၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များကျင်းပသည့် သတင်းအား MWD HD တွင်ဖော်ပြပါရှိမှု (၃၀-၅-၂၀၂၆)
Ministry of Sports and Youth Affairs,အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန
Ministry of Sports Affairs, Myanmar
အားကစားရေးရာဝန်ကြီးဌာန
01/06/2026
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကျင်းပသည့်သတင်းအား ၁-၆-၂၀၂၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင်ဖော်ပြပါရှိမှု
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကျင်းပသည့်သတင်းအား MRTV HD တွင်ဖော်ပြပါရှိမှု (၃၁-၅-၂၀၂၆)
31/05/2026
Nay Pyi Taw Amateur & Junior Open Championship
ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ မေ ၃၁
မျိုးဆက်သစ်ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့်အတန်း တိုးတက် လာစေရန်၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အဆင့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်စေရန်နှင့် ထူးချွန်ထက်မြက်သည့် အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစား ရေးရာဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် Nay Pyi Taw Amateur & Junior Open Championship ဂေါက်သီးရိုက် ပြိုင်ပွဲ တတိယနေ့ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မြို့တော် ဂေါက်ကွင်း၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးကံမြင့်သန်း၊ အားကစား ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေး နှင့်တာဝန်ရှိသူများ၊ Junior Golf Mayanmar (JGM)မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအားကျင်းပရာ မြန်မာနိုင်ငံဂေါက်သီး အားကစား အဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် Junior Golf Myanmar (JGM) အတွင်းရေးမှူး ဦးတင်မောင်မောင်ဝင်းတို့က ပြိုင်ပွဲအားလက်ခံကျင်းပပေးပါသော မြို့တော်ဂေါက်ကွင်း (နေပြည်တော်)အား အမှတ်တရဂုဏ်ပြု လက်ဆောင်ပေးအပ်ခဲ့ရာ ကွင်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးနေဝင်းထွန်းက လက်ခံရယူခဲ့သည်။
ဆက်လက်ပြီး Junior Golf Myanmar (JGM) ဒုတိယဥက္ကဋ္ဌ ဦးဟိန်းထက်ဗိုလ်မှ Junior အဆင့် အသက် (၁၂)နှစ်အောက် သက်တမ်းလိုက်ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၁၈၈ ချက်ဖြင့် ပဉ္စမရရှိသော ကျော်လင်းထွန်း၊ စုစုပေါင်းရိုက်ချက် ၁၈၄ ချက်ဖြင့် စတုတ္ထဆုရရှိသော ရှင်းခန့်ဇော်၊ စုစုပေါင်း ရိုက်ချက် ၁၇၅ ချက်ဖြင့် တတိယဆုရရှိသော ရွှန်းပြည့်အောင်တို့အားလည်းကောင်း၊ စုစုပေါင်း ရိုက်ချက် ၁၇၄ ချက်ဖြင့် ဒုတိယဆုရရှိသော ဘုန်းမြတ်သော်၊ စုစုပေါင်းရိုက်ချက် ၁၇၂ ချက်ဖြင့် ပထမဆုရရှိသော အောင်စိုးထွန်းတို့အားလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် အမျိုးသမီး ၁၈ နှစ်အောက် သက်တမ်းလိုက်ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၄၈ ချက်ဖြင့် ဒုတိယဆုရရှိသော Choi Hui နှင့် စုစုပေါင်းရိုက်ချက် ၂၂၈ ချက်ဖြင့် ပထမဆုရရှိသော ချိုသာအောင်တို့ကို မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် Junior Golf Myanmar (JGM) ဥက္ကဋ္ဌ ဦးအောင်ကိုဇော်တို့ကလည်းကောင်း၊ ဝါသနာရှင်အဆင့် (အမျိုးသား) ပြိုင်ပွဲတွင် ပထမဆုရရှိသော ဟိန်းနိုင်ဇင်ကို ဂုဏ်ပြုချက်လက်မှတ်အား မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးကလည်းကောင်း၊ အသက် ၁၄ နှစ်အောက် အမျိုးသားသက်တမ်းလိုက်ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၆၁ ချက်ဖြင့် ပဉ္စမရရှိသော ဝေယံလင်းဦး၊ စုစုပေါင်းရိုက်ချက် ၂၆၀ ချက်ဖြင့် စတုတ္ထဆုရရှိသော အာကာမင်းမောင်၊ စုစုပေါင်း ရိုက်ချက် ၂၃၆ ချက်ဖြင့် တတိယဆုရရှိသော ဟိန်းသန့်သူ၊ စုစုပေါင်းရိုက်ချက် ၂၃၀ ချက်ဖြင့် ဒုတိယဆုရရှိသော အောင်သန်းထွဋ်၊ စုစုပေါင်းရိုက်ချက် ၂၁၆ ချက်ဖြင့် ပထမဆုရရှိသော ထူးမြတ်အောင်တို့ကို အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူက လည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ၁၈နှစ်အာက်(အမျိုးသား) သက်တမ်းလိုက်ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၄၀ချက်ဖြင့် ပဉ္စမဆုရရှိသော နိုင်ဦးကို၊ စုစုပေါင်း ရိုက်ချက် ၂၃၉ ချက်ဖြင့် စတုတ္ထဆုရရှိသော လင်းပြည့်မောင်၊ စုစုပေါင်း ရိုက်ချက် ၂၃၈ ချက်ဖြင့် တတိယဆုရရှိသော ပြည့်စုံအောင်၊ စုစုပေါင်းရိုက်ချက် ၂၃၄ ချက်ဖြင့် ဒုတိယဆုရရှိသော ထက်အောင်ဝင့်၊ စုစုပေါင်းရိုက်ချက် ၂၂၈ ချက်ဖြင့် ပထမရရှိသော ဆက်နိုင်အောင်တို့ကို အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီကလည်းကောင်း၊ ဝါသနာရှင်အဆင့် (အမျိုးသား) သက်တမ်းလိုက်ပြိုင်ပွဲတွင် စုစုပေါင်း ရိုက်ချက် ၂၁၉ ချက်ဖြင့် ဒုတိယဆုရရှိသော စိုးနိုင်အောင်၊ စုစုပေါင်းရိုက်ချက် ၂၁၆ ချက်ဖြင့် ပထမဆုရရှိသော ဟိန်းနိုင်ဇင်တို့ကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးကံမြင့်သန်းက လည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ဂေါက်သီးရိုက် ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၃ ရက်ကြာဆက်တိုက် နေပြည်တော်ရှိ မြို့တော်ဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲတွင် ဝါသနာရှင်အဆင့် အားကစားသမား ၈၀ ဦး၊ Junior အဆင့် ကစားသမား ၅၀ ဦး၊ စုစုပေါင်း ၁၃၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
31/05/2026
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များကျင်းပ
ရန်ကုန်၊ မေ ၃၁
မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပြန်လည်ဦးမော့လာစေရန်၊ မြန်မာ့အားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ယနေ့မွန်းလွဲ ၃ နာရီမှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်း ၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းတို့တွင် ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့် ညွှန်ကြားရေးမှူးများ၊ ပြိုင်ပွဲကျင်းပရေးဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်ပွဲကြည့်ပရိသတ်များက တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၁၈)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းတွင် ကရင်ပြည်နယ် အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ပြိုင်ပွဲပြီးဆုံးချိန်တွင် ကရင်ပြည်နယ် အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းတွင် ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ် အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ရာ တွင် ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို (၄)ဂိုး(၁)ဂိုးဖြင့်လည်းကောင်း အသီးသီး အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် ပြိုင်ပွဲ (၁)ရက်နားမည်ဖြစ်ပြီး အမျိုးသား ဘောလုံးပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် ဇွန်လ ၂ ရက်နေ့၊ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးလေ့ကျင့်ရေးကွင်း(၁) (စက်ဘီးကွင်း)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ညနေ ၄ နာရီတွင် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ ဘောလုံးအားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်းနှင့် အဆိုပါ ဗိုလ်လုပွဲစဉ်အား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရုပ်သံလိုင်းများတွင် တိုက်ရိုက် (Live) ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်းသိရသည်။
