10/03/2026
လူဝတ်ကြောင်တွေ သောတာပန် မတည်နိုင်ဘူးဆိုတဲ့ အယူမှား
ကျနော်တို့ ပတ်ဝန်းကျင်မှာ၊ ဗုဒ္ဓဘာသာဝင်တွေ ကြားထဲမှာ ခိုင်ခိုင်မာမာ အမြစ်တွယ်နေတဲ့ အယူမှား (ဒိဋ္ဌိ) တစ်ခု ရှိတယ်။ အဲဒါကတော့ "ငါတို့က လူဝတ်ကြောင်တွေပဲ၊ သားမယားနဲ့၊ စီးပွားရေးနဲ့၊ အလုပ်တွေ ရှုပ်နေတာ... ဘယ်လိုလုပ် သောတာပန် တည်နိုင်မှာလဲ၊ တရားဆိုတာ သင်္ကန်းဝတ်ပြီး တောထဲတောင်ထဲ သွားအားထုတ်မှ ရမှာပေါ့" ဆိုတဲ့ အသိပါပဲ။
ဒီစကားက သာမန်ကြည့်ရင် နှိမ့်ချသယောင်ယောင်၊ ကိုယ့်ကိုယ်ကိုယ် သိသယောင်ယောင် ရှိပေမယ့် တကယ်တမ်းကျတော့ အင်မတန် ကြောက်စရာကောင်းတဲ့ "ဆင်ခြေ" တစ်ခု ဖြစ်နေပါတယ်။ ဒီဆင်ခြေကပဲ လူတွေကို တရားစစ် တရားမှန်နဲ့ ဝေးစေပြီး၊ အခွံသက်သက် ဘာသာရေး ထုံးတမ်းစဉ်လာတွေထဲမှာပဲ တဝဲလည်လည် ဖြစ်စေခဲ့တာပါ။ ကျနော် ရေးတဲ့ စာတွေရဲ့ အဓိက ရည်မှန်းချက်ကတော့ လူပဲဖြစ်ဖြစ်၊ ရဟန်းပဲဖြစ်ဖြစ် အရိယာပုဂ္ဂိုလ်တွေ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးပါပဲ။ ဒါကြောင့် ဒီနေ့တော့ ဥပါသကာ၊ ဥပါသိကာတွေကြားမှာ အတားအဆီးဖြစ်နေတဲ့ ဒီ "လူဝတ်ကြောင်တွေ အရိယာ မဖြစ်နိုင်ဘူး" ဆိုတဲ့ အယူမှားကို ပွင့်ပွင့်လင်းလင်း ရိုက်ချိုးပြီး ရှင်းထုတ်ပစ်ချင်ပါတယ်။
သာဝတ္ထိပြည်က သက်သေများ
သမိုင်းကို ပြန်ကြည့်ပါ။ မြတ်စွာဘုရား လက်ထက်က သာဝတ္ထိပြည်ကြီးကို ပြန်ကြည့်ပါ။ အဲဒီခေတ်က သာဝတ္ထိပြည်သူ ပြည်သား ၇ ကုဋေ ရှိတဲ့အထဲမှာ ၅ ကုဋေလောက်က အရိယာတွေချည်းပါပဲ။ အဲဒီ ၅ ကုဋေသော အရိယာတွေဟာ တောထဲမှာ သစ်သီး သစ်ဖုစားပြီး နေတဲ့သူတွေ မဟုတ်ပါဘူး။
ကျောင်းအမကြီး ဝိသာခါဆိုရင် သားသမီး မြေးမြစ်တွေ အများကြီးနဲ့ အိမ်ထောင်ရှင်မ တစ်ယောက်ပါ။ အနာထပိဏ် သူဌေးကြီးဆိုရင်လည်း နေ့စဉ် ကုန်သွယ် စီးပွားရှာနေတဲ့ သူဌေးကြီးပါ။ သူတို့တွေဟာ ရွှေတွေ ငွေတွေ ဝတ်ဆင်ကြတယ်၊ စီးပွားရှာကြတယ်၊ မိသားစုနဲ့ နေထိုင်ကြတယ်။ ဒါပေမယ့် သူတို့ဟာ "သောတာပန်" တွေ ဖြစ်ကြပါတယ်။ အဝတ်အစားက လူဝတ်ကြောင် ဖြစ်နေပေမယ့် သူတို့ရဲ့ စိတ်အစဉ်က အရိယာတွေ ဖြစ်နေပါပြီ။ ဘာကြောင့်လဲ? သူတို့ဟာ "အရှိကို အရှိအတိုင်း မြင်တဲ့ ဉာဏ်" ရှိသွားလို့ပါပဲ။ တရားဆိုတာ သင်္ကန်းဝတ်မှ ရတာမဟုတ်ဘူး၊ "ငါ" ဆိုတဲ့ အစွဲပြုတ်မှ ရတာဆိုတာကို သာဝတ္ထိပြည်က ဥပါသကာ၊ ဥပါသိကာတွေက သက်သေပြခဲ့ပြီးပါပြီ။
သောတာပန် ဆိုတာ ဘာလဲ
လူတော်တော်များများက သောတာပန်ဖြစ်တယ်ဆိုတာကို မှော်ဆန်ဆန် တန်ခိုးတွေရသွားတာ၊ မစားမသောက်ဘဲ နေနိုင်သွားတာ၊ ဒါမှမဟုတ် အမြဲတမ်း ပြုံးဖြီးပြီး ဒေါသ လုံးဝမထွက်တော့တဲ့ အခြေအနေမျိုးလို့ ထင်နေကြတယ်။ မဟုတ်ပါဘူး။ သောတာပန်ဆိုတာ သံယောဇဉ် သုံးပါး (ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ) ပြုတ်သွားတဲ့ သူကို ခေါ်တာပါ။
၁။ သက္ကာယဒိဋ္ဌိ (ငါ ဆိုတဲ့ အစွဲပြုတ်ခြင်း): ခန္ဓာငါးပါး၊ ရုပ်နာမ် ဖြစ်စဉ်တွေအပေါ်မှာ "ငါ" လို့ ထင်မှတ်နေတဲ့ အမြင်မှား ပြုတ်သွားတာပါ။ မြင်တာ ငါမဟုတ်ဘူး၊ ကြားတာ ငါမဟုတ်ဘူး၊ တွေးတာ ငါမဟုတ်ဘူး၊ ရုပ်နဲ့ နာမ် အလုပ်လုပ်နေတာ သက်သက်ပဲလို့ အရှိကို အရှိအတိုင်း တည့်တည့်မြင်သွားတာပါ။
၂။ ဝိစိကိစ္ဆာ (သံသယ ကင်းခြင်း): အကြောင်းအကျိုး (Process) အပေါ်မှာ ယုံမှားသံသယ မရှိတော့တာပါ။ ဘယ်ဖန်ဆင်းရှင်ကမှ ဖန်ဆင်းထားတာ မဟုတ်ဘူး၊ အကြောင်းရှိလို့ အကျိုးဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်သွားတာပါ။
၃။ သီလဗ္ဗတပရာမာသ (အကျိုးမဲ့ အလေ့အကျင့်များကို စွန့်ခြင်း): ယတြာချေတာ၊ ဂြိုဟ်ပြေနံပြေ လုပ်တာ၊ ထုံးတမ်းစဉ်လာ အခမ်းအနားတွေနဲ့ နိဗ္ဗာန်ရမယ်လို့ ထင်နေတဲ့ အယူမှားတွေ ပြုတ်သွားတာပါ။ ဘာသာရေး အခွံသက်သက်တွေကနေ လွတ်မြောက်သွားတာပါ။
ဒီသုံးချက်ကို ကြည့်ပါ။ ဒီသုံးချက် ပြုတ်ဖို့အတွက် လူဝတ်ကြောင် ဖြစ်နေလို့ မရဘူးလို့ ဘယ်မှာ ပါသလဲ။ အိမ်ထောင်ရှိလို့၊ စီးပွားရှာနေလို့ သက္ကာယဒိဋ္ဌိ မပြုတ်နိုင်ဘူးလို့ ဘယ်သူ ပိတ်ပင်ထားသလဲ။ ဘယ်သူမှ မပိတ်ပင်ထားပါဘူး။ ကိုယ့်ရဲ့ မသိမှု (မောဟ) ကသာ ပိတ်ပင်ထားတာပါ။
စိတ္တာနုပဿနာဖြင့် လူ့ဘဝထဲက တရားရှာခြင်း
"လူတွေက အလုပ်ရှုပ်တယ်၊ တရားထိုင်ဖို့ အချိန်မရှိဘူး" လို့ ပြောတတ်ကြတယ်။ အဲဒါဟာ တရားဆိုတာကို "ခြေပိုက်ခွေထိုင်ပြီး မျက်စိမှိတ်ထားမှ တရား" လို့ ပုံသေကားကျ မှတ်ထားလို့ပါ။ တကယ်တော့ ကျနော်တို့ နေ့စဉ်ဘဝမှာ အသင့်တော်ဆုံးနဲ့ အထိရောက်ဆုံးက "စိတ္တာနုပဿနာ" (စိတ်ကို ရှုမှတ်ခြင်း) ပါပဲ။
ရုံးသွားနေရင်း၊ ကားမောင်းနေရင်း၊ စျေးရောင်းနေရင်း စိတ္တာနုပဿနာ အားထုတ်လို့ ရပါတယ်။ ကားပိတ်လို့ ဒေါသထွက်လာတယ် ဆိုပါစို့။ "ငါ ဒေါသထွက်နေတယ်" လို့ မကြည့်ပါနဲ့။ အဲဒီလိုကြည့်ရင် "ငါ" က ဝင်လာပြီ။ အဲဒီအစား "ဪ... ဒေါသစိတ် ပေါ်လာပါလား" လို့ သိလိုက်ပါ။ အာရုံ (ကားပိတ်ခြင်း) နဲ့ ဒွါရ (မျက်စိ/နား) တိုက်မိလို့ ဒေါသဆိုတဲ့ နာမ်တရားလေး ခဏ ပေါ်လာတာပါလား လို့ အရှိကို အရှိအတိုင်း ကြည့်လိုက်ပါ။ အဲဒီလို ကြည့်လိုက်တဲ့ အခိုက်အတန့်မှာ "ဒေါသစိတ်" က အရှုခံ (Object) ဖြစ်သွားပြီး၊ "သိလိုက်တဲ့စိတ်" က အရှုဉာဏ် (Subject) ဖြစ်သွားပါတယ်။ အဲဒီ လုပ်ငန်းစဉ် (Process) ထဲမှာ "ကျနော်" မပါဘူး၊ "ခင်ဗျား" မပါဘူး၊ "ငါ" မပါပါဘူး။
စိတ်ကို အတင်းပြင်ဖို့ မကြိုးစားပါနဲ့။ "ငါ ဒေါသ မထွက်ရဘူး၊ မထွက်ရဘူး" လို့ အတင်းဖိနှိပ်ထားတာဟာ အတ္တ (Ego) ပါပဲ။ စိတ္တာနုပဿနာ ဆိုတာ ဝင်စွက်ဖက်တာ မဟုတ်ဘူး။ ဒေါသဖြစ်ရင် ဒေါသဖြစ်မှန်း သိတယ်၊ လောဘဖြစ်ရင် လောဘဖြစ်မှန်း သိတယ်။ ဧည့်သည် လာရင် လာမှန်းသိတဲ့ အိမ်ရှင်လိုပဲ တံခါးဝကနေ ထိုင်ကြည့်နေရုံ သက်သက်ပါ။ ဒီလို စောင့်ကြည့်ပါများလာရင်၊ စိတ်တွေရဲ့ ဖြစ်ပြီး ပျက်သွားတဲ့ သဘောကို မြင်လာမယ်။ "ငါ" လို့ ဆုပ်ကိုင်စရာ ဘာမှ မရှိပါလား ဆိုတာ ဉာဏ်နဲ့ ပေါက်ကွဲပြီး နားလည်လာပါလိမ့်မယ်။ အဲဒါ သောတာပန် တည်တာပါပဲ။
အနတ္တ ဆိုတာ ဘာမှ လုပ်လို့မရတော့ဘူး ဆိုတဲ့ အဆိုးမြင်ဝါဒ မဟုတ်
ဒီနေရာမှာ အထူးသတိထားရမယ့် အချက်တစ်ခု ရှိပါတယ်။ တချို့က "ငါမှ မဟုတ်တာ၊ အားလုံးက အနတ္တပဲ" ဆိုပြီး အရာရာကို လွှတ်ချ၊ ဘာတာဝန်မှ မယူတော့ဘဲ ပေပေတေတေ နေတတ်ကြတယ်။ "အနတ္တ" ဆိုတာဟာ "ငါ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး" ဆိုတဲ့ အဆိုးမြင်ဝါဒကို ရှောင်ကြဉ်ရပါမယ်။ အနတ္တ ဆိုတာ တာဝန်မဲ့ခိုင်းတာ မဟုတ်ပါဘူး။ "ငါ" ဆိုတဲ့ ပုဂ္ဂိုလ် သတ္တဝါ အနေနဲ့သာ မရှိတာ၊ "အကြောင်းအကျိုး ဆက်စပ်မှု" (Cause and Effect Process) ကတော့ အလုပ်လုပ်နေတာပါပဲ။
ဒါကြောင့် လွတ်မြောက်ရေးအတွက် ကြိုးစားတဲ့အခါ "ကံ" ကိုချည်း ထိုင်စောင့်နေလို့ မရပါဘူး။ အရာရာကို အတိတ်ကံအပေါ် ပုံချပြီး ငုတ်တုတ်ထိုင်နေတာ ဗုဒ္ဓဝါဒ မဟုတ်ပါဘူး။ ဆုတောင်းနေရုံနဲ့လည်း မရပါဘူး။ လွတ်မြောက်မှုအတွက် ကိုယ်တိုင် ပြဋ္ဌာန်းယူရပါမယ်။ ဘယ်လို ပြဋ္ဌာန်းမလဲ? အဓိပတိတရား လေးပါး (ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသ) နဲ့ ပြည့်စုံအောင် လက်တွေ့ ကျင့်သုံးရပါမယ်။
• ဆန္ဒ: ဒီသံသရာ ဒုက္ခကနေ လွတ်မြောက်ချင်တဲ့ ပြင်းပြတဲ့ ဆန္ဒ ရှိရမယ်။
• စိတ္တ: လွတ်မြောက်ရေး လမ်းစဉ်အပေါ်မှာ စိတ်ကို စူးစူးစိုက်စိုက် ထားရမယ်။
• ဝီရိယ: ခန္ဓာဉာဏ်ရောက် အားထုတ်မှု၊ မလျှော့သော လုံ့လ ရှိရမယ်။
• ဝီမံသ: အရှိကို အရှိအတိုင်း ခွဲခြမ်းစိတ်ဖြာ သိမြင်နိုင်တဲ့ ပညာဉာဏ် ရှိရမယ်။
ဒီ အဓိပတိတရား လေးပါးနဲ့သာ ပြည့်စုံရင် မိမိလိုတာ ပြည့်ပါတယ်။ အိမ်ထောင်ရှင် ဖြစ်နေလို့၊ လူဝတ်ကြောင် ဖြစ်နေလို့ ဆိုပြီး ဘယ်အရာကမှ ခင်ဗျားကို တားဆီးထားလို့ မရပါဘူး။
ရိုးရာအစွဲများကို ဖောက်ထွက်ခြင်း
ကျနော်တို့ မြန်မာ ဗုဒ္ဓဘာသာဝင် အများစုဟာ "သီလဗ္ဗတပရာမာသ" ဆိုတဲ့ အခွံတွေထဲမှာ အရမ်း နစ်မွန်းနေကြတယ်။ ဥပုသ်နေ့မှ ကျောင်းသွားပြီး သီလယူမယ်၊ ဘုရားပန်းကပ်ရင်တောင် ဘယ်နှစ်ပွင့် ကပ်ရမယ်၊ ဘယ်ထောင့်ကနေ ရေသက်စေ့ လောင်းရမယ် စသဖြင့် ထုံးတမ်းစဉ်လာတွေကိုပဲ ဘာသာရေးလို့ ထင်နေကြတယ်။
တကယ်တော့ အဲဒါတွေဟာ စိတ်သက်သာရာ ရစေရုံ သက်သက်ပါ။ ဒုက္ခကနေ တကယ် လွတ်မြောက်စေတာ မဟုတ်ပါဘူး။ လွတ်မြောက်ချင်ရင် "အရှိကို အရှိအတိုင်း ကြည့်တဲ့အလုပ်" ကို လုပ်ရပါမယ်။ ခင်ဗျား ခေါင်းပေါ်မှာ ဆံပင်ရှိနေသလား၊ ကတုံးတုံးထားသလား ဆိုတာ တရားရဖို့အတွက် အရေးမကြီးပါဘူး။ ခင်ဗျား ဝတ်ထားတာ သင်္ကန်းလား၊ ပုဆိုးလား၊ စကတ်လား ဆိုတာ သစ္စာလေးပါး သိဖို့အတွက် အရေးမကြီးပါဘူး။ အရေးကြီးတာက ခင်ဗျားရဲ့ "စိတ်" က အမှန်တရားကို တည့်တည့်ကြည့်ရဲတဲ့ သတ္တိ ရှိဖို့ပါပဲ။
နိဂုံး
ဒါကြောင့် ဥပါသကာ၊ ဥပါသိကာ အပေါင်းတို့... "ငါတို့က လူတွေမို့ မရနိုင်ပါဘူးလေ" ဆိုတဲ့ ဆင်ခြေကို အခုကစပြီး အမှိုက်ပုံးထဲ ပစ်လိုက်ပါ။ သင်္ကန်းမဝတ်နိုင်သေးလို့ တရားမရနိုင်ဘူး ဆိုတာ မောဟ ဖုံးနေတဲ့ စကားပါ။ အလုပ်တွေ ရှုပ်နေလို့ တရားမအားထုတ်နိုင်ဘူး ဆိုတာ ပျင်းတဲ့သူတွေရဲ့ စကားပါ။
တရားဆိုတာ နေရာမရွေး၊ အချိန်မရွေး၊ အဝတ်အစားမရွေး ကိုယ့်ခန္ဓာ၊ ကိုယ့်စိတ်ကို ပြန်ကြည့်ရင် တွေ့နိုင်တဲ့ အရာပါ။ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟတွေကို ဘက်မလိုက်ဘဲ စောင့်ကြည့်ပါ။ "ငါ" ဆိုတဲ့ ပညတ်ကို ခွာပြီး၊ ရုပ်နာမ် ဖြစ်စဉ် သက်သက်ဆိုတဲ့ ပရမတ်ကို ဉာဏ်နဲ့ ထွင်းဖောက်ကြည့်ပါ။ (ကျနော်က ဒီနေရာမှာ ပရမတ်ဆိုတဲ့ စကားလုံးအစား "အရှိတရား" လို့ပဲ သုံးချင်ပါတယ်)။
ဒီ Page ကနေ ကျနော် အမြဲတိုက်တွန်းနေတာ ဒါပါပဲ။ ယုံကြည်မှု (Faith) နောက်ကို အကန်းမလိုက်ပါနဲ့။ နားလည်မှု (Understanding) ကို တည်ဆောက်ပါ။ သာဝတ္ထိပြည်က လူဝတ်ကြောင် အရိယာတွေလိုပဲ၊ ခေတ်သစ်မှာလည်း ကိုယ့်တာဝန် ကိုယ်ကျေပွန်ရင်း၊ မိသားစုကို စောင့်ရှောက်ရင်းနဲ့ သောတာပန် တည်နိုင်ပါတယ် ဆိုတာကို လက်တွေ့ သက်သေပြကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အမှန်တရားဆိုတာ ကိုယ်တိုင်ကြည့်မှ မြင်ရတာပါ။
ထက်အောင်
18/02/2026
ဘာလုပ်ပေးပြီးပြီလဲ
------------------------
“ခုခေတ်လူငယ်တွေ ပျက်စီးနေကြပြီဗျာ”
ကျွန်တော် ထိုသို့စကားပြောမှုမျိုးကို လက်မခံပါ။ ကျွန်တော်က ထိုသို့ပြောသူတွေနှင့် ကြုံလာလျှင်
“ခင်ဗျား သူတို့အတွက် ဘာလုပ်ပေးပြီးပြီလဲ” ဟူ၍ ပြန်မေးချင်ပါသည်။
သစ်ပင်တစ်ပင် ညှိုးနွမ်းနေလျှင် အသိဉာဏ်ရှိသော ဥယျာဉ်မှူးဆိုပါက သစ်ပင်ကို အပြစ်တင်မည် မဟုတ်ပေ။ မြေဆီလွှာကို စစ်ဆေးမည်၊ ရေအလုံအလောက် ရ၊ မရ စစ်ဆေးမည်။ နေရောင်ခြည်ရသလားဆိုသည့် အချက်ကို ပြန်စစ်ဆေးမည်သာဖြစ်သည်။
လူငယ်တွေကို ပန်းပွင့်လေးတွေလို သဘောထားလျှင် လူကြီးတွေသည် ထိုပန်းပွင့်လေးတွေကို ပွင့်လာစေမည့် ပန်းပင်ကို ပြုစုပျိုးထောင်ပေးမည့် ဥယျာဉ်မှူးတွေသာဖြစ်သည်။
မြေဆီလွှာကလည်းမရှိ၊ ရေလည်းမရဘဲနှင့် ပန်းတွေဘာကြောင့် မပွင့်တာလဲ၊ ပွင့်တဲ့ပန်းတွေ ဘာဖြစ်လို့ မလှတာလဲဟု ပြောနေခြင်းမှာ အလွန်ရယ်စရာကောင်းလှပါသည်။
လူငယ်တွေ၏ အပြုအမူနှင့် အတွေးအခေါ်များ ပျက်စီးနေခြင်းသည် အရင်းစစ်တော့ အမြစ်မြေက ဆိုသလို လူကြီးတွေ တည်ဆောက်ထားသည့် လူ့အဖွဲ့အစည်း၏ရလဒ်ဆိုးတွေကြောင့် ဖြစ်သည်။ ရေခံ၊ မြေခံမ ကောင်းဘဲ အပွင့်၊ အသီးမကောင်းနိုင်ဆိုသည့် အချက်ကို ကောင်းစွာ သိမြင်ကြရန်လိုသည်။
လူကြီးတွေက အာဏာမက်ကြသည်။ အဂတိလိုက်စားကြသည်။ တစ်ယောက်နှင့်တစ်ယောက် ဖုံးကွယ် လိမ်ညာနေကြသည်ဆိုလျှင် ထိုပတ်ဝန်းကျင်တွင် ကြီးပြင်းလာကြသည့် လူငယ်တွေကလည်း ထိုကဲ့သို့ လုပ်ဆောင်နေမှုများအပေါ် အမှန်ဟုထင်ကာ အတုယူကြမည်သာဖြစ်သည်။
လူငယ်တွေကို အပြစ်တင်ခြင်းသည် ကိုယ့်ကျရှုံးမှုကို မှန်ထဲတွင် ပြန်မြင်နေရသဖြင့် စိတ်တိုနေသည့် သဘောသာ ဖြစ်ပေလိမ့်မည်။
လူကြီးတွေ ဖြတ်သန်းလာကြရသည့်ခေတ်က ဒုက္ခတွေနှင့် ယနေ့ လူငယ်တွေ ရင်ဆိုင်နေရသည့် ဒုက္ခတွေသည် မတူညီကြပေ။ ယနေ့ခေတ်လူငယ်တွေသည် နည်းပညာ၏ အလင်းအောက်တွင် ပိုပြီး အထီးကျန်နေကြသလို၊ ပြိုင်ဆိုင်မှုကလည်း ပိုပြီး ပြင်းထန်လာကြသည်။
လူကြီးတွေက သူတို့ခေတ်က စံနှုန်းဟောင်းတွေနှင့် တိုင်းတာပြီး ယခုခေတ်၏ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကို နားလည်မပေးနိုင်သည့် အခါတွင် လူငယ်တွေပိုပြီး လမ်းပျောက်ကုန်ကြရသည်။
ဤနေရာတွင် လူကြီးတွေသည် ဝေဖန်သူဖြစ်သင့်သလား လမ်းပြသူ ဖြစ်သင့်သလားဆိုသည့် အမြင်နှစ်ချက်ကို ဆွေးနွေးစရာ ဖြစ်လာသည်။
ဝေဖန်သူက - “လူငယ်တွေပျက်စီးနေပြီ” ဟုမြင်သည်။
လမ်းပြသူက - “လူငယ်တွေ လမ်းပျောက်နေတာ” ဟုမြင်သည်။
ဝေဖန်သူက - လက်ညှိုးထိုး အပြစ်တင်မည်။
လမ်းပြသူက - လက်တွဲခေါ်ပြီး အခွင့်အရေးတွေ ဖန်တီးပေးမည်။
ဝေဖန်သူက - မျိုးဆက်နှစ်ခုကြားတွင် တံတိုင်းတွေက ပိုမြင့်လာသည်ဟုပြောမည်။
လမ်းပြသူက - မျိုးဆက်နှစ်ခုကြားတွင် နားလည်မှုတည်ဆောက်မည်။
ဝေဖန်သူက - ဝေဖန်ရင်း အနာဂတ်ကို ဖျက်ဆီးသူဖြစ်သွားသည်။
လမ်းပြသူက - နားလည်မှုပေးရင် အနာဂတ်ကို တည်ဆောက်ပေးချင်သူဖြစ်လာသည်။
ကျွန်တော်တို့ လူငယ်တွေအမြင်မှား အတွေးမှားနေကြသည့်
“အာဏာရှိရင် ဂုဏ်ရှိတယ်” ဆိုသော အတ္တများနှင့်
“ငါတို့ခေတ်က ဒီလိုမဟုတ်ဘူး” ဆိုသည့် အပြောများကို ရှောင်ကြရမည်။
ထိုသို့ဘေးပြောတွေထက် လူငယ်တွေ၏ ကျောပေါ်တွင် မနိုင်ဝန်တွေကို မည်မျှထမ်းထားရကြောင်း ဦးစွာသဘောပေါက်ကာ မြင်နိုင်အောင် ကြည့်ပေးတတ်ရန်လိုသည်။
လူငယ်တွေကို ဖိနှိပ်ချုပ်ချယ်ရန်ထက် သူတို့၏ ကိုယ်ပိုင်စွမ်းအားတွေကို ဖော်ထုတ်ပေးကြရန်မှာ ကျွန်တော်တို့ လူကြီးတွေ၏ အဓိကတာဝန်ဖြစ်သည်ကို မမေ့သင့်ပါ။
တင်ညွန့်
၁၈.၂.၂၀၂၆
13/02/2026
၁၁၁ နှစ်မြောက် မွေးနေ့ဂုဏ်ပြုစကား
-----------------------------------------
ယနေ့သည် ကျွန်တော်တို့၏ အနှိုင်းမဲ့ခေါင်းဆောင် ဦးအောင်ဆန်းမွေးနေ့ဖြစ်သည်။ ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၃ ရက်နေ့ဖွားဖြစ်သဖြင့် ၁၁၁ နှစ်မြောက် မွေးနေ့ဟူ၍လည်း ဆိုနိုင်ပါသည်။
ဦးအောင်ဆန်းသည် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်နေ့တွင် လုပ်ကြံခံရသောကြောင့် ကွယ်လွန်ရှာသည်။ သူကွယ်လွန်ခဲ့သည်မှာ ၇၉ နှစ်ရှိပြီ။
ကျွန်တော်တို့အဘယ်ကြောင့် ဦးအောင်ဆန်းကို မမေ့နိုင်ကြသနည်း။
