01/04/2026
အမျိုးသားညီညွှတ်ရေး အစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
သရက်ခရိုင် အမှတ် (၁) တပ်ရင်း
အသိပေးထုတ်ပြန်ကြေညာခြင်း
New way (လမ်းသစ်) အား မတ်လ (၂) ရက်၊ ၂၀၂၆ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၎င်းအဖွဲ့သည် အောင်လံမြို့နယ် အခြေစိုက် သရက်ခရိုင် အမှတ် (၁) တပ်ရင်းမှ တရားဝင် အသိအမှတ်ပြုထားသော ထောက်ပို့တပ်သားများ စုစည်းထားသည့် အဖွဲ့အစည်းဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ မိမိတို့တော်လှန်ရေးအား ထောက်ပံ့ကူညီပံ့ပို့လိုပါက ယုံကြည်စွာ ဆက်သွယ် ပံ့ပိုးနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
ဆက်သွယ်ရန် လင့် - https://www.facebook.com/share/16uUQWrHka/
တာဝန်ခံ
သရက်ခရိုင် အမှတ် (၁) တပ်ရင်း
13/02/2026
အမျိုးသားညီညွှတ်ရေး အစိုးရ
ကာကွယ်ရေး ဝန်ကြီးဌာန
သရက်ခရိုင် အမှတ် (၁) တပ်ရင်း
၁၁.၂.၂၀၂၆ ခုနှစ်၊ နံနက် ၁၀ နာရီ အချိန်တွင် မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့ ရွှေရတုခန်းမမှ ထွက်လာသော အင်အား (၃၀) ခန့်ပါ သံပြားကာ ကားတစ်စီးအား မိုးကောင်းကျေးရွာနှင့် တောင်ဗွေကျေးရွာအကြားတွင် မိမိတို့ တော်လှန်ရေး တပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ရာ ရန်သူဘက်မှ ၃ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရှိခဲ့ရပြီး မိမိတို့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။
အဆိုပါတိုက်ခိုက်မှု့အား မိမိတို့ သရက်ခရိုင် အမှတ် (၁) တပ်ရင်း၊ အောင်လံ ပ.က.ဖ နှင့် နေပြည်တော် ဗျူဟာ (၁၇) မှ ၉၀၂ တပ်ရင်း နှင့် ၈၀၄ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။
#သတင်းတာဝန်ခံ
#သရက်ခရိုင် အမှတ် (၁) တပ်ရင်း
15/03/2025
အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေး ဝန်ကြီးဌာန
အမှတ် (၁) စစ်ဒေသ
သရက်ခရိုင် အမှတ် (၁) တပ်ရင်း
စစ်ရေးသတင်း ထုတ်ပြန်ချက်
မတ် ၁၅၊ ၂၀၂၅ ခုနှစ်။
အောင်လံမြို့အခြေစိုက် က.ပ.စ (၁၅) မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂၅) ဦးခန့်သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ ည ၈း၄၀ မိနစ်တွင် သမ္ဘူလကျေးရွာနှင့် အနီးပတ်ဝန်းကျင်နေရာများသို့ ကင်းပတ်ခဲ့ပါသည်။
ကျွန်ုပ်တို့တော်လှန်ရေးပူးပေါင်းအဖွဲ့များက ခြေလျင်ချီတက်လာသော ထိုစစ်ကောင်စီ ကင်းအဖွဲ့အား ၂၀၂၅ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ည ၉း၀၄ မိနစ်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ပါသည်။ သမ္ဘူလတိုက်နယ်အတွင်းရှိ ဖောင်ရိုး-အင်းကြီး-ကျွဲခေါင်းကျေးရွာလမ်းဆုံတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။
တိုက်ပွဲကြာချိန် ၁၀ မိနစ်ခန့်တွင် က.ပ.စ (၁၅) မှ စစ်ကူများ ထပ်မံပို့ဆောင်ခဲ့သည့်အတွက် ကျွန်ုပ်တို့အဖွဲ့များ ပြန်လည်ဆုတ်ခွါပေးခဲ့ရပါသည်။ ရဲဘော်များ ထိခိုက်ဒဏ်ရာ ရရှိမှု တစ်စုံတစ်ရာမရှိဘဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပါသည်။
ဤထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူ တစ်ဦးအပါအဝင် (၇) ဦးခန့် ထိခိုက်ဒဏ်ရာရှိခဲ့ပါသည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားသည့် နေရာမှ ၅.၅၆ ကျည် (၅၂) တောင့်၊ MA2 ကျည်ဘောက် (၁) ဘောက်နှင့် ဦးထုပ် (၁) လုံး ရရှိခဲ့ပါသည်။
ဤတိုက်ပွဲအား သရက်ခရိုင် အမှတ် (၁) တပ်ရင်း၊ နေပြည်တော်တပ်ရင်း (၉၀၂)၊ နေပြည်တော်တပ်ရင်း (၈၀၄)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SMPDF) နှင့် အောင်လံ ပ.က.ဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။
သတင်းတာဝန်ခံ
သရက်ခရိုင် အမှတ် (၁) တပ်ရင်း
အမှတ် (၁) စစ်ဒေသ
18/02/2025
အမျိုးသား ညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်
အမှတ် (၁) စစ်ဒေသ
ဖေဖေါ်ဝါရီ ၁၈၊ ၂၀၂၅ ခုနှစ်။
တိုက်ပွဲသတင်း ထုတ်ပြန်ကြေညာခြင်း
တပ်မ ၈၈ လက်အောက်ခံ ထုတ်နှုတ်အင်အားများနှင့် ပျူများဖြင့် ဖွဲ့စည်းထားသည့် အင်အား ၉၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်းအား နယ်မြေရှင်းလင်းရန်အတွက် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှစတင်ကာ ၇ ရက်ကြာ စစ်ကြောင်းထိုးခဲ့ပါသည်။
ဗိုလ်မှူးအောင်ဇော်ဖြိုး ဦးဆောင်သည့် ၎င်းစစ်ကြောင်းသည် ကိုးပင်-သာဂရ လမ်းပိုင်းပေါ်ရှိ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာမှ စတင်ကာ ဘန်းကုန်းကျေးရွာအထိ နယ်မြေရှင်းလင်းရန် ကြိုးစားခဲ့ပါသည်။
သို့သော် ကျွန်ုပ်တို့၏ တော်လှန်ရေးအဖွဲ့များက ၎င်းခြေလျင်စစ်ကြောင်းအား ကိုးပင်-သာဂရလမ်းပေါ်ရှိ ဝါးစိမြောင်ကျေးရွာနှင့် ကြက်မွေးနှုတ် ကျေးရွာအကြားတွင် ပဒေသာမိုင်းနှစ်တွဲသုံးကာ တိုက်ခိုက်ခဲ့ပါသည်။
ဤတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၀) ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရပါသည်။
ဤတိုက်ခိုက်မှုအား သရက်ခရိုင် အမှတ် (၁) တပ်ရင်း၊ နေပြည်တော်တပ်ရင်း (၉၀၂) နှင့် နေပြည်တော်တပ်ရင်း (၈၀၄) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း မိုင်းဆွဲတိုက်ခိုက်သည့် နေရာအနီးရှိ အပြစ်မဲ့ပြည်သူပိုင် နေအိမ် (၂) လုံးနှင့် တဲ (၂) လုံးအား စက်လက်များ၊ ၄၀ မမ ဗုံးသီးများဖြင့် ယမ်းသမ်းပစ်ခတ်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ပါသည်။
တပ်ရင်းမှူး (ယာယီ)
ပြည်သူ့ကာကွယ်ရေး တပ်မတော်
သရက်ခရိုင် အမှတ် (၁) တပ်ရင်း၊
မကွေးတိုင်း။
04/07/2024
အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေး ဝန်ကြီးဌာန
သရက်ခရိုင်အမှတ် (၁) တပ်ရင်း (အောင်လံ)
စစ်ရေးသတင်းထုတ်ပြန်ချက်
ထုတ်ပြန်ချက်အမှတ် (၇/၂၀၂၄)
(ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်)
စစ်ကောင်စီအဖွဲ့သည် အောင်လံမြို့နယ်အတွင်းရှိ ကျွန်ုပ်တို့တော်လှန်ရေးအင်အားစုများကို ချေမှုန်းရန်အတွက် ယခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ ၂၈ နေ့အတွင်း စစ်ကြောင်းနှစ်ကြိမ်ထိုးခဲ့ပါသည်။
