29/02/2024
"အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး အခြေခံပညာကဏ္ဍ ကျောင်းသားအင်အားစုများ၏ သဘောထားအမြင်နှင့် အကြံပြုတိုက်တွန်းချက်"
ရက်စွဲ - ဖေဖော်ဝါရီလ ၂၉ရက်၊ ၂၀၂၄ခုနှစ်
#မဟာအောင်မြေမြို့နယ်ကျောင်ူသားများသမဂ္ဂ_ဗကသများအဖွဲ့ချုပ်
05/12/2023
❝ အမျိုးသားပညာရေးမှသည် ဖက်ဒရယ်ပညာရေးတိုက်ပွဲဆီသို့ ❞
လာမယ့် ဒီဇင်ဘာ (၇)ရက်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့မှာဆိုရင် အမျိုးသားအောင်ပွဲနေ့ (၁၀၃)နှစ်မြောက်ပြီ ဖြစ်ပါတယ်။ ဒီအမျိုးသားနေ့ဟာ လွတ်လပ်ရေးအတွက်လမ်းစဖြစ်တဲ့ အမျိုးသားတော်လှန်ရေးကြီးကို မီးမြိုက်ပေးခဲ့သလို နောင်အခါမှာပေါ်ပေါက်လာမယ့် အမျိုးသားပညာရေးကိုပါ အစပျိုးပေးနိုင်ခဲ့ပါတယ်။
အခုအခါမှာတော့ အများစုမျှော်လင့်ကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်မှာရော ဖက်ဒရယ်ပညာရေးက ဘယ်လိုအခြေအနေရှိပါသလဲ။ ဖက်ဒရယ်ပညာရေးအတွက် ဘယ်အရာတွေက အလားအလာကောင်းသလို ဘယ်အရာတွေဟာ အဟန့်အတားဖြစ်နေပါသေးသလဲ။ အမျိုးသားပညာရေးကစလို့ ဖက်ဒရယ်ပညာရေးခရီးလမ်းအထိ ဖြတ်သန်းခဲ့ပုံများကို အောက်ပုံပါ လူပုဂ္ဂိုလ်များမှ ဒီဇင်ဘာ ၇ ရက်၊၂၀၂၃မှာ ဆွေးနွေးပေးသွားပါလိမ့်မယ်။
နေ့ရက်။ ။ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် (ဒီဇင်ဘာ ၇၊ ၂၀၂၃)
အချိန်။ ။ မြန်မာစံတော်ချိန် ည ၆ နာရီ
နေရာ။ ။ Facebook live
#မဟာအောင်မြေမြို့နယ်ကျောင်းသားများသမဂ္ဂ_ဗကသများအဖွဲ့ချုပ်
05/12/2023
"ခေတ်လွတ်လပ်မှ ကျောင်းသားလွတ်လပ်မယ်"
၂၀၂၃ခုနှစ် ၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် Facebook Profile Campaign အား ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ (SURC)နှင့် အခြေခံပညာကျောင်းသားသမဂ္ဂအစုအဖွဲ့ တို့မှ ပူးပေါင်းပြုလုပ်ပါသည်။ ကျောင်းသားပြည်သူများအနေဖြင့် Profile Campaign တွင်ပါဝင်ရင်း စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးမှ လွတ်လပ်မှုခေတ်ဆီသို့ ဆက်လက်
ချီတက်ရန် တိုက်တွန်းနှိုးဆော်ပါသည်။
Campaign ရည်ရွယ်ချက်
- မတရားဖိနှိပ်ချုပ်ချယ်သောခေတ်မှ လွတ်လပ်ခေတ်အဖြစ်တိုက်ပွဲဝင်တည်ဆောက်ကြရန်
- ဖက်ဒရယ်ဒီမိုကရေစီပညာရေးတည်ဆောက်ရန်
Profile change ရန် Link - https://twb.nz/surc23
#၁၀၃နှစ်မြောက်အမျိုးသားအောင်ပွဲနေ့
#ခေတ်လွတ်လပ်မှကျောင်းသားလွတ်မယ်
#မဟာအောင်မြေမြို့နယ်ကျောင်းသားများသမဂ္ဂ_ဗကသများအဖွဲ့ချုပ်
03/12/2023
⬛ အမျိုးသားနေ့ အောင်လံရိပ်ဝယ်
ဥဒေတယံ၊ အိုးဝေသံနှင့်
အောင်လံမိုးဆီ၊ ငါတို့ချီသည်
ညီညွတ်ခဲ့ကြ၊ အတိတ်က။
အမျိုးသားမာန်၊ နိုးကြားပြန်၍
နိုင်ငံလွတ်မြောက်၊ အကျိုးရောက်ခဲ့
မဖောက်သစ္စာ၊ မရှာကိုယ်ကျိုး
မညှိုးစေရ၊ ကိုယ့်သီလတည့်
ဆောင်းမြရက်မွန်၊ ဒေါင်းကတွန်ပြီ
ချွန်ချွန်မြမြ၊ အတိတ်က။
အမျိုးသားစိတ်၊ အောင်လံရိပ်ဝယ်
အတိတ်ကိုတွေး၊ စိတ်ကိုသွေးလျက်
မွေးသည့်စိတ်ဓာတ်၊ အရောင်ဟပ်ပြီ
ဟပ်သည့်အရောင်၊ ဦးခေါင်းထောင်ပြီ
ထောင်သည့် ဦးခေါင်း၊ မြေမလျောင်းအောင်
စိတ်မောင်းတင်မှ၊ မာန်ဝင်မှ
ရှေ့တွင်လမ်းစ၊ မြင်မည်ပါ့။
တင်မိုး
(ပန်ရုပ်စုံမဂ္ဂဇင်း၊ ၁၉၈၄ ဇန်နဝါရီ)
#၁၀၃နှစ်မြောက်အမျိုးသားအောင်ပွဲနေ့
#မဟာအောင်မြေမြို့နယ်ကျောင်းသားများသမဂ္ဂ_ဗကသများအဖွဲ့ချုပ်
02/12/2023
⬛ ကျွန်ပညာနှင့် သခင်ပညာ
- ကိုအောင်ဆန်း
(နောင်တွင် လွတ်လပ်ရေးဗိသုကာကြီး ဖြစ်လာမည့် ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝက တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ အိုးဝေမဂ္ဂဇင်းတွင် ရေးသားခဲ့သော ကိုလိုနီခေတ်နှင့်ပက်သက်သည့် ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။)
လူကြီးနှင့်လူငယ်
==========
တိုင်းပြည်ထူထောင်ရေးလုပ်ငန်းတွင် လူကြီးနှင့်လူငယ်ဟူ၍ အလုပ်သမားနှစ်မျိုးနှစ်စား ရှိလေသည်။ လူကြီးတို့အဖို့မှာ ကောင်းမွန်သော နည်းလမ်းများကို ညွှန်ပြနိုင်သည့် စွမ်းရည်သတ္တိရှိစေရမည်။ လူငယ်တို့မှာကား ထိုသို့ညွှန်ပြသည့်လမ်းကို တန်းတန်းဖြောင့်ဖြောင့်