31/05/2026
(၂၁)ကြိမ်မြောက်အာရှနှင့်သမုဒ္ဒရာပိုင်းဆိုင်ရာ ဒေသတွင်း အားကစားကဏ္ဍတားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအတွက်အစိုးရပိုင်းဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဒေသတွင်း ဆွေးနွေးပွဲသို့ တက်ရောက်ရန် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲမြင့်ထွန်း ပြည်ပထွက်ခွာ
ရန်ကုန်၊ မေ ၃၁
၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်မည့် (၂၁)ကြိမ်မြောက် အာရှနှင့်သမုဒ္ဒရာပိုင်းဆိုင်ရာဒေသတွင်း အားကစားကဏ္ဍ တားမြစ် ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအတွက် အစိုးရပိုင်းဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဒေသတွင်း ဆွေးနွေးပွဲသို့တက်ရောက်ရန် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ဦးဆောင်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် မှ ပါမောက္ခဒေါက်တာဒေါ်သန်းသန်းဌေး တို့သည် ယနေ့ နံနက် ၁၁: ၂၅ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှလေယာဉ်အမှတ်( CZ-3056)ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့သို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း နှင့် တာဝန်ရှိသူများက လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
30/05/2026
မေလ ၃၀ ရက်
ပြည်နယ်အားကစားကွင်း
တောင်ကြီးမြို့
၂၀၂၆ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုနှင့်ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ
ဖွင့်ပွဲအခမ်းအနားကျင်းပ
=====================================
အားကစားရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်တို့မှကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၆ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက်အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ ညနေ (၁၅း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ၊ ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ၊ ပြည်နယ်စီမံကိန်း ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်း ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ၊ ပြည်နယ်လျှပ်စစ် ၊ စွမ်းအင် ၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး ၊ ပြည်နယ်စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အတွင်းရေးမှူး ဦးဇော်ဝင်းဌေး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ပြည်နယ်လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဒေါ်နှင်းစန္ဒာဦး နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်ဘောလုံးအဖွဲ့ချုပ်အဖွဲ့ဝင်များ ၊ ကျောင်းသား / ကျောင်းသူများ ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ပထမဦးစွာ ပြိုင်ပွဲဝင်အသင်းများမှအားကစားသမားများက အားကစားရုံအတွင်း၌နေရာယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်အား စစ်ကြောင်းမှူးမှ ဦးဆောင်၍ အလေးပြုတန်းအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့် အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကျင်းပပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ရှမ်းပြည်နယ်အတွင်းမှာရှိ ခရိုင် ၊ မြို့နယ်များတွင်အမျိုးသမီးဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရေး ၊ အမျိုးသမီးမျိုးဆက်သစ်အားကစားသမားများမွေးထုတ်ပေးနိုင်ရေး ၊ အမျိုးသမီးအားကစားကဏ္ဍမြှင့်တင်ပေးဖို့နဲ့
လူငယ်လူရွယ်များအချင်းချင်းချစ်ခင်စည်းလုံးညီညွှတ်မှုရရှိကာ ကျန်းမာပြီးကြံ့ခိုင်သောလူငယ်များအဖြစ် ရှမ်းပြည်နယ်၏အားကစားကဏ္ဍတိုးတက်လာစေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေလိုတဲ့အတွက်ကြောင့်ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း ၊ အားကစားကိုမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုချစ်သည့်စိတ် ၊ နိုင်ငံတော်ကိုကာကွယ်လိုသည့်စိတ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းကို နိုင်ငံတော်အကြီးအကဲကလမ်းညွှန်ထားရှိပါကြောင်း ၊ အာရှအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲများဖြစ်တဲ့ ၂၀၀၄ ၊ ၂၀၀၇ ခုနှစ်တွေမှာ မြန်မာအမျိုးသမီးဘောလုံးအသင်းဟာဆုဖလားများရရှိခဲ့ပြီး ၂၀၁၁ ၊ ၂၀၁၂ နှင့် ၂၀၁၅ခုနှစ်တွေမှာ ဒုတိယဆုရရှိခဲ့တာကိုတွေ့ရှိရပါကြောင်း ၊ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှအမျိုးသမီးဘောလုံး ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ စတုတ္ထဆုရရှိခဲ့တာကိုတွေ့ရှိရပါကြောင်း ၊ ၁၉၉၇ ၊ ၂၀၀၃ နှင့်၂၀၀၅ ခုနှစ်တွေမှာကျင်းပတဲ့ SEA GAMES ပြိုင်ပွဲတွေမှာ ဒုတိယဆုရရှိခဲ့ပြီး ၁၉၉၅ ၊ ၂၀၀၁ ၊ ၂၀၀၇ ၊ ၂၀၀၉ နှင့် ၂၀၁၃ ခုနှစ်တွေမှာ တတိယဆရရှိခဲ့တာကိုလဲ သိရှိခဲ့ရပါကြောင်း ၊ ၂၀၂၅ ခုနှစ် နီပေါလေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲတွင်လည်း ချန်ပီယံဆုဖလားနှင့် အာဆီယံချန်ပီယံရှစ်တွင် ဒုတိယဆုတို့ကိုစွမ်းဆောင်နိုင်ခဲ့တာကိုကြည့်ခြင်းဖြင့် မြန်မာအမျိုးသမီးဘောလုံးအဆင့်အတန်းမြင့်မားမှုကို သုံးသပ်တွေ့ရှိရမှာဖြစ်ပါကြောင်း ၊ အမျိုးသမီးဘောလုံးအားကစားအဆင့်အတန်းမြင့်မားလာမှုကို သက်သေပြနေခြင်းဖြစ်ပါကြောင်း ၊ မိမိတို့၏ကိုယ်စားပြုခရိုင်ကနေ ပြည်နယ်အဆင့်လက်ရွေးစင်အားကစားသမားများဖြစ်ကြပါစေကြောင်း ၊ ပြည်နယ်ဂုဏ် ၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့သူများဖြစ်အောင်ကြိုးစားကြပါလို့ပြောကြားလိုပါကြောင်း အစရှိသည်များကို ပြောကြားသွားကာ ဆက်လက်ပြီးပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး အ.ထ.က(၇)ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကာ အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပါသည်။
ယနေ့ပြိုင်ပွဲအဖွင့်ပွဲ ပွဲစဥ်အဖြစ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်း နှင့် လင်းခေးခရိုင်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိခဲ့ရပြီး အဆိုပါ ဘောလုံးပြိုင်ပွဲကို (၂၇.၅.၂၀၂၆)ရက်နေ့မှ (၅.၆.၂၀၂၆)ရက်နေ့ထိ ပြိုင်ပွဲဝင်အသင်းပေါင်း (၉)သင်း နှင့် ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း(၁၈၀)ဦးဖြင့် အုပ်စုပတ်လည်စနစ်ဖြင့် ပြည်နယ်အားကစားကွင်း၌ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရှိရကာ တောင်ကြီးမြို့ပေါ်ရှိ အမျိုးသမီးဘောလုံးအားကစားဝါသနာရှင်များ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း သိရှိခဲ့ရပါသည်။
30/05/2026
နွေရာသီအခြေခံ နပန်းသင်တန်းဆင်းပွဲကျင်းပ
ရန်ကုန် ၊ မေ ၃၀
၂၀၂၆ ခုနှစ် ၊ မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်နှင့်ရန်ကုန်တိုင်းဒေသကြီးနပန်းဆပ်ကော်မတီတို့ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံ နပန်းသင်တန်းဆင်းပွဲအခမ်းအနားကို မေလ ၃၀ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံအားကစားကွင်းရှိ နပန်းအားကစားလေ့ကျင့်ရေးရုံ၌ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးနပန်းဆပ်ကော်မတီဥက္ကဌ ဦးအာကာလွင်မောင် ၊ ဒုတိယဥက္ကဌဦးနိုင်မြင့်ဦး ၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းမာထွေး နှင့် မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်မှဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဆန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံပညာ(ရန်ကုန်) ဒုတိယကျောင်းအုပ် ဦးအောင်မျိုးဝင်း ၊ အတွင်းရေးမှူးနှင့်တွဲဖက်အတွင်းရေးမှူး ၊ နည်းပြဆရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကျသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး နပန်းဆပ်ကော်မတီဥက္ကဌ ဦးအာကာလွင်မောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးနိုင်မြင့်ဦးတို့က အမှာစကားပြောကြားပြီး သင်တန်းဆင်း လက်မှတ်များကိုတက်ရောက်လာကြသည့် ဥက္ကဌနှင့်ဒုတိယဥက္ကဌများ ၊ အတွင်း ရေးမှူး နှင့်တွဲဖက်အတွင်းရေးမှူးတို့က အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်မှ မျိုးဆက်သစ်အားကစားသမားများက သရုပ်ပြသကြပြီးစုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ယင်းသင်တန်းကို ဖေဖေါ်ဝါရီ ၁၆ရက်မှ မေ ၃၀ရက်အထိအခြေခံသင်တန်းနှင့်အဆင့်မြင့်သင်တန်းပို့ချခဲ့၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိသင်တန်းသား ၃၅ဦး၊သင်တန်းသူ ၇၀ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
30/05/2026
(၈)ကြိမ်မြောက် နိုင်ငံတကာလူငယ် အိုလံပစ်အားကစားသမားများ ဆွေးနွေးပွဲသို့တက်ရောက်ရန်ပြည်ပထွက်ခွာ
ရန်ကုန် ၊ မေ ၃၀
ရုရှားနိုင်ငံ ၊ မော်စကိုမြို့တွင် ၂၀၂၆ခုနှစ် ၊ ဇွန်လ ၁ ရက်မှ ၂ ရက်အထိ ကျင်းပမည့် (၈) ကြိမ်မြောက် နိုင်ငံတကာ လူငယ်အိုလံပစ်အားကစားသမားများ ဆွေးနွေးပွဲသို့ တက်ရောက်ရန် အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ဦးဆောင်သည့် အဖွဲ့ဝင် ၅ဦးတို့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်းသိရှိရသည်။
30/05/2026
Nay Pyi Taw Amateur & Junior Open Championship
(Road to Myanmar Junior National Team) ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ မေ ၂၉
ပြည်သူများအတွက် ပြည်သူ့အစိုးရ၏ ရက် ၁၀၀ စီမံချက်အစီအစဉ်အရ အားကစားရေးရာ ဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှကြီးမှူး ကျင်းပသည့် Nay Pyi Taw Amateur & Junior Open Championship ဂေါက်သီးရိုက် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မြို့တော်ဂေါက်ကွင်း၌ ကျင်းပခဲ့ သည်။
အခမ်းအနားကို အားကစားရေးရာဝန်ကြီးဌာန ပြည်တောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးညီညီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ မြို့တော်ဝန် ဦးဝင်းမိုးခိုင်၊ အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် မျိုးဆက်သစ် လူငယ်အားကစားသမားများ၊ ဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဇော်၊ မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ်အမှုဆောင်၊ မျိုးဆက်သစ်လူငယ် အားကစားသမားများ၊ ဆပ်ကော်မတီ အတွင်းရေးမှူး ဦးတင်မောင်မောင်ဝင်းတို့က အသီးသီး အလှည့်ကျ ဂေါက်သီးရိုက်၍ ဖွင့်လှစ် ပေးခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမား များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမနေ့ ၁၈ ကျင်းကို စတင် ယှဉ်ပြိုင်ခဲ့သည်။
ယခုပြိုင်ပွဲအား မျိုးဆက်သစ်ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့်အတန်း တိုးတက်လာ စေရန်၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အဆင့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်စေရန် နှင့် ထူးချွန်ထက်မြက်သည့် အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပ ပေးခြင်းဖြစ်ပြီး ယနေ့ပြိုင်ပွဲသို့ ဝါသနာရှင်အဆင့် အားကစားသမား ၈၀ ဦး၊ Junior အဆင့် ကစားသမား ၅၀ ဦး၊ စုစုပေါင်း ၁၃၀ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါ ဂေါက်သီးရိုက် ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၃ ရက်ကြာဆက်တိုက် နေပြည်တော်ရှိ မြို့တော်ဂေါက်ကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
Office (31), Ottarathiri Township
Naypyidaw
15015