ကျွန်တော်တို့သည် ဦးအောင်ဆန်းအပါအဝင် နိုင်ငံ့အတွက် အသက်ပေးခဲ့ကြသော ခေါင်းဆောင် ၉ ဦးကို အာဇာနည်များဟူ၍ သတ်မှတ်ကာ ယနေ့တိုင်စိတ်ထဲ (နှလုံးသားထဲ) တွင် အလေးအမြတ်ပြုနေကြသည်။
အာဇာနည်ဆိုသည်မှာ အဘယ်နည်း။
“အများအကျိုးအတွက် ကိုယ့်ကိုယ်ကိုယ် စတေးပြီး တိုင်းပြည်နှင့်လူမျိုးအတွက် တာဝန်ကျေခဲ့သူများ” ကို အာဇာနည်ဟူ၍ သတ်မှတ်ကြသည်။
အာဇာနည်တစ်ဦး၏ အကြီးမားဆုံးသော ဝိသေသမှာ “စွန့်လွှတ်ခြင်း” ဖြစ်သည်။
သူတစ်ပါးအသက်ရှင်ရန်အတွက် ကိုယ့်အသက်ကို ပေးဝံ့သူ
နောင်လာနောက်သားများ လွတ်လပ်ရေးအတွက် မိမိ၏ ပစ္စုပ္ပန်ချမ်းသာကို စွန့်လွှတ်သူ
ထိုသူတို့ကို “အာဇာနည်” ဟူ၍ ခေါ်ဆိုပါသည်။
အာဇာနည်ဆိုသည်မှာ ကွယ်လွန်သွားမှ ဖြစ်သည်မဟုတ်။ မသေခင်ကတည်းက အများအတွက် ရှင်သန် နေသည့် စိတ်ဓာတ်ပိုင်ရှင်တို့ကိုလည်း “အာဇာနည်” ဟူ၍ ခေါ်ဆိုပါသည်။
အာဇာနည်တို့၏ ဝိသေသများမှာ
သီလ၊ သမာဓိ၊ ပညာ၊ ဝီရိယ ထိုလေးပါးနှင့် ပြည့်စုံသူများဖြစ်ကြသည်။
သီလ = ကိုယ်ကျင့်သိက္ခာခိုင်မာပြီး အမှန်တရားဘက်မှ ရပ်တည်သည် (Integrity)
သမာဓိ = လောကဓံကို မတုန်မလှုပ် တည်ငြိမ်စွာ ရင်ဆိုင်တတ်သည် (Stability)
ပညာ = အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သည့် အမြင်ရှိသည် (Insight)
ဝီရိယ = အခက်အခဲကို မကြောက်မရွံ့ ဇွဲသတ္တိနှင့် ကျော်ဖြတ်နိုင်အောင် ကြိုးစားသည် (Courage)
ထိုဂုဏ်များနှင့်ပြည့်စုံသူဖြစ်သောကြောင့်လည်း ကျွန်တော်တို့ ရင်ထဲတွင် ယနေ့တိုင် မမေ့နိုင်လောက်အောင် လွှမ်းမိုးထားနိုင်သူဖြစ်ခဲ့ရသည်။
တစ်နည်းအားဖြင့်ဆိုလျှင် ဦးအောင်ဆန်းသည် စစ်မှန်မှု (Authenticity) နှင့် စွန့်လွှတ်မှု (Sacrifice) တို့ကြောင့် ကျွန်တော်တို့ရင်ထဲတွင် ကိန်းအောင်းနေခဲ့ရသူဖြစ်သည်။
“အာဇာနည်မျိုး သေရိုးမရှိ” ဟူ၍ တင်စားပြောဆိုကြပါသည်။
လောကနိယာမအရ မည်သူမဆို သေကြရမည်သာဖြစ်သည်။ စစ်မှန်သော ခေါင်းဆောင်တစ်ဦးသည် အာဇာနည်အဖြစ် သေဆုံးသွားသော်လည်း သူယုံကြည်သည့် အယူအဆ (Ideals) တွေသည် နောက်လူတို့၏ ရင်ထဲတွင် မျိုးစေ့အဖြစ်ကျန်ခဲ့သောကြောင့် ထိုအာဇာနည်ခေါင်းဆောင်သည် သေသွားသော်လည်း ဘယ်သော အခါမျှ ပျောက်ပျက်နိုင်စွမ်းမရှိကြောင်း တင်စားခြင်းဖြစ်သည်။
ရှိတ်စပီးယားကလည်း
“လူကြောက်တွေ မသေခင်မှာ အကြိမ်ကြိမ်သေနေကြသော်လည်း၊ သတ္တိရှိသူတွေကတော့ တစ်ကြိမ်ပဲ သေရမည်ကို မကြောက်ကြပေ” ဟူ၍ ဆိုခဲ့ပါသည်။
"Cowards die many times before their deaths; The valiant never taste of death but once."
William Shakespeare
ဤနေရာတွင် နှိုင်းယှဉ်ပြစရာဖြစ်လာသည်။
အတုအယောင်သမား (The Fake) တို့သည်
မိမိကိုယ်မိမိ ကြီးကျယ်ခမ်းနားရန် (Self-Exaltation) အားထုတ်ကြသည်။ သေမှာကိုကြောက်လွန်းသဖြင့် အာဏာနှင့်ကာကွယ်ကြသည်။ ခန္ဓာကိုယ်မသေဆုံးမီကတည်းက ဂုဏ်သိက္ခာသေဆုံးနေပြီးဖြစ်သည်။
အာဇာနည် (The Martyr) တို့သည်
အများအကျိုးအတွက် သေမှာသိသိနှင့် သေခြင်းကိုလက်ခံပြီး အမှန်တရားအတွက် ရင်ဆိုင်ကာ အသက်စွန့်ဝံ့ သည်။ ခန္ဓာကိုယ် သေသွားသော်လည်း ဂုဏ်သိက္ခာအရ ထာဝရရှင်သန်နေသည်။
“အာဇာနည်မျိုး၊ သေရိုးမရှိ” ဆိုသည်မှာ “အမှန်တရားသည် ဘယ်တော့မျှ မသေ” ဟူ၍ ဆိုလိုခြင်းလည်း ဖြစ်ပါသည်။
ကျွန်တော်တို့ရင်ထဲ၊ နှလုံးသားထဲမှာ ထာဝရပါ ဦးအောင်ဆန်းခင်ဗျား။
(မှတ်ချက် - ဦးအောင်ဆန်း၏ ဂုဏ်ပုဒ်ကို မသုံးချင်သောကြောင့် မသုံးသည်ကို နားလည်ပေးကြပါခင်ဗျား)
တင်ညွန့်
၁၃.၂.၂၀၂၆
08/10/2025
“ဘာသာရေးနဲ့ ပိုဝေးပြီး ဗုဒ္ဓနဲ့ ပိုနီးလာတယ်”
🔳 ဟိုရက်က မိတ်ဆွေဆရာတစ်ယောက်နဲ့ စကားစပ်မိရင်း ပြောဖြစ်တဲ့စကား။ ဒီကာလအတွင်း တွေ့ကြုံခဲ့ရတာတွေက ကျွန်တော့်ကို ပြောင်းလဲသွားစေခဲ့တယ်ပဲ ပြောရမယ်။
ဒီစကားက ဘာကို ဆိုလိုချင်တာလဲ ဆိုတော့ ဘာသာရေးအရ ဗုဒ္ဓကို ဘုရားသခင်ဆန်ဆန်၊ တန်ခိုးရှင်ဆန်ဆန် မှတ်ယူတာတွေ၊ ပူဇော်ပသတာတွေ၊ လက်တွေ့သက်သေ ပြလို့မရတဲ့ ငရဲပြည်၊ နတ်ပြည်လို အရာတွေထက် "လက်ရှိဘဝကို အကောင်းဆုံးဖြစ်အောင် ရှင်သန်တဲ့နေရာမှာ ဗုဒ္ဓအဆုံးအမ၊ ဗုဒ္ဓအယူအဆတွေကို အသုံးချပြီး နေထိုင်ဖြစ်လာတယ်" လို့ ပြောချင်တာပါပဲ။
🔳 အရင်ကလည်း ရေးဖူးပါတယ်။ ဗုဒ္ဓဝါဒကို အရိုးရှင်းဆုံး ပြောပြပါဆို အကြောင်းနဲ့ အကျိုးပဲ။ သစ္စာ ၄ ပါး၊ ပဋ္ဌာန်း၊ ပဋိစ္စ သမုပ္ပါဒ်၊ ဒါတွေအကုန်လုံးဟာ အကြောင်းအကျိုးကို ရှင်းပြထားတာပဲ။
ဒီအကျိုးတရားကို မလိုချင်ဘူးလား။ အကြောင်းတရားကို ပယ်သတ်။ ရလာတော့မှာ မဟုတ်ဘူး။
ဒီအကျိုးတရားကို လိုချင်လား။ အကြောင်းတရားကို ဖြည့်ဆည်း။ မလိုချင်ရင်တောင် ရလာလိမ့်မယ်။
ဒါက ကျန်းမာရေးကနေ ဘဝအောင်မြင်ရေးအလယ် စိတ်ငြိမ်းချမ်းမှုအဆုံး အသုံးချလို့ရတဲ့၊ အင်မတန်မှလည်း ရိုးရှင်းတဲ့ ဖော်မြူလာပဲ။
🔳 အကျိုးတရားသာ မလိုချင်တာ၊ အကြောင်းတရားကျ မပယ်သတ်နိုင်လို့၊
အကျိုးတရားသာ လိုချင်တာ၊ အကြောင်းတရားကျ မဖြည့်ဆည်းချင်လို့ ကျွန်တော်တို့ မကျန်းမမာဖြစ်၊ အလုပ်တွေ မအောင်မြင်၊ စိတ်တွေ ဆင်းရဲ ဖြစ်နေကြရတာ မဟုတ်ဘူးလား။
နိုင်ငံရေးစနစ် ပြောင်းလဲချင်ရင်ရော ဒီဖော်မြူလာပဲ သုံးရတာ မဟုတ်ဘူးလား။ အကြောင်းတရားကျ မပယ်သတ်ဘဲ၊ ပယ်သတ်ဖို့ မကြိုးစားဘဲ ဒီစနစ်ကြီး မလိုချင်တော့ဘူး အော်နေ၊ ညည်းနေရုံနဲ့တော့ ဘယ်ရမလဲ။
🔳 တစ်ခါ၊ ဗုဒ္ဓအဆုံးအမတွေကို အနှစ်ချုပ်လိုက်။ အားလုံးလည်း သိမယ်။ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား” ဒီထက်ရှင်းတာတောင် ဒီလောက်မရှင်းဘူး။
🔳 ဒါဖြင့် မကောင်းမှု၊ ကောင်းမှု ဆိုတာကို ဘယ်လိုသတ်မှတ်မလဲ။ ကိုယ်ချင်းစာတရားနဲ့ သတ်မှတ်။ အများအကျိုး ရှိမရှိနဲ့ စစ်ချ။
ငါးပါးသီလ လုံရုံနဲ့တင် ဘဝက ပြည့်စုံသွားတာ မဟုတ်ဘူး။ ကိုယ်လုပ်ရမယ့် အလုပ်ကို ပျက်ကွက်ရင်လည်း အဲဒီလူဟာ တပါးသူကို ဒုက္ခပေးတာပဲ၊ စိတ်အနှောင့်အယှက် ပေးတာပဲ။ ၉ နာရီ ချိန်းထားတဲ့ ဆရာဝန် နောက်ကျနေရင် လူနာတွေ ဘယ်လောက်စိတ်ညစ်ရသလဲပဲ စဉ်းစားကြည့်။ ဒါ ဆက်ဆံရေး မကောင်းတာ၊ ကျင့်ဝတ်မညီတာတွေ မပါသေးဘူးနော်။
ဒါကြောင့်လည်း သီလကို ကိုယ့်ကြောင့် သူတပါး မထိခိုက်ရအောင် စောင့်ထိန်းနေထိုင်ခြင်းဖြစ်လို့ “မဟာဒါန” လို့ ဗုဒ္ဓက ဟောခဲ့တာ။
🔳 အဲဒါကို နာယူလိုက်ရပြီးတဲ့နောက် တကယ့်ကို လင်းခနဲ လက်ခနဲ ဖြစ်သွားတယ်။ ဝေဝါးနေတာတွေ၊ တွေဝေနေတာတွေ၊ ဆုံးဖြတ်ရခက်နေတာတွေ အကုန်ရှင်းလင်းသွားပြီး ကိုယ့်ဘဝရဲ့ Moral compass (ကိုယ်ကျင့်တရားဆိုင်ရာ သံလိုက်အိမ်မြှောင်) တစ်ခုလို ဖြစ်သွားခဲ့တာ။
ဆေးလိပ်မသောက်တတ်သူရှေ့ ဆေးလိပ်မသောက်ရဘူးလို့ ငါးပါးသီလထဲ ပါမှမပါတာ။ သို့သော် ခုနက မဟာဒါန ဆိုတဲ့ ရှုထောင့်ကနေ စဉ်းစားကြည့်။ လုပ်သင့် မလုပ်သင့် ကွဲသွားလိမ့်မယ်။ ဒါ နားမခံနိုင်အောင် လော်စပီကာနဲ့ သီချင်းတွေဖွင့်တာ၊ ကိုယ့်ရဲ့ ကိုယ်သင်းရနံ့ကို ဂရုစိုက်တာလို သေးသေးကလေးတွေအထိပါ အကြုံးဝင်သွားတယ်။
ကိုယ့်ပို့စ်တစ်ခု၊ ကိုယ့်ကွန်မန့်တစ်ကြောင်းကြောင့်လည်း သူတပါး မထိခိုက်အောင် နေမယ်။ ကိုယ်သေချာမသိတဲ့ကိစ္စ ဝင်မပြောဘူး။ ကြမ်းကျွံရင် နှုတ်ရခက်တယ်၊ စကားကျွံတာ နှုတ်လို့မရဘူး။ ပြောခံရသူရင်ထဲ စူးပြီး ဝင်သွားတာ။ ဒါလည်း ကိုယ်ကျင့်သီလပဲ မဟုတ်ဘူးလား။
🔳 ကြားသား၊ မြင်သား၊ ကိုယ့်အတွက် ရည်ရွယ်ပြီး သတ်ထားမှန်း သိနေတဲ့အသားတွေ မစားဘူး၊ ကျန်တာကတော့ ရတယ်၊ ပါဏာတိပါတကံကနေ လွတ်တယ် ဆိုတဲ့အထဲ ကျွန်တော် မပါတော့ဘူး။
အသားစားခြင်းတင်မကပါဘူး၊ ကျွန်တော်တို့ သောက်နေတဲ့ နွားနို့တွေ၊ စားနေတဲ့ ကြက်ဥတွေဟာလည်း တိရစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက်ပြီးမှ ထုတ်လုပ်ထားတာတွေပါပဲ။ အများစုပေါ့လေ။
ဒါကြောင့် ဒီဖြစ်စဉ်ကြီးထဲမှာ ကိုယ်ဟာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်နေတာပဲ။ စားတဲ့ကိုယ်ကတော့ အပြစ်မရှိ၊ သတ်ရတဲ့သူကသာ အကုသိုလ်သမား ဆိုတာမျိုး လက်ခံမပေးနိုင်တော့ဘူး။
🔳 ဟုတ်တယ်။ ငါတို့လည်း ပါတယ်။ ငါတို့စားလို့သာ သတ်တဲ့၊ ရောင်းတဲ့သူလည်း ရှိနေတာပဲ။ ဒီအတွက် တတ်နိုင်သမျှ လျှော့ချတယ်။ တချိန်ကျ Vegan တစ်ယောက်အဖြစ်ပါ နေထိုင်မယ် စိတ်ကူးထားတယ်။ ခုထိတော့ အသားစားခြင်းပေါ် တပ်မက်မှုကို မလျှော့ချနိုင်သေးတာရယ်၊ အစားအစာ ရွေးချယ်စရာ အရမ်းနည်းနေတာရယ်ကြောင့် မလုပ်နိုင်သေးဘူး။
(Veganism အကြောင်းတော့ ကျွန်တော့်ရဲ့ “ဗုဒ္ဓအလိုကျ Minimalism” စာအုပ်မှာ အကျယ်တဝင့် ရေးထားဖူးပါတယ်။ သက်သတ်လွတ်စားတယ် ဆိုတာထက် အများကြီးပိုတဲ့ ဘဝနေထိုင်မှုပုံစံတစ်ခုပေါ့)
🔳 မကောင်းမှုရှောင်ပြီးရင် ကောင်းမှုဆောင်ရမယ်။ ဒီနေရာမှာလည်း နောင်ဘ၀ ဘာဖြစ်ဖို့၊ ညာဖြစ်ဖို့ ရည်ရွယ်ချက် မရှိတော့ဘူး။ ဒါကြောင့် ရွှေအထပ်ထပ် ချထားပြီးသား ဘုရားကို ကိုယ်ကုသိုလ်ရချင်လို့သက်သက် ရွှေသင်္ကန်းကပ်ဖို့ ကျွန်တော် စိတ်မကူးတော့ဘူး။
လူသူအရောက်အပေါက် နည်းတဲ့နေရာ သိန်းသောင်းချီ အကုန်ကျခံ ဘုရားတည်မယ့်အစား၊ လမ်းပြင်ပေးမယ်။ တံတားဆောက်ပေးမယ်။ ကျောင်းဆောက်ပေးမယ်။ ဆေးခန်းဖွင့်ပေးမယ်။ လူပေါင်းများစွာရဲ့ ဘဝတွေ ကိုယ့်မျက်စိရှေ့တင် အပြောင်းအလဲ ဖြစ်လာလိမ့်မယ်။ နောက်ဘ၀ နတ်ပြည်ရောက်မရောက်က ကိုယ်သိနိုင်တဲ့ကိစ္စမှ မဟုတ်တာ။ ဒါကျ ခုချက်ချင်း မြင်ရတယ်။
ဘာသာရေးနဲ့ ပိုဝေးလာတယ် ဆိုတာ အဲဒါတွေကို ပြောတာ။ မျှော်ကိုးမှုတွေ၊ ပြန်လည်ရယူလိုမှုတွေ မရှိတော့တဲ့အတွက် ပိုပြီး လွတ်လပ်လာသလို၊ အေးချမ်းလာသလိုလည်း ခံစားရတယ်။
ကိုယ့်ပိုက်ဆံ၊ ကိုယ့်ပိုင်ဆိုင်မှုပဲ၊ ဘယ်ကိုလှူလှူပါ။ ဝင်စွက်ဖက်လို့၊ စီမံလို့ရတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ပြောင်းလဲလာမှုကိုသာ ပြောပြတာပါပဲ။
🔳 နောက်ဆုံးတစ်ချက်၊ “ဖြူအောင်စိတ်ကိုထား” တဲ့။
ဗုဒ္ဓအဆုံးအမတွေကို Mind-centered Teaching လို့ ပြောကြတယ်။ စိတ်ကို အတော်လေး နက်နက်နဲနဲ ဟောကြားထားတာ။ ဒါတွေကို နားလည်ဖို့၊ လက်ခံဖို့ကလည်း ဘာသာရေးဆိုတဲ့ ခေါင်းစဉ်အောက်ထဲ ဝင်စရာ မလိုဘူး။ ဘာသာတစ်ခုခုကို ကိုးကွယ်နေရင်းလည်း ကျင့်သုံးလို့ရတယ် မြင်မိတယ်။
🔳 စိတ်ဆိုတာ အရှိတရား မဟုတ်ဘူး။ “အဖြစ်တရား” တဲ့။
စိတ်ဆိုတာ “မြစ်ရေ”လိုပဲ။ အဆက်မပြတ် တစ်ခုပြီးတစ်ခု ဖြစ်နေတာ။ ဆက်တိုက်ကြီး ဖြစ်နေတော့ မနေ့ကလည်း ဒီမြစ်ကြီး ရှိနေတယ်၊ ခုလည်း ရှိနေတယ် ထင်သွားတာ။ တကယ်က တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်နေတာ တဲ့။
စိတ်ဆိုတာ “စောင်းသံ”လိုပဲ။ စောင်းကြိုးနဲ့ လက်နဲ့ ထိလိုက်တဲ့အချိန်လေးပဲ ဖြစ်လာတာ တဲ့။
ဘယ်လောက်တန်ဖိုးရှိလိုက်သလဲ။ ဒါတွေ နားလည်ရင်ကိုပဲ ကိုယ့်စိတ် ကျန်းမာအောင်၊ ငြိမ်းချမ်းအောင် ထားနိုင်ဖို့ အတော်လွယ်သွားပြီ။ လူတွေကို နားလည်ဖို့လည်း မခက်တော့ဘူး။
🔳 သူက စိတ်ကောင်းရှိတယ်တဲ့။ မဟုတ်ဘူးနော်။ စိတ်ကောင်းခဏခဏဖြစ်အောင် သူက လေ့ကျင့်ထားတာ။ သူ့မှာလည်း စိတ်ဆိုးစိတ်ယုတ် ဖြစ်တဲ့အချိန်တွေ ရှိမယ်။ ဒေါသထွက်တဲ့အချိန်တွေ၊ တဏှာရာဂ ထကြွတဲ့အချိန်တွေ၊ စိတ်လေလွင့်နေတဲ့အချိန်တွေ၊ မနာလိုတဲ့အချိန်တွေ၊ တဖက်သားကို ပျက်စီးစေလိုတဲ့အချိန်တွေ ရှိမယ်။ ဘယ်သူ့ဘယ်သူကမှ ဖြူစင်မနေဘူး။
စိတ်ဆိုးစိတ်ယုတ်တွေ ပေါ်လာတဲ့အချိန်မှာ သိလိုက် ထိန်းလိုက်နိုင်တဲ့သူနဲ့၊ အဲဒီစိတ်တွေရဲ့ သားကောင်အဖြစ်ခံလိုက်တဲ့သူနဲ့ပဲ ကွာခြားသွားတာ။
🔳 ဒီတော့ ဘာလုပ်ရမလဲ။ သတိအားကောင်းအောင် လေ့ကျင့်။ စိတ်အညစ်အကြေးတွေကို လျှော်ဖွပ်။ သားကောင်ဖြစ်သွားတဲ့အချိန်တွေလည်း ရှိမှာပဲ။ ပြန်ပြန်ပြီး ထိန်း။ ပြန်ပြန်ပြီး ဆင်ခြင်။
“ဖြူအောင်စိတ်ကိုထား” ဆိုတာ အဲဒါပဲ။ တသက်လုံး လုပ်သွားရမယ့်အရာ။ ဒီနေ့ ရေချိုးပြီးပြီမို့ နောက်နေ့ ချိုးစရာ မလိုတော့ဘူး ဆိုတာမျိုး လုပ်လို့မရသလိုပဲ၊ Mental hygiene သည်လည်း မသေမချင်း လုပ်သွားရမယ့် Process တစ်ခုပဲ။
🔳 ဒီ ၄ နှစ်ကျော် ၅ နှစ်နီးပါးအတွင်း ဘာတွေ ပြောင်းလဲလာလဲ မေးရင် -
တစ်ပတ်တစ်ရက် ဥပုသ်စောင့်ဖြစ်တာ ၄ နှစ်ကျော်။ (ဟိုးလကတော့ ဘယ်လိုမှ ရှောင်လွှဲမရလို့ ပျက်သွားတဲ့ ၂ ပတ်လောက် ရှိတယ်) တရားထိုင်ဖြစ်တယ်။ တရားနာဖြစ်တယ်။ Buddhism ရဲ့ တကယ့်အနှစ်သာရတွေကို ပိုနားလည်လာတယ်။
အပေါ်ယံကြည့်ရင်တော့ ဘာသာရေး လုပ်ဖြစ်လာတယ်ပေါ့။
တကယ်က မဟုတ်ပါဘူး။ ဘာသာရေးနဲ့ ပိုဝေးသွားပြီး၊ ဗုဒ္ဓနဲ့ ပိုနီးသွားတာပါ။ ဒီမဟာလူသားရဲ့ အဆုံးအမတွေကို ပိုသဘောပေါက်လာပြီး ပိုကျင့်သုံးဖြစ်လာတာပါ။
ဒေါက်တာ ဖြိုးသီဟ
၇.၁၀.၂၀၂၅
25/09/2025
“ကိုယ့်ကိုယ်ကိုယ် သိဖို့ ဘယ်လောက်အရေးကြီးသလဲ”
🔳 တစ်ခါတုန်းက အဖိုးကြီးတစ်ယောက် အိပ်နေတုန်း သူရဲ့ မုတ်ဆိတ်မှာ သူ့မြေးလေးတွေက နောက်ပြောင်တဲ့သဘောနဲ့ အင်မတန် အနံ့ပြင်းတဲ့ ခရင်မ်တွေ သွားသုတ်ထားသတဲ့။ အဲဒါနဲ့ အဖိုးကြီးက နိုးလာတော့ အဲဒီအနံ့ဆိုးဆိုးကြီးကို ရနေတာပေါ့။
ဘယ်နားမှာလဲ လိုက်ရှာတယ်၊ မီးဖိုချောင်ထဲ သွားတော့လည်း ဒီအနံ့၊ အိမ်ရှေ့ ထွက်တော့လည်း ဒီအနံ့၊ ဘယ်သွားသွား အနံ့က ရနေတော့ သူက ပြောလိုက်တယ်၊ “ဟာ တစ်အိမ်လုံးလည်း နံစော်နေတော့တာပါလား” တဲ့။
အမှန်တော့ အနံ့က သူ့မုတ်ဆိတ်မှာပဲ ရှိနေတာ။ ဒါပေမဲ့ သူကတော့ တလောကလုံးက အနံ့ထွက်နေတယ်ပဲ ထင်နေတယ်။
🔳 လက်တွေ့ဘဝမှာလည်း အဲ့ဒီလိုလူတွေ ရှိတယ်။ ပြဿနာရဲ့ အရင်းခံက သူ့မှာ ရှိနေတာ။ သူ့ရဲ့ အဆိုးမြင်စိတ်ပေါ့။ ဒါပေမဲ့ တလောကလုံးက သူ့အပေါ် မကောင်းဘူးပဲ ထင်နေတယ်။ မိဘကလည်း ဂရုမစိုက်ဘူး။ ရည်းစားကလည်း အလိုမလိုက်ဘူး။ အိမ်ထောင်ဖက်ကလည်း ငါ့ကို မချစ်ဘူး။ သူငယ်ချင်းတွေကလည်း အဆင့်အတန်း ခွဲခြားတယ် စသဖြင့်ပေါ့။
နောက်ဆုံး သူ့ကို တခုခု လုပ်ပေးမယ်ဆိုရင်တောင် ငါက ဘာဖြစ်နေလို့လဲ ဆိုတာမျိုးနဲ့ ပြန်ရန်တွေ့တတ်ကြတယ်။ ကူညီဖူးသမျှထဲမှာ အဲ့ဒီလိုလူတွေဟာ ကူညီရအခက်ဆုံးပဲ။ ပြဿနာရဲ့ အဖြေကလည်း သူ့မှာပဲ ရှိနေတာဆိုတော့ သူကိုယ်တိုင် မပြင်ဆင်ဘဲနဲ့လည်း မရဘူး။
🔳 သူတို့တွေဟာ များသောအားဖြင့် မပျော်ရွှင်ကြရတာ များတယ်။ လိုအင်ဆန္ဒလည်း မပြည့်ကြဘူး။ တခြားလူတွေကို မကျေမနပ် ဖြစ်မယ်။ သူတို့ကျ ပျော်နေရတယ်ဆိုပြီး မနာလို ဖြစ်နေမယ်။
တကယ်တမ်းတော့ သူ့ဘဝက သိပ်ဆိုးနေတာ မဟုတ်ဘူး။ သူကိုက မပျော်တတ်တာ။ အဆိုးမြင်နေတာ။ ခုနက အဘိုးကြီးလို သူ့မုတ်ဆိတ်က ခရင်မ်ကို သုတ်ဖို့ သတိမရဘဲ တစ်လောကလုံးကို နံနေတယ်လို့ တွေးနေတာ။ တစ်ခါတလေမှာ သူ့ထက် အခြေအနေဆိုးသူကတောင် သူ့ကို ပြန်နှစ်သိမ့်နေရတာမျိုးတွေ ရှိတတ်တယ်။
🔳 Self-awareness အားနည်းသူဟာ သူတင် ပူလောင်တာ မဟုတ်ဘူး။ သူ့ပတ်ဝန်းကျင်က လူတွေကိုလည်း ပူလောင်စေတယ်။ ဘယ်အချိန်ဖြစ်ဖြစ် Negative vibe တွေချည်းပဲဆိုတော့ တော်ရုံလူက မပေါင်းချင်တော့ဘူး။ ဒီတော့ သူ့ရဲ့ စိတ်ခံစားချက်တွေက ပိုပိုဆိုးလာတယ်။
ဒါကြောင့် လူတစ်ယောက် ပျော်ရွှင်ဖို့မှာ အဲ့ဒီ Self-awareness က သိပ်အရေးကြီးပါတယ်။ EQ ဆိုတဲ့ စိတ်ခံစားချက်တွေကို သိနားလည် ထိန်းချုပ်နိုင်စွမ်းမှာလည်း ဒီ Self-awareness က အခြေခံအကျဆုံးပဲ။
ကိုယ့်ကိုယ်ကိုယ် သိမှ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်တာ။ စိတ်တွေတို၊ ဒေါသတွေ ပေါက်ကွဲနေသူဟာ သူတစ်ပါးဘက်က ဖြည့်တွေးပေး၊ ကိုယ်ချင်းစာပေးဖို့ရာလည်း မလွယ်ဘူး။ နောက်ပိုင်း စိတ်နည်းနည်းငြိမ်သွားမှ သြော် သူလည်း ဒါကြောင့် ဒီလိုလုပ်မိလိုက်တာ နေမယ် ဆိုပြီး တွေးလာနိုင်တာ။ ပေါက်ကွဲနေချိန် တွေးမိဖို့ မပြောနဲ့၊ ဘယ်သူ ဘာလာပြောပြော နားကိုမဝင်ဘူး။
🔳 EQ ဆိုတာက Skill ဖြစ်တယ်။ ဆိုလိုတာက လေ့ကျင့်ပျိုးထောင်လို့ ရတယ်။ သို့သော် စာလေး ဖတ်လိုက်ရုံနဲ့တော့ မရပါဘူး။ လေ့ကျင့်မှ ရပါလိမ့်မယ်။
Self-awareness တက်လာဖို့ ဒီပို့စ်မှာ ပေးချင်တဲ့ အကြံပြုချက်တွေကတော့ -
💙 ၁။ တရားထိုင်ပါ။ ခက်မယ်ဆိုတာ နားလည်တယ်။ တအားပေါက်ကွဲလွယ်တဲ့သူဆိုရင်တော့ ကြိုးစားလုပ်ကြည့်ပါ။
💙 ၂။ ကိုယ်ပေါက်ကွဲမိလိုက်လို့၊ စိတ်မထိန်းနိုင်လိုက်လို့ ပြဿနာသေးသေးလေးကနေ အကြီးကြီး ဖြစ်သွားခဲ့ဖူးတာတွေ ရှိရင် အဲ့ဒါကို အမြဲတွေးနေပါ။ (ဥပမာ စိတ်ကောက်ပြေချင်နေပြီ ဖြစ်တဲ့ ရည်းစားကို စိတ်တိုမိသွားလို့ တစ်ခွန်းလေး လွှတ်ခနဲ ပြောမိလိုက်တာက နောက် ၃ ရက်လောက် ထပ်ချော့လိုက်ရတာမျိုး၊ ကားပါကင် လုရာကနေ ဆဲကြဆိုကြပြီး အလုပ်တွေ ပျက်ကုန်တာမျိုး)
💙 ၃။ ဘေးကနေ ပြောပေးနိုင်မယ့်လူ ရှာထားပါ။ ဒေါသထွက်ပြီဆို ထွက်နေမှန်း သတိပေးမယ့်လူပေါ့။
💙 ၄။ လူမသိတဲ့နေရာမှာ ပေါက်ကွဲပါ။ ကိုရီးယားတွေထဲ မြင်ဖူးမယ်။ တံတားအောက်တွေ၊ မြစ်ကမ်းစပ်တွေမှာ အော်ပစ်လိုက်တာ။ ဘယ်သူမှ မကြားတဲ့အခါ ကိုယ့်ဒေါသကို ထပ်ပြီး လောင်စာ မထည့်နိုင်ကြတော့ဘူး။ ဒီတော့ ကိုယ့်စိတ်လည်း မြန်မြန်ငြိမ်သွားရော။
💙 ၅။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ဝါသနာပါတာလေးတွေ လုပ်ပါ။ ပျော်နေတဲ့လူက စိတ်ခံစားချက်တွေကို သတိထားမိဖို့ ပိုလွယ်ပါတယ်။
💙 ၆။ ကိုယ့်ဘဝရဲ့ Positive ဖြစ်တာတွေကိုလည်း မကြာခဏ တွေးပေးပါ။ ကိုယ်တစ်ယောက်တည်း ခွေးဖြစ်နေတာ မဟုတ်ဘူး ဆိုတာလေးလည်း သတိရပါ။ ရသစာပေ များများဖတ်ပါ။
တခြားအချက်တွေလည်း ရှိပါလိမ့်ဦးမယ်။ ဒီအကြံပြုချက် ၆ ချက်ကလည်း တစ်ခုခု အကျိုးရှိစေမယ် မျှော်လင့်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
(၂၀၂၀ က ရေးခဲ့တဲ့ ဆောင်းပါးဟောင်းကို အနည်းငယ် ပြုပြင်ထားတာ ဖြစ်ပါတယ်)
🔳 🔳 🔳 🔳 🔳 🔳 🔳
25/09/2025
မြန်မာနိုင်ငံတော်သစ်ဆီသို့ အုံလိုက်ကျင်းလိုက် လှမ်းချီနေကြတဲ့ ပျားရဲဘော်များက နယ်ပယ်အသီးသီးကနေ နိုင်ရာဝန်ထမ်းပြီး အာဏာရှင် ဝက်ဝံဆိုးကို အမြစ်ပြတ်နှိမ်နှင်းဖို့ SpringBees ကမ္ဘာထဲမှာ တနေ့နှစ်ကြိမ်တုပ်ပြီး အောက်ပါ Level အလိုက် တာဝန်ထမ်းဆောင်လျက်ရှိနေပါတယ်။ 💪
Level 0 Worker - တော်လှန်ပျားများ 🤍
Level 1 Builder - ထောက်ပို့ပျားများ 💛
Level 2 Forager - ဖန်ရေဇာပျားများ ❤️
Level 3 Ranger - စီဒီအမ်ပျားများ 🧡
Level 4 Scavenger - ပျောက်ကြားပျားများ 🩵
Level 5 Warrior - ရဲဘော်ပျားများ 💙
Level 6 Knight - စစ်ဦးစီးပျားများ 💚
Level 7 Defender - သံတမန်ပျားများ 🩷
Level 8 Guardian - ဇီဝကပျားများ 💜
Level 9 Champion - အာဇာနည်ပျားများ 🤎
Level 10 Emperor - ဧကရာဇ်ပျားများ တို့ပဲ ဖြစ်ပါတယ်။ 🖤
သင်လည်း အပြင်လက်တွေ့ ကမ္ဘာမှာ အထက်ပါ နွေဦးပျားများ ကဲ့သို့ပဲ ဂုဏ်ယူစွာနဲ့ တာဝန်ထမ်းဆောင်တဲ့ ပျားစစ်သည်တော် ဆိုရင် comment မှာ ကိုယ်က ဘယ် level ပျားလေး တကောင်ဖြစ်ကြောင်းကို ဂုဏ်ယူစွာနဲ့ မျှဝေပြောပြရင်း စုပေါင်းအားတွေ ဖြည့်တင်းဖလှယ် ကြစို့နော်။ 🫶
🐝Springbees ကစားရန် join ပါ👇
https://springbee.campaigns.springdevelopmentbank.com/r/2991cf2c2ea4f
09/08/2025
သည်းခံတတ်တဲ့ယဉ်ကျေးမှု
"""""""""""""""""""""
အယူအဆကွဲပြားတာဟာ မကောင်းတဲ့အရာမဟုတ်ပါဘူး။ ရှုတ်ချစရာလည်းမဟုတ်ပါဘူး။ မတူကွဲပြားခြားနားမှုတွေရှိနေတာ
ကြောင့် လူ့ဘောင်လောက တိုးတက်ဖွံ့ဖြိုးလာရတာပါ။
မတူညီတာတွေကို သည်းခံညှိနှိုင်းနေထိုင်တတ်ကြလို့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းရယ်လို့ ဖြစ်ထွန်းလာတာဖြစ်တယ်။ သဘောထားကွဲပြားတာကိုသည်းမခံ
တတ်ခြင်းကြောင့်အန္တရာယ်တွေကျ
ရောက်ရင်ဆိုင်ကြရတာပါ။ သဘောထားကွဲလို့ အန္တရာယ်ကျရောက်တာ မဟုတ်ပါဘူး။
အမြင်မတူတာ အယူအဆကွဲပြားခြားနားတာကို အန္တရာယ်အဖြစ်ယူဆတဲ့အခြေခံစိတ်
(mind-set) ကို ပြုပြင်ပစ်ဖို့လိုတယ်။ ဒီစိတ်ကို ပြုပြင်ပြောင်းလဲမပစ်နိုင်သရွေ့ လူ့ဘောင်လောကငြိမ်းချမ်းသာယာဖွယ်မရှိနိုင်ဘူး။
သဘောထားကွဲပြားခြားနားတာ အယူအဆမတူတာဟာ အန္တရာယ်မဟုတ်ဘူး၊ ကြောက်စရာမဟုတ်ဘူး။
အဲ့ဒါကိုသည်းခံတတ်တဲ့စိတ်
ယဉ်ကျေးမှုမရှိတာကသာ အန္တရာယ်ဖြစ်တယ်၊ ကြောက်စရာကောင်းတယ်။
သဘောထားကွဲတာ၊ အယူအဆမတူတာကို အန္တရာယ်အဖြစ်ယူဆခြင်းဆိုတဲ့ အခြေခံစိတ်ကြောင့် ညီညွတ်ခြင်းကိုသိပ်ပြီးအမွှန်းတင်လွန်းတဲ့စိတ်အလိုအလျောက်ပေါ်ပေါက်လာရတယ်။ အဲ့ဒီညီညွတ်ခြင်းစကား ပြောလွန်းအမွှန်းတင်လွန်းတော့ သဘောထားကွဲခြင်းကိုမကောင်းမြင်တဲ့
စိတ် ပိုပြီးအားကြီးလာပြန်ရော။ ဒီလိုနဲ့သံသရာလည်သွားတယ်။ ရေကိုမျဥ်းသားလို့ အကြားမထင်သလို ညီညွတ်ရေးဆိုတာ တကယ်မရှိနိုင်ဘူး။
ညီညွတ်ခြင်းကို သိပ်အမွှန်းတင်လွန်း အားကြီးရင် အာဏာရှင်စနစ်ကို အသက်သွင်းပေးရာရောက်ပါတယ်။
အမြင်အယူအဆတွေ မတူခြားနားတာကို အပြစ်မမြင်ပါနဲ့။ ပန်းဥယဉ်ထဲမှာ ပန်းတွေပေါင်းစုံပွင့်နေမှ ပိုပြီးလှတယ်မဟုတ်ပါလား။ အတွေးအခေါ်ကိုလွတ်လွတ်လပ်လပ် ဖော်ထုတ်ကြပါစေ။ သဘောထားကွဲပြားခြားနားတာတွေကိုလည်း လွတ်လွတ်လပ်လပ် ဆွေးနွေးငြင်းခုံကြပါစေ။
ဆွေးနွေးမှ တိုးတက်ပါတယ်။ ငြင်းခုံမှ အမှန်ကိုသိရပါတယ်။
စာနယ်ဇင်းတွေကလည်း မီးလောင်ရာလေပင့်သလို လုပ်မယ့်အစား ဆွေးနွေးငြင်းခုံသင့်တယ်။ သည်းခံခြင်းဆိုတဲ့ စိတ်ယဉ်ကျေးမှု ထွန်းကားစေသင့်တယ်။ မတူကွဲပြားတာတွေကို သည်းခံပြီး အတူတကွ ယဉ်တွဲနေထိုင်ခြင်းဆိုတာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်သလို လူယဉ်ကျေးများရဲ့ ပီတိ လက္ခဏာလည်းဖြစ်ပါတယ်။
လွတ်လပ်စွာ သဘောထားကွဲကြပါစေ။
အမြင်မတူတာတွေကို သည်းခံတတ်တဲ့ ယဉ်ကျေးမှုထွန်းကားပါစေ။
လူထုစိန်ဝင်း
True News Journal
25/07/2025
SpringBees တို့ရေ
နွေဦးပျားရဲဘော်များ ဖိတ်ခေါ်ပြီး
Pollen 2️⃣ ဆ ဝတ်မှုန်ကူးပါ 🤝
နွေဦးဘဏ် (၂) နှစ်ပြည့် အမှတ်တရ၏ နောက်ထပ် ကြယ်တာရာ အခွင့်အရေးအဖြစ် နွေဦးဟီးရိုးများ အတွက် SpringBees ကမ္ဘာသို့ နွေဦးပျား ရဲဘော် လက်တွဲဖိတ်ခေါ်ခြင်းဖြင့် နှစ်ဦးစလုံး Pollen (၂) ဆ Referral Reward ရယူနိုင်မှာ ဖြစ်တယ်နော်။ 🔅
ဒါကြောင့် အခုလို 400 Pollen အထိ ဆတိုး ပွါးများနိုင်ဖို့ ဇူလိုင်လ ၃၁ ရက်နေ့ အထိ နွေဦးဂလက်စီတခွင် ပျံသန်း ဝတ်မှုန်ကူးလိုက်ကြစို့။ 💫
🐝 SpringBees သို့ဝင်ပါ👇👇
https://springbee.campaigns.springdevelopmentbank.com/r/2991cf2c2ea4f
20/07/2025
***ဗိုလ်ချုပ်အောင်ဆန်း***
မသိ၍ ဆို
မလို၍ ပြော။ ။
သူ့စိတ်မှာ အလွန်ယဉ်လို့
သူ့ညာဉ်မှာ အလွန်သန့်တယ်
ထူးချွန့် သဘော။ ။
(မင်းသုဝဏ်။
ကိုရင်ဂျမ်း / တင်မိုး ရေး 'ပွင့်ဦးအစမ်းစာ' က။)
Credit
18/07/2025
Spring bees တို့ရေ
"ကျွန်ုပ်၏ SDB အမှတ်တရ”
ကြယ်တာရာ Challenge 🌟
နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ့ဘဏ္ဍာရေး သက်လုံကောင်းစေဖို့ မွေးဖွားသန့်စင်ခဲ့တဲ့ SDB နွေဦးဘဏ် နဲ့အတူ သုညမှ စတင်ခဲ့တဲ့ ခရီးစဉ် တလျှောက် အောင်မြင်မှု မှတ်တိုင် အသီးသီးဖြင့် မောင်းနှင်နိုင်ခဲ့သည်မှာ (၂) နှစ် ပြည့်လုပြီ ဖြစ်ပါတယ်။ 🥂
ယခု ကာလအတွင်း ယုံကြည်အားပေးခဲ့တဲ့ တော်လှန်ဟီးရိုး နွေဦးဘဏ် ချစ်သူ အားလုံးအတွက် အမှတ်တရ ဖြစ်စေဖို့ “ကျွန်ုပ်၏ SDB အမှတ်တရ” My SDB Story challenge မှာ ပါဝင်ပြီး Pollen 20,000 ကို အယောက် ၂၀၀ ကျပန်း လက်ဆောင် ပိုင်ဆိုင်ရယူဖို့ ဖိတ်ခေါ်ပါတယ်။ 🍯
🗓️ challenge ကာလ : ဇူလိုင် ၁၈ မှ ၂၈ ရက်နေ့အထိ
ဘယ်လို challenge ပါဝင်ရမလဲ 💫
1️⃣ SDB အသုံးပြုစဉ် လုံးဝ မမေ့နိုင်တဲ့အမှတ်တရများ (သို့) အကြိုက်ဆုံး ဝန်ဆောင်မှုများ (သို့) ဆုတောင်းအကြံပြုချက်များကို စာအနည်းငယ် ရေးသားပြီး ကိုယ်ပိုင် ရုပ်ပုံ / ဗီဒီယိုများ ဖန်တီီး၍ Facebook (သို့) X မှာ နှစ်ခုကို အသုံးပြုပြီး Public Post တင်ပါ။
2️⃣ မိမိတင်ထားတဲ့ Post ၏ link နှင့် တင်ပြီးကြောင်း Screenshot ကို အောက်ပါ လင့်မှတဆင့် မိမိအချက်အလက်များနဲ့အတူ ဖောင်ဖြည့်သွင်းပါ။
🔗 https://bit.ly/MySDBStoryForm
‼️ challenge ပါဝင်ပုံ စည်းကမ်းချက်များ နှင့် ကျပန်း ကံထူးရှင် ရွေးချယ်မည့် ပုံစံ အသေးစိတ် ကို လင့်ထဲမှာ ဖတ်ရှုလေ့လာ နိုင်ပါတယ်။
SDB အမှတ်တရများဖြင့် ဂလက်စီတခွင် ပျံသန်းကြရအောင် 🚀
SpringBees ကစားပြီး pollen များရယူလိုက်ပါ
SpringBees ကစားရန်👇👇
https://springbee.campaigns.springdevelopmentbank.com/r/2991cf2c2ea4f