ကြောက်ရွံ့ခြင်း ကင်းဘိလျက် လိုက်ရဲရပေမည်။
ယခုမြန်မာပြည်တွင်ကား လူကြီးများမှာလည်းစွမ်းရည်သတ္တိမရှိ၊ ဗလာချည်းဖြစ်နေသည်ကို တွေ့ရသည်။ လူငယ်တို့အား ကောင်းမွန်သော နမူနာပြရမည်ဖြစ်သော လူကြီးများစွာတို့သည် ကလပ်တက်ခြင်း၊ ဖဲရိုက်ခြင်း၊ အမျိုးမျိုး ကလိမ်စေ့ငြမ်းဆင်သည့် အမှုမျိုးသာတွေ့ရ၏။ သို့ဖြစ်ရကား အကယ်၍ ဆောင်ရွက်ချင်သော လူငယ်များမှာ ညွှန်ပြမည့် အလင်းရောင် ကင်းမဲ့လျက် အမှောင်မိုက်ထဲတွင် ခြေစမ်းလက်စမ်းဖြင့်သာ အချိန်ကုန်ရလေသည်။ အချို့သောသူတို့က လူကြီးများကို ဆဲသည်ဟု လူငယ်တို့အား အပြစ်တင်ကြလေသည်။ သို့သော်လည်း ဤအရေး ဤကိစ္စမှာ လူငယ်နှင့်လူကြီး နှစ်ဦးစလုံးအပြစ်မကင်းကြပေ။ လူကြီးတို့မှာ ဖော်ပြခဲ့သည့်အတိုင်း ကောင်းမွန်သော လမ်းညွှန်ပြခြင်းမရှိ။ လူငယ်တို့မှာ လူကြီးတို့၏ အပြစ်ကို ပြရုံမှတစ်ပါး အခြားအလုပ်ပြခြင်းမရှိသေး။
ကျွန်ုပ်တို့အဖို့မှာမူကား အိန္ဒိယပြည်မှာ မဟတ္တမဂန္ဓီ၊
စီအာဒတ်၊ မိုတီလာနေရူး၊ တိလတ် အစရှိသူတို့ ကဲ့သို့လည်းကောင်း၊ အိုင်ရာလန်ဒီဗလာရာ၊ အီတလီပြည်၊
ဂရိဘောလဒီ၊ မစ်ဇနီတို့ကဲ့သို့လည်းကောင်း ကျကျနန ခေါင်းဆောင်နိုင်၍ခေါင်းဆောင်မည့် မည်သူ့လူကြီးကိုမဆို နောက်လိုက်အဖြစ်လိုက်ပါဆောင်ရွက်ရန် အသင့်ပင်ရှိလေသည်။ ထိုသို့ခေါင်းဆောင်နိုင်မည့်၊ ထိုသို့ခေါင်းဆောင်ရဲမည့် ပုဂ္ဂိုလ်တစ်ဦးထွက်ပါလေ။ စောင့်လျက် ကျွန်ုပ်တို့မျှော်မည်။
နာမည်ကြီးသည့် ဤတက္ကသိုလ်၌ လမ်းညွှန်မည့်လူကြီးဆိုလျှင် လူငယ်တို့သည် ရှေ့သို့တိုး တင်၍ လုပ်ငန်းကို ထွင်နိုင်မည်ဖြစ်သဖြင့် မိမိတို့အလှည့် ကျရောက်သောအခါ ခေါင်းဆောင်သည့် လုပ်ငန်းကို မပင်မပန်းဘဲ ထမ်းဆောင်နိုင်ပေလိမ့်မည်။ ကျွန်ုပ်တို့လူငယ်တို့ကလည်း ထိုအချိန်ထိုအခါ အတွက် ယခုကပင် အသင့်ပြင်ဆင်ထားရပေမည်။ ကြိုးစားအားထုတ်ရပေမည်။ အထူးသဖြင့် ကျွန်ုပ် တို့ တက္ကသိုလ်ကျောင်းသားများသည် ဤအရေးတွင် အချက်အချာဖြစ်လေသည်။
သို့ဖြစ်လင့်ကစား ယခုလက်ရှိ တက္ကသိုလ်ကျောင်းသားများမှာ နာမည်ဟီးသလောက် အဆံမရှိ ဖြစ်နေသည်ကို တွေ့ရပေသည်။ ကျွန်ုပ်တို့ တက္ကသိုလ်ကျောင်းသားတို့သည် ယခုရရှိနေသော ကျွန်ပညာကို အဟုတ်ကြီးမှတ်ထင်နေကြ၍ နာထင်သွေးရောက်ပြီးလျှင် မြန်မာတို့
ပြုသမျှကို ရှုံ့ချကဲ့ရဲ့လို သောစိတ်၊ လွတ်လပ်သော သခင်အလုပ်ကို ဂုဏ်နိမ့်သည်ထင်သော စိတ်တို့ကို မွေးမြူထားသင့်သဖြင့် အထက်မရောက်၊ အောက်မကျ ဂွသမားများ ဖြစ်နေကြလေသည်။
ကျွန်ုပ်တို့ တက္ကသိုလ်ကျောင်းသားတို့သည် ဟီရိသြတ္တပတရားကင်းမဲ့လျက်၊ ၄င်းတရားကိုပင် နားမလည်နိုင် ရှိနေပေသေးသည်။ မကြောက်ရမည့် နေရာတွင် ကြောက်၍
မရှက်ရမည့် နေရာတွင် ရှက်နေသည်ကို တွေ့ရပေမည်။ နိုင်ငံခြားသားတို့ကို မြင်လျှင် ဒူးတုန်ချင်သည့်စိတ်
မပျောက်သေး၊ ဘောလုံးပွဲတွင်ဆဲချင်ဆိုချင်သောင်းကျန်းချင်သည့် စိတ်ဓာတ်မှာလည်း
အထူးရှက်စရာကောင်းလေ သည်။ လွတ်လပ်သောအလုပ်ကို မခင်မင်၊ လွတ်လပ်သောဘဝ၏ တန်ဖိုးကို
မသိ။ ထို့ကြောင့် လွတ်လပ်သော ဘဝကို မတောင့်တ၊
မကြံဆရအောင် မကြိုးစားကြဘဲ ရွှေရည်မွမ်းမံ
ထားသော လှောင်ချိုင့် ထဲတွင် အပျော်ကြီးပျော်နေကြပေသည်။
ကျွန်ုပ်တို့ တက္ကသိုလ်ကျောင်းသားတို့တွင် အလွမ်းနာသမားတို့ကား များလှစွာ၏။ သို့သော် တလွဲလွမ်းနေသည်ကို တွေ့ရပေသည်။ သနားတတ်သောသူများကိုလည်း တွေ့ရပါ၏။ သို့သော် တလွဲ သနားနေကြသည်။ ချစ်ယောင်ဆောင်၍ သေအောင်သတ်တတ်သော ရန်သူတို့က အရှူအရှိုက်နှင့် ငို ချင်းချသည်ကို မြင်ရသောအခါ ရင်ထဲတွင် ဖိုလှိုက်ဖိုလှိုက်နှင့် ဝမ်းနည်းသည့်စကားသံများကို ကြားရ ပေသည်။ ဘက်ရိုက်တော်သူတစ်ယောက် မောပန်းနေ၍ကောင်းမွန်စွာ မကစားနိုင်ရှာသည့်အခါ အတော်မသိသော လူထုကြီးသည် မဟာဂရုဏာတော် အနန္တရှိလှ၍ စုတ်တသတ်သတ် ပြောဆိုကြသည် ကိုကား ကြားသိရပေသည်။
