး။
သည်မီးတစ်တိုင်
ကျောင်းရိပ်မြိုင် သည်အဝန်းကို
ဆန်းတင်ဖို့လေး။
မေတ္တာတိုင် ငါညှိတော့
ရွှမ်းပီတိ ကြည်စရာ
ဝေဖြာခဲ့လေး။
ပတ်ဝန်းမှောင်ကုန်လို့
ထိန်လင်း ရောင်စုံပေါ့
ဓမ္မာရုံ တစ်မြေလုံးငယ်
ပြုံးရွှင်လို့အေး။ ။
ငွေတာရီ
#ငွေတာရီ #ကဗျာ
#သီတင်းကျွတ် #စာပေရေးရာ
10/31/2020
မြန်မာရိုးရာ သီတင်းကျွတ်ကာလ အခါသမယတွင် စာပေချစ်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပြီး ပျော်ရွှင်နိုင်ကြပါစေလို့
For Literature-စာပေရေးရာ မှ တောင်းဆုပြုအပ်ပါသည်။
✨🎆🎇✨
#သီတင်းကျွတ် #မြန်မာ
#စာပေရေးရာ
photo credit to original owner
"ဘဝတဏှာ"
#မစန္ဒာ
"ဆယ့်ခြောက်ကျပ်၊ဆယ့်ခြောက်ကျပ်၊ ငါးခူကြီးတွေ အကောင်ကြီးတယ်နော်၊ ဆူတယ်လတ်တယ်၊စားကြည့်မှသိမယ်။"
စည်ပိုင်းတိုထဲတွင် လွန့်လူးနေသော ငါးခူလေးသည် သိမ်းကျုံးခပ်တင်လိုက်သော စကာခုံးထဲတွင် ပါလာရင်းစီစီညံနေသော အသံများကို ကြားလိုက်ရလေသည်။သူနှင့်အတူ အမျိုးတူငါးခူများသည် သံဖြူပြားပေါ်သို့ကြောက်လန့်ထိတ်လန့်စွာဖြင့် ထွေးခနဲ လုံးခနဲကျဆင်းလာကြလေသည်။ ငါးခူလေး၏ဘေးသို့ကျလာသောငါးခူမလေးသည်ကား ရေစပ်စပ်သာရှိသော သွပ်ပြားပေါ်တွင် တဖျပ်ဖျပ်ခုန်နေလေသည်။ သူ့ဗိုက်ထဲတွင် ဥများအပြည့်အသိပ်ရှိသဖြင့် ဖောင်းပြည့်နေသည်။ အေးမြမြရေပြင်ကို တမ်းတနေဟန်ဖြင့်တိုးဝှေ့ရှာဖွေနေဟန်ရှိသော ငါးခူမလေးသည် သံဖြူပြားဖြူဖြူကိုသာ အတွင်တိုးနေရှာလေသည်။
"ဆူတယ်နော်၊လတ်တယ်နော်၊ ကောင်းတာကိုစား အရသာရှိမှသိမယ်"
အသံကြီးသည် ငါးခူလေး၏နားတွင်ကပ်၍ အော်လိုက်သလို ဟိန်းထွက်လာလေသည်။ ကျယ်လောင်သော အသံကြီးနှင့်အတူ ရွှေလက်ကောက်များကို ဆင့်ကာဆငိ့ကာ ဝတ်ထားသော လက်ညိုမည်းမည်းကြီးသည် တုတ်တစ်ချောင်းကိုကိုင်ရင်း ငါးခူမလေး၏ ခေါင်းကိုရိုက်ချလိုက်သညိ။ ခွပ်ကနဲ မြည်သွားသော အသံနှင့်အတူ ငါးခူမလေးသည် တထွန့်ထွန့်နှင့် လူးနေလေသည်။ ထိုစဉ်တွင် ကြောက်ရွံ့ထိတ်လန့်စွာနှင့် နာနာကျင်ကျင် လွန့်လူးနေသော ငါးခူမလေးထံသို့ နောက်ထပ် တုတ်တချက်က ကျရောက်လာပြန်လေသည်။ ဥများအပြည့်အသိပ်ရှိသော ဗိုက်ကိုထိသွားသဖြငိ့ ငါးခူမလေးသညိ အရေခွံလေးများ တဖျဉ်းဖျဉ်းဖြစ်နေသေးသော်လည်း ငြိမ်သက်သွားရှာလေသည်။
"ဆယ့်ခြောက်ကျပ်၊ ဆယ့်ခြောက်ကျပ်၊ ဆီပြန်ချက်မလား၊ မန်ကျည်းရည်လေးနဲ့အချဉ်ချက်မလား၊ကြွပ်ကြွပ်လေးကြော်မလား၊ ဆယ့်ခြောက်ကျပ်"
ပါးစပ်ကအော်ရင်း လက်ညိုမည်းမည်းကြီးကလည်း အပျင်းပြေ လျှောက်ရိုက်နေလေသည်။ ငါးခူလေးသည် ဝန်းဝဲနေသော တုတ်ကြီးကို ရင်တဖိုဖိုကြည့်နေမိစဉ်တွင် သူ့အပေါ်သို့ ဖြုန်းခနဲ ကန့်လန့်ဖြတ်ကျလာသဖြင့် တကိုယ်လုံးတုန်ကာ ကြောက်အားနှင့် မြောသွားလေသည်။
"ဆယ့်ခြောက်ကျပ်၊ ကုန်တော့မယ်ဆယ့်ခြောက်ကျပ် "
ငါးခူလေးသည် အသက်ကိုပင်ပန်းလှိုက်ဖိုစွာ ရှူနေရင်းမှ လိမ့်ဝင်လာသော အသံကြီးကို ကြားနေရလေသည်။ ခါးလယ်မှဖြတ်ကာထိသွားသောတုတ်ချက်ကြောင့် မလှုပ်ရှားနိုင်ဘဲ မိန်းမောလုနီးဖြစ်နေသည်။
"စာရေးကေတာ်ကြီးရဲ့၊ လာပါဦး၊ ဝက်သား ဆယ့်လေးကျပ်ဆိုတာနဲ့ ကျွနိမတို့ငါးဘက် လှည့်မကြည့်တော့ဘူးလား"
"ကြည့်ပါတယ်တော်၊ အိမ်ကလူက ငါးခူကြော်ေလးနဲ့ ဆန်ပြုတ်သောက်ချင်လွန်းလို့တဲ့။ လူမမာစာဆိုတော့လည်း ရှင်တို့က ဘယ်လောက်ဈေးတင်တင် ၊မရှိရှိတာပေါင်နှံပြီး ဝယ်စားရတာပေါ့တော်"
"ဒီပြင်ဈေးတွေသွားကြည့်ပါ စာရေးကတော်ကြီးရဲ့၊ ဆယ့်ခွန် ဆယ့်ရှစ် တစ်ပြားမှမလျော့ပါဘူး၊ ကျွန်မတို့က ဘယ်တော့မှ ဈေးမတင်ပါဘူး ၊ ရွှေမိဆီကယူသွားရင် အလေးမမှန် ပစ္စည်းမကောင်းရင် ခေါင်းထိုးပေးလိုက်မယ်၊ ဇက်ဖြတ်သွားပေတော့"
ချိန်ခွင်သံ အလေးသံများကြားရပြီး သူ့ဘေးမှငါးခူမလေးနှင့်အတူ လက်ချောင်းတုတ်တုတ်ကြီးများ အကြားသို့ မြောက်ကနဲပါသွားလေသည်။
ချိန်ခွင်ခွက် အေးစက်စက်၏အတွေ့ကြောင့် သတိလည်လာသောငါးခူမလေးသည် အမြီးကိုယမ်းခါရင်း လွန့်လိုက်လေသည်။ အနီးဆုံးရှိသော ငါးဆယ်သားအလေးကြီးသည် ငါးခူမလေး၏ ခေါင်းပေါ်သို့ ကျရောက်သွားလေသည်။မည်သူ့ကိုမျှပင်မနိုင်ရှာဘဲ သေပန်းပွင့်သွားရှာသော ငါးခူမလေး၏အဖြစ်ကို တွေ့လိုက်ရသော ငါးခူလေးသည် တုတိတုတ်မျှမလှုပ်ရဲဘဲ ငြိမ်နေမိလေသည်။ လူးလျှင်၊လွန့်လျှင်၊ ခုန်လျှင် တုတ်ညိုနှင့် ပိဿာလေးတို့ မညှာမတာ ပြေးဆင်းလာမည်ကို ဝိုးတဝါးအသိလေးရရှိလာပြီး ကိုယ်ကိုဖော့ကာငြိမ်နေမိသည်။
"ဆယ့်ငါးကျပ်သားပဲယူသွားပါတော့"
"တော်ပါပြီရှင်၊ ဒီလောက်ဈေးကြီးနဲ့ ငွေခဲကိုက်ပြီး မစားနိုင်ပါဘူး လူမမာအတွက်သာ ချွေချွေတာတာ ေကျွးရမှာ"
ငါးခူလေးသည် ချိန်ခွင်ထဲမှ ခြင်းတောင်းထဲသို့ ခွေခွေခေါက်ခေါက်နှင့်ေ လျှာကနဲ ကျသွားလေသည်။
ခြင်းတောင်းထဲတွင်ရှိသော အာလူးမာမာတို့နှင့် ရိုက်ခတ်မိသွားသဖြင့် ရုတ်တရက်မူးဝေသွားလေသည်။
ငါးခူမလေး၏ခေါင်းမှ သွေးတို့သည်လည်း သူ့ကိုယ်ကိုစွန်းပေလိမ်းကျံသွားလေသည်။ သူ့အောက်တွင်ရှိသော အာလူးတို့က ခိုးလိူးခုလုနှင့် အနေရခက်လှသောကြောင့် ငါးခူလေးသည် ခြင်းတောင်းနံရံကိုမှီရင်း အသက်ကိုခဲယဉ်းစွာရှူရှိုက်နေရသည်။
ခြင်းတောင်းတဘက်ထောင့်တွင်ကား ပုစွန်ဆိတ်ငယ်လေးများသည် ငါးခူလေးကို မျက်လုံးအပြူးသားနှင့်ကြည့်နေကြဟန်ရှိလေသည်။ နှုတ်ခမ်းမွှေးကားကားများသည်ကား အချင်းချင်း လိမ်ရှုပ်ငြိတွယ်နေကြလေသည်။ အပြင်သို့ပြူးထွက်နေသော မျက်လုံးပြူးပြူးလေးများသည် သူတို့နှင့်အတူရေထဲတွင် ကျက်စားပျော်ပါးခဲ့သော ငါးခူလေးကိုမြင်နိုင်စွမ်း မရှိကြတော့ချေ။ သူတို့ဘေးတွင် ခရမ်းသီးသုံးလုံးသည် လဲလျောင်းနေကြသည်။ ခရမ်းသီးများအကြားတွင် ရုံးပတီသီး ငါးတောင့်သည် တိုးဝှေ့နေရာယူထားကြသည်။
"ကြားဖူးပါဘူးတော်၊ ကန်စွန်းရွက်လည်း ဆယ်ပြား၊ ဈေးထဲလာရင် ငါးပြားစေ့ ဘယ်မှာသုံးရမလဲမသိဘူး။ ငါးပြားတန်ပစ္စည်းဘာမှမရှိဘူး"
တဖြစ်တောက်တောက် ညည်းညူသံနှင့်အတူ ကန်စွန်းရွက်စည်းကြီးများသည် ခြင်းတောင်းထဲသို့ကျဆင်းလာလေသည်။ ငါးခူလေးနှင့်အတူ ရှိသမျှပစ္စည်း တို့သည် ကန်စွန်းရွက်စိမ်းစိမ်းကြီးများ အောက်တွင် ကျရောက်ပြီးမည်းမှောင်သွားလေသည်။
ထို့နောက်တွင်ကား ရှေ့နောက်ယိမ်းထိုးနေသော ခြင်းတောင်းထဲတွင် ငါးခူလေးသညိ ယိမ်းခါရင်း ပါသွားလေသည်။ ကန်စွန်းရိုးနံ့ စိမ်းဆတ်ဆတ်ကိုရှူမိသောအခါ ငါးခူလေးသည် အားသစ်ပြည့်သလို ခံစားရလေသည်။ သူပျော်ရွှင်စွာ ကျက်စားခဲ့သော ရေပြင်ကျယ်ကြီးကို တမ်းတနေမိသည်။ တသင်းသင်းပျံ့နေသော ရေမှော်နံ့၊ ရွှံ့ညွံနံ့နှငိ့ ကန်စွန်းရိုးနဲံတို့ကို ရူရှိုက်ရငိး ငါးခူလေးသည် လွတ်လပ်ခြင်းနှငိ့ ပျော်ရွှင်ခြင်းအရသာကိုခံစားခဲ့ဖူးလေသည်။
ငါးခူလေးသည် ရေတွင်မျောနေသော ဒိုက်ပုံထဲမှ ကန်စွန်းရိုးများကို တဇတ်ဇတ်ကိုက်ဖြတိကာ စားသောက်ရင်း သူ့ဘဝ၏ အပျော်ရွှင်ဆုံး နေ့ရက်များကို ဖြတ်သန်းခဲ့ရဖူးသည်။ အေးမြသောရေသည် သူ့ဘေးတွင် ပွတ်တိုက်ဆော့ကစားနေစဉ် နှုတ်ခမ်းမွှေးကားကားကိုဖြန့်ကာ စူးစိုက်အနံံ့ခံလေ့ရှိသည်။ ယခုသော်ကား ပူလောင်သော နာကျင်သော ဝေဒနာကိုခံစားရင်း ရေနှင့်ဝေးနေရချေပြီ။ မငိုတတ်၍ မငိုရသော်လညိး ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ဆို့နင့်နေရှာသည်။ သေခြင်းတရားသည် သူ့အနားသို့ နီးကပ်နေပြီကို သိသဖြင့် ပင်ပန်းလှိုက်ဖိုနေသညိ။
"ပြန်လာပြီလား မတင်မေ ဘာဝယ်ခဲ့တုန်း"
"ခရမ်းသီးနဲ့ပုစွန်လေးနှပ်စားမယ်အမရေ၊ တခါတလေတော့ဆီပြောင်ပြောင်လေး စားချင်သေးတယ်"
"ဟင်းကောင်းပါလား"
"ကောင်းဆို အိမ်ကကိုဘိုးသက်က ငါးခူကြော်လေး စားချင်လို့လေ၊ သူ့အလုပ်ကလည်း ဆေးခွင့်နဲ့ဆိုတော့ လစာတဝက်ပဲရတာ၊ ဘယ်လောက်နိုင်ပါ့မလဲ၊ မနေ့တုန်းကတော့ တတ်နိုင်ပါဘူးဆိုပြီး ကျွန်မအမေ ဆင်ထားတဲ့ဆွဲကြိုးလေးကို သူမသိအောင် ပေါင်လိုက်ရတယ်၊ လကုန်တဲ့အထိ ဒီငွေနဲ့ပဲဆက်သုံးရမှာ၊ စွန့်စွန့်စားစား ငါးခူဝယ်ရင်း ကျွန်မတို့ သားအမိပါ ခရမ်းသီးနှပ်လေး စားချင်လွန်းလို့ ဝယ်ခဲ့တယ်လေ၊ နက်ဖြန်တော့ ဈေးမသွားတော့ဘူး၊ ထူံးစံအတိုင်းကန်စွန်းရွက်ကြော်ပဲ ကြိတ်ရမှာ"
"ကောင်းပါ့တော်၊ ရှင်တို့က ပေါင်စရာ ရွှေရှိသေး၊ ကျုပ်တို့ကတော့ အိမ်မှာဆန်ကုန်ရင် ရောင်းစရာမရှိဘူး။ မြေကြီးခဲပဲ ကုန်းကိုက်ကြရမှာ"
"လူထွင်းတဲ့ ခံတွင်းမှ မဟုတ်ဘဲ အမရယ်။နတ်ထွင်းတဲ့ ခံတွင်းပဲ သူ့ဟာသူဖြစ်သွားမှာပါ"
ခြင်းတောင်းနံရံတွင်ထောင်လျက်ကပ်နေသော ခရမ်းသီးတစ်လုံးသည် လိမ့်ဆင်းလာပြီး ငါးခူလေး၏ ဗိုက်ပေါ်သို့ ကန့်လန့်ဖြတ်ပိနေလေသည်။ ငါးခူလေးသည် ရုတ်တရက် အသက်ရှူကျပ်သွားပြီး လူးလွန့်လိုက်မိသည်။ သို့ရာတွင် သူ့ပေါ်တွင် ပိနေသော ခရမ်းသီးကိုဖယ်မပစ်နိုင်သည့်အတွက် အာလူးများပေါ်တွင်သာ ကိုယ်ကို အလိုက်သင့်ပျေ့ာထားလိုက်ရလေသည်။ ပူလောင်စပ်ဖျဉ်းသော ဝေဒနာကိုခံစားရင်းရောက်လာတော့မည့် သေခြင်းတရားကို အသက်မျှင်းမျှင်းရှူပြီး တတ်အားသမျှ ခုခံတိုက်ခိုက်နေမိလေသည်။ ဝေဒနာသည် ဆိုးဝါးလှသော်လည်း ထိုဆိုးဝါးသောဝေဒနာကိုဖက်တွယ်ခံစားနေရသည်မှာ သေရသည်ထက်တော့ ကောင်းနေသေးသည်။
"အမေ၊အမေ မြန်မြန်လာပါ၊ အဖေမောနေတယ်"
"ဟောတော့ -ကိုယ်ကျိုးနည်း"
တဖုတ်ဖုတ်ပြေးလာသံနှင့်အတူ အရေးတကြီးပြေးသံကို ကြားလိုက်ရပြီး ခြင်းတောင်းသည် သွက်သွက်ကြီးရမ်းခါ သွားလေသည်။ငါးခူလေးနှင့်အတူ ပုစွန်ဆိတ်လေးများနှင့် ခရမ်းသီးများ၊ အာလူးများပါ ကဆုန်ပေါက်ပြေးသွား သူ၏ လက်ထဲတွင် ဒယိမ်းထိုးရင်းပါသွားကြသညိ။
"ကိုဘိုးသက်၊ အိုး-ကိုဘိုးသက် ဘယ်လိုဖြစ်တာလဲ"
ခြင်းတောင်းသည် ဝုန်းကနဲ ပစ်ကျသွားလေသည်။ ငါးခူလေး၏ ကိုယ်ပေါ်မှ ခရမ်းသီးကြီးပင် ဘေးသို့ပြန်ပြီး လိမ့်ဆင်းသွားလေသည်။ ငါးခူလေးသည် အမြီးကို တဖျပ်ဖျပ်ယမ်းခါလိုက်လေသည်။ သူ့အမြီးဖျားသည် တုတ်ညိုကြီးစနက်ကြောင့် သွေးခြည်ဥကာ နာကျင်လှသည်။ သို့ပါသော်လည်း ဘယ်ညာယမိးခါ၍ကား ရသေးလေသည်။ ခုနေသာ အေးမြမြရေနှင့်တွေ့လိုက်ပါက သွက်သွက်ကြီးကူးခတ်နိုင်မည်ဖြစ်သည်။ ငါးခူလေးသည် ထိုးထိုးထောင်ထောင်ဖြစ်နေသော ကန်စွန်းရိုးများကြားသို့ ကိုယ်ကိုလွန့်ကာ တိုးဝင်သွားသည်။
အခန်းထောင့်တွင် ပစ်ချသွားသောခြင်းတောင်းကို အချိန်အတော်ကြာအောင် မည်သူမျှလာရောက်ယူခြင်းမရှိချေ။ ကန်စွန်းရိုးများကြားထဲတွင် ငါးခူလေးသည် လှိုက်မောစွာ မိန်းမောနေလေသည်။ သူ့အတွေးထဲတွင် ပလုံစီထနေသော ရေမြှုပ်ကလေးများနှငိ့ မျောနေသောဒိုက်ပုံတို့အကြားတွင် တိုးဝင်ကူးခတ်ကစားခဲ့ရသည်ကို အောက်မေ့တမိးတနေမိသည်။ တရိပ်ရိပ်လှုပိရှားနေတတ်သောရေမှော်ပင်ကလေးများကြားတွင် ပုန်းခိုနေတတ်သော ရေသတ္တဝါငယ်လေးများကို လှည့်ပတ်ရှာဖွေ စားသောက်ခဲ့ရသည်များကို ပြန်လည်သတိရလေသည်။
"ဟာ ဒီခြင်းတောင်းကလဲ ကန့်လန့် ကန့်လန့်နဲ့ "
တစ်စုံတစ်ဦးသည် ခြင်းတောင်းကို ခလုတ်တိုက်ရင်း မကျေမနပ်အော်သွားသညိ။ ခြင်းတောင်းသည်တစောင်းလဲကျ သွားပြီးကန်စွန်းရွက်စည်းကြီးများသည် ကြမ်းပေါ်သို့ ကျသွားလေသည်။ ငါးခူလေးသည်လည်း ကန်စွန်းရိုးများနှင့် လုံးထွေးကာ ခြင်းတောင်းအပြင်သို့ ရောက်လာလေသည်။
စူးရှသောနေရောင်ခြည်သည် ငါးခူလေး၏ အပေါ်သို့ သဲမဲစွာကျရောက်နေလေသည်။ ကြမ်းပေါ်မှ ဖုန်မှုန့်များသည်လည်း ငါးခူဘေး၏အရေပြားထဲသို့ စုပ်ဝင်သွားကြလေသည်။ တချိန်လုံးငြိမ်သက်နေသော ငါးခူလေးသည် ဖျတ်ခနဲ ထခုန်ကာလွန့်လူးလိုက်သည်။ ပွန်းပဲ့တေသော အရေပြားများသည် ပူလောင်ပြီး စပ်ဖျဉ်းဖျဉ်းဖြစ်နေလေသည်။ ထို့ကြောင့် အငြိမ်မနေဘဲ လွန့်လူးလိုက်မိသော်လည်း သူ့ကို မညိသူမျှ ဂရုထားဟန်မတူချေ။
စူးစူးရှရှနေရောင်ခြည်ထဲတွင် ငါးခူလေးသည် ပင်ပန်းလှိုက်ဖိုစွာနှင့် သေမင်းကိုငံ့လင့်နေလေသည်။ အိမ်ရှေ့ကပြင်ရှိ သံဆန်ခါအပေါက်ကျဲတွင် အိမ်ဖွဲ့နေသော ပင့်ကူသည် ငါးခူလေးကိုငုံ့ကြည့်နေလေသည်။
"ဆရာ၊ဆရာ ကြွပါ ကြည့်ပါဦးဆရာရဲ့"
