Reading is my happiness

Reading is my happiness

Share

I will share the knowledge and experiences gained from the books I read. Because sharing is caring and reading is my happiness as well.

01/12/2023

မနေ့က "ပါချုပ်ဆရာတော်ဘုရားကြီး" ရဲ့
"သူတော်ကောင်းတို့၏ စိတ်နေစိတ်ထား" တရားတော်ကို နာယူတဲ့အခါ "သူတော်ကောင်းဆိုတာ" က
ကိုယ်ကျင့်တရားလည်းကောင်းပြီး အသိဥာဏ်ပညာမှာလည်းအရည်ချင်းရှိပြီးတော်တဲ့သူမျိူးကို သူတော်ကောင်းလို့ ယေဘုယျသတ်မှတ်တယ်ပေါ့။

လောကမှာ တော်ပြီး ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေများလာရင် လောကကြီးက အန္တရာယ်များလာပြီး၊ ကိုယ်ကျင့်တရားကောင်းပြီး မတော်တဲ့ သူတွေများလာရင်လည်း အများအကျိုးအတွက် စွမ်းဆောင်နိုင်သူတွေ နည်းလာမယ်ပေါ့။

မဖြစ်မနေတစ်ခုကို ရွေးချယ်ပါဆိုရင်တော့ ကိုယ်ကျင့်တရားကောင်းဖို့ကိုသာ ရွေးချယ်ရမှာဖြစ်​ကြောင်း ဘုန်းဘုန်းကဟောကြားပါတယ်။

ဘာဖြစ်လို့လဲဆိုတော့...
ကိုယ်ကျင့်တရားကောင်းဖို့က ကိုယ့်စိတ်ကိုယ်ကို
အမြဲဆုံးမပြီး ကြိုးစားအားထုတ်ကြရင် လူတိုင်းကိုယ်ကျင့်တရားကောင်းလာနိုင်တယ်ပေါ့။

ဒါကြောင့်မို့ မတော်ပေမယ့်လည်း ကောင်းတဲ့သူတွေများလာရင် လောကကြီးက ဒုက္ခမရောက်နိုင်ဘူး ဆိုတဲ့သဘောကို သက်ရောက်ပါတယ်။
ဒါပေမယ့်လည်း တစ်ဖက်မှာ...
ပညာအရည်အချင်းတော်ဖို့ကကျတော့
ကံကံရဲ့အကျိုးအတိုင်း မိမိမှာတွေးခေါ်ဆင်ခြင်သုံးသပ်နိုင်တဲ့ အသိဥာဏ်ပါသလောက်ပဲရမှာပေါ့။

အသိဥာဏ် (Intelligence) ဆိုတာကို အခုခေတ် သိပ္ပံနည်းကျ ပြန်ခွဲကြည့်ရင် အဓိကအားဖြင့် (၄) မျိူးရှိတာတွေ့ရပါတယ်။
(1) IQ
(2) EQ
(3) SQ
(4) AQ

(1) Intelligence Quotient ကတော့ အကြောင်းအရာတစ်ခုခုဆို လွယ်လင့်တကူနားလည်နိုင်စွမ်းရှိတာမျိူး၊ မှတ်နိုင်စွမ်းအားကောင်းတာမျိူးလို့ ယေဘုယျသတ်မှတ်လို့ရတာကြောင့် IQ ကောင်းရင် ကျောင်းပညာရေး၊ ပညာရပ်တစ်ခုခုနဲ့ပတ်သက်ပြီး ထူးချွန်တာမျိုးဖြစ်နိုင်ပါတယ်။

(2) Emotional Quotient ကတော့ အခက်ခဲတွေနဲ့တွေ့တဲ့အခါ ကိုယ့်စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်ပြီး စိတ်ထဲမှာအကြည်ဓာတ်မပျက်အောင် manage လုပ်သွားပြီးအောင်မြင်အောင် လုပ်ဆောင်သွားမလဲဆိုတာမျိူးပါ။ ဒါကြောင့်မို့လည်း IQ ဘယ်လောက်ကောင်းကောင်း ကိုယ့်ရဲ့ EQ နဲ့ပတ်သက်ပြီး ကောင်းကောင်းမထိန်းချုပ်နိုင်ရင် မအောင်မြင်နိုင်ဘူးလို့ အခိုင်အမာပြောခဲ့တာတွေရှိတာပါ။

(3) Social Quotient ကတော့ ဒီဘက်ခေတ်ပိုင်းမှာ တကယ့်ကို အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်​လာတာမျိုးပါ။ Social Network ကောင်းကောင်း တည်ဆောက်နိုင်သူတွေ၊ ကိုယ်ဘာတွေပဲလုပ်လုပ် ကိုယ့်ဘက်ကရှိနေပြီး စိတ်ဓာတ်ခွန်အားပေး လမ်းမှန်ရောက်အောင်ပြသပေးနိုင်တဲ့ အပေါင်းသင်းကောင်း မိတ်ဆွေကောင်းတွေရှိတဲ့သူတွေဟာ အောင်မြင်ဖို့ အရမ်းမခက်ခဲနိုင်တော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မြတ်စွာဘုရားဟောခဲ့တဲ့အတိုင်း "အပေါင်းအသင်းမိတ်ဆွေ​ကောင်းရှိတဲ့သူဟာ ကိစ္စတစ်ခုကို ပြီးမြောက်အောင်မြင်နိုင်ဖို့က 100%" ဆိုတာကို လက်ခံယုံကြည်ရမှာပါပဲ။

နောက်ဆုံးတစ်ခုဖြစ်တဲ့ (4) Adversity Quotient က Covid ကာလကနေစပြီး ယခုကာလအထိ လူတိုင်းမှာရှိသင့်တဲ့ အရည်အသွေးတစ်ခုလို့ ထင်မိပါတယ်။ ဘာလို့လဲဆိုတော့ Covid ကာလကစပြီး ယခုအချိန်အထိလူတွေဟာ ဘဝပျက်သွားစေလောက်တဲ့ အခက်ခဲတွေကို ပုံစံမျိုးစုံနဲ့ လူတိုင်းနီးပါး ရင်ဆိုင်လာကြရတာပါပဲ။ တစ်ချို့တွေက စီးပွားပျက်တာနဲ့ရင်ဆိုင်ရတဲ့အချိန်၊ တစ်ချို့တွေက မိသားစုဝင်တွေဆုံးရှုံးပြီး ဘဝကိုရှေ့ဆက်မရှင်သန်ချင်လောက်တဲ့ လောကဓံတွေနဲ့ ကြုံတွေ့ရကြတယ်။ အဲလိုအခါမျိုးမှာ ဒီလိုအခက်ခဲတွေကနေ ရှင်သန်ထမြောက်နိုင်ဖို့ဆိုတာ AQ ကောင်းတဲ့သူမှသာ လွတ်မြောက်နိုင်တာမျိုးပါ။ ကိုယ့်အမြင်အရပြောရရင် AQ ကောင်းဖို့ဆိုတာ လေ့ကျင့်ယူလို့ရနိုင်တာမျိုးပါ။ အခက်ခဲတွေကြောင့် ဘဝကို ဆက်ရှင်သန်ချင်စိတ်မရှိတော့တဲ့အခါ လွယ်လင့်တကူလက်လျှော့အရှုံးမပေးဘဲ မိမိရဲ့သက်ဝင်ယုံကြည်တဲ့ ဘာသာတရားရဲ့အဆုံးမတွေအတိုင်းလိုက်နာကျင့်သုံးတာမျိုး၊ မိမိရဲ့လောကဓံတွေကို မိမိယုံကြည်ရတဲ့ မိတ်ဆွေ၊ မိသားစုတွေနဲ့ ဖွင့်ဟတိုင်ပင်တာမျိုးတွေ၊ မိမိဝါသနာပါပြီး စိတ်ကိုအေးငြိမ်းစေတဲ့ အရာမျိုးတွေလုပ်ပြီး လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ လေ့ကျင့်ရမှာပါပဲ။ "မုန်တိုင်းတွေပြီးရင် ရောင်နီလာမှာပါ" ဆိုတဲ့အတိုင်း အကောင်းတွေလည်းအမြဲမဖြစ်သလို အဆိုးတွေကလည်းအမြဲတမ်းမြဲနေမှာမဟုတ်ဘူးဆိုတာကို လက်ခံတတ်ဖို့ မိမိကိုယ်တိုင် လေ့ကျင့်နေထိုင်သွားကြရင် AQ ကောင်းပြီး လောကဓံကိုရင်ဆိုင်ကျော်ဖြတ်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

ဆိုတော့ ပြန်ချုပ်ရရင် ယခုခေတ်အခြေအနေအရ
အသိဥာဏ်ပိုင်းမှာတော်တယ်ဆိုတာမျိုးက အရေးကြီးတဲ့အစီစဥ်အလိုက်စီရရင် ကိုယ့်အတွက်ကတော့ -
(1) AQ
(2) IQ
(3) EQ
(4) SQ လို့ပဲ ထင်မြင်မိပါတယ်ရှင်။

(ဒီစာကိုရေးနေရင်းနဲ့ မဟာပုရိသကျောက်ဂူတောရဆရာတော်ဘုရား ဆုံးမဖူးတဲ့ "သူတော်ကောင်း" ဆိုတဲ့ အဓိပ္ပာယ်လေးကိုလည်း ပြန်သတိရမိပါတယ်။ အဲဒါကတော့...
"ဘယ်သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း" ပါတဲဲ့။ ။)

27/11/2023
4:00 PM
Monday

12/11/2022

ကိုယ်ဒီနေ့ရုံးအားရက်ရတုန်း ဆရာမင်းလူရဲ့
"ငှက်ကလေး" ကို သေချာပြန်ဖတ်မိတယ်။

ဖတ်တိုင်းလည်း အမြဲတမ်းအသက်ရှူကျပ် ပိတ်မိနေတဲ့ ခံစားချက်မျိူးကို ခံစားရတယ်။
ဆရာ့ရဲ့ အရေးအသားက ပြောင်မြောက်လွန်းတာကြောင့်မို့ ကိုယ်လည်း စာအုပ်ထဲကအဓိကဇာတ်ဆောင် ညီညီနဲ့ထပ်တူ ခံစားနေရတာဖြစ်မယ် တွေးမိတယ်။

(၁၃) နှစ်ဆိုတဲ့ ကလေးတစ်ယောက် ဦးနှောက်အသိဥာဏ်နဲ့ မိဘတွေရဲ့ မပြေလည်တဲ့ ဆက်ဆံရေးအကြောင်းကို နားလည်ဖို့ ကြိုးစားရင်း ညီညီ့ရဲ့ ဖြတ်သန်းရတဲ့ နေ့ရက်တွေတိုင်းဟာ ခက်ခဲနေခဲ့တယ်။ ဒါပေမယ့်လည်း သူငယ်ချင်းတွေနဲ့ တီချယ်မေကြောင့် သူ့ဘဝဟာ စိတ်သက်သာရာ အတိုင်းအတာတစ်ခုအထိတော့ရခဲ့တယ်။

အိမ်ထောင်ရေးအဆင်မပြေကြတဲ့ မိဘနှစ်ယောက်ကို ကြည့်မယ်ဆိုလည်း နှစ်ယောက်လုံးဟာ မပျော်ရွှင်ကြပါဘူး။ ညီညီ့ မိဘနှစ်ယောက်ရဲ့ မပြေလည်ရတဲ့ အကြောင်းအရင်းကို ဆရာက အတိအကျထည့်သွင်းရေးမထားပေမယ့်လည်း မပျော်ရွှင်ရတဲ့ မိသားစု၊ အိမ်ထောင်ရေးတွေကြောင့် မြေဇာပင်ဖြစ်ရတဲ့ သားသမီးတွေရဲ့ခက်ခဲကြမ်းတမ်းရတဲ့ဘဝဖြတ်သန်းမှုကိုတော့ ဆရာက ရေးသားပြခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီညီ့အဖေကိုယ်တိုင်ကလည်း အိမ်ထောင်ရေးအဆင်မပြေကြတဲ့မိသားစုက​နေပေါက်ဖွားလာတဲ့ သားတစ်ယောက်ဖြစ်ခဲ့ပြီး ငယ်စဥ်ဘဝမှာကတည်းက မိခင်ကိုယ်တိုင်က သူ့အပေါ်မှာ child abuse လုပ်ခဲ့တဲ့အတွက် စိတ်ဒဏ်ရာတွေ အပြည့်နဲ့ကြီးပြင်းလာခဲ့ရပြီး သူကိုယ်တိုင် ဖခင်တစ်ယောက်ဖြစ်လာတဲ့အချိန်ထိကို အဲဒီစိတ်ဒဏ်ရာတွေကနေ ရုန်းမထွက်နိုင်ခဲ့ဘူးလို့ ဆိုရပါမယ်။

"ငှက်ကလေး" စာအုပ်ဟာ တစ်ဆယ့်သုံးနှစ်အရွယ်ကလေးတစ်ယောက်ရဲ့အတွေးတွေနေရာကနေ ကိုယ်တို့စာဖတ်သူတွေက ဖတ်ခဲ့ရပေမယ့်လည်း ပုံမှန်ကလေးတစ်ယောက်ရဲ့အတွေးတွေလို လွတ်လပ်ပျော်ရွှင်မှုတွေကိုမခံစားရပဲ ညီညီရဲ့အတွေးတွေဟာဝင်္ကပါထဲမှာပိတ်မိနေသလိုမျိုး၊ ပဟေဠိတစ်ခုကို အဖြေရှာမရသလိုမျိုးပဲခံစားရတယ်။ မိဘတွေအိမ်ထောင်ရေးအဆင်မပြေကြတဲ့ မိသားစုမှာ ကြီးပြင်းရတဲ့ကလေးတွေရဲ့ အတွေးတွေ၊ နေ့ရက်တွေက ဆရာ့စာအုပ်ထဲကလို အမြဲတမ်း မွန်းကျပ်နေရမှာပဲလား လို့ကိုယ့်အနေနဲ့ စိတ်မကောင်းစွာပဲ တွေးကြည့်မိတယ်။ နောက်ဆုံးကိုယ်တွေးမိတဲ့ အတွေးတစ်ခုက ညီညီ့ဖခင်ရဲ့သေဆုံးခြင်းကြောင့် ညီညီ့မှာ trauma တစ်ခု ရကောင်းရသွားနိုင်တယ်ဆိုတာပါပဲ။ အဲဒီ trauma ကို သူ့အနေနဲ့ ကောင်းကောင်းကုသနိုင်ခြင်းမရှိခဲ့ရင် သူကိုယ်တိုင်ကရော သူ့အနာဂတ်မိသားစုလေးမှာညီညီ့အဖေလို နောက်ထပ်ဖခင်တစ်ယောက် ဖြစ်ကောင်း ဖြစ်လာနိုင်သလား?? ဆိုတာ တွေးမိရင်း ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါတယ်။ ။

ကမ္ဘာပေါ်မှာရှိကြတဲ့ အိမ်တိုင်း၊ မိသားစုတိုင်း ချစ်ခြင်းမေတ္တာတွေ အပြည့်အဝနဲ့ ပျော်ရွှင်ကြပါစေလို့လည်း ဆုတောင်းပေးလိုက်ရပါတယ်။

12/11/22
Saturday

12/11/2022

Today is Saturday 🤓
Guess what I'm reading now 📖 ☺️😉

06/11/2022

ဒီနေ့ ဆရာမဂျူးရဲ့ "လရဲ့အောက်ဘက်မိုင်အဝေးမှာ" လေးပြန်ဖတ်ဖြစ်ပြီး ဒီပါနဲ့ သိဒ္ဓိတို့နှစ်ယောက်ကြားမှာရှိတဲ့ ညီအစ်ကိုတွေကြားက ချစ်ခြင်းမေတ္တာအကြောင်းကို သေချာခံစားကြည့်မိတယ်။

တစ်ချို့အရာတွေက နီးလွန်းရင် မမြင်ရဘူးဆိုတဲ့စကားအတိုင်းပါပဲ လူချင်းဘယ်လောက်နီးနီး၊ တစ်အိမ်ထဲမှာဘယ်လောက်နီးနီးကပ်ကပ်နေကြပါဦးတော့ ချစ်ခြင်းမေတ္တာကို ခံစားသိရှိနိုင်ပါမယ်လို့ တစ်ထစ်ချကြီးယုံမှတ်လို့မရနိုင်ပါဘူး။
ဘာလို့လဲဆိုတော ချစ်ခြင်းမေတ္တာက လူတွေရဲ့ ပင်ကိုယ်ဗီဇသဘာဝအရ ဖော်ပြပုံတွေက မတူညီနိုင်ကြပါဘူး။
တစ်ချို့လူတွေက ချစ်ခြင်းမေတ္တာကို နှုတ်ကနေလည်းဖွင့်ပြောပြတတ်ပြီး ချစ်ပေး၊ ဂရုစိုက်ပေးတတ်ကြတယ်။
တစ်ချို့လူတွေကတော့ ချစ်ခြင်းမေတ္တာကို စကားလုံးတွေထက် အပြုမှုတွေ၊ လုပ်ဆောင်မှုတွေနဲ့သာ ဖော်ပြတတ်ကြတယ်။
ဒါပေမယ့်လေ ကိုယ့်အယူအဆကတော့ ဘယ်လောက်ပဲ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့နည်းလမ်းတွေ မတူညီကြပါစေဦးတော့ ကိုယ့်ချစ်ခြင်းမေတ္တာကို တစ်ဖက်လူက ခံစားသိရှိအောင်လုပ်ပေးနိုင်မှ ချစ်ခြင်းမေတ္တာပီသမယ်လို့ထင်ပါတယ်။
(မဟုတ်ရင်တော့ ဒီပါနဲ့သိဒ္ဓိလိုမျိုး ညီအစ်ကိုတွေကြား တစ်ယောက်နဲ့တစ်ယောက်ချစ်ပေမယ့် ချစ်ခြင်းကို မခံစားမိတာမျိုးတွေ၊ မိဘနဲ့သားသမီးကြား အထင်မြင်လွဲမှားတာမျိူးတွေက ဖြစ်ကောင်းဖြစ်နေဦးမယ်ထင်ပါတယ်။)

ပြီးတော့ ညီအစ်ကို မောင်နှမဆိုတာ ဘုရားကပေးတဲ့ ဆုလာဘ်အကြီးစားတွေထဲက တစ်ခုပါလို့ ကိုယ်ကတော့ယူဆထားတယ်။
လူသားဗီဇ ကိုယ်ရည်ကိုယ်သွေးတွေအရ တစ်ယောက်နဲ့တစ်ယောက်မတူညီမှုတွေရှိနေကြပေမယ့် အရေးကြီးတဲ့အခါ သွေးစည်းကြတာ၊ တစ်ယောက်အတွက်တစ်ယောက်ရှိပေးကြတာတွေက တန်ဖိုးဖြတ်မရတဲ့ ညီအစ်ကိုမောင်နှမ သံယောဇဥ်ပါပဲ။
ကိုယ့်အဖေနဲ့ အမေကိုလည်း ကျေးဇူးတင်မိတယ် ကိုယ့်ငယ်ငယ်ကနေ အခုအချိန်ထိ တစ်ယောက်တည်းမဖြတ်သန်းရဘဲ ဒုက္ခ သုခတွေကို မျှဝေခံစားပေးဖို့ ကိုယ့်အစ်မနဲ့ မောင်လေးကို မွေးဖွားပေးတဲ့အတွက်ပါ။
(ငယ်ငယ်ကနေ အခုချိန်ထိ တစ်နေ့တစ်နေ့မရိုးရပါဘူး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပါပဲ 😂)

စာအုပ်ဖတ်နေရင်းနဲ့ပဲ...
ကိုယ့်အစ်မနဲ့ပတ်သက်နဲ့ ကိုယ်တို့ငယ်ဘဝမှတ်ဥာဏ်တွေက ကိုယ့်ခေါင်းထဲမှာ တွေးစရာမလိုအောင်ပြန်ပေါ်လာခဲ့တယ်။
ကိုယ်က ငယ်ငယ်ကဆို မှုန်ကုပ်ကုပ်လေးနဲ့ အတန်းထဲမှာ ချောင်ကပ်ပြီး နေရတာကြိုက်ပေမယ့် သူကတော့ အတန်းထဲမှာ ဦးဆောင်သူဖြစ်ခဲ့တာမျိုး။
ကျောင်းကပွဲ၊ ဆုပေးပွဲမှန်သမျှ ထိပ်ဆုံးကနေ နေရာယူတဲ့သူမျိုး။
နွေရာသီကျောင်းသုံးလပိတ်ပြီး ကျောင်းတွေပြန်ဖွင့်လို့
အတန်းသစ်တစ်တန်းတက်ရတိုင်း ပထဆုံးနေ့မှာ
ကိုယ့်အတန်းပိုင်ဆရာမတွေဆီက အမြဲတမ်းမေးခံခဲ့ရတဲ့
မေးခွန်းက "ATMM ညီမလေးဆိုတာ ဘယ်သူလဲ"ဆိုတာပါပဲ။
အဲဒီနောက်တော့ ကိုယ့်မှာ သူ့မျက်နှာနဲ့ ဆရာမတွေရဲ့ ဂရုစိုက်ဦးစားပေးခြင်းခံခဲ့ရတာပါပဲ။ 😂
ဒါပေမယ့် ဆရာမတွေတိုင်းရဲ့ မှတ်ချက်ကတော့ ATMM ညီမလေးက သူနဲ့လည်းမတူဘူးပေ့ါ။ (ပြောချင်တာကတော့ ကိုယ်က နှေးကွေးအေးစက် သွက်သွက်လက်လက်မရှိတဲ့ မှုန်ကုပ်ကုပ်ကောင်မလေးပေါ့)
ကိုယ်ကလည်း ကိုယ့်အစ်မကို ဘယ်လောက်ထိ အားကိုးခဲ့လဲဆိုရင် ကျောင်းမှာ အပေါ့အပါးသွားချင်ရင်တောင် သူငယ်ချင်းတွေကို မခေါ်ဘဲ ကိုယ့်ထက်အတန်းကြီးတဲ့ ကိုယ့်အစ်မအခန်းကို တကူးတက ဝေးဝေးလံလံသွားခေါ်ပြီးမှ သူ့ကို အဖော်ခေါ်ပြီးသွားတာမျိုး။ 😁 (သရဲကြောက်လို့လည်းပါတာပေါ့လေ 😅 ငယ်ငယ်က ကိုယ်တွေကျောင်းမှာ ကျောပေါက်ကြီး ဆိုတဲ့သရဲက မမြင်ဖူးပေမယ့်လည်း နာမည်ကြီးကိုး။ 😂)
သူငယ်ချင်းတစ်ယောက်ယောက်က ကိုယ့်ကို အနိုင်ကျင့်လို့ပဲဖြစ်ဖြစ်(ငယ်ငယ်ကတော့ ကိုယ်က စကားသိပ်မပြောတော့ အနိုင်ကျင့်ခံရတယ်ပဲပြောမလား၊ တကယ်က စကားပြောရမှာ ပျင်းလို့ ကိုယ်က ပြန်မပြောခဲ့ရုံပါ၊ ဒါပေမယ့်လည်း စကားသိပ်မပြောရင် အတယ်လို့ထင်ပြီး အနိုင်ကျင့်ခံရတာကလည်း ရှောင်လွှဲလို့မရတဲ့ culture တစ်ခုပဲလို့တောင် ပြောရမလားပဲ။) ဆရာမတစ်ယောက်ယောက်က ငေါက်လိုက် ဆူလိုက်လို့ပဲဖြစ်ဖြစ် ကိုယ့်မျက်နှာလေးနည်းနည်းပျက်နေရုံနဲ့ ထမင်းစားချိန်ရောက်တာနဲ့ သူက အရိပ်အကင်းပါးပါးတန်းသိပြီး ကိုယ့်ပြဿနာမှန်သမျှ အကုန်ပြေလည်အောင် ဖြေရှင်းပေးခဲ့တာပါပဲ။
ကိုယ့်အစ်မနဲ့ ပတ်သတ်တဲ့အကြောင်းအရာကလည်း ငယ်ဘဝမှာပဲ လှပတဲ့မှတ်ဥာဏ်တွေရှိဖူးတော့ အတိတ်က အကြောင်းအရာတွေကိုပဲ ပြန်တွေးရင်း ကြည်နူးရတယ်။ 😊
သူအခုအချိန်မှာ နေမကောင်းတော့ ကိုယ်တို့ကြားမှာ connection ကအတော်လေး lost ဖြစ်နေပေမယ့် ကိုယ်တစ်ခုခု လုပ်တိုင်း၊ သွားတိုင်း၊ စားတိုင်း "ဒါလေးကတော့ သူကြိုက်လောက်မယ်၊ သူနဲ့လှမယ်" တွေးပြီးဝယ်ပေးလုပ်ပေးနေနိုင်တာကိုကပဲ ပျော်ရွှင်စရာတစ်မျိုးလို့ တွေးပြီး စိတ်ဖြေရပါတယ်။

ကိုယ့်မောင်လေးကတော့ ကိုယ့်ရဲ့ ညီမလေးလို၊ 😁 မောင်လေးလို၊ အစ်ကိုလို၊ သူငယ်ချင်းလိုလေးပါပဲလေ။ (ငယ်ငယ်ကတော့ ခဏခဏ နောင်ချိန်ကြပေမယ့်လေ🤭)
အခုအချိန်မှာ ဘာလေးပဲဖြစ်ဖြစ် သူနဲ့တိုင်ပင်လို့ရပြီး၊ ကိုယ်ဖြစ်ချင်တာမှန်သမျှ အလိုလိုက် အလျှော့ပေးပြီး လုပ်ပေးတတ်တဲ့သူပါပဲ။
တစ်ခါတစ်လေကျတော့လည်း အဖွားကြီးပေါက်စလေးလိုပဲ ပွစိပွစိနဲ့ "ဟိုဟာမလုပ်နဲ့၊ ဒီဟာမဝတ်နဲ့၊ ဟိုမသွားနဲ့ ဒီမသွားနဲ့ ငါကစိတ်ပူတယ်" ပေါက်ပေါက်ဖောက်တတ်တဲ့သူလေးပါပဲ။ 😂 (မေမေနဲ့တူလို့နေမှာပါ တွေးပြီးစိတ်ဖြေရတယ်😁)

ကိုယ်ချစ်ရတဲ့သူတွေအကြောင်းကို တန်ဖိုးထားဖော်ပြ၊ ဖွင့်လှစ်ပြရခြင်းကလည်း ဘဝရဲ့ အနှစ်သာရတစ်မျိူးပါပဲ။
ဒါပေမယ့် ကိုယ်ကတော့ အခုအချိန်ထိ ကိုယ့်ချစ်ခြင်းမေတ္တာတွေကို တစ်စုံတစ်ယောက်ကို သိရှိခံစားနိုင်အောင်လုပ်ဖို့ အားနည်းနေတုန်းပါပဲ။
ဘဝဆိုတာ သင်ယူရင်း လေ့လာရင်း အသက်တွေကြီးလာရင်းနဲ့ပဲ ဖြတ်သန်းကုန်ဆုံးရတယ်လို့ ပြောကြတာမို့ ကိုယ်ဟာ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လာရင် လေ့လာသင်ယူနေဆဲ လူတစ်ယောက်ပါ။
#လရဲ့အောက်ဘက်မိုင်အဝေးမှာ
#ဆရာမဂျူး

17/09/2022

I will be back soon ☘️

21/08/2022

"ကြောင့် မှာတမ်း" ရေးချင်တယ်
လူတွေ ဖတ်တတ်ပါ့မလား💭

ဪ လူတွေ
ချစ်သူလေးကို ကြယ် ယူပေးမယ်တဲ့
ချစ်သူလေးကို ကြောင် ယူပေးရင်
ဘယ်လောက်ပျော်မလဲ

ကြောင် ကျ
ကြယ် ကျ
ဘယ်လို ကျ ကျ
အချစ်နဲ့သာ ကျပါကွာ💙

နောက်တစ်နေ့ဆိုတာ
နေသာမလား 🌞
မိုးရွာမလား 🌧️
ဒီညကိုပဲ
ငါရွေးမိပြီ✌️

လောကကြီးက
ငါ့ကြောင့်လှတာ မဟုတ်ဘူး
မင်းကြောင့်လှတာ မဟုတ်ဘူး
သူ့ကိုက
လှနေတာ
ငါတို့က
အလှမဖျက်မိဖို့ပဲ 🙌
#သုခမိန်လှိုင်

ဆရာသုခမိန်လှိုင်ရဲ့ "ကြောင် စီး ရီး" စာအုပ်က ကိုယ်ပိုင်ဆိုင်သမျှ ဆရာ့စာအုပ်တွေထဲမှာ (၅) အုပ်မြောက်ပါ။
ဆရာ့ရဲ့ "အားလုံးပီကာဆို"ကနေစပြီး ကိုယ့်ကို ကဗျာတွေချစ်တတ်လာအောင်သင်ပေးခဲ့တယ်လို့ဆိုရင် မမှားပါဘူး။

ကဗျာတွေဆိုတာ စကားလုံးတွေအများကြီးမပါပေမယ့် စာဖတ်သူရဲ့ စိတ်အာရုံကို ဖြန့်ကျက်တွေးစေနိုင်ဖို့ စွမ်းဆောင်နိုင်တဲ့ လှပတဲ့အနုပညာတစ်ခုလို့ပဲ ကိုယ်ကတော့ မှတ်ယူထားတယ်။

ကိုယ့်ကို တစ်စုံတစ်ယောက်ကများ "သက်မဲ့အရာတွေထဲက တစ်စုံတစ်ခုသာ မင်းဖြစ်ခွင့်ရမယ်ဆို ဘာဖြစ်ချင်သလဲ?" မေးလာခဲ့ရင်....
"ကဗျာတွေ ဖြစ်ချင်တယ်"လို့ မဆိုင်းမတွ ကိုယ်ဖြေမိမယ်။

လက်တွေ့ဘဝမှာလည်း စကားလုံးတွေအများကြီး ပြောရမှာ မနှစ်သက်တဲ့ ကိုယ်က....စကားလုံးနည်းနည်းနဲ့ ကိုယ့်ခံစားချက်တွေ၊အတွေးတွေကို လူတွေနဲ့ဆက်သွယ်နိုင်၊မျှဝေပေးနိုင်တဲ့ လူတစ်ယောက်သာဖြစ်ချင်မိတာမို့ ကဗျာတွေကို အားကျမိတာပါပဲ။

အမှန်ပါပဲ....ကိုယ်ဟာ ကဗျာတွေကို ချစ်တဲ့ လူတွေထဲက လူတစ်ယောက်ပါ။

22/8/2022
1:56 AM

01/08/2022

လူတွေမှာ အငုံ့စိတ်ဆိုတာ ရှိတယ်အကို။ပြန်မလှန်ရဲ ပြန်မပြောရဲဘဲ ကြောက်နေရတဲ့သူတွေ သိမ်ငယ်နေရတဲ့သူတွေမှာ အဲဒီအငုံ့စိတ်က အမြဲအဆင်သင့်ရှိနေတတ်တယ်။ အထဲမှာဆူပွက်နေတဲ့ မီးတောင်လိုမျိုးပေါ့။ တစ်ချိန်ချိန်မှာ အုံကြွလာတတ်တယ်။ပေါက်ကွဲလာတတ်တယ်။
(အငုံ့စိတ်)
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေသော တရားသံနှင့်အတူ မင်းခန့်တွေးမိသည်။ ပုထုဇဥ်လူသားတစ်ယောက်အတွက်ပူလောင်ဖွယ် လောကီလူ့ဘုံမှ လွတ်မြောက်ရာဖြစ်သော လောကုတ္တရာတရားမှာ အရေးကြီးသလို၊ နိဗ္ဗာန်မရောက်မီစပ်ကြား လူအဖြစ်နှင့် နေရလျှင်လည်း လူမှုဘဝပတ်ဝန်းကျင်တွင် လိုက်လျောညီထွေ နေထိုင်တတ်သည့် လောကီတရားကို တတ်ကျွမ်းနားလည်ဖို့မှာလည်း အရေးကြီးကြောင်း တွေးနေမိသည်။
(ကိုယ့်တရားနဲ့ကိုယ်)
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

အပေးအယူဆန်လှသော သည်အသိုင်းဝိုင်းကို ကျွန်တော်စွန့်ခွာမှဖြစ်မည်။ သည်အရပ်မှာ အနေကြာလာလျှင် ချစ်ခြင်းမေတ္တာကိုမခံစားတတ်လောက်အောင် ကျွန်တော့နှလုံးသား လွင်တီးခေါင်ဖြစ်သွားတော့မှာ စိုးရိမ်မိသည်။ ကျွန်တော့နှလုံးသားအတွက် စစ်မှန်သော ရေကြည်ရာမြက်နုရာအရပ်သည် နွေးထွေးလွန်းလှသော မိသားစုရှိရာအရပ်မှလွဲ၍ တခြားမရှိနိုင်။
(နှလုံးသားရှိတဲ့အရပ်)
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

ဆရာမြစ်ကျိုးအင်းရဲ့ "မျှော်လင့်ခြင်းကို မျှားတဲ့ညနေ" စာအုပ်ဟာ ၂၀၁၈ ခုနှစ်မှာ အမျိုးသားစာပေဆု ဝတ္ထုတိုဆုရ စာအုပ်တစ်အုပ်ဖြစ်သည်နှင့်အားလျော်စွာ စာဖတ်သူတိုင်းကို ဘဝဇာတ်ခုံအဖုံဖုံမှာကြုံတွေ့နေရတဲ့ ရှုထောင့်မျိူးစုံကနေ ရသ၊ဒဿန၊ပညာ၊ချစ်ခြင်းမေတ္တာမျိုးစုံကို စာအုပ်ထဲမှာပါဝင်တဲ့ ဝတ္ထုတို (၁၆) ပုဒ်ကနေ ခံစားဖတ်ရှုနိုင်စေမှာဖြစ်ပါတယ်။

ဒီစာအုပ်နဲ့ပတ်သက်ပြီး ကိုယ့်ရဲ့အမှတ်တရဖြစ်စရာတစ်ခုကို ပြောပြပါဆိုရင်တော့ ကိုယ့်အနေနဲ့ ဆရာ့စာအုပ်ကို ဝယ်ယူဖတ်ရှုဖို့ စာအုပ်ဆိုင်ရောက်တိုင်းကြိုးစားခဲ့ပေမယ့် "ကုန်သွားပါပြီ"ဆိုတာနဲ့ပဲကြုံခဲ့ရပြီး အားမလိုအားမရဖြစ်မိပြီး အရမ်းလိုချင်ခဲ့သောစာအုပ်ဖြစ်ခဲ့တာပါပဲ။ ဆရာက တတိယအကြိမ်ပြန်ထုတ်ဝေတော့မှ ကိုယ့်လက်ဝယ်ပိုင်ဆိုင်ခဲ့ရသော စာအုပ်လည်းဖြစ်ပါတယ်။

ဆရာ့အမှာစာမှာရေးထားတဲ့ "ကြွေခဲ့ရတဲ့ကြယ်တွေအတွက်၊ ဘယ်တော့မှ ပြန်မဆုံနိုင်တော့မယ့် အနုပညာသမားတွေအတွက် အနုပညာတစ်ခုနဲ့ တာဝန်ကျေပေးချင်လို့ပါ" ဆိုတာက ဆရာဒီစာအုပ်ကိုရေးခဲ့ရတဲ့အားထုတ်မှုတွေထဲက အကြောင်းပြချက်တစ်ခုဖြစ်ခဲ့မယ်ဆိုရင် ဆရာ တာဝန်ကျေခဲ့ပါတယ်လို့ ယူဆမိပါတယ်။

#မျှော်လင့်ခြင်းကိုမျှားတဲ့ညနေ
#မြစ်ကျိုးအင်း

1/8/2022
11:51 🕛

29/07/2022

Space X နဲ့ Tesla ဆိုပြီး ကမ္ဘာမှာအောင်မြင်တဲ့ကုမ္ပဏီတွေဖြစ်လာဖို့အတွက် ဖြတ်ကျော်ခဲ့ရတဲ့ ခရီးကြမ်းတွေ၊ မဖြစ်မနေစွန့်စားရင်းနှီးခဲ့ရမှုတွေကို ဒီစာအုပ်မှာ သေချာဖော်ပြထားပါတယ်။

Elon Musk ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိပုံစံမျိုးကို ဒီစာအုပ်မှာ ဖတ်ရလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် Space X နဲ့ Tesla ရဲ့ အောင်မြင်ဖို့အတွက် ရုန်းကန်ခဲ့ရပုံ အသေးစိတ်အကြောင်းရေးထားတယ်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။

အောင်မြင်မှုတိုင်းရဲ့နောက်ကွယ်မှာ ထိုက်တန်တဲ့စွန့်လွှတ်အနစ်နာခံမှုတွေ ကြိုးစားအားထုတ်မှုတွေရှိရတာသဘာဝဆိုပေမယ့် Elon ရဲ့ ကြိုးစားအားထုတ်မှုနဲ့၊ စွန့်စားနိုင်မှုကတော့ အခြားသူတွေထက် အန္တရာယ်များလွန်းတဲ့လမ်းပေါ်မှာ လျှောက်လှမ်းခဲ့ရတယ်လို့ပြောရမယ်။ အမေရိကန်နိုင်ငံဟာ အာကာသယာဥ်လွှတ်တင်မှုဆိုင်ရာနယ်ပယ်မှာ ရုရှားကို လိုအပ်တာထက်မှီခိုလွန်းနေရတဲ့ အခြေအနေတစ်ခုမှာ ပိတ်မိနေခဲ့တာဟာ Space X ပေါ်မလာခင်အချိန်တစ်ခုအထိဖြစ်ခဲ့တယ်။ အမေရိကန်နိုင်ငံမှာ Space X ရဲ့အစောပိုင်း နှစ်ကာလရှည်ကြာစွာ အခိုင်အမာရပ်တည်နိုင်ခဲ့တဲ့ Boeing တို့ Lockheed Martin တို့လို ကုမ္ပဏီတွေဟာလည်း Rocket တစ်ခုရဲ့ အဓိကအစိတ်အပိုင်းတွေအတွက် ရုရှားရဲ့ aerospace ကုမ္ပဏီတွေအပေါ်မှာသာ အားကိုးမှီခိုနေခဲ့ရတာဖြစ်တယ်။ တစ်နည်းအားဖြင့်ပြောရရင် ခေတ်အဆက်ဆက်မှာ ရုရှားနဲ့အမေရိကန်က အာကာသဆိုင်ရာနယ်ပယ်မှာ ယှဥ်ပြိုင်ဖက်တွေဖြစ်ခဲ့ကြပေမယ့် Space X မထွက်ပေါ်လာမီကာလတွေမှာ အမေရိကန်နိုင်ငံက တဖြည်းဖြည်းနဲ့ နောက်ကျကျန်နေခဲ့ပြီးဖြစ်တယ်။

ဒါပေမယ့် Space X ဟာလည်း လွယ်လွယ်ကူကူထွက်ပေါ်လာနိုင်ခဲ့တဲ့ ကုမ္ပဏီမဟုတ်ခဲ့ဘဲ လူအများစုရဲ့ "မဖြစ်နိုင်ပါဘူး"ဆိုတဲ့ မှတ်ချက်တွေ ဝေဖန်သံတွေကြားထဲမှာပဲ ရုန်းကန်ကြိုးစားရင်း အောင်မြင်ခဲ့တာဖြစ်တယ်။ Elon ရဲ့ မဆုတ်မနစ်နဲ့ယုံကြည်ချက်အပေါ်မှာ မျက်စိမှိတ်ပြီး အဆိုးဆုံး risk တွေကိုလက်ခံနိုင်ခဲ့တဲ့ ရပ်တည်ချက်ကလည်း တစ်ထောင့်တစ်နေရာက အရေးပါခဲ့တယ်။

Elon က လူမှုဆက်ဆံရေးနယ်ပယ်မှာ အခုချိန်ထိကို ဆိုးရွားတဲ့ မှတ်ချက်တွေရနေပေမယ့် သူ့ရဲ့ ဝန်ထမ်းတွေ/ human resource တွေကို ဘယ်လို motivate လုပ်ရမယ်၊ ဘယ်လို effective ဖြစ်အောင်အသုံးချရမလဲဆိုတာကို ကောင်းကောင်းသိတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုတော့ ငြင်းပယ်လို့ မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ Space X နဲ့ Tesla မှာ အလုပ်လုပ်ကြတဲ့ ဝန်ထမ်းတွေဟာ တစ်ရက်ကို 13 နာရီနဲ့ တစ်ပတ် 6 ရက်အထိကို အလုပ်လုပ်ကြတဲ့သူတွေက အများစုဖြစ်ကြတယ်။ အတိအကျပြောရရင် Elon က သူ့ရဲ့ ဝန်ထမ်းတွေကို သူ့ ကုမ္ပဏီရဲ့ Vision နဲ့ ပတ်သက်ပြီး အပြည့်အဝယုံကြည်မှုရှိအောင်လုပ်နိုင်တယ်လို့ပြောရမယ်။ Elon ရဲ့ ယုံကြည်ချက်က တစ်နေ့မှာ လူသားတွေဟာ Mars လို့ခေါ်တဲ့ ဂြိုဟ်နီကြီးပေါ်မှာ အခြေချနေထိုင်သွားနိုင်ဖို့ဖြစ်တယ်။ Elon ပြောခဲ့တဲ့ စကားတွေတိုင်းဟာ အစပိုင်းမှာ လူတွေအတွက် ယုတ္တိတန်လွန်းတဲ့အရာတွေဖြစ်နေပေမယ့် အပြောတိုင်းကို အလုပ်နဲ့ကိုက်ညီစွာ သက်သေပြနိုင်တာလည်း သူ့ရဲ့အရည်အချင်းတစ်ခုပဲမို့ အနာဂတ်ကာလတစ်ခုမှာ လူသားတွေက ဂြိုဟ်နီကြီးပေါ်မှာ ရှင်သန်နေထိုင်သွားနိုင်မလားဆိုတာကတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမယ့် အရာတစ်ခုဖြစ်ပါတယ်။

29/7/2022
9:44 PM

26/07/2022

"တကယ်မရှိသောနှစ်များ" ထဲက ဘဝတွေဟာ
အသက်ရှူကျပ်လောက်စရာပါလားလို့
တွေးမိရင်းနဲ့

တကယ်ရှိတဲ့ ဒီနှစ်တွေမှာပါ
အသက်ရှူကျပ်လာခဲ့ရပုံများ
"ချာလီရေ ကောင်လေးရေ ထတော့" လို့တောင်
ပြောထွက်ဖို့ အင်အားမရှိတဲ့ နေ့ရက်များကို
နေ့စဥ်ကြုံတွေ့နေရ။

ဟုတ်ပါတယ်....ဒီစာဟာ မြန်မာပြည်က ချာလီမဟုတ်တဲ့သူတစ်ယောက် ရေးမိရေးရာ ချရေးမိတဲ့စာပါ။
26/7/2022

26/07/2022

လူမှန်ရင် ကိုယ်ချင်းစာတရားရှိဖို့က လိုရင်းