17/03/2024
■ ထိုးစစ် နှစ်ပတ်ပြီးနောက် ရသေ့တောင်မြို့ကို AA က သိမ်းပိုက်
The Arakan Times
မတ်လ ၁၈ ရက်
ရခိုင်ပြည် ရသေ့တောင်မြို့ပေါ်က နောက်ဆုံးကျန်နေသော စစ်ကောင်စီတပ်ရင်း ၃ ခုစလုံးကို နှစ်ပတ်ခန့် ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ယမန်နေ့ မတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် AA က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်သည်။
ရသေ့တောင်မြို့ပေါ်တွင် နောက်ဆုံးကျန်နေသော စစ်ကောင်စီတပ်ရင်းများမှာ ခမရ ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်းတို့ဖြစ်ကြပြီး ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အပြင်းအထန် ခုခံသည့်ကြားမှ AA သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြို့သိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် စစ်ကောင်စီတပ်သားများအပြင် စစ်မှုထမ်းရန် အတင်းအဓ္ဓမခေါ်ယူခြင်းခံရသော မွတ်ဆလင်အလောင်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း AA က ဆိုသည်။
မွတ်ဆလင်များမှာ စစ်မှုထမ်းဥပဒေအား ခုတုံးလုပ်ပြီး စစ်ကောင်စီမှ လောလောလတ်လတ် စစ်သင်တန်းပေးထားသော မွတ်ဆလင်များဖြစ်ကြသည်။
ယင်းအပြင် ယင်းတပ်စခန်းများမှ စစ်ကောင်စီတပ်သား ၂၀၀ ခန့်မှာ စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
16/03/2024
မင်းပြားမြို့ကို အကြမ်းဖက် စစ်တပ်က ထပ်မံ ဗုံးကြဲတိုက်ခိုက်
The Arakan Times
မတ်လ ၁၆ ရက်
ရခိုင်ပြည် မင်းပြားမြို့ကို အကြမ်းဖက်စစ်တပ် (စစ်ကောင်စီ) က ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက်အချိန်တွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ စာသင်ကျောင်းများ ပျက်စီးသွားသည်။
အကြမ်းဖက်စစ်တပ် ကြဲချသော ဗုံးမှာ မင်းပြားမြို့ မင်းဗာကြီးရပ်ကွက်မှ အခြေခံပညာအလယ်တန်း ကျောင်း (ခွဲ) ကို ကျရောက်ခဲ့၍ စာသင်ကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
နံနက် ၉ နာရီကျော်အချိန်က ဗုံးကြဲချခြင်းဖြစ်ပြီး စာသင်ကျောင်း၏ ခြံစည်းရိုး၊ အုတ်နံရံ၊ အမိုး၊ မျက်နှာကျက်နှင့် စာသင်ခန်းဆောင်များ ပျက်စီးသွားသည်။
ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသော မြို့များနှင့် ရပ်ရွာများကို အကြမ်းဖက်မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခြင်းများကို တိုက်ပွဲမရှိဘဲ နေ့စဉ်နှင့်အမျှ လာရောက် တိုက်ခိုက်ခြင်းများရှိနေ၍ ဒေသခံပြည်သူများမှာ အသက်လုပြေးလွှား တိမ်းရှောင်နေရကြောင်း သိရသည်။
16/03/2024
AA က မြို့ ၃ မြို့ကို တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေ
The Arakan Times
မတ်လ ၁၆ ရက်
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့ပေါ်က အကြမ်းဖက် စစ်ကောင်စီတပ်များကို တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း မတ်လ ၁၅ ရက်နေ့ ညက ထုတ်ပြန်သည်။
အကြမ်းဖက်စစ်တပ်ကို လေးဘက်လေးရံမှ ဝိုင်းရံပိတ်ဆို့ထားကာ ဖြတ်တောက် တိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်ပြောသည်။
ရသေ့တောင်မြို့ အခြေစိုက် တပ်ရင်းများဖြစ်သည့် “ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)” တို့ကို အကြမ်းဖက် မြန်မာစစ်တပ်က ကြည်း၊ ရေ၊ လေ ပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသော်လည်း တစ်ဆင့်မြှင့်ထိုးစစ်ကို AA က ဆင်နွှဲနေသည်ဟု ဆိုသည်။
ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
မောင်တောမြို့နယ်အတွင်း၌လည်း လက်ကျန်နယ်ခြားစောင့်စခန်းအချို့အား သိမ်းပိုက်ရယူရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည့်နည်းတူ စခန်းစွန့်ထွက်ပြေးနေကြသည့် အကြမ်းဖက်တပ်ဖွဲ့ဝင်အချို့အား လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရသည်။