ဇွန်လ ၁၆ ရက်နေ့မှစတင်ကာ သုံးရက်ကြာ ကြိုးပမ်းခဲ့သည့် ပထမစစ်ကြောင်းနှင့် ကျွန်ုပ်တို့ တော်လှန်ရေး အင်အားစုများအကြား ဇွန်လ ၁၆ ရက်နေ့၊ နေ့လည် ၂း၀၀ နာရီတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထို့အပြင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းအား ကျွန်ုပ်တို့တော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၁၈ ရက်နေ့ နေ့လည် ၂း၃၀ နှင့် ည ၉း၃၀ နာရီတို့တွင် ပဒေသာမိုင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ရာ ကားလဲသည်အထိ ဖြစ်ခဲ့ရပါသည်။ အကျိုးဆက်အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ကျွန်ုပ်တို့တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ပါ။
ပထမအကြိမ်တွင် အထိနာခဲ့သော ၎င်းစစ်ကြောင်းသည် အင်အား ၅၀ ဝန်းကျင်ပါ စစ်ကြောင်းတစ်ကြောင်း ပြန်လည်စုဖွဲ့ကာ ဇွန်လ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ စစ်ကြောင်းထိုးခဲ့ပါသည်။ မထင်မှတ်သောလမ်းများနှင့် တောတောင်၊ လျှိုမြောင်များကိုသုံးကာ ထုတ်လုပ်ရေးစခန်းငယ်တစ်ခုသို့ ရောက်ရှိသည်အထိ ထိုးဖောက်နိုင်ခဲ့ပြီး ထုတ်လုပ်ရေး ပစ္စည်းများကို ဖျက်ဆီးခဲ့ပါသည်။ သို့သော် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်၊ ဒဏ်ရာရရှိမှုတစ်စုံတစ်ရာ မရှိခဲ့ပါ။
ဤတိုက်ပွဲများတွင် အောင်လံ ပ.က.ဖ၊ သရက်ခရိုင် အမှတ် (၁) တပ်ရင်း၊ မကွေးခရိုင် အမှတ် (၂) တပ်ရင်း၊ တပ်ခွဲ (၂)၊ နေပြည်တော်တပ်ရင်း (၉၀၂)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (SMPDF) တို့ ပါဝင်ခဲ့ပါသည်။
ပြန်ကြားရေး တာဝန်ခံ
သရက်ခရိုင်အမှတ် (၁) တပ်ရင်း
11/06/2024
ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်သူများသိစေရန်
အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့)
အတင်းအဓမ္မ စစ်သားစုဆောင်းရာတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ
မပါဝင်ရန် တားမြစ်ပိတ်ပင်ခြင်း
ကြေညာချက်အမှတ် (၆/၂၀၂၄)
(ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်)
အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ၎င်း၏ စစ်မှုမထမ်းမနေရ ဥပဒေအရ အောင်လံမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့် ၃၅ နှစ်အကြား လူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းလျက်ရှိပါသည်။
ထိုသို့စုဆောင်းရန်အတွက် အောင်လံမြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား အသုံးချနေပါသည်။ အချို့သော အုပ်ချုပ်ရေးမှူးများကမူ စစ်ကောင်စီနှင့်ပူးပေါင်း၍ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေသည်ကိုလည်း တွေ့မြင်နေပါသည်။
၎င်းအုပ်ချုပ်ရေးမှူးများ၏ စာရင်းအား အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က မှတ်တမ်း တင်ထားပြီးဖြစ်ကာ ပြင်းထန်စွာ အရေးယူသွားမည့်အကြောင်း ဤကြေညာချက်နှင့်အတူ အသိပေးအပ်ပါသည်။
ထို့အတူ စစ်ကောင်စီနှင့်ပူးပေါင်း၍ အောင်လံမြို့ခံ လူငယ်များအား လျပ်တပြက် ဝင်ရောက်ဖမ်းဆီးခြင်း မပြုရန် အခြား ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား ဤကြေညာချက်နှင့်အတူ တားမြစ်အပ်ပါသည်။ တားမြစ်ချက်အား လိုက်နာခြင်းမရှိပါက ပြင်းထန်စွာ အရေးယူခြင်း ခံရမည်။
ပြန်ကြားရေး တာဝန်ခံ
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့)