သို့ရာတွင် ကျွန်တွင်းနစ်၍ ရတနာ ရွှေ ငွေ ဆုံးပါးပျက်စီးနေသော ကျွန်ုပ်တို့၏ တိုင်းပြည်အ တွက်နှင့် နံနက်စာနံနက်၊ ညစာညရှာစားရသော များမြောင်လှစွာသော ဆင်းရဲသားတို့အတွက်မူကား သနားခြင်း၊ ဂရုဏာတရားသည်ကား ခေါင်းပါးလှပေ၏တကား။ ဤသို့လျှင် ကျွန်ုပ်တို့ တက္ကသိုလ် ကျောင်းသားများမှာ ပညာ၏ အရိပ်အယောင်များသာဖြစ်၍ ပညာစစ်၏အချက်အချာဖြစ်သော အဆိုး အကောင်းတန်ဖိုးကို မဝေဖန်နိုင်ဘဲရှိလေသည်။
ကျွန်ပညာနှင့် သခင်ပညာ
****
ဤပညာနှစ်မျိုးကို အချို့သူတို့မှာ နားမလည်ဘဲ ပြောနေကြပေသည်။ ဤပညာနှစ်မျိုးကို ရှင်း လင်းရန်မှာလည်း မလွယ်ကူလှပေ။ ကျမ်းတစ်ဆောင်တစ်ဖွဲ့နှင့် ရေးသားမှ ရှုင်းလင်းမည့်အရာဖြစ်ပေသည်။
အင်္ဂလန်၊ ဂျပန်၊ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊
ဂျာမဏီ၊ ရုရှားတိုင်းပြည်တို့တွင်သင်ကြား သော ပညာရေးစနစ်တို့နှင့် အိန္ဒိယပြည်နှင့် မြန်မာပြည်တွင်ပေးအပ်သော ပညာရေးစနစ်မှာ မိုးနှင့်မြေ ကြီးမျှ ကွာခြားနေသည်ကိုတွေ့ရလေသည်။ ပညာသင်ကြားရေးရာတွင် အသက်မွေးဝမ်းကျောင်း ပ ညာရပ်များတွင် ရိုးရိုးသင်ကြားရာတွင်လည်း စွမ်းစွမ်းတမံ ကိုယ့်ဒူးကိုယ်ချွန်လိုသည့် စိတ်နှင့် ထိုသို့ပြု လုပ်နိုင်သည့် အရည်အချင်းတို့ကို ကျောင်းသားလူငယ်များမွေးမြူလာနိုင်အောင် ပြုပြင်ပေးရမည်။
အိန္ဒိယပြည်နှင့် မြန်မာပြည်ရှိ ပညာရေးစနစ်မှာ
မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် ဤလေးဆင့်ပိုင်းမျှရှိလေသည်။ ရှိသောအဆင့်လေးပိုင်းတို့သည်လည်း ကောင်းမွန်ကျနစွာမရှိ၊ ဤမျှသောပညာကို ကျွန်ုပ်တို့အားပေးရာတွင် သာယာစားတွေများလာစေ၍ ကျွန်စိတ်သဘောက်စိတ် ပေါက်သူများ ရှိလာအောင်ဖြစ်လေသည်။ ဤရည်ရွယ်ချက်မှာ အင်္ဂလိပ်ပညာကို အိန္ဒိယတွင် ပထမစတင်ထွင်သူ (လောဒ်မက်ကောလေး)က လမ်းကြောင်းပြခဲ့ခြင်းဖြစ်လေသည်။ အိန္ဒိယဘုရင်ခံချုပ်တစ် ဦးဖြစ်သော (လော့ကာဇုံ) ကလည်း အိန္ဒိယပြည်ရှိ ပညာရေးစနစ်ကို ချုပ်နိုင်သမျှ
ချုပ်ရမည်ဟု မြွက် ကြားဖူးလေသည်။ အကြောင်းကား
အင်ပါယာချဲ့ထွင်ရေးစနစ်ကို တည်တံ့ခိုင်မြဲစေရန် ဖြစ်လေသည်။
အင်ပါယာချဲ့ထွင်ရေးစနစ်သည် အရေးကြီးအရာပါသော ကိရိယာလက်နက်ကြီးတစ်ခု ဖြစ် သည်ကို ၄င်းအင်ပါယာချဲ့ထွင်ရေးကို မကြိုက်နှစ်သက်သူ အင်္ဂလိပ်လူမျိုးတချို့က အတိအလင်း ရေး သားထားကြလေသည်။ အဝေးကြီးမရှာဘဲ အနီးကလေးဖြစ်သော
(မြန်မာစာညွှန့်ပေါင်းကျမ်း) အချီး တွင်လည်း အင်ပါယာချဲ့ထွင်ရေးစနစ်နှင့် ပညာရေးစနစ် မည်သို့သက်ဆိုင်ကြောင်း အရိပ်အမြွက်မျှပြ ထားလေသည်။
သို့ပညာရေးစနစ်ကို အင်ပါယာချဲ့ထွင်ရေးစနစ်နှင့် တံသုတ်ကိုက်ညီလေအောင် မြန်မာပြည်၌ ပညာမသင်မနေရ ဥပဒေမထားရှိခြင်း၊ သင်ကြားရန်ဘာသာရပ်များမှာ အနည်းငယ်သာရှိ၍ အကုန်အစင် သင်မပေးခြင်း၊ ကျောင်းကန်အသီးသီးတို့တွင် ကလေးသူငယ်များအား အင်ပါယာချဲ့ထွင်ရေးစနစ် ၏ ထောက်ပံ့သူများဖြစ်အောင် အမျိုးမျိုးပြုလုပ်ခြင်း၊ တက္ကသိုလ်ပညာကို
လူတိုင်းမယူနိုင်အောင် ပညာ တတ်နည်းအောင်
အမျိုးမျိုးအတားအဆီး အပိတ်အပင်များထားခြင်းတို့ ဖြစ်လေသည်။
ဥပမာတစ်ခုပြရသော် ကျွန်ုပ်တို့တက္ကသိုလ်ပညာရေးစနစ်မှာ (ဂျေဟောလဒိန်) (ကာဒီနယ်န ယူးမင်း) (အဘရာဟင်ဖလက်နာ) (ပရော်ဖက် ဆာဇင်းမန်း) စသော ပုဂ္ဂိုလ်ကြီးတို့ ရေးသားချက်များမှ အထူးကွာခြားပြီးလျှင် အတွင်းရေးသိသူတို့သည် မည်မျှဆိုးဝါးသည်ကို သိကြရပေသည်။ တိုင်းပြည် ငွေနှင့် ဆောက်၍တိုင်းပြည်ရှိ
လူများအတွက် ကျောင်းဖြစ်သော်လည်း ကျွန်ုပ်တို့တက္ကသိုလ် (ယုဒသန် တက္ကသိုလ် ဆရာဖြစ်သင် အားလုံးပေါင်းဆိုလိုသည်မှာ) တိုင်းသူပြည်သားတို့အား (ကလေးကို အရိပ် ပြ အရောင်ပြတယ် ဖိုးလနတ်သား) မျှသာဖြစ်လေသည်။
တိုင်းသူပြည်သားများမှာ ဤပညာရေးတွင် ဘာမှပြောဆိုပိုင်ခွင့်မရှိ၊ တိုင်းသူပြည်သားများက မြောက်သင့်သော ကိုယ်စားလှယ်အနည်းငယ်မျှ အုပ်ချုပ်ရေးတွင် ပါသော်လည်း တန်ခိုးအာဏာအ လျှင်မရှိပေ။ တက္ကသိုလ်ကောင်စီအစည်းအဝေးမှာ တစ်နှစ်တွင် တစ်ခါနှစ်ခါမျှ ပြုလုပ်၍ နာရီဝက်နှင့် အစည်းအဝေးမှ စာတမ်းများကို ၄င်းတို့စီစဉ်သလို ဖတ်ပြပြီးလျှင် ပြီးဆုံးသွားသည်က များလေသည် ဟု ကျွန်ုပ်တို့ ကြားရလေသည်။
အချို့ကမြန်မာပြည် ပညာရေးစနစ်တွင် ပညာတော်သင် စေလွှတ်ခြင်းကို ညွှန်ပြကြ၏။ ပညာ တော်သင် စေလွှတ်ခြင်းသည် စင်စစ်ကောင်းမွန်သော်လည်း ကျွန်ုပ်တို့ပြည်တွင် အသုံးပြုရမည့်စနစ် မှာ အလွန်ညံ့ဖျင်းနေသည်။ တစ်နှစ်လျှင် ပညာတော်သင် ဆယ့်နှစ်ယောက်မက
တစ်ထောင်စေလွှတ် စေကာမူ ယခုစနစ်အရ လွှတ်တော်ပညာသင်သူတို့မှာ တစ်ရာမှာတစ်ယောက် မြန်မာပြည်အား အကျိုးရှိအောင်ပြုလုပ်နိုင်သည့် အရည်အချင်းရှိမည်မဟုတ်ပေ။
ပညာတော်သင် စေလွတ်သည်ဆိုသည်မှာ ဘိလပ်ကို ပို့ခြင်းကိုသာဆိုသည်မဟုတ်။ တစ်စုံတစ် ရာသောအတတ်ပညာ ထွန်းကားရာသို့ ထိုအတတ်ကို
အပြီးတိုင်မြောက် သင်လိုသူအား စေလွတ်ခြင်း ဖြစ်ပေသည်။ သကြားလုပ်ငန်းသင်လိုသူအား သကြားလုပ်ငန်းအကြီးအကျယ်ပြုလုပ်ရာ ဌာနသို့၄င်း လယ်စိုက်ပျိုးရေးအတွက် သင်လိုသူအား ထိုအတတ်ပြန့်ပွားရာ ဌာနသို့၄င်း အချုပ်အချယ်မရှိဘဲ စေ လွတ်ခြင်းဖြစ်လေသည်။ သို့မှသာလျှင် တိုင်းပြည်ကြီးပွားနိုင်မည်။ ဤကား ဂျပန်၊ရုရှား စသောတိုင်း ပြည်တို့ကြီးပွားကုန်သည်။ ဤကား ကျွန်ပညာနှင့် သခင်ပညာခွဲပြပုံတည်း။
မိဘများသို့
*
ပညာရေးနှင့်ပတ်သက်၍ မြန်မာပြည်ရှိ မိဘများထံသို့ ကျွန်ုပ်တို့အစီရင်ခံလိုသည်။ ယခုခေတ် ကြီးသည်ကား အပြိုင်အဆိုင်ခေတ်ကြီးဖြစ်သည်ကို ၄င်းတို့သိရှိကောင်းသိရှိကြပါသည်။ အပြိုင်အဆိုင် ခေတ်ကြီးတွင် ဟောင်းနွမ်းသောနည်းစနစ်မျိုးဖြင့် ကျွန်ုပ်တို့
အရှည်သဖြင့် မတည်တန့်နိုင်ပါ။ အစိုးရ
ရာထူးဌာနန္တရတို့အတွက်သာ မိမိတို့သားသမီး ပညာရေးကို ရှေးရူပြ၍ ညွန်ကြားခြင်းမပြုပါလင့်။
အမျိုး နှင့်တိုင်းပြည် အကျိုးရှိစေမယ့်လုပ်ငန်းများကို မိမိတို့သားသမီးများ ပြုလုပ်ခြင်းကို တားဆီးပိတ်ပင်ခြင်း မပြုဘဲ အားပေးကြစေလိုပါသည်။
ငွေအားပြည့်စုံလျှင် မိမိတ်ို့သားသမီးများနှင့် သင့်တော်မည့်တိုင်းပြည်တို့သို့ စေလွှတ်ခြင်းက ဤတက္ကသိုလ်သို့ ချည် စေလွှတ်ခြင်းထက် ပိုမိုကောင်းမွန်သည်ဟု ကျွန်ုပ်တို့ယူဆမိပေသည်။ ဥပမာ ဆိုသော် ဂျပန်ပြည်သည် ယခုအခါတွင် စက်မှုပညာတွင် အလွန်ထွန်းကား၍ အခြားတိုင်းပြည်များ ထက် ရာခိုင်နှုန်းငါးဆယ်မျှ ပိုမို၍ ဂျပန်ဖြစ်ကုန်ပစ္စည်းတို့ကို နိုင်ငံခြားသို့ တင်ပို့နိုင်ပေသည်။ အခြားအ တတ်ပညာများလည်း ဂျပန်ပြည်တွင် ထွန်းကားလေသည်။ သို့ဖြစ်ရကား ဂျပန်ပြည်သို့ မိမိ၏သား သမီးများကို ပညာသင်စေလိုလျှင် ဤတက္ကသိုလ်တွင် ပညာသင်သည်ထက် အကျိုးရှိမည်ဟု ကျွန်ုပ် တို့ထင်ပေသည်။
ကျွန်ုပ်တို့သိရသလောက်မှာ ဂျပန်ပြည်တွင် ပညာသင်ကြားရသည့် စရိတ်သည်လည်း အလွန် ဆုံး တစ်လလျှင် တစ်ရာ၊ တစ်ရာ့ငါးဆယ်မျှကျမည်ဖြစ်ရာ ကျွန်ုပ်တို့တက္ကသိုလ်တွင် ပညာသင်ကြားရ သည့် စရိတ်များနှင့် မကွာပေ။ ထို့ကြောင့် မိမိတို့တစ်သက်မျှ ကောင်းစားသည်ကို မကြည့်ရှု့ပဲ နောင် လာနောင်သားများ၏ အကျိုးကိုမျော်ကိုး၍ မြန်မာပြည်ရှိ မိဘများသည် မိမိတို့၏ သားသမီးတို့အား ကမ္ဘာကြီးတစ်ဖက်စွန်းပင်ဖြစ်စေကာမူ သောကနှင့်သံယောဇဉ်ကို ဘေးချိတ်၍ စွန့်စားစေသင့်သည်။ ပညာရှိစေသင့်သည်။ စီးပွားရှာစေသင့်သည်။ ဤသည်သာလျှင် ယခုခေတ်နှင့်ညီသော နည်းလမ်းဖြစ်ပေသည်။
- ကိုအောင်ဆန်း
စာအုပ်အညွန်း- အိုးဝေ၏ရွှေရတုသဘင်လက်ရွေးစင်
ဆောင်းပါးများ စာအုပ်၊ စာမျက်နှာ (၉၃)မှ
#၁၀၃နှစ်မြောက်အမျိုးသားအောင်ပွဲနေ့
#မဟာအောင်မြေမြို့နယ်ကျောင်းသားများသမဂ္ဂ_ဗကသများအဖွဲ့ချုပ်
01/12/2023
⬛နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားပညာရေး
၁၉၂ဝ ပြည့်နှစ် အရေးတော်ပုံကြီး
ဝိုင်အမ်ဘီအေအသင်းတွေနဲ့ အလားတူ အသင်းတွေ ပေါင်းမိပြီး ဂျီစီဘီအေ အသင်းပေါင်းချုပ်ကြီး ဖြစ်လာတဲ့ ၁၉၁၂ ခုနှစ်လောက်က ၁၉၂ဝ ခုနှစ် အတွင်းမှာ ဗမာဝံသာနု လှုပ်ရှားမှအားကောင်းလာတယ်။ လူငယ်လူရွယ်တွေ၊ ကျောင်းသားတွေလည်း နိုင်ငံရေး နိုးကြားလာကြတယ်။
၁၉၂ဝ ခုနှစ်မှာ ဗမာပြည်ရဲ့ ဒုတိယဘုရင်ခံက ဆာရယ်ဂျီနယ်ကရက်ဒေါက်၊ ပညာမင်းကြီးက ဆာမတ်ဟန်းတားပါ။ အင်္ဂလိပ်အစိုးရက ဗမာပြည်မှာ ဘုရင်ခံ မထားသေးဘူး။ဒုတိယဘုရင်ခံနဲ့ပဲ အုပ်စိုးစေသေးတယ်။
သူတို့နှစ်ယောက်လက်ထက်မှာ ရန်ကုန်တက္ကသိုလ်ကြီး တည်ထောင်ဖို့ စီမံကြတယ်။ကာလကတ္တား တက္ကသိုလ်လက်အောက် ကောလိပ်အဖြစ်က သီးခြားတက္ကသိုလ်ကောလိပ် ဖြစ်လာမှာကို ဗမာပြည်သူ လူထုကရော၊ ကျောင်းသူ ကျောင်းသားတွေကရော ကြိုဆိုကြပါတယ်။ ဒါပေမဲ့ ဗြိတိသျှအစိုးရရဲ့ ရည်ရွယ်ချက်က ပညာတတ်တွေ သိပ်မထွန်းကားစေချင်ဘူး။
သူတို့သင်ပေးသလောက်ပဲ တတ်၊ သူတို့ခိုင်းတဲ့ အလုပ်ပဲလုပ် ဆိုတာမျိုး ဖြစ်စေချင်တယ်။ သူတို့အစီအစဉ်ဟာ ဗမာလူမျိုးရဲ့ တက်ကြွနေတဲ့အမျိုးသားစိတ်နဲ့ နည်းနည်းမှ မနီးစပ်ဘူး။
ဆာရယ်ဂျီနယ်ကရက်ဒေါက်ရော၊ ဆာမတ်ဟန်းတားရောက စိတ်ထက်သူတွေချည်းပဲ။ သူတို့လုပ်ရင် ဖြစ်ရမယ်ဆိုတဲ့ စိတ်မျိုးရှိသူတွေပေါ့။ သူတို့ဖန်တီးတဲ့ ရန်ကုန်တက္ကသိုလ်ဥပဒေမှာ -
(၁) ရန်ကုန်မြို့ကလွဲပြီး ဘယ်မြို့မှာမှ တက္ကသိုလ် မရှိစေရ။
(၂) ၁၀ တန်းအောင်ပေမယ့်တချို့ကျောင်းသားတွေ အိုင်အေ၊ အိုင်အက်စ်စီတန်းမှာ မသင်ရသေး။ ဂွ(ခွဲ)တန်းမှာ သင်ကြရဦးမယ်။
(၃) ဂုဏ်ထူးတန်းမှာ ၃ နှစ်နေပြီးမှ ဘီအေ၊ ဘီအက်စ်စီ စာမေးပွဲကို ဖြေဆိုခွင့်ပြုမယ်ဆိုတဲ့အချက်တွေ ပါတယ်။
အဲဒီအချက်တွေအပြင် ဗမာလူငယ်လူရွယ်တွေ ဝိဇ္ဇာပညာရပ်များဘက်မှာ အနောက်နိုင်ငံများက လူငယ်တွေ ပညာရသလို ရဖို့၊ သိပ္ပံပညာဘက်မှာ အနောက်နိုင်ငံက လူငယ်တွေတကယ် တတ်မြောက်ကြသလို တတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုး၊ စေတနာမျိုး မထားဘူးဆိုတာသိကြပြီး ဖြစ်တာကြောင့်သတင်းစာတွေကနေပြီး တက္ကသိုလ်ဥပဒေကို ကန့်ကွက်ရေးသားကြတယ်။ နိုင်ငံလုံးဆိုင်ရာအစည်းအဝေးကြီးတွေကလည်း ကန့်ကွက်ကြတယ်။
ပြည်သူ့ဆန္ဒကို ဂရုစိုက်သေးတဲ့ခေတ်အခါ မဟုတ်တဲ့အတွက် ဗြိတိသျှ အစိုးရအာဏာပိုင်တွေက ဘာမှ ဂရုမစိုက်ဘူး။ သူတို့အစီအစဉ်အတိုင်း ဥပဒေကို အတည်ပြုပြီး လုပ်စရာ အစီအစဉ်တွေ ဆက်လုပ်တယ်။ လူကြီးပိုင်းက တားလို့မရ၊ ကျောင်းသားတွေကိုယ်တိုင် ဒီတက္ကသိုလ်ဥပဒေကို တားမှ ရလိမ့်မယ်လို့ လူကြီးများက ပြောကြ၊ သတင်းစာတွေထဲမှာ ရေးသူက ရေးကြဖြစ်လာတော့ နိုင်ငံရေးနိုးကြားပြီး နယ်ချဲ့ဆန့်ကျင်ရေးစိတ် ပြင်းထန်နေတဲ့ကျောင်းသားများအနေနဲ့ ဒီကိစ္စကို လေးလေးနက်နက် စဉ်းစားကြတော့တာပေါ့။
တစ်နေ့မှာ ကောလိပ်ကျောင်းသားကြီးတစ်စုရွှေတိဂုံဘုရားပေါ်မှာ အစည်းအဝေးတစ်ခုလုပ်ကြတယ်။ ကိစ္စကတော့ တက္ကသိုလ်ဥပဒေကို ဆန့်ကျင်ဖို့၊ သပိတ်မှောက်ဖို့ပဲ။ အဲဒီအစည်းအဝေးက ရန်ကုန်ကောလိပ်နဲ့ ဂျပ်ဆင် ကောလိပ်ကျောင်းသားတွေ အားလုံးပါတဲ့ အစည်းအဝေးကြီးခေါ် ဖို့ဆုံးဖြတ်ကြတယ်။ ဒီဆုံးဖြတ်ချက်အတိုင်း ဗဟန်း ဘုန်းကြီးကျောင်းတိုက် တစ်တိုက်မှာအစည်းအဝေးကြီးခေါ်ပြီး ကျေကျေလည်လည် အပြန်အလှန် ဆွေးနွေးကြတယ်။ အဲဒီ အစည်းအဝေးကြီးက သပိတ်လက်နက်နဲ့ တက္ကသိုလ်ဥပဒေကို တိုက်ဖျက်ဖို့ အားလုံးသဘောတူ ဆုံးဖြတ်ကြတယ်။
သပိတ်မှောက်ဖို့ သဘောတူကြပေမယ့် အယူအဆနှစ်မျိုး ဖြစ်နေတယ်။
သပိတ်အရင်မှောက်မယ်၊ သပိတ်မှောက်ရင်း အရေးဆိုမယ်။
လိုတဲ့အချက်တွေ အရင်တောင်းမယ်။ မရမှသပိတ်မှောက်မယ်ရယ်လို့ ဖြစ်တယ်။ ပထမ အယူအဆကိုခေါင်းဆောင် တင်ပြသူကတော့နောင်တော့ ပြည်မြို့ အမျိုးသား ကျောင်းအုပ်ကြီးဖြစ်လာတဲ့ ဦးဘဦးပါ။ ဒုတိယအယူအဆကိုခေါင်းဆောင် တင်ပြသူကတော့ အမျိုးသားပညာဝန်ဖြစ်လာတဲ့ ဦးဖိုးကျားပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက ဘာကြောင့် အရင်မှောက်သင့်တယ်၊ ဘာကြောင့်အရေးဆိုလို့ မရမှ မှောက်သင့်တယ်ဆိုတဲ့ အကြောင်းပြချက်တွေကို အကြိတ်အနယ် တင်ပြကြတယ်။ ဘယ်ဘက်ကမှ မလျှော့ကြဘူး။ နောက်ဆုံး မဲဆန္ဒယူပြီး ဆုံးဖြတ်ကြတဲ့အခါ ဦးဘဦးဘက်က မဲနည်းနည်းအသာနဲ့ နိုင်သွားတယ်။ ဂျပ်ဆင်ကောလိပ် တတိယနှစ်မှာ ပညာသင်နေတဲ့ဦးဖိုးကျားဟာ အင်မတန်စကားပြောကောင်းသူဖြစ်တယ်။ “ရွှေခါချဉ်မာန်ကြီး တောင်ကြီး ဖြိုမယ့်ကြံ ခါးကမသန်” ဆိုတဲ့ စကားပုံကို သုံးပြီး ရှုံးရပုံကို ပြောတာနဲ့ ပတ်သက်ပြီး အဲဒီမြင်ကွင်းကိုမီလိုက်သူများက ဒီကနေ့အထိ ပြောကြတုန်းပါ။
ဒီလို ကိုယ့်ဆန္ဒအတိုင်း မဟုတ်တဲ့ ဆုံးဖြတ်ချက်က အနိုင်ရသွားပေမယ့် ဦးဖိုးကျားနဲ့ဦးဖိုးကျားအဆိုကို ဆန္ဒပေးသူတွေက တစ်မျိုးတစ်မည် မလုပ်ပါဘူး။ အများဆုံးဖြတ်ချက်အတိုင်းလိုက်နာကြတယ်။
၁၂၈၂ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၁၉၂၀၊ ဒီဇင်ဘာလ ၅ ရက်)တနင်္ဂနွေနေ့မှာ ကောလိပ်ကျောင်းသားတွေ သပိတ်မှောက်ပြီး ဗဟန်း ကြားတောရကျောင်းတိုက်မှာစုဝေးကြတယ်။ ကျောင်းသားတွေ စုံလို့ စည်းဝေးကြတဲ့အခါ ဦးဘဦးက မိန့်ခွန်း တော်တော်ရှည်ရှည် ပြောတယ်။
အဲဒီကျောင်းသားထု အစည်းအဝေးပြီးတဲ့နောက် ၁ဝ ယောက်တစ်ဖွဲ့ အဖွဲ့တွေ ဖွဲ့ ဖွဲ့တယ်။ တစ်ဖွဲ့မှာ ခေါင်းဆောင်တစ်ယောက်ထားတယ်။ တချို့အဖွဲ့က သပိတ်တားတဲ့ တာဝန်ယူကြတယ်။ တချို့အဖွဲ့က အချက်အပြုတ်၊ တချို့ အဖွဲ့ဝင်တွေက ကြားတောရ ကျောင်းတိုက်ထဲကို နိုင်ငံရေးခေါင်းဆောင်တွေက လွဲလို့ အပြင်လူ အဝင်မခံရတဲ့ လုံခြုံရေးတာဝန် ယူကြရတယ်။
ဒီအစီအစဉ်တွေ လုပ်နေချိန်မှာ ဆရာဦးဘ သပိတ်စခန်းကို ရောက်လာပြီး ကျောင်းသားတွေကို ကျောင်းတက်ဖို့ ပြောတယ်။ မရဘူး။ ညနေပိုင်းရောက်တော့ ကျောင်းအုပ်ကြီး မစ္စတာဟန်းတားကိုယ်တိုင် လိုက်လာပြီး ကျောင်းပြန်တက်ဖို့ချော့မော့ခေါ်ပြန်တယ်။ ကျောင်းသားတွေက ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီး ငြင်းလိုက်ကြတာပဲ။
ဆန်အိတ်တွေ၊ ဆီပုံးတွေ သပိတ်စခန်းကိုရောက်လာတယ်။ ချမ်းသာတဲ့ ဗမာတွေပို့ပေးကြတာတဲ့။
အင်္ဂလိပ်သတင်းစာမှာ သပိတ်မှောက်ကျောင်းသားတွေကို ထိခိုက်ရေးသားရင် ဦးအေးနဲ့ဦးဖိုးလတ်တို့က ပြန်ချေတယ်။ ဦးထွန်းဖေနဲ့ ဦးခင်မောင်တို့က သူရိယနဲ့ မြန်မာ့အလင်းမှာဆောင်းပါးတွေ ရေးကြတယ်။
မကြာမတင်မှာပဲ ရန်ကုန်မြို့က ဟိုက်စကူးကျောင်းသားတွေကလည်း သပိတ်မှောက်ပြီးဗဟန်းကို လိုက်လာကြတယ်။ အစိုးရ ဟိုက်စကူးကျောင်းက မှောက်တယ်ဆိုတော့ စိန့်ပေါ၊မက်သဒစ်၊ စိန့်ဂျွန်း စတဲ့ အထက်တန်းကျောင်းတွေက ကျောင်းသားတွေကလည်း သပိတ်မှောက်ကြရော၊ ဘယ်သူမှမြှောက်ပေးလို့ မဟုတ်ဘူး။ သူတို့ဆန္ဒအတိုင်း မှောက်လာကြတာ။ကူရှင်ကျောင်းသားတွေကတော့ ကောလိပ်ကျောင်းသားတွေ သပိတ် မမှောက်ခင်ကတည်းက ဘာသာရေးကိစ္စနဲ့ ပတ်သက်ပြီး သပိတ်မှောက်နေကြတယ်။ ရန်ကုန်အထက်တန်းကျောင်းသားတွေ သပိတ်မှောက်ကြတဲ့ သတင်းနဲ့အတူ တစ်နိုင်ငံလုံးက ကျောင်းသားတွေကလည်းကောလိပ်ကျောင်းသားတွေကို ထောက်ခံတဲ့ သဘောနဲ့ သပိတ်မှောက်ကြရော။
ဒီတော့ ကောလိပ်ကျောင်းသားကြီးတွေရဲ့ တာဝန်ဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီးကြီးလာတာပေါ့။ သပိတ်စမှောက်လို့ တစ်လလောက်အကြာမှာ နိုင်ငံလုံးဆိုင်ရာ သပိတ်မှောက်ပုဂ္ဂိုလ်တွေ ရှေ့ဆောင်ပြီး အမျိုးသားကောလိပ် တည်ထောင်ကြတယ်။ အမြို့မြို့ အနယ်နယ်မှာလည်း မြို့နယ်လူထု အားပေးမှုနဲ့ ကျောင်းသားကြီးတွေက ကိုယ်ကျိုးစွန့်ကြိုးပမ်းကြတဲ့အတွက် အမျိုးသားကျောင်းတွေ ပေါ်ပေါက်ခဲ့တယ်။
နယ်ချဲ့သမားကို တိုက်ခိုက်နိုင်ရေး၊ လွတ်လပ်ရေးပြန်ရပြီး ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေနိုင်ရေးအတွက် တစ်နိုင်ငံလုံးမှာ တက်တက်ကြွကြွ ရှိနေကြတယ်။ ဒါကြောင့် အမျိုးသားနေ့ ဆိုတဲ့ရက်တစ်ရက် ရှိသင့်တယ်လို့ ထင်မြင် ယူဆကြတယ်။ မန္တလေးမြို့မှာ ၁၂၈၃ ခု၊ သီတင်းကျွတ်လဆုတ် ၈ ရက်၊ (၁၉၂၁ ခု၊ အောက်တိုဘာလ ၂၄ ရက်)နေ့မှာ ကျင်းပနေတဲ့ နဝမမြောက်ဂျီစီဘီအေ အစည်းအဝေးကြီးမှာ ဦးဘသော်က အမျိုးသားနေ့ (နေရှင်နယ်ဒေး) သတ်မှတ်ဖို့အဆိုတင်သွင်းတာကို ဦးဘစိန်က ထောက်ခံလိုက်တယ်။ သူရိယ ဦးတုတ်ကြီးက သီပေါမင်းပါတော်မူနေ့ကို အမျိုးသားနေ့သတ်မှတ်ဖို့၊ ဧလာဦးဒွေးက ဆရာတော်ဦးဥတ္တမ မအူပင်မှာ ထောင်ကျတဲ့နေ့ကို အမျိုးသားနေ့ သတ်မှတ်ဖို့၊ ကောလိပ်ကျောင်းသားခေါင်းဆောင် (ဘဏ္ဍာရေးမှူး)ဦးမြင့်က ကောလိပ် ကျောင်းသားတွေ သပိတ်မှောက် တိုက်ပွဲဝင်တဲ့ တန်ဆောင်မုန်းလပြည့်ကျော်၁၀ ရက်နေ့ကို သတ်မှတ်ဖို့ တင်ပြတယ်။ ဒီသုံးမျိုးမှာ ဦးမြင့်အဆိုက လူငယ်တွေရဲ့ တိုက်ပွဲအောင်ပွဲ ဖြစ်တယ်ဆိုပြီး လက်ခံအတည်ပြုလိုက်ကြတယ်။
