ACC Myanmar

ACC Myanmar

Share

Anti-Corruption Commission, Myanmar
Office No.56
Zeya Htani Road, Oattara Thiri Township, Nay Pyi Taw

Photos from ACC Myanmar's post 01/06/2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ကျင်းပ
***********************************************************************

နေပြည်တော် ၊ ဇွန် ၁ ရက်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁၃:၀၀ နာရီချိန်တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ က အဖွင့်အမှာစကား ပြောကြားရာ၌ အသိပညာပေးဆွေးနွေးခြင်း အခမ်းအနားများ လက်ခံကျင်းပခြင်းအားဖြင့် အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်စေနိုင်သော အကြောင်းအရာများကို ရှောင်ကြဉ်စေနိုင်မည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးစေနိုင်ကြောင်း၊ အဂတိလိုက်စားမှုများကို ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် အရေးယူခံရမည့်အပြင် မိမိ၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေနိုင်သည့်အတွက် သိရှိရှောင်ကြဉ်ကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင်လည်း မိမိကိုယ်တိုင် ပါဝင်ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးရာ၌ ကောင်းမွန်သည့် အုပ်ချုပ်ရေးကို ပုံဖော်ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ အလွန်အရေးပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အဖွဲ့အစည်းများအတွင်း ကျင့်ဝတ်သိက္ခာ စောင့်ထိန်းမှုနှင့် အများပြည်သူ၏ ယုံကြည်မှုကို တည်ဆောက်ရန် အရေးကြီးပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ပြည်သူများအကြား ဆက်သွယ်ပေးသည့် ပေါင်းကူးတံတားများဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် အဂတိတရားများ ကင်းရှင်းပြီး စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ကြမှသာ ပြည်သူများ၏ ယုံကြည်မှုကိုရရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ စုစုပေါင်း (၂၀၈) ဦး တက်ရောက်ခဲ့ကြပါသည်။

၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုး ခေါင်းဆောင်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

Photos from ACC Myanmar's post 01/06/2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း ကော်မရှင်ရုံးခွဲ(ရန်ကုန်) ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ
*****************************************************
ရန်ကုန်၊ ဇွန်လ ၁ ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းသည် ယနေ့နံနက်ပိုင်းတွင် ကော်မရှင်ရုံးခွဲ(ရန်ကုန်)ရှိ ဝန်ထမ်းများနှင့် အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကော်မရှင်ရုံးခွဲ၊ ညွှန်ကြားရေးမှူးက ကော်မရှင်ရုံးခွဲ၏ ရုံးလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် ပါတီနိုင်ငံ‌ရေး ကင်းရှင်းရန်လိုကြောင်း၊ နိုင်ငံတော်အကျိုး ရှေးရှုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိကြောင့် နိုင်ငံ့အကျိုးထိခိုက်မှု မရှိအောင် သတိထား ဆောင်ရွက်ကြစေလိုကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းဟူသော ကဏ္ဍသုံးရပ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် ဝန်ထမ်းတစ်ဦးချင်းအနေဖြင့် အရည်အချင်း ဝမ်းစာပြည့်ဝနေအောင် အမြဲတမ်းဖြည့်ဆည်းနေရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက ရုံးခွဲရှိ ဝန်ထမ်းများနှင့် မိသားစုများအတွက် ဆန်၊ စားသုံးဆီနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ပြီး ဝန်ထမ်းများ၏ လုပ်ငန်းတာဝန် ထမ်းဆောင်နေမှုနှင့် ကော်မရှင်ရုံးခွဲ ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြပါသည်။

01/06/2026

အဂတိလိုက်စားမှုများကို ကာကွယ်တားဆီးရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးကို သိရှိရန် ရည်ရွယ်၍ ဝန်ဆောင်မှုရယူခဲ့ကြသော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code နံပါတ် 1111 အသုံးပြု၍ SMS ကတစ်ဆင့် မေးခွန်းများ မေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme-PFP)
***********************************************************************