ခြေသံကြမ်းကြီးများသည် သူ့ကိုဖြတ်ကျော်သွားကြပြန်လေသည်။ ငါးခူလေးသည် ခဲယဉ်းပင်ပန်းစွာနှင့် အသက်ရှူရင်း တဖျပ်ဖျပ်ခုန်နေမိလေသည်။ သူခုန်လိုက်တိုင်းလည်း ဖုန်မှုန့်များသည် သူ၏ပွန်းပဲ့နေသော အရေပြားထဲသို့တိုး၍စိမ့်ဝင်သွားကြဟန် ရှိလေသည်။မလူးဘဲ မလွန့်ဘဲ မခုန်ဘဲ နေပြန်ပါကလည်း တကိုယ်လုံးပူလောင်ခြောက်သွေ့နေပြန်လေသည်။ဈေးသည်ကြီးဆီတွင်ရှိစဉ်က ရေစပ်စပ်ဖြန်းပေးသဖြင့် နေသာသေးသည်။ယခုအခါတွင်ကား တကိုယ်လုံးရှိရှိသမျှ ရေများခန်းခြောက်သွားပြီထင်ရသည်။
"အဖေ အဖေ သတိရတယ်နော်"
"ဆရာလာပြီ ကိုဘိုးသက်၊ မျက်စိဖွင့်ကြည့်ပါဦး"
စိုးရိမ်တကြီး ပြောသံများသည် အိမ်တွင်းမှလွင့်ထွက်လာသည်။ ထိုစဉ် ပင့်ကူအိမ်တွင် ယင်ကောင်ငယ်လေးတစ်ကောင်သည် ဖြုန်းခနဲတိုးဝင်ငြိတွယ်သွားလေသည်။ ထောင်ချောက်တွင်းကျဆင်းသွားသော ယင်ကောင်ငယ်လေးသည် အပြင်းအထန်ရုန်းကန်နေလေသည်။
သူရုန်းကန်သောကြောင့် ပင့်ကူပိုးမျှင် ပျော့ပျော့ေလးများသည် တသိမ့်သိမ့်လှုပ်ရှားနေသည်။ ပျင်း
ရိငြီးငွေ့စွာ ငေးနေသော ပင့်ကူသည် ငါးခူလေးအား ငုံ့မကြည့်နိုင်တော့ဘဲ ယင်ကောင်ငယ်လေးအား စူးစိုက်အကဲခတ်နေသည်။
ငါးခူလေး၏ မျက်လုံးများသည် ပြာဝေလာလေသည်။ ခဲယဉ်းပင်ပန်းစွာ အသက်ရှူရင်း သေမင်းကိုတိုက်ခိုက်နေသော်လည်း မကြာမီအရှူံးပေးရတော့မည်ကို သိလာသည်။ အသက်ရူမဝလောက်အောင် မောဟိုက်နေလေသည်။
"ကယ်ပါဦးဆရာရယ်၊ ကယ်ပါဦး"
ငိုသံနှောနေသော အသံကိုကြားရလေသည်။ အိမ်တွင်းမှ လူသားတို့သည် သူတို့၏ အသက်တစ်ချောင်းကို သေမင်းဆီမှ ပြန်လုယူရန် ကြိုးစားနေကြစဉ် ငါးခူလေးသည်လည်း သူအသက်ရှင်ရေးအတွက် ရေကိုပြင်းထန်စွာ တောင့်တနေမိလေသည်။ အေးမြသောရေထဲတွင် ကိုယ်ကိုအလိုက်သင့်လေး ဖော့ကာ အပန်းဖြေနေလိုက်ရပါက သူ့အသက်နှင့် သူ့ခန္ဓာသည် တစ်ခုနှင့်တစ်ခုတွဲလျက်တည်ရှိနိုင်မည် ဖြစ်လေသည်။
ငါးခူလေးသည် အားစိုက်ရင်း တချက်ခုန်လိုက်သည်။ ထို့ကြောင့်လည်း ကန်စွန်းစည်းကြီးများကြားမှ လွတ်ထွက်ကာ အိမ်ရှေ့ကပြင်ပေါ်သို့ ဖုတ်ကနဲကျသွားလေသည်။သားရေညှပ်ဖိနပ်ပေါ်တွင် အနံ့ခံနေသော ပိုးဟပ်တစ်ကောင်သည် သူ့အနီးသို့ကျလာသော ငါးခူလေးကို နှုတ်ခမ်းမွှေးနှင့် မထိတထိစမ်းကြည့်နေလေသည်။
ငါးခူေလးသည် မလှုပ်နိုင်ဘဲ ငြိမ်နေလိုက်မိလေသည်။ သူ့တကိုယ်လုံးပြင်းပြင်းထန်ထန်ံ နာကျင်နေသောကြောင့် သူ့ဘေးမှပိုးဟပ်ကို ပြာဝေသောမျက်လုံးများဖြင့်သာ အားစိုက်ပြီး ကြည့်နေမိလေသည်။
သံဆန်ကာပေါက်မှ ပင့်ကူသည် ကန်စွန်းရွက်စည်းများကြားထဲမှ ခုန်ထွက်လာသော ငါးခူလေးကို အမှတ်မဲ့ ငုံ့ကြည့်လိုက်ပြီး ယင်ကောင်ငယ်လေးဆီသို့ တိုးသွားလေသည်။ ပင်ပန်းမောဟိုက်နေသော ယင်ကောင်ငယ်လေးသည် သူ့ဆီသို့ တရွေ့ရွေ့တိုးလာသော ပင့်ကူကို ကြောက်လန့်စွာနှင့် အားစိုက်၍ရုန်းပြန်လေသည်။ ယင်ကောင်လေးက အကြောက်အကန်နှင့် အပြင်းအထန် ရုန်းနေပြန်သောအခါ ပင့်ကူသည် ရှေ့ဆက်မတိုးဘဲ အေးဆေးစွာရပ်ရင်း အကဲခတ်နေလေသည်။
ကြမ်းပေါက်ကြဲကြဲကြားမှ လေအေးလေးသည် ပင့်ပြီးတိုက်ခတ်လာသည်။ ငါးခူလေးသည် ရွှံ့ညွံနံ့ကို ရှူရှိုက်လိုက်ရသလို ရှိသည့်အတွက် အားလျော့စွာမိန်းမောနေရာမှ တချက်လွန့်လိုက်မိလေသည်။ ထို့ကြောင့် ငါးခူလေးကို နှုတ်ခမ်းမွှေးနှင့် စမ်းနေသောပိုးဟပ်သည် ရုတ်ခနဲနောက်ဆုတ်ပြီး လျင်မြန်စွာ ထွက်ပြေးသွားလေသည်။
"အဖေ အဖေ သတိရရဲ့လား"
"ကိုဘိုးသက်၊ကိုဘိုးသက်ရဲ့ ကျုပ်ကိုကြည့်ပါဦး"
ငါးခူလေးသည် မျက်လုံးများ ဝေသည်ထက်ဝေကာ မောပန်းနွမ်းနယ်နေလေသည်။ သေရတော့မည်ဟူသောအသိနှင့် ချောက်ချောက်ခြားခြားကြီး ဖြစ်နေလေသည်။သို့ပါသော်လည်း သူ၏အသက်ဝိဉာဉ်လေးသည် သူ့ခန္ဓာကိုယ်အားတတ်အားသမျှ တွယ်ကပ်၍ထားရန် ကြိုးပမ်းနေမိလေသည်။
ရုန်းကန်နေသော ယင်ကောင်ငယ်လေးသည် ခြေကုန်လက်ပန်းကျကာ ငြိမ်သက်သွားလေသည်။ အသက်ဘေးကြောင့် တချက်တချက် လူးလွန့်သေးသော်လည်း ပင့်ကူဘုရင်၏ နှောင်ဖွဲ့ခြင်းကို ဒူးထောက်အရှုံးပေးသွားဟန်ရှိလေသည်။ ပင့်ကူသည် သူ၏သားကောင်ရှိရာသို့ တဖြည်းဖြည်းတိုးသွားပြီး အလွယ်တကူဖမ်းယူလိုက်သောအချိန်တွင် ငါးခူလေးသည်နောက်ဆုံးခုန်ခြင်းအနေနှင့် အားစိုက်ပြီးခုန်လိုက်သည်။တဖျပ်ဖျပ် ခုန်ပျံရင်းပူလောင်ပြင်းပြသော ဝေဒနာကို အံတုရန်ကြိုးစားနေမိလေသည်။ ထိုစဉ်တွင် သူ့တစ်ကိုယ်လုံးသည် ကြမ်းပေါက်ကြဲကြဲကြားထဲမှနေပြီး ေအာက်သို့တရှိန်ထိုး ကျသွားလေသည်။
အိမ်အောက်ရှိ ညွန်ရေအိုင်လေးထဲတွင် အုံဖွဲ့နေကြသော ခြင်ကောင်များသည် ဝုန်းခနဲကျလာသော ငါးခူလေးကြောင့် လန့်ဖျပ်ပြီး ထပျံကုန်ကြလေသည်။ ငါးခူလေးသည် အေးမြသော ရေအထိအတွေ့ကို ရုတ်တရက် မယုံနိုင်တော့ဘဲ တဖျပ်ဖျပ်ခုန်ကာ လွန့်လူးနေမိသည်။ သူ့အမြီးကို ဘယ်ညာယမ်းရင်းဆောက်တည်ရာမရ ဖြစ်နေမိသည်။ ရွှံ့ညွံနံ့ကို မက်မောစွာနှင့် အငမ်းမရရှူရှိုက်နေမိသည်။
"အောင်မယ်လေး၊ကိုဘိုးသက်ရဲ့ ကျုပ်တို့ကိုထားခဲ့ပြီလား၊ ကျုပ်တို့ ဘယ်သူ့ကိုအားကိုးပြီးနေရမှာလဲ ပြောပါဦး"
ထိုစဉ်အော်ဟစ်ငိုယိုလိုက်သော အသံသည်လွင့်ပြီးထွက်ပေါ်လာလေသည်။ အိုးခြမ်းပဲ့ထဲတွင်မှိန်းနေသော ဖားပြုတ်စိမ်းကြီးသည် ရုတ်တရက်လန့်သွားသလို မျက်လုံးပွင့်လာလေသည်။ ပြူးကျယ်သော မျက်လုံးကို ဖွင့်ချည်ပိတ်ချည်ပြုရင်း ရှေ့ဘက်သို့ ဆတ်ကနဲ ခုန်ချလိုက်က်လေသည်။ ရွှံ့အိုင်ထဲတွင် ပန်းလျစွာကူးခတ်နေသော ငါးခူလေးကိုမြင်သောအခါ အုံးအွမ် ဟု အော်ကာ ပဋိသန္တာရစကားဆိုလိုက်လေသည်။
ဝုန်းခနဲထပျံသွားသော ခြင်များသည် ပြန်ပြီးအုံဖွဲ့လာကြသည်။ နွံအိုင်ထဲတွင် သူတို့၏အဆက်အနွယ်ဖြစ်သော ပိုးလောက်လန်းငယ်လေးများသည် မြူးတူးကူးခတ်ကခုန်နေကြလေသည်။ ငါးခူလေးသည် ရွှံ့နွံများကို ပန်းလျစွာမှီလိုက်ပြီး ငြိမ်နေသည်။ ပူလောင်နာကျင်သော ဝေဒနာများအပြင် အတန်ကြာအောင်မေ့လျော့နေခဲ့သော ဆာလောင်ခြင်းကိုပါ ခံစားလာရလေသည်။
အိမ်လေးပေါ်သို့ အပြေးအလွှားတက်လာကြသော ခြေသံကြမ်းကြမ်းကြီးများကြောင့် အိမ်ကလေးသည် ယိုင်ညွတ်မတတ်ရှိလေသည်။အိမ်ကြမ်းကြားမှ ဖုန်မှုန့်များသည်လည်း ညွန်အိုင်လေးထဲသို့ တဖွားဖွားကျလာလေသည်။
ငါးခူလေးသည် သူ့ဘေးတွင် တပျော်တပါးကူးခတ်နေကြသော ပိုးလောက်လန်းငယ်များကို မွတ်သိပ်နေသော မျက်လုံးများဖြင့်ငေးကြည့်နေလေသည်။ အိမ်ထက်မှ မချိတင်ကဲငိုယိုသံသည်ကား ရွှံညွန်အိုင်လေး၏ ရေပြင်ကိုရိုက်ခတ်ပြီး မဟာပထဝီမြေကြီးအတွင်းသို့ ပြေးဝင်သွားလေသည်။
"အေ ကိုဘိုးသက်ရဲ့၊ ငါးခူကြော်လေး စားချင်လှချည်ရဲ့ဆို ကျုပ်ဆွဲကြိုးပေါင်ပြီးဝယ်လာတဲ့ ငါးခူလေး စားသွားပါဦး၊ အို ကြော်စားသွားပါဦးလား ကိုဘိုးသက်ရဲ့"
၁၉၇၄၊ ဩဂုတ်လ။
မစန္ဒာ ဝတ္ထုတိုများ-၁
credit to Orange facebook account
#မစန္ဒာ
#စာပေရေးရာ
ဘဝဆိုတာ ကုန်လွန်ခဲ့ပြီးလျှင် လွတ်မြောက်သွားပြီး ဖြစ်စမြဲပင်။
-မီးရောင်အောက်ကိုဝင်လျှင်
#မိုးမိုး(အင်းလျား)
"သင်္ချိုင်းကုန်းမှာ"
#တင်မိုး
(၁)
ငါတို့ရွာကလေး၏ မြောက်ဘက်တွင် သင်္ချိုင်းကုန်း ရှိသည်။ မသေကြသေးသောသူတို့သည် ရွာကလေးထဲတွင် ကိုယ့်အိုး ကိုယ့်အိမ်နှင့် တသီးတခြားစီ နေထိုင်ကြသည်။ ထန်းရွက်တဲကလေးမှာလည်း နေကြသည်။ သက်ငယ်မိုး ၊ ထရံကာနှင့် နေကြသူတို့လည်း ရှိသည်။ တချို့ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝကြသူတို့သည် သွပ်မိုး ပျဉ်ထောင်အိမ်နှင့် နေကြသည်။ သေဆုံးကြသောအခါတွင်ကား သင်္ချိုင်းမြေတွင် တစုတဝေး နေကြရတော့သည်။
သင်္ချိုင်းကုန်းသည် နေရာမကျယ်လှ။ သို့ရာတွင် ကွယ်လွန်သူမှန်သမျှတို့၏ တစ်ခုတည်းသောနေအိမ် ဖြစ်လေသည်။ သင်္ချိုင်းကုန်းဆီသို့ လှမ်းကြည့်ပါ။ မန်ကျည်းပင်အိုကြီး သုံးလေးပင်သည် ခါးတံရှည်ကြီးနှင့် ရပ်နေကြသည်။ တန်ဆောင်းပြဿဒ်ပင်များသည် ခြုံဖွဲ့၍နေကြသည်။ ညောင်ပင်ကြီးတစ်ပင်သည်လည်း မုတ်ဆိတ်ဖွားဖွားနှင့် တရားဆင်ခြင်နေသည်။
ဇရပ်တစ်ဆောင်သည် မန်ကျည်းပင်အနီးမှာ ရှိသည်။ အုတ်ခုံခံ သွပ်မိုးနှင့်ဖြစ်သော်လည်း ခမ်းခမ်းနားနားကား မဟုတ်လှ။ သွပ်မိုးလန်သည့်နေရာ လန်နေပြီ။ အုတ်ချပ်များ ကွာသည့်နေရာ ကွာနေပြီ။ အကာအရံကား လုံးဝမရှိချေ။ ရွာကလေး၏မြောက်ဘက်သို့ ထွက်လိုက်လျှင် သင်္ချိုင်းကုန်းကို မြင်နိုင်သည်။ တစ်ခေါ်လောက်ပင် မဝေးလှ။ သစ်ပင်အုပ်အုပ်ကလေးနှင့် စိမ်းပုပ်ပုပ် ညိုမှိုင်းမှိုင်း။
ဤသင်္ချိုင်းကုန်းကလေးသည် ရွာကလေး၏အသက်နှင့်အမျှ ဖြစ်ပေလိမ့်မည်။ သူ့ကို ရွာသူရွာသားတို့ မချဉ်းကပ်ချင်ကြသော်လည်း မပစ်ပယ်နိုင်သောနေရာလေးဖြစ်သည်။
(၂)
ငါတို့နှင့် ကစားဖော်ဖြစ်သော ခွေးပုနှင့် ပုစတို့သည် သင်္ချိုင်းကုန်းကလေးသို့ နေ့တိုင်း ရောက်လာကြသည်။ သင်္ချိုင်းကုန်းအနီး မြက်ခင်းစပ်တွင် နွားများကိုကျောင်းရင်း ဇရပ်တွင် သူတို့ နားကြ နေခိုကြသည်။ ဇရပ်တွင် ရေစက်ချသံ၊ အမျှဝေသံ၊ ကြေးစည်သံနှင့် ငိုသံတို့သာ ကြားရသည်မဟုတ်၊ ပုလွေသံကလေးကိုလည်း နေ့တိုင်း ကြားရသေးသည်။ ခွေးညိုနှင့်ပုစတို့သည် ဂွကလေးကိုယ်စီဖြင့် မန်ကျည်းပင်၊ ညောင်ပင်တို့နားတွင် လာသော စာကလေးများကို ပစ်ခတ်မီးမြိုက်၍ စားတတ်ကြပေသေးသည်။
သို့ရာတွင် ငါတို့သည် သင်္ချိုင်းကုန်းကလေးအနီးသို့ မကပ်ဝံ့။ သင်္ချိုင်းကုန်းကလေးရှိရာကို ငါတို့ ရဲရဲပင် မကြည့်ဝံ့။ မြေပဲကောက်သွားကြသောအခါ သူ့နားကို မတတ်သာ၍ ဖြတ်သွားကြရလျှင်လည်း ခြေမှုန့်ကို နဖူးတို့၍ ခပ်သုတ်သုတ်သာ သွားတတ်ကြသည်။ လှုပ်နေသော တန်ဆောင်းပြဿဒ်ပင်၊ ဆူးခက်အုံထားသော မြေပုံမို့မို့ကလေးများကို မဝံ့တဝံ့ကြည့်၍ ဖြတ်လာခဲ့ကြသည်။ နေဝင်ရိုးရီအချိန် အိမ်ပြန်လာသောအခါ သင်္ချိုင်းကုန်းကလေးသည် မလှုပ်မယှက် ငြိမ်သက်လျှက်ပင်ရှိသော်လည်း ထိုသို့ငြိမ်သက်ခြင်းသည်ပင် စိတ်ခြောက်ခြားဖွယ် ဖြစ်ပြန်သည်။
သင်္ချိုင်းကုန်းအထက် ကောင်းကင်ပြင်တွင် လင်းတတို့သည် ဝဲလျက်ရှိကြသည်။ ရွတ်တွတွ တွဲလျားကျနေသော ပါးပျဉ်းတို့ဖြင့် လင်းတအိုတို့သည် မြေပုံအနီးတွင် ငုတ်တုတ်ကြီး နေတတ်ကြသည်။ လင်းတအိုတို့အနီးတွင် ကျီးတို့သည် တအားအား တသောသောနှင့် အော်မြည်နေကြသည်။
ငါတို့သည် လင်းတကို မကြောက်။ လင်းတကြီးများသည် သူတပါး၏အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်စားသောက်တတ်သော သတ္တဝါများမဟုတ်ဟု လူကြီးသူမများပြောသံ ကြားဖူးသည်။ ငှက်ဘုန်းကြီးဟုလည်း ဆိုကြသည်။ အလောင်းကောင်ရှိရာကို ကျီးကန်းများက လာရောက်ပင့်ဖိတ်မှ စားသောက်ရန် လာတတ်ကြသည်ဟု ပြောလေ့ရှိသည်။ ထို့ကြောင့် ငါတို့သည် လင်းတကို မကြောက်။ သို့ရာတွင် ပုပ်ဟောင်နေသောအလောင်းကောင်အနီးတွင် လင်းတကြီးများကို မြင်ရလေ့ရှိသဖြင့် စက်ဆုပ်ရွံရှာသည်ကား အမှန်ပင်ဖြစ်တော့သည်။
သင်္ချိုင်းမြေတွင် ဖုတ်တစ္ဆေတို့ နေသလိုလို ပြောကြသဖြင့် ကျောချမ်းမိသည်။ ညအခါများတွင် သင်္ချိုင်းမြေသည် အတိတ်ဆိတ်ဆုံးနေရာဖြစ်သည်။ ရံဖန်ရံခါ သင်္ချိုင်းဘက်တွင် မီးရောင်တလက်လက် မြင်ရတတ်သည်ဟု ငါ့သူငယ်ချင်းများက ပြောကြသည်။ ကလေးမသာ ချလေသလား၊ သိုက်ဆရာ အောက်လမ်းဆရာများ အလောင်းဖော်လေသလား၊ သရဲမီး ပြလေသလား ငါတို့ တပ်အပ်မသိချေ။ မည်သို့ပင်ဖြစ်ရာ ငါတို့သည် သင်္ချိုင်းကုန်းကို စက်ဆုပ်ထိတ်လန့်ကြသည်မှာကား သေချာသည်။ သင်္ချိုင်းကုန်းကို လှည့်မကြည့်ချင်သည်မှာလည်း သေချာသည်။
(၃)
ငါတို့ ဘုန်းကြီးကျောင်းသားဘဝတုန်းကဆိုလျှင် မကြာမကြာ သင်္ချိုင်းကုန်းသို့ ရောက်ရသည်။ မရောက်ချင်လည်း မနေရ။ အသုဘရှု ခဏခဏ လာပင့်လေ့ရှိသည်။ ထိုအခါတွင် ဆရာတော်ဘုန်းကြီး မျက်စိမျက်နှာ မသာမယာရှိတတ်သည်ကို သတိပြုမိသည်။ သနားကရုဏာစိတ်ဖြင့် ညည်းသံကိုလည်း ကြားခဲ့ဖူးသည်။ " ဟေ့ .. သတ္တဝါမှန်သမျှ မလွတ်နိုင်တဲ့ဘေးကြီးပဲလေကွယ် " ဟု ပင့်သက်ချဟန်၊ သံဝေဂ ရဟန်တို့သည် အဖန်ဖန် မြင်ခဲ့ရဖူးသည်။ သင်္ကန်းကိုရုံ၊ စက္ခုဣန္ဒြေကို ချတော်မူ၍ အသုဘရှုကြွလျှင် ငါတို့ကျောင်းသားများသည် တောင်းကိုထမ်း၍ လိုက်ပါကြရသည်။