ဒီဆုံးဖြတ်ချက်ချပြီး တစ်လနဲ့ ၁၂ ရက်အကြာ ၁၂၈၃ ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ရက် (၅-၁၂-၂၁) နေ့မှာ ပထမအမျိုးသားနေ့ကစပြီး ကျင်းပခဲ့တာပဲ။ ဒီနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်ဟာ အမျိုးသားအောင်ပွဲနေ့ရဲ့ အနှစ် ၅၀ မြောက် ရွှေရတုသဘင်မို့ ရန်ကုန်မှာပွဲကြီး၊ လမ်းကြီး စီစဉ်နေကြတာပေါ့။ မန္တလေးမှာလည်း အမျိုးသားကျောင်းဆရာများနဲ့ကျောင်းသားဟောင်းတွေ ခေါင်းဆောင်ပြီး ကြိုးပမ်းနေကြတယ်။
တကယ့် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားပညာရေး အရေးတော်ပုံကြီးပဲ။
လူထုဦးလှ
(၂၃-၁၁-၇၀ နေ့ထုတ် ဟံသာဝတီ သတင်းစာ အချပ်ပိုမှ)
#၁၀၃ နှစ်မြောက်အမျိုးသားအောင်ပွဲနေ့
#မဟာအောင်မြေမြို့နယ်ကျောင်းသားများသမဂ္ဂ_ဗကသများအဖွဲ့ချုပ်
21/11/2023
သဘောထား ထုတ်ပြန်ကြေညာချက်
ရက်စွဲ။ ။ ၂၀၊ ၁၁၊ ၂၀၂၃ခုနှစ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ဗကသများအဖွဲ့ချုပ်၏ သဘောထားမှာ အောက်ပါ အတိုင်းဖြစ်သည်။
(၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စတင်ရေးဆွဲချိန်ကပင် ပြည်သူလူထု၏ လိုလားချက်ကို အခြေခံခြင်း မဟုတ်။ စစ်အာဏာရှင်တို့၏ အလိုကျအတိုင်း စိတ်ကြိုက်ရေးဆွဲခဲ့ခြင်းဖြစ်ပေသည်။
(၂) ယခုအချိန်၌ ပြည်သူလူထု တရပ်လုံးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘဲ ဖျက်သိမ်းကြောင်း သဘောထားကို အတိအလင်း ဖော်ပြပြီးဖြစ်သည်ဟု မိမိတို့က ယူဆပေသည်။
(၃) သို့ဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးသော ရာထူး၊ အဆောင်အယောင်၊ ဂုဏ်၊ ဒြပ်များကို ယခုအချိန်ထိ ဖက်တွယ်နေသူအပေါင်းကို စစ်အာဏာရှင်များနှင့် အလိုတူအလိုပါ အာဏာမက်မောသူများဟု မိမိတို့မှ သတ်မှတ်ထားကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
အောင်ပြည့်စုံဖြိုး
ဥက္ကဋ္ဌ
(ဗဟိုအမှုဆောင်အဖွဲ့ကိုယ်စား)
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
မိတ်တူကို
-ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (INUG)၊
-ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊
- အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊
- ရုံးလက်ခံ။
#ဗကသများအဖွဲ့ချုပ်
သဘောထား ထုတ်ပြန်ကြေညာချက်
ရက်စွဲ။ ။ ၂၀၊ ၁၁၊ ၂၀၂၃ခုနှစ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ဗကသများအဖွဲ့ချုပ်၏ သဘောထားမှာ အောက်ပါ အတိုင်းဖြစ်သည်။
(၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စတင်ရေးဆွဲချိန်ကပင် ပြည်သူလူထု၏ လိုလားချက်ကို အခြေခံခြင်း မဟုတ်။ စစ်အာဏာရှင်တို့၏ အလိုကျအတိုင်း စိတ်ကြိုက်ရေးဆွဲခဲ့ခြင်းဖြစ်ပေသည်။
(၂) ယခုအချိန်၌ ပြည်သူလူထု တရပ်လုံးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘဲ ဖျက်သိမ်းကြောင်း သဘောထားကို အတိအလင်း ဖော်ပြပြီးဖြစ်သည်ဟု မိမိတို့က ယူဆပေသည်။
(၃) သို့ဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးသော ရာထူး၊ အဆောင်အယောင်၊ ဂုဏ်၊ ဒြပ်များကို ယခုအချိန်ထိ ဖက်တွယ်နေသူအပေါင်းကို စစ်အာဏာရှင်များနှင့် အလိုတူအလိုပါ အာဏာမက်မောသူများဟု မိမိတို့မှ သတ်မှတ်ထားကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
အောင်ပြည့်စုံဖြိုး
ဥက္ကဋ္ဌ
(ဗဟိုအမှုဆောင်အဖွဲ့ကိုယ်စား)
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
မိတ္တူကို
-ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (INUG)၊
-ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊
- အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊
- ရုံးလက်ခံ။
#ဗကသများအဖွဲ့ချုပ်
16/11/2023
◼မဟာအောင်မြေမြို့နယ်အတွင်းရှိ မိဘပြည်သူများသို့
#သတင်းနှင့်ပြန်ကြားရေး
#မဟာအောင်မြေမြို့နယ်ကျောင်းသားများသမဂ္ဂ_ဗကသများအဖွဲ့ချုပ်
19/09/2023
◼ မဝင်းမော်ဦး ကျဆုံးခြင်း ၃၅ နှစ်ပြည့်
(၈၈၈၈ အရေးတော်ပုံ (သို့မဟုတ်) မဝင်းမော်ဦး အသက် ( ၁၆ ) နှစ်)
ဖေဖေ သူတို့ဘာတွေလုပ်နေကြတာလဲ
စျေးဆိုင်ရှေ့က
မီးရထားတွဲကြီးလို ဖြတ်သွားပြီး ကင်းခြေများလို ချီတက်သွားတဲ့
လူအုပ်ကြီးရဲ့ လက်သီးလက်မောင်းတွေက
ပြုတ်ထွက်လာတဲ့ အသံတွေကျွန်မရှေ့ ကျလာတော့
အဲ့ဒီအသံတွေ ကောက်ကိုင်ပြီး
ကျွန်မ ဖေဖေ့ကို မေးကြည့်တယ်
သူတို့ ဘာတွေလုပ်နေကြတာလဲ
ဖေဖေက
သူတို့လိုချင်တာတွေကို သူတို့တောင်းနေကြတာပေါ့တဲ့
ဒါနဲ့ ကျွန်မလည်း သူတို့လိုချင်တာတွေဟာ ဘာလည်းဆိုတာ စဉ်းစား
စဉ်းစားရင်း စဉ်းစားရင်း သူတို့လိုချင်တာတွေဟာ ကျွန်မလိုချင်တာတွေ ဖြစ်လာခဲ့။
ဒါနဲ့
ကျွန်မ ကျောင်းသွားတော့မယ်
စာအုပ်တွေကိုချထားပြီး ကျွန်မ ကျောင်းသွားတော့မယ်
ဒီနေ့တော့ ဆာနေသူတွေဆီ ဆာလောင်မှုဟာ ကိုယ်တိုင်ပဲ သွားတော့မယ်
အဲဒီနေ့က စိတ်နောက်ကိုယ်ပါ
ကျွန်မလည်း ကျွန်မတတ်နိုင်သလောက် ဒီကောင်းကင်ကြီးကို ချွတ်ချဖို့
ကျယ်ပြောတဲ့ ကြယ်ခင်းကြီးမှာ
ကျယ်လောင်တဲ့ ကြယ်လေးတစ်ပွင့်အဖြစ် ကျွန်မ ကျောင်းကိုသွားခဲ့ပေါ့။
အမေက ပြောပါသေးတယ်
'နင်မသွားနဲ့ နင့်ကို သူတို့ သေနတ်နဲ့ ပစ်လိမ့်မယ်' တဲ့
ကျွန်မ အမေ့ကိုပြန်ပြောခဲ့တယ်
'မသွားလို့ မရဘူးအမေ ကျွန်မက အသေခံအဖွဲ့ဝင်တစ်ယောက်'
မသွားလို့မရအောင် ကျွန်မရဲ့အသွားတွေ အဲ့ဒီလို အဲ့ဒီနေ့က ထက်နေခဲ့။
အဲ့ဒီလို
ကုန်သည်လမ်းထောင့်မှာ
လူတွေက
'နင့်သမီး ဗိုလ်ချုပ်အောင်ဆန်းပုံကိုင်ပြီး ချီတက်သွားပြီ' ဟဲ့
အဲ့ဒီလို အမေ့ကို သူတို့ပြောနေတုန်း
ကျည်ဆန်တွေ ကျွန်မဆီ ပြေးဝင်လာကြတယ်
ကျွန်မရဲ့ ညာဘက်ဒူး ဘယ်ဘက်ပေါင် ညာဘက်လက်မောင်းကတဆင့်
ကျည်ဆန်တွေဖောက်ပြီး ကျွန်မ အဆုတ်ထဲ ရောက်လာခဲ့ကြတယ်
ရပါတယ်
ကျည်ဆန်ဝင်တာပဲ နေဝင်သွားတာမှ မဟုတ်တာ။
ထားပါ
ကျွန်မ ကျခဲ့တယ်
ဒါပေမယ့် ကျွန်မလက်ထဲက ဗိုလ်ချုပ်ပုံကတော့ မကျခဲ့ဘူး။
ထားပါ
ကျွန်မ ကျခဲ့တယ်
ဒါပေမယ့် ကျွန်မတို့ အရေးတော်ပုံကတော့ မကျဘူး။
Ward3/4 ရဲ့ အရေးပေါ်အခန်းထဲမှာ
တွေ့တွေ့ချင်း အဖေ့ကိုလက်အုပ်ကလေးချီပြီး သမီးကိုခွင့်လွှတ်ပါတဲ့
အို…..သမီးလေးရယ်…..
အဖေ့ကိုတခုလောက် တောင်းဆိုပါရစေတဲ့
ဒီမိုကရေစီ မရမချင်း သူ့နာမည်ခေါ်ပြီး အမျှမဝေလိုက်ပါနဲ့တဲ့
အို…..သမီးလေးရယ်…..
သူ့ကိုမှန်တဲ့ ကျည်ဆန်ထက်
အဆမတန် ကျန်းမာတောင့်တင်းတဲ့ ကျည်ဆန်တွေ
သူ့အဖေ ရင်အုံကို တတောင့်ပြီး တတောင့် ပြေးပြေးပြီးမှန်လို့။
သူ မဝင်းမော်ဦး
နောက်ဆုံး အဆုတ်တခြမ်း လှီးထုတ်ခံထားရတဲ့အထိ နောက်မဆုတ်ခဲ့ဘူး။
အခု သူပြောနေမှာက
မပူပါနဲ့မေမေ
ကျွန်မကို သူတို့သေသေချာချာ စောင့်ရှောက်ထားကြပါတယ်။
မပူပါနဲ့ဖေဖေ
ကျွန်မ ဒီမှာ ကောင်းကောင်းနေရပါတယ်။
မပူပါနဲ့ ဖေဖေနဲ့မေမေ
ကျွန်မပူတာက ဒီမိုကရေစီမရခင် ကျွန်မနာမည်ခေါ်ပြီး အမျှဝေလိုက်မှာကိုပဲ။
-ခရမ်းပြာထက်လူ
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း ၊ ၂၀၁၄)
18/09/2023
ရွှေဝါရောင်တော်လှန်ရေး (၁၆)နှစ်ပြည့်ခဲ့ပြီ။
၁၆နှစ်တိုင်အောင် ကျောင်းသား၊ ရဟန်းရှင်လူ၊ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီဟာ တိုက်ပွဲဝင်တော်လှန်နေရဆဲ၊
စစ်အစိုးရ၊စစ်အုပ်စုနှင့်စစ်အုပ်ချုပ်ရေး ရှိနေသ၍ တိုင်းပြည်ဟာ မွဲသထက်မွဲ ပြည်သူတွေလည်း ဆင်းရဲတွင်းနက်နေအုံးမှာပဲ၊
သမိုင်းတွေကလည်း သက်သေခံနေသလို မျက်မှောက်ဒိဌအားဖြင့်လည်း သက်သေခံနေပါပြီ။
တော်လှန်မလား ကျွန်ခံမလား
သင်တို့ကြိုက်ရာရွေး အမောင်ကျောင်းသားတို့
-သတင်းနှင့်ပြန်ကြားရေး (MAMSU)
08/09/2023
◼ အလင်းတန်း (ကပက) ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်နေ့
2 Years Anniversary Of A Linn Tann Private Basic Education Students' Union-ABFSU
-သတင်းနှင့်ပြန်ကြားရေး
◼ အလင်းတန်း (ကပက) ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်နေ့
2 Years Anniversary Of A Linn Tann Private Basic Education Students' Union-ABFSU