Photos from ACC Myanmar's post 31/05/2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး
*************************************************
ဘားအံ၊ မေလ ၃၁ ရက်

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀:၀၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားရာ၌ အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းပင်ဖြစ်ကြောင်း၊ တစ်နည်းဆိုလျှင် အကျိုးအမြတ် တွက်ချက်ပြီး ကျူးလွန်သည့် ရာဇဝတ်မှုပင်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးစေပြီး ကိုယ်ရည်ကိုယ်သွေးများလည်း ကျဆင်းလာစေနိုင်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေခြင်း၊ ပြည်သူလူထု၏ ယုံကြည်မှု လျော့ကျစေခြင်းတို့အပြင် နိုင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုများကိုပါ ယိုယွင်းပျက်စီးစေနိုင်ကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားမှုကို လုံးဝလက်သင့်မခံသော လူမှုအသိုက်အဝန်းတစ်ခု ပေါ်ပေါက်စေရန် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံး လက်တွဲညီညီ ပူးပေါင်းတိုက်ဖျက်ရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု ဘေးအန္တရာယ်နှင့် သဘောသဘာဝများကို သိရှိရှောင်ကြဉ်လာနိုင်မည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ကဏ္ဍအသီးသီးမှပုဂ္ဂိုလ်များအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသော လူမှုအသိုက်အဝန်း ဖန်တီးဖော်ဆောင်ရန်မှာ နိုင်ငံသားအားလုံးတွင် တာဝန်ရှိပါကြောင်း၊ ယခု အသိပညာပေး ဆွေးနွေးပွဲမှရရှိလာသည့် အချက်အလက်များကို ထပ်ဆင့်ဖြန့်ဝေပေးစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး၊ ဒေါ်နန်းရတနာထွန်း က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးရဲထက် က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများက အဂတိ လိုက်စားမှုနှင့် ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။

အခမ်းအနားသို့ ကရင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ကရင်ပြည်နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ စုစုပေါင်း (၄၃၂) ဦး တက်ရောက်ခဲ့ကြသည်။

၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း ခေါင်းဆောင်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

Photos from ACC Myanmar's post 31/05/2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းသည် ကော်မရှင်ရုံးခွဲ(မော်လမြိုင်)ရှိ ဝန်ထမ်းများအား တွေ့ဆုံခြင်း
**************************************************
နေပြည်တော်၊ မေ ၃၀ ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းသည် ယနေ့နံနက်ပိုင်းတွင် ကော်မရှင်ရုံးခွဲ (မော်လမြိုင်) ရှိ အစည်းအဝေးခန်းမ၌ ကော်မရှင်ရုံးခွဲမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ကော်မရှင်ရုံးခွဲဝန်ထမ်းများမှ တစ်ဦးချင်းစီ မိတ်ဆက်ကြပြီးနောက် တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးက ရုံးခွဲစတင် ဖွင့်လှစ်ခဲ့မှု၊ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခဲ့မှု၊ ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းခန့်ထားမှု၊ အသိပညာပေးရေး၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်ရုံးခွဲ (မော်လမြိုင်) ကို ဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၅) နှစ်ကျော်ကာလရှိပြီး ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ကြရာတွင် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြစေလိုကြောင်း၊ ဝန်ထမ်းအားလုံး နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုကြောင်း၊ နိုင်ငံတော်အကျိုး ရှေးရှု့ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိကြောင့် နိုင်ငံအကျိုး ထိခိုက်မှုမရှိအောင် သတိထား ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းဆိုတာ ပြည်သူ့ဝန်ဆောင်မှုကို ဖြည့်ဆည်း ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ နိုင်ငံ‌တော်သမ္မတ၏ လမ်းညွှန်မှာကြားချက်တွင်လည်း ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရာတွင် အဂတိတရားကင်းရှင်းစွာ ‌ဆောင်ရွက်ကြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ လူငယ်စကားဝိုင်းများနှင့် အသိပညာပေး လုပ်ငန်းများကို ယခင်နှစ်များထက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန်နှင့် စာသင်ကျောင်းများတွင် တက်ရောက်နားထောင်သည့် ကျောင်းသားအင်အား ပိုမိုများပြားလာအောင် ဆောင်ရွက်ကြရန်၊ အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို အသိတရားရရှိအောင် အသိပညာပေး လုပ်ငန်းများကို အကြိမ်ကြိမ် ဆောင်ရွက်ခြင်းကြောင့် အကောင်းဆုံးအဖြေတစ်ခု ဖြစ်လာနိုင်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ခံယူပြီး အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း ဟူသော ကဏ္ဍ(၃)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်‌ရန်အတွက် ဝန်ထမ်းတစ်ဦးချင်းအနေဖြင့် အရည်အချင်း၊ ဝမ်းစာပြည့်ဝနေအောင် အမြဲတမ်းဖြည့်ဆည်းနေရန် လိုအပ်ကြောင်း၊ မိမိလုပ်ဆောင်ရသည့် တာဝန်ကို တန်ဖိုးထား၍ ကြိုးစားလုပ်‌‌ဆောင်ရန်နှင့် ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ် ပြည့်ဝစွာဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်သွားကြရန်လိုကြောင်း မှာကြားခဲ့ပါသည်။

၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌ က ရုံးခွဲရှိ ဝန်ထမ်းများနှင့် မိသားစုများအတွက် ဆန်၊ စားသုံးဆီနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ရုံးခွဲတာဝန်ခံနှင့် မိသားစုများမှ လက်ခံရယူခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌသည် ရုံးခွဲအဆောက်အဦအတွင်း ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်ထမ်းဆောင်နေမှုနှင့် ကော်မရှင်ရုံးခွဲ ဝန်ထမ်းအိမ်ရာများကို ကြည့်ရှု့စစ်ဆေး၍ နေထိုင်ကြသည့် ဝန်ထမ်းမိသားစုများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြား၍ လိုအပ်သည်များကို ဖြည့်ဆည်း‌‌ဆောင်ရွက်ပေးခဲ့ကြပါသည်။

Photos from ACC Myanmar's post 29/05/2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မော်လမြိုင်မြို့၊ မွန်ပြည်နယ် ခန်းမ၌ကျင်းပ
******************************************************************
နေပြည်တော် ၊ မေ ၂၉ ရက်

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁၃:၀၀ နာရီချိန်တွင် မော်လမြိုင်မြို့၊ မွန်ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ယခုလို အသိပညာပေးဟောပြောပွဲတွေ လက်ခံကျင်းပခြင်းအားဖြင့် ပြည်နယ်အတွင်းရှိ ပြည်နယ်/ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအနေနဲ့ အဂတိလိုက်စားမှုရဲ့ ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော် နစ်နာပျက်စီးဆုံးရှုံးစေတဲ့ ကိစ္စရပ်များနဲ့ ပြစ်မှုပြစ်ဒဏ်တွေကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းအရာတွေကို ရှောင်ကြဉ်လာနိုင်မှာဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးစနစ်များ အကောင်အထည်ဖော်ရာမှာ အဓိကကျတဲ့အတွက် အဂတိကင်းစင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိရန် အထူးလိုအပ်ပြီး အဂတိလိုက်စားမှုကင်းစင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပေါ်လာစေရန် အစိုးရနဲ့ ပြည်သူတစ်ရပ်လုံးက အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းတွေကို စိတ်ပါဝင်စားစွာဖြင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းတဲ့ အသိအမြင် ဗဟုသုတတွေကို မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့အဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားမှာ အရေးပါတဲ့ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းတွေသာမက ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းအသီးသီး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု ဘေးအန္တရာယ်နှင့် သဘောသဘာဝများကို သိရှိရှောင်ကြဉ်လာနိုင်မည် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသော လူမှုအသိုက်အဝန်း ဖန်တီးဖော်ဆောင်ရန်မှာ နိုင်ငံသားအားလုံးတွင် တာဝန်ရှိပါကြောင်း၊ ယခု အသိပညာပေး ဆွေးနွေးပွဲမှ ရရှိလာသည့် အချက်အလက်များကို ထပ်ဆင့်ဖြန့်ဝေပေးစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။

အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးများ၊ မွန်ပြည်နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ စုစုပေါင်း (၆၆၃) ဦး တက်ရောက်ခဲ့ကြပါသည်။

၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း ခေါင်းဆောင်၍ မွန်ပြည်နယ်အစိုးရအဖွဲ့၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

Photos from ACC Myanmar's post 22/05/2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဆင်းပွဲကျင်းပ
*******************************************************

နေပြည်တော်၊ မေလ ၂၂ ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၁/၂၀၂၆) ဆင်းပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်နေ့ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၄) ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန/ အဖွဲ့အစည်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရသည့်အတွက် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများနှင့် နည်းပညာဆိုင်ရာ ဆက်သွယ်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များတွင် အရည်အသွေးမြင့်မားနေရန် လိုအပ်ကြောင်း၊ ယခုဖွင့်လှစ်ပြီးစီးခဲ့သည့် ကွန်ပျူတာကျွမ်းကျင်မှု သင်တန်းတွင် စာတွေ့အပြင် လက်တွေ့များကို သင်ကြားပေးခဲ့ခြင်း ဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်ရာတွင် အကျိုးရှိစွာ အသုံးချနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နေ့စဉ်နှင့်အမျှ နည်းပညာပိုင်းများမှာ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့်အတွက် စဉ်ဆက်မပြတ် လေ့လာသည့် အလေ့အထကို ပြုစုပျိုးထောင်ရန် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးများကို အစဉ်တိုးတက်နေစေရန်၊ နောက်ကျ မကျန်ခဲ့စေရန် ကြိုးပမ်းကြရမှာဖြစ်ကြောင်း၊ IT နည်းပညာများကို အသုံးချရာတွင် သတင်းအချက်အလက်များ၏ လုံခြုံမှုကို အထူးဂရုစိုက်ရန် အရေးကြီးပါကြောင်း၊ သတင်းလုံခြုံမှုသည် ဝန်ထမ်းများ လိုက်နာရသည့် ကော်မရှင်ကျင့်ဝတ်နှင့်လည်း များစွာ သက်ဆိုင်မှုရှိသည့်အတွက် မိမိနှင့် ဌာနဂုဏ်သိက္ခာ၊ အများပြည်သူ အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အထူးအလေးထား လိုက်နာရန်လိုကြောင်း မှာကြားခဲ့ပါသည်။

၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌက ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်၊ နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ ရရှိခဲ့ကြသည့် သင်တန်းသား (၃)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

22/05/2026

အဂတိလိုက်စားမှုများကို ကာကွယ်တားဆီးရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးကို သိရှိရန် ရည်ရွယ်၍
ဝန်ဆောင်မှုရယူခဲ့ကြသော ပြည်သူများ၏ တယ်လီဖုန်းများသို့ 𝐒𝐡𝐨𝐫𝐭 𝐂𝐨𝐝𝐞 နံပါတ် "𝟏𝟏𝟏𝟏" အသုံးပြု၍ 𝐒𝐌𝐒 ကတစ်ဆင့် မေးခွန်းများ မေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်း အစီအစဉ် (𝐏𝐮𝐛𝐥𝐢𝐜 𝐅𝐞𝐞𝐝𝐛𝐚𝐜𝐤 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞-𝐏𝐅𝐏)
***********************************************************************

Want your business to be the top-listed Government Service in Naypyidaw?

Click here to claim your Sponsored Listing.

Location

Address


ACC Myanmar, Zeya Htani Road
Naypyidaw
15011

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30