သုသာန်ရောက်လျှင် ရင်ဘတ်စည်တီးငိုသံ၊ ဆံပင်ဖားလျားချနေကြဟန် စသော ရှုခင်းများကို မမြင်ချင် မနေရ။ မကြားချင် မနေရဖြစ်တော့သည်။ ငါသည် ဘုန်းကြီးနှင့်အတူ အသုဘရှုလိုက်ရလျှင် အကြောက်ဆုံးဖြစ်သည်။ ညရောက်လျှင် အိပ်မပျော်တော့ချေ။ အိပ်မက်ဆိုးများမက်ကာ လန့်၍ အော်တတ်သည်။ ထိုအခါ ငါက အမ ဟုခေါ်သော အမေသည် ရေနံဆီမီးခွက်ကို ထွန်းကာ ငါ့ကို ချော့ပါလေသည်။ သနားကြင်နာစွာ နဖူးကိုစမ်း၊ ရင်ကိုစမ်း၍ အားပေးပါလေသည်။
" ရော့ .. ရော့ .. လူကလေး .. ရေတစ်ခွက် သောက်လိုက်နော်။ မကြောက်နဲ့နော် " ဟု ဆိုကာ ရေခပ်ပေးပါသည်။ ထိုအခါကျမှ ငါ့မှာ အကြောက်ပြေသည်။ " ငါ့မှာ အမရှိသားပဲ။ ဘာကြောက်စရာရှိသလဲ " ဟု အားတင်းနိုင်သည်။ အိပ်ပျော်နိုင်သည်။
ဘုန်းကြီးကျောင်းက ထွက်လာသောအခါတွင် အသုဘရှု လိုက်ရမည့်ဘေးမှ ဝေးတော့သည်။ သာမှု နာမှု မှန်သမျှ အမသည် တဘက်တစ်ထည်ကို ခေါင်းပေါ်တင်လျက် လိုက်ပို့လေသည်။ ရွာထဲတွင် မသာရှိလျှင် ငါတို့သည် အမကိုမြင်ရုံနှင့် သိသည်။ အမသည် မျက်စိမျက်နှာမကောင်း တဖျစ်တောက်တောက်မြည်ကာ ကြေကွဲသံ ဝမ်းနည်းသံ ပြုလေသည်။ ထို့နောက် တဘက်တစ်ထည်ကို ခေါင်းပေါ်တင် ဖိနပ်မြီးတိုတို တရှပ်ရှပ်စီးကာ အသုဘလိုက်ပို့လေတော့သည်။
ငါတို့သည် သင်္ချိုင်းဟူသောအသံကို မကြားလို။ ထိုစကားသည် ငါတို့နှင့်လည်း မကင်းနိုင်ပဲလျက် ငါတို့ မနှစ်သက်။ ထိုစကားကြားရလျှင် ကောင်းသောစကားမဟုတ်ဟု ဆိုသည်ကို ချက်ချင်း သဘောပေါက်သည်။ သင်္ချိုင်းဆိုသောစကား မကြားနိုင်ရာအရပ်သည် အဘယ်မှာနည်း။ ငါတို့သည် တောင့်တမိသည်။ နိဗ္ဗာန်ဟု ဖြေကြသည်။ ထိုသို့ဖြစ်လျှင် ငါတို့သည် နိဗ္ဗာန်ကို ရောက်ချင်လှတော့သည်။ နိဗ္ဗာန်မှာ သုသာန်မရှိချေ။ ကောင်းလှ၏။ ဤတစ်ချက်တည်းနှင့်ပင် နိဗ္ဗာန်သည် မည်မျှ ပျော်မွေ့စရာကောင်းလေမည်နည်းဟု တွေးကာ နိဗ္ဗာန်ကို သဘောကျမိသည်။
နိဗ္ဗာန်ကား အဘယ်မှာနည်း။ သင်္ချိုင်းများစွာကို ကျော်ဖြတ်ပြီးမှ နိဗ္ဗာန်ရောက်မည်လော။ သင်္ချိုင်းကိုကွေ့၍ နိဗ္ဗာန်ကိုသွားနိုင်သောလမ်း ရှိလေသလော။ အို .. ဗုဒ္ဓသခင် သင်္ချိုင်းကိုကွေ့၍ နိဗ္ဗာန်သို့ ရောက်နိုင်သောလမ်းရှိလျှင်
ညွှန်ပြပါဦးသခင်။ သတ္တဝါတို့၏နှလုံးအိမ်တွင် သင်္ချိုင်းသည် ကြီးမားစွာ နှိပ်စက်လျက်ရှိချေပြီ။ သူ့ထံသို့ အတင်းခေါ်သည်။ သတ္တဝါတိုင်းကို ခေါ်သည်။ အချင်းချင်း ခွဲပစ်သည်။ ဘဝ ခြားပစ်သည်။ နိဗ္ဗာန်သည် သင်္ချိုင်း၏ ဟိုဘက်၌မရှိဘဲ သည်ဖက်မှာရှိမည်ဆိုလျှင် မည်မျှကောင်းမည်နည်း။
(၄)
ငါတို့ရွာကလေးတွင် သင်္ကြန်ပွဲလုပ်သည်။ အလွန်စည်သည်။ ပျိုပျိုအိုအိုမကျန် ရေလောင်းကြ၊ ရေပက်ကြ၊ ကခုန်ကြ၊ နွားများကို ဘေးမဲ့လွှတ်ကြနှင့် တအုန်းအုန်း။ ထိုအခါတွင် သင်္ချိုင်းကုန်းကို ငါတို့ အဖက်မလုပ်။ ရွာစည်ကားပျော်ရွှင်လျှင် သင်္ချိုင်းကုန်းသည် ငြိမ်နေတတ်သည်။ အခွင့်အခါကို ချောင်းနေလေရော့သလား။ ရွာတွင် ဆရာကန်တော့ပွဲ၊ သီတင်းကျွတ်ပွဲ၊ ကထိန်ပွဲ ရှိလျှင် အလွန်ပျော်စရာကောင်းသည်။ နှဲသံ၊ ဗုံသံ၊ ပတ်မသံတို့ဖြင့် စိုပြေသည်။ ဖိုးသူတော်ယိမ်း၊ ဦးရွှေရိုးအက၊ ပုဏ္ဏးမခင်ရွှေအငြိမ့် စသည်တို့ဖြင့် အုန်းအုန်းထနေချိန်တွင် သင်္ချိုင်းမြေသည် ဣန္ဒြေကြီးလှတော့သည်။ သတ္တဝါဖမ်းခါနီး မြွေသည် ဣန္ဒြေရရနှင့် ငြိမ်သက်နေသကဲ့သို့ပင်ဖြစ်သည်။
ရွာစည်လျှင် ကောင်းသည်။ သင်္ချိုင်းကုန်းစည်လျှင်ကား ရွာလုံးတိတ်တော့မည်။ ကျီးနှင့်ဖုတ်ဖုတ် ဖြစ်တော့မည်။ ငါတို့ရွာကလေးတွင် ဂျပန်ခေတ်က ပလိပ်ရောဂါဖြစ်သည်။ သုသာန်မြေတွင် ခြေချင်းလိမ်ကြပြီ။ နှာရည်တရှုတ်ရှုတ် မျက်ရည်တသုတ်သုတ်နှင့် ငိုကြွေးကြပြီ။ သင်္ချိုင်းကုန်းလမ်းသည် ဖုန်လျက်ရှိတော့သည်။ သင်္ချိုင်းသို့ သွားကြဖန်များလေသောအခါ ရွာသူရွာသားတို့သည် ထမင်းမစား ဟင်းမစားနိုင်ကြ။ ရွာမှ ထွက်ပြေးကြ၏။ တစ်ရွာလုံး သံပုံးတီး၊ ထရံပုတ်ဖြင့် တောထုတ်ကြသည်။
သင်္ချိုင်းကုန်းသို့ခေါ်သော သတ္တဝါကောင်ကို မောင်းနှင်ကြ၏။ ရွာသူရွာသားတို့လည်း ကျောင်းကန်ဘုရားမှာ ရွှေ့ပြောင်းနေကြရလေသည်။ ကျောက်ကြီးပေါက်၊ တုတ်ကွေးကြီး ထစဉ်ကလည်း ထိုသို့။ ကာလဝမ်း ကျစဉ်ကလည်း ထိုသို့။ ထိုသို့ ထိုသို့နှင့် ငါတို့ရွာကလူတွေ မိမိအိုးအိမ်မှခွါ၍ သင်္ချိုင်းကုန်းရှိရာကို သွားကြရသည်မှာ များပြီ။ ရွာသူရွာသားမှန်သမျှ တစ်နေ့နေ့တွင် လျောင်းစက်ကြရမည့် ထာဝရအိပ်ရာပေတည်း။
မသွားချင်သော်လည်း နေချင်သေး၍မရပေ။ အထုပ်အပိုး၊ အိပ်ရာလိပ်မပါ သင်္ချိုင်းမြေရှိရာသို့ သွားကြရပေဦးမည်။ သူသွားလျှင် ငါလိုက်ပို့၍ ငါသွားသောအခါလည်း အခြားသူများက လိုက်ပို့ကြရဦးမည်။ လိုက်ပို့ကြသည့်အခါတိုင်းလည်း ပျော်ပျော်ရွှင်ရွှင်မဟုတ်။ ဝမ်းနည်းပက်လက် မျက်ရည်စက်စက်ဖြင့်သာ ဖြစ်သည်။ သင်္ချိုင်းသည် ပျော်မွေ့ဖွယ်မှန်သမျှကို မောင်းထုတ်ခဲ့ပြီ။ ဝမ်းနည်းမှု၊ ငိုရှိုက်မှုတို့သည် သင်္ချိုင်းမြေကို စိုးမိုးအုပ်ချုပ်ခဲ့လေပြီ။
(၅)
လွန်ခဲ့သောနှစ်က ငါ့အမေ ကွယ်လွန်ခဲ့သည်။ သင်္ချိုင်းမှစေတမန်သည် ငါ့အမေထံသို့ လာရောက်ဆင့်ခေါ်သည်။ ငါချစ်မြတ်နိုး၍ အမဟုခေါ်သော အမေသည် ငါတို့ကိုပင် နှုတ်ခွန်းမဆက်နိုင်ရှာပဲ ရုတ်တရက် ငါတို့အိမ်မှ ထွက်ခွါသွားခဲ့သည်။ ရွာထဲရှိသောလူတို့ကို တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ ခေါ်ဆောင်သွားတတ်သော သေမင်း၏စေတမန်ကို ငါတို့ ကြားဖူးပါ၏။ သို့ရာတွင် ဤမျှလောက် အလောတကြီး လာရောက်လိမ့်မည်ဟူ၍ကား ငါတို့ တွေးမျှပင် မတွေးမိပါပေ။
အမေ့ကို သင်္ချိုင်းသို့ လိုက်ပို့ကြသည်။ ငါ့အဖေသည် ယူကြုံးမရ။ ငါ့မမသည် အပူမီးတလောင်လောင်။ ငါ့နှမငယ်သည် အမေ့ကို ဖက်လျက်။ ငါ့မှာမူကား ထိုခဏဝယ် သောက၏စုဝေးရာ ကိုယ်ခန္ဓာဖြစ်လေ၏။ အမေ့ပါးပြင်ကို နောက်ဆုံးနမ်း၏။ အမေ့ခြေရင်းကို နောက်ဆုံး နှိပ်နယ်ဝတ်ပြု၏။ အမေ့ကို ငါ ကန်တော့သည်။
အမေသည် စကားလည်း မဆို။ ငိုခြင်းလည်း မပြု။ သာဓုမျှလည်း မခေါ်။ မျက်လွှာကိုမှိတ်လျက် တိတ်တဆိတ်သာ နေဘိ၏။ အမေ့ထဘီကို ပေးလိုက်ချင်ပါသေး၏။ အမေဖတ်လက်စ ပရိတ်ကြီးဘုတ်အုတ်ကလေး ယူသွားစေချင်ပါသေးသည်။ အမေ့နံသာဖြူ ပုတီးကလေးကို လက်မှာ စွပ်ပေးလိုက်ချင်ပါသေးသည်။ အမေခြုံရန် တင်းတိမ်ကလေးကိုလည်း ထည့်ပေးလိုက်ချင်ပါသေးသည်။ သို့ရာတွင် အမေသည် ဘာကိုမျှလည်း မတောင်းဆိုတော့။ ဘာပစ္စည်းကိုမျှလည်း ယူမသွားတော့။ လက်ချည်းသက်သက် ထွက်ခွါသွားခဲ့၏။
အမေယူမသွားသော ပစ္စည်းပစ္စယကလေးများသည် အမေ့ကိုယ်စား ကျန်ရစ်ခဲ့တော့သည်။ ပရိတ်ကြီးဘုတ်အုပ်ကလေးသည် အမေ မျက်မှန်တစ်လက်နှင့် ဖြည်းဖြည်းဆေးဆေး စာကြည့်နေပုံကို သတိရစေသည်။ နံသာဖြူစိပ်ပုတီးကလေးသည် အမေ ဥပုသ်စောင့် ကမ္မဋ္ဌာန်းထိုင်ပုံကို မြင်ယောင်စေသည်။ အပ်ချုပ်ခုံကလေးသည် အမေ အလုပ်ခွင်၌ အင်္ကျီကြယ်သီးတပ်နေပုံကို အမှတ်ရစေသည်။ ကျန်ရစ်သော အမေ့ပစ္စည်းများမှန်သမျှ အမေ့အကြောင်းကို ပြန်လည်ပြောပြတတ်ကြသည်ချည်း ဖြစ်ပါသည်။
အမေသည် ရှင်သူတို့ကိုထား၍ သေသူတို့ကြားမှာသာ ပျော်မွေ့ခဲ့လေပြီ။ ရွာကိုကြဉ်၍ သင်္ချိုင်းမြေသို့ ဝင်လေပြီ။ သင်္ချိုင်းမြေတွင် နေကြသူတို့အနက် ငါတို့အိမ်ထောင်စုထဲက အမေလည်း အပါအဝင်ဖြစ်ပြီ။
(၆)
သင်္ချိုင်းမြေမှာ အမေရှိသည်။ အမေနှင့်စပ်၍ ငါသည် သင်္ချိုင်းမြေကို ခင်တွယ်စပြုပြီ။ ရင်းနှီးစ ပြုပြီ။ ယခင်က ကြောက်ခဲ့၊ ရွံခဲ့၊ စက်ဆုပ်ခဲ့သောနေရာသည် ယခုအခါ ထိုသို့ မတွေးထင်နိုင်လေပြီ။ အမေ့အလောင်းကို ငါတို့ဆွေမျိုးမိတ်သင်္ဂဟများနှင့် မိသားစုတို့ ထမ်းပိုးကြသည်။ မြေစိုင်ခဲများဖြင့် ဖို့၍ မြုပ်ကြသည်။ မြေပုံမို့မို့ကလေးပေါ်တွင် ပန်းခွေချသည်။ ဆူးခက်များ အုံသည်။ မှတ်တိုင်ကလေး စိုက်သည်။ ခမ်းခမ်းနားနားကား မဟုတ်ချေ။ သို့ရာတွင် ငါ့ဘဝအတွက် အမေသည် ခမ်းနားခဲ့သည်။ အရိပ်ကြီးခဲ့သည်။ ငါ့အမေနေထိုင်ရာ သင်္ချိုင်းကုန်းကလေးသည်လည်း ခမ်းနားမည်၊ အရိပ်ကြီးမည်သာဖြစ်သည်။
အမေ့ကြောင့် သင်္ချိုင်းကုန်းမြေပေါ်တွင် ငါ၏မလိုစိတ်တို့ လွင့်ပျောက် ပျက်ပြယ်ခဲ့လေပြီ။ တန်ဆောင်းပြဿဒ်ပင်များ၊ မန်ကျည်းပင်များ၊ ညောင်ပင်ကြီးတစ်ပင်နှင့် တိတ်ဆိတ်လှသောသင်္ချိုင်းမြေသည် လူ့ဘဝ၏ သောက၊ ဒုက္ခတို့ကို မြုပ်နှံရာဖြစ်တော့သည်။ ဘဝ၏ပျော်ရွှင်ဖွယ်တို့ကိုသာ သတ်ပစ်သည်မဟုတ်၊ ဘဝ၏ အနိဌာရုံ ဝေဒနာအစုစုတို့ကိုလည်း သတ်ပစ်ရာနေရာဖြစ်သည်။ သို့ဖြစ်လျှင် သင်္ချိုင်းမြေသည် မတရားပါသလော။ မျက်နှာကြီး၊ မျက်နှာငယ်၊ အသက်အရွယ်ကိုလည်း မရွေး၊ ဂုဏ်အကြီးအသေးကိုလည်း မလိုက်၊ အကြိုက် အမုန်း အပြုံး အငိုတို့ကိုလည်း ဂရုမထား။ သင်္ချိုင်းကုန်းကား ဘဝမျက်နှာပြင်ကို ညီညာစေသောနေရာဖြစ်သည်။
ရယ်သံတို့လည်း ဤနေရာမှာ တန့်သည်။ မျက်ရည်တို့သည်လည်း ဤနေရာတွင် ရပ်သည်။ ဤအရပ်၌ ရယ်မောသံဟူ၍လည်း မကြားရ။ ငိုရှိုက်သံဟူ၍လည်း မကြားရ။ မနိုးထသောအနားယူခြင်းဖြင့် ဘဝတစ်လျှောက်လုံးတွင် လက်တလှုပ်လှုပ်၊ ခြေတလှုပ်လှုပ် လှုပ်ရှားခဲ့ရသမျှ ဤနေရာတွင် မွေ့လျော်စွာ အနားယူကြလေပြီ။
အမေ့မေတ္တာစိတ်ကို အစွဲပြု၍ သင်္ချိုင်းကုန်းပေါ်တွင် ဂုဏ်ဒြပ်ကို မြင်တတ်လာလေပြီ။ ထို့ကြောင့် သင်္ချိုင်းကုန်းသည် မသတီ ထွီစရာနေရာ မဟုတ်တော့ပါ။ သင်္ချိုင်းကုန်းရှိနေခြင်းကြောင့် မကျေမနပ် မဖြစ်တော့ပါ။ နိဗ္ဗာန်သွားချင်သည်ရှိသော် သင်္ချိုင်းကုန်းများစွာကို ကျော်ဖြတ်၍သွားရန် ယခုအခါ ဝန်မလေးတော့ပါပြီ။
-----------------
#တင်မိုး
ကံ့ကော်မြိုင်စာတမ်း။
Credit -သောကြာကြိုက်သောစာစုများ page
#တင်မိုး #စာပေရေးရာ #သင်္ချိုင်းကုန်းမှာ
"ကျွန်မသာလျှင် မယားအစစ်ဖြစ်ပါကြောင်း"
#မိုးမိုး(အင်းလျား)
ဒါက ဘယ်သွားမလို့လဲ မောင် "
" သြော် ထုံးစံအတိုင်း သူငယ်ချင်းတွေနဲ့ အာလာပ သလ္လာပ သတင်းချင်းဖလှယ်ရအောင် အာလူးပေးရအောင်ပေါ့ကွာ။ ထွက်လိုက်ဦးမယ်လေ "
" သူငယ်ချင်းတွေနဲ့ ဘယ်မှာချိန်းထားလို့လဲ "
" အုန်းမောင်တို့ အိမ်မှာလေကွာ "
" မိလဲ လိုက်မယ်လေ "
" အင် မိက ဘာလို့လိုက်မှာလဲ "
" အို မောင်က ရုံးအားရက်ကလေး တစ်ရက်တစ်လေ အိမ်မှာမနေတော့ မိလဲလိုက်ချင်တာပေါ့။ မောင်ရုံးသွားလဲ အိမ်မှာ မိတစ်ယောက်တည်း၊ မောင်ရုံးပိတ်တော့လဲ အိမ်မှာ မိတစ်ယောက်တည်း၊ ကြာတော့ အိမ်မှာနေရတာ ငြီးငွေ့တာပေါ့လို့ "
" ကဲကဲ လိုက်ချင်လဲ လိုက်ခဲ့ပါဗျာ။ မသိပါဘူး၊ ခါတိုင်းတော့ မိက ဘယ်ခေါ်ခေါ် မရတော့ ဒီကနေ့မှ ထူးထူးဆန်းဆန်း ဘာဖြစ်တာလဲလို့ "
" အို နောက်ဆို မောင်ဘယ်သွားသွား လိုက်ခဲ့မယ်မောင်ရဲ့၊ ခေါ်သာခေါ် "
အ၀တ်အစားအပြေးအလွှားသွားလဲနေတဲ့ ကျွန်မကို မောင်က နားမလည်စွာ ပြန်ကြည့်နေပါသည်။ မောင်နှင့်ကျွန်မ အိမ်ထောင်ကျခဲ့သည့် လေးနှစ်တာကာလပတ်လုံး ကျွန်မသည် မောင်နှင့်အတူ အပြင်ထွက်ခဲလှပါသည်။ တစ်ခါတစ်ရံ ရုပ်ရှင်နှင့် လဟာပြင်စျေးလောက်တွင်သာ အတူသွားလေ့ရှိပါသည်။ မောင့်မှာမူ ခြေထောက်တွင် ဗွေပါသလားဆိုရအောင် ခဏလေးမှ အနားမနေ၊ အပြင်သွားနေရမှ ကျေနပ်သူဖြစ်ပါသည်။
ကျွန်မကလဲ အပြင်ထွက်ရမှာ ကရိကထများလွန်းလို့ မောင်ခေါ်တိုင်း ရှောရှောရှူရှူ ဘယ်တော့မှမလိုက်။ အိမ်အလုပ်တွေ ရှိသေးသည်။ ဘတ်စ်ကားစီးရမှာ စိတ်ပျက်သည်။ အ၀တ်အစားကောင်းကောင်း မရှိပဲ စသည်ဖြင့် အမျိုးမျိုး ငြင်းပယ်တတ်သည်။ ယခုတော့ ကျွန်မအကြောင်းနှင့်ကျွန်မမို့ လိုက်မှ ... လိုက်မှ။
" ကဲ မိရွှေမိ အဲ့ဒါကိုအုန်းမောင်တို့အမေပဲ။ စကားပြောနေချေ။ ပျင်းရင်လဲ စာအုပ်တွေကြည့်။ မောင်တို့ လက်ဖက်ရည်ဆိုင်သွားလိုက်ဦးမယ် "
အပေါင်းအသင်းနှင့်တွေ့လျှင် မယားပါမေ့တတ်သော မောင်က အပြင်ထွက်ရန် ဟန်ပြင်ပါသည်။ ကိုအုန်းမောင်တို့အမေကလဲ ကျွန်မကို ဖော်ရွေစွာ ဖိတ်ခေါ်ပါသည်။
" ဒီက သမီးကို တစ်ခါမှ မမြင်ဖူးသေးဘူး "
" ဟုတ်ကဲ့။ ကျွန်မက ကိုမြင့်နိုင်မိန်းမပါ ဒေါ်လေး ဟင်းဟင်း "
အပြင်ထွက်ရန် ဟန်ပြင်နေသော မောင်က ကျွန်မကို မျက်လုံးတစ်ချက် ၀င့်ကြည့်သည်။ သူနှင့်အတူလိုက်လာမှတော့ သူ့မိန်းမမှန်း ပြောပြနေစရာမလိုပါပဲ ကျွန်မက မောင့်မိန်းမပါဟု ပြောနေသည်ကို အံ့သြသွားပုံရသည်။ ကျွန်မကတော့ ကျွန်မရည်ရွယ်ချက်နှင့် ကျွန်မ။
* * *
" တနင်္ဂနွေလေး တစ်နေ့တစ်လေများ အိမ်မှာနေပါဦးလားမောင်ရယ်။ ခု ဘယ်သွားဦးမလို့လဲ "
" ကိုစံ၀င်းတို့အိမ်က ထမင်းစားဖိတ်ထားလို့ကွ။ ထမင်းတော့ မဟုတ်ပါဘူး။ မုန့်ဟင်းခါး အပျော်ချက်စားကြမှာပါ "
" အိမ်မှာချက်တဲ့မုန့်ဟင်းခါးဆိုတော့ စားလို့ကောင်းမှာပဲ။ သူတို့ကလဲပဲ မောင်တစ်ယောက်တည်း ဖိတ်ရသလားလို့ "
" နှစ်ယောက်စလုံးကို ဖိတ်ပါတယ်ကွာ။ မောင်က မိလိုက်မှာမဟုတ်ဘူး။ တစ်ယောက်ထဲပဲ လာခဲ့မယ်လို့ ပြောခဲ့တာပါ "
" အိုမောင်ကလဲ မိကိုပါဖိတ်ရင် မိလိုက်မှာပေါ့လို့။ သူတို့အိမ်လဲ မရောက်တာကြာပြီ။ သူ မိန်းမရပြီးမှ တစ်ခါမှ မရောက်လို့ သူ့မိန်းမတောင် မိကို ကောင်းကောင်းမှတ်မိမှာ မဟုတ်ဘူး။ မင်္ဂလာဆောင်တုန်းကပဲ ခဏမြင်လိုက်ရတာ "
" မိက မိကိုယ်မိ မောင့်မိန်းမမှန်း သိပ်သိစေချင်တယ်ပေါ့ "
" အမယ် မဟုတ်ပါဘူး။ သူ့ကို မိမမြင်သေးဖူးတာကို ပြောတာပါ "
" ကဲ လိုက်ချင်ရင်လဲ မြန်မြန်လုပ်ချေကွာ "
" ခဏလေးပါ မောင်ရဲ့၊ ခဏလေး "
သည်တစ်ခါတော့ တနင်္ဂနွေနေ့ မောင်အပြင်ထွက်လျှင် အသင့်လိုက်နိုင်ရန် ကြိုတင်ရွေးချယ်ထားသော အ၀တ်အစားများကို အမြန်ဆုံး၀တ်ပြီး ထွက်လာနိုင်သည်။ သားနှင့်သမီးတို့မှာ အဘွားဖြစ်သူနှင့် ဆော့ကစားနေကြသည်။ သမီးငယ်ကို စောစောကပင် ကွယ်ရာသို့ခေါ်ထားရန် အမေ့ကို မှာထားရသည်။ ခါတိုင်းဆိုလျှင် သည်ကလေးတွေသံယောဇဉ်ကြောင့် ကျွန်မ ဘယ်မှမသွားဖြစ်၊ ခုတော့ သားရေးသမီးရေးထက် အရေးကြီးတာကြောင့် ကျွန်မ မောင့်နောက်သို့ လိုက်ခဲ့ပါပြီ။
ဘတ်စ်ကားကို မညည်းမညူ မောင်နှင့်ရင်ဘောင်တန်းပြီး တိုးဝှေ့ တက်သည်။ နေပူသော ကုန်းကြောင်းလမ်းတွင် ခါတိုင်းလို မောင့်ကိုရန်မထောင်ပဲ အားတင်းပြီး လျှောက်သည်။
" မောင့်မိန်းမကတော့ တော်တော်တိုးတက်လာပြီ။ ခံနိုင်ရည်ရှိလာပြီပဲ။ အလျင်ကလို မညည်းညူတော့ပါလား " ဟုမောင်က ကျွန်မကို ကြည့်ပြီးပြောသည်။
" တိုးတက်ရမယ် မောင်ရဲ့။ တိုးတက်ရမယ်၊ တိုးမတက်ရင် ကျန်ခဲ့မယ် မဟုတ်လား "
မောင်က သဘောကျစွာ ရယ်သည်။
" ခုတလော မိအမူအရာတွေ သိပ်ထူးခြားတာပဲ " ဟုလည်း ဆိုသည်။
ကျွန်မကတော့ ကျွန်မစိတ်ကူးနှင့် ကျွန်မ။
* * *
" မောင် ရေမချိုးသေးဘူးလား "
အိပ်ရာမှထပြီး မျက်နှာမသစ်သေးပဲ သတင်းစာဖတ်နေသော မောင့်ကို ကျွန်မက ပြောလိုက်သည်။ မောင်က ကျွန်မကို လှည့်ကြည့်ပြီး မျက်လုံးပြူးသွားသည်။
" ဘယ်နှယ့် မိက အိမ်နေရင်း ပြင်ဆင်ထားလိုက်တာ ကြော့လို့၊ မိ စိတ်မှကောင်းသေးရဲ့လား အခုတလော "
" ကြည့် .. ပြောရော့မယ်။ ဒီနေ့ တနင်္ဂနွေလေ "
" အဲ့ဒါ ဘာဖြစ်လဲ။ တနင်္ဂနွေနေ့မှာ ယောက်ျားအိမ်ပြင်မထွက်ရအောင် ပြုပြုပြင်ပြင်နေရမယ်လို့ မိရဲ့စာအုပ်ကြီးကများ ဆိုထားသလား "
မောင်က ကျွန်မဖတ်နေသော " သင့်ယောက်ျားကို အိမ်ခင်အောင် ထားနည်း " ဟူသောစာအုပ်ကို ရည်ရွယ်ပြောလိုက်ခြင်းဖြစ်ပါသည်။
" မောင်ကိုတော့ အိမ်ပြင်မထွက်အောင် ဘယ်ဒေ၀စ္ဆရာကမှ တားနိုင်မှာမဟုတ်ဘူး။ မောင်ထွက်တဲ့ဆီ မိလိုက်နိုင်အောင်သာ အသင့်လုပ်ထားတာ၊ သိပလား "
" ရော် ခက်ပဲခက်လှချည့်။ နေပါဦး။ မောင်က ဘယ်ကိုသွားမှာမို့ မိက ဘယ်ကိုလိုက်မှာလဲ "
" ဘယ်ပဲဖြစ်ဖြစ်ပေါ့။ မောင်က သွားမှာအမှန်ပဲမဟုတ်လား။ အဲ့တော့ မောင်သွားတဲ့နေရာကို မိလိုက်မှာပေါ့လို့။ ဘာလဲ မလိုက်စေချင်ဘူးလား "
ကျွန်မက စိတ်ဆိုးစပြုလာပြီမို့ ရန်တွေ့လိုက်ပါသည်။
" ဒီမှာ မရွှေမိ ခုသွားတဲ့နေရာက မင်းလိုက်လို့ ဘယ်လိုမှ မဖြစ်ဘူး။ သိရဲ့လား "
" မိလိုက်လို့မဖြစ်ရအောင် မောင်က ဘယ်ကိုသွားမှာမို့လဲ။ မိန်းမကို ခေါ်လို့မဖြစ်တဲ့နေရာ မောင့်မှာ ရှိနေပြီလား "
ပြောရင်းမှ ကျွန်မ ၀မ်းနည်းလာပါသည်။
မောင်က သတင်းစာကို စားပွဲပေါ်ပစ်တင်ရင်း ပြောပြောဆိုဆို ထသွားပါတော့သည်။
" ရှိတယ်ဟေ့၊ ရှိတယ်။ တို့သူငယ်ချင်းတွေစုပြီး ဘီယာသွားသောက်ကြမလို့ကွ၊ မင်းလိုက်ချင်ရင် ဖန်ခွက်တစ်လုံးပါ ဆွဲခဲ့ပေတော့ ... ကဲ "
တစ်ကယ်တော့ ကျွန်မအမူအရာများက မောင့်အတွက် အထူးအဆန်းဖြစ်မည်ဆိုလျှင် ဖြစ်စရာပါ။ အဖြစ်ကတော့ ဒီလိုပါ။ ကျွန်မတို့အိမ်တွင် မောင့်အပေါင်းအသင်းများ အ၀င်အထွက်များလှသည်။ မောင်မသွားလျှင် သူတို့လာသည်။ သူတို့မလာလျှင် မောင်က သွားသည်။ ရုံးဆင်းချိန်လည်း မနေရ၊ ညဦးပိုင်းလည်း မအားရ။ မောင်သည် အပေါင်းအသင်းအလွန်ခင်သည်။ မောင့်အပေါင်းအသင်းအားလုံးလိုလို ကျွန်မသိသည်။ သူတို့မိန်းမများကိုတော့ သိပ်မမြင်ဖူးပေ။။ ကျွန်မလိုပဲ အိမ်တွင်းပုန်းများ ဖြစ်ဟန်တူသည်။ ကျွန်မကလည်း အထူးမရှိလျှင် မည်သည့်အိမ်မှ လိုက်သွားပြီး မိတ်မဖွဲ့တတ်ပါ။ သို့သော် ကျွန်မထံလာလည်လျှင်မူ ကျွန်မအလွန်ပျော်ပါသည်။
တစ်နေ့တွင် မောင့်သူငယ်ချင်း ကိုချမ်းမြတစ်ယောက် လာလည်သည်။ သူ့မိန်းမပါခေါ်လာသဖြင့် ကျွန်မက ပျာပျာသလဲ ဆီးကြိုမိသည်။ ခါတိုင်းဆိုလျှင်တော့ သူတို့ယောက်ျားနှင့် စကားပြောနေလျှင် ကျွေးစရာရှိက ချကျွေးပြီး ကျွန်မလုပ်စရာရှိတာသာ လုပ်တတ်နေပါသည်။ စကားဝိုင်းဖွဲ့ပြောခြင်းမရှိပါ။ သည်တစ်ခါတော့ အမျိုးသမီးပါ ပါလာသဖြင့် ကျွန်မပါ ၀င်ထိုင်လိုက်ရပါသည်။ ကျွန်မက ဖော်ရွေသောအပြုံးနှင့် အမျိုးသမီးကို စတင်ပြောပါသည်။ သို့သော် သူမပြုံးပုံက မဝံ့မရဲ။
" သြော် ကလေးတွေ အိမ်မှာ ထားခဲ့ရတာပေါ့နော်။ ဟင်းဟင်း "
ကျွန်မက စကားမရှိစကားရှာ ပြောရသည်။
" ဟုတ်ကဲ့ ခင်ဗျ "
၀င်ပြောသူက ကိုချမ်းမြ။ အမျိုးသမီးက မတုန်မလှုပ်။ ဘယ်နှယ့်အမျိုးသမီးပါလိမ့်။ သူလည်း ငါ့လိုပဲ စကားနည်းလို့ထင်ပါရဲ့။ သူ့ကြည့်ရတာ အထက်တန်းလွှာကနဲ့ တူပါရဲ့။ ရုပ်ကလည်း ကလေးနှစ်ယောက်အမေသာဆိုတယ်။ မကျသေးဘူး။ လှတုံး။ မာနတော့ ကြီးပုံပဲ။ ဒါကြောင့်သာ စကားမပြောတာပေါ့။
ကျွန်မတို့အိမ်ထောင်ရှင်မိန်းမချင်း တွေ့လျှင် စကားမရှိစကားရှာ ပြောမကုန်အောင်ရှိရတတ်သည်။ ကုန်စျေးနှုန်းကြီးကြောင်း၊ ကလေးတွေ ဆိုးကြောင်း၊ လင်တော်မောင်တွေအကြောင်း၊ ယောက္ခမ မကောင်းကြောင်း သောင်းပြောင်းထွေလာ စုံလှသည်။ သို့သော် သည်အမျိုးသမီးကတော့ ဒါတွေကို အောက်တန်းစားအလုပ်တွေလို့ ထင်နေသလားမသိ။ လဲ့လဲ့သာပြုံးပြီး ပုံ့ပုံ့လေးသာ ထိုင်နေသည်။
နောက်တစ်လခန့်အကြာတွင် သူတို့စုံတွဲ ရောက်လာပြန်သည်။ အချိန်က ညနေစောင်းနေပြီ။ သူတို့မှာလဲ အထုပ်အပိုးတွေနှင့်ဖြစ်သည်။
" နက်ဖြန် တောင်ကြီးသွားမလို့ဗျာ။ မနက်စောစော ဘူတာဆင်းရမှာမို့ လာအိပ်တာပဲဗျို့။ ဘူတာမှာလဲ အိပ်လို့မရဘူးလေ "
ကိုချမ်းမြက အားတောင့်အားနာဟန်ဖြင့် ပြောသည်။ ကျွန်မတို့အိမ်က ဘူတာနှင့်နီးသည်မို့ ကျွန်မ ကြည်ကြည်ဖြူဖြူ လက်ခံလိုက်ရသည်။
" အို အားမနာပါနဲ့။ ဒီမှာအိပ်လို့ဖြစ်ပါတယ် "
ပြောသာပြောရသည်။ သူစိမ်းအတွက် အိပ်ရာ၊ ခြင်ထောင်အပိုမရှိသော ကျွန်မတို့မှာ အတော် အကျပ်ရိုက်သွားခဲ့ရသည်။ နောက်ဆုံးတော့ ကျွန်မတို့ကုတင်ပေါ်မှာ သူတို့အိပ်၊ ကလေးတွေကို သူ့အဘွားခြင်ထောင်ထဲ သွင်းပြီး ခေါင်းအုန်းတစ်လုံး၊ ဖျာတစ်ချပ်နှင့် ကျွန်မတို့နှစ်ယောက် ဖြစ်သလို အိပ်လိုက်ရသည်။
ကိုချမ်းမြတို့ လင်မယားကဖြင့် ညားခါစ ဇနီးမောင်နှံအလား စကားတတွတ်တွတ်နှင့် ရွှင်ရွှင်မြူးမြူး ဖြစ်နေကြပုံရသည်။ တို့လည်း ကလေးတွေထားခဲ့ပြီး တစ်ခါလောက် ခရီးထွက်ရရင် ကောင်းမှာပဲဟု သူတို့ကို အားကျကာ တွေးမိသေးသည်။ သည်တစ်ခါတော့ ကိုချမ်းမြဇနီးက ဖော်ဖော်ရွေရွေ စကားပြောဖော်ရလာသည်။ အိပ်ရာမ၀င်မီ ဆီချက် ထွက်၀ယ်ကာ ကျွန်မတို့တစ်အိမ်သားလုံးကို ကျွေးသည်။ နံနက်စောစော အလင်းရောင်မထွက်မီ သူတို့ ထသွားကြရာ သူတို့အိပ်ရာကို ကျွန်မကပင် သိမ်းလိုက်ရသည်။
" သူတို့က တောင်ကြီးကို ဘာသွားလုပ်ကြတာလဲမောင် "
" ကိုချမ်းမြက မှောင်ခိုကူးနေတယ် "
" သြော် ဒီလူနှယ်၊ မှောင်ခိုကုန်ကူးတာများ မယားငယ်ငယ်ချောချောလေးကို ခေါ်သွားရက်တယ်နော် "
မောင်ကတော့ သူ့သူငယ်ချင်းအတွက် ခပ်မဆိတ်သာ နေပါလေသည်။
* * *
" သမီးရေ ဒီမှာ ဧည့်သည်လာနေတယ် "
အမေ့အသံကြားသဖြင့် အိမ်ရှေ့လှမ်းကြည့်လိုက်ရာ အမျိုးသမီးဖြစ်နေလို့ အပြေးထွက်သွားမိသည်။ မောင်ရုံးသွားနေခိုက်ဖြစ်လို့ အိမ်တွင် မရှိပေ။
" ဒီအိမ်က ကိုမြင့်နိုင်တို့အိမ် ဟုတ်ပါလားရှင် "
" ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ထိုင်ပါဦးရှင် "
အမျိုးသမီးပုံက နွမ်းလျလှသည်။ ညှိုးငယ်ပြီး ငိုတော့မလိုဖြစ်နေသည်။ အရွယ်ကလည်း ကျွန်မထက်ကြီးပုံရသည်။ သူမက ကျွန်မဖိတ်ခေါ်ချက်ကို အသာအယာ ခေါင်းယမ်းပြသည်။
" နေပါစေရှင်၊ မထိုင်တော့ပါဘူး။ ကိုမြင့်နိုင်သူငယ်ချင်း ကိုချမ်းမြတစ်ယောက် ဒီကို လာသလားလို့ပါ "
" ကိုချမ်းမြ ဟုတ်လား။ ဟိုတလောကတော့ လာတယ်ရှင့်။ နောက်ထပ်မလာပါဘူး။ ဘာဖြစ်လို့လဲ "
" သြော် သူ အိမ်ပြန်မလာတာ လေး ငါး ဆယ်ရက်ရှိနေပြီမို့ပါ "
" ရှင်.... ဒီက ကိုချမ်းမြနဲ့ ဘာတော်ပါသလဲ "
" ကျွန်မက သူ့မိန်းမပါ "
မြတ်စွာဘုရား။ ကျွန်မခေါင်းသည် ချာလပတ်လည်သွားပါသည်။ တံခါးကိုလဲ လက်ဖြင့် တင်းတင်းဆုပ်လိုက်မိသည်။
" သြော် အင်း ... အင်း ဟုတ်ကဲ့ ဟုတ်ကဲ့ "
" သူ တောင်ကြီးသွားတာ ကြာလို့ လာမေးကြည့်တာပါ၊ ခါတိုင်း ဒီလောက်မကြာဘူး။ ပြန်ပါဦးမယ် "
" ကောင်းပါပြီ။ ကောင်းပါပြီ။ သူလာရင် ပြောပြလိုက်ပါ့မယ်။ အိမ်က စိတ်ပူနေတယ်လို့ "
အင်း .. ကိုချမ်းမြ၊ ကိုချမ်းမြ။ လူကတော့ မချမ်းမြပါကလား။ လက်စသတ်တော့ ဟိုအမျိုးသမီးက သူ့မိန်းမမှ မဟုတ်တာ။ အ လိုက်တဲ့ငါ့နှယ့်။ ဒီလောက်ပဲ လူကဲခတ်ညံ့ရသလား။ ကလေးအမေနဲ့ အပျိုကိုမှ ခွဲခြားလို့မသိဘူးလား။ အ ဦးဟဲ့၊ ထုံဦးဟဲ့၊ အမူအရာကိုကြည့်တာနဲ့မှ အဖြစ်မှန်ကို မရိပ်မိဘူးလား၊ မသိဘူးလား။ နင် ဒီလို အ ပုံမျိုးနဲ့ နင့်ယောက်ျားတော့ နင့်ကို ပစ်သွားတော့မှာပဲ။ အပြင်လောက ဘာဖြစ်လို့ဖြစ်မှန်းမသိ။ အိမ်တွင်းပုန်းနေတဲ့မိန်းမ။ သည်တစ်ခါ ခံရပေါ့။ ဟင်း ကိုချမ်းမြတော့လား လာပေစေဦး။
" မောင် ဒီနေ့ ကိုတင်မောင်ဦးတို့အိမ်က ဘုရားကိုးဆူဖိတ်ထားတယ်မဟုတ်လား "
" အေး ဟုတ်သားပဲ။ မေ့နေလိုက်တာ "
" မိက အ၀တ်အစားတောင် ရွေးထားပြီးပြီ "
" ဘာလဲ မိပါလိုက်ဦးမလို့လား"
" ဒါပေါ့။ ဘာလဲ မိကို မခေါ်ချင်ပြန်ဘူးလား "
" ခေါ်ချင်ပါသဗျာ၊ မိသဘောပါ၊ မိလိုက်မယ်ဆိုရင် သုံးဘီးငှားရဦးမှာပေါ့၊ ဒီအ၀တ်စားတွေနဲ့ "
" ငှားချင်လဲငှား၊ မငှားချင် ဒီအတိုင်းသွား မောင်၊ မိကတော့ လိုက်မှာပဲ "
" သြော် လိုက်ပါ ပြောနေမှပဲ၊ လိုက်လိုက်၊ တကတဲ သူ့မှာ ဘာဖြစ်နေတယ်မသိဘူး၊ သွားလေရာ တကောက်ကောက်လိုက်နေတော့တာပဲ "
" လိုက်ရမယ် မောင်ရေ၊ လိုက်ရမယ်၊ မောင်တို့ယောက်ျားတွေက လိုက်နိုင်မှ တန်ကာကျတာ၊ အိမ်တွင်းမှုအလုပ် သိမ်းထုပ်သေချာနေရုံနဲ့ မပြီးသေးဘူး၊ မောင်တို့ရဲ့အလိမ်အညာအလှည့်အပတ် မခံရအောင်၊ နှံ့စပ်အောင် သိထားမှ၊ နားလည်ထားမှ "
ကျွန်မက အ၀တ်အစားလဲရင်း ပါးစပ်မှ တတွတ်တွတ်ပြောနေမိသည်။
" ကဲ မရွှေမိ၊ စကားမရှည်နဲ့။ ပြီးရင် သွားမယ် "
ကျွန်မပြင်ဆင်လို့မှ စိတ်တိုင်းမကျသေးခင် မောင်က ပြောပြောဆိုဆို ရှေ့မှဆင်းသွားနှင့်သဖြင့် မနေ့ကမှရွေးထားသော ဒေါက်ဖိနပ် ဖြူဖြူဖွေးဖွေး အသစ်စက်စက်လေးကို ကိုင်တဲ့ကာ အပြေးအလွှား ဆင်းလိုက်လာခဲ့ရပါသည်။
ကိုင်း ... ဒီတစ်ခါ ကျွန်မသာလျှင် မယားအစစ်ဖြစ်ပါကြောင်း ပြည်ပေါ်မှာ ရွှေကြော်ငြာထုတ်နိုင်ဖို့ နောက်တော်ပါးမှ တစ်ဖဝါးမခွာ လိုက်ပါတော်မူရော့မယ်၊ ဗိန်းဗောင်းနဲ့ပို့စမ်းပါ ရွာစားရေ့။
---------------------------
မိုးမိုး (အင်းလျား)
တိုင်းရင်းမေ။ ၁၉၇၄။
crd- ဝတ္ထုတိုလေးများ
Credit - သောကြာကြိုက်သောစာစုများ blog
#မိုးမိုးအင်းလျား #မိုးမိုး(အင်းလျား)
#ဝတ္တုတို #စာပေရေးရာ
Click here to claim your Sponsored Listing.
Location
Category
Website
Address
10002
Opening Hours
| Monday | 9am - 5pm |
| Tuesday | 9am - 5pm |
| Wednesday | 9am - 5pm |
| Thursday | 9am - 5pm |
| Friday | 9am - 5pm |
| Saturday | 9am - 5pm |
| Sunday | 9am - 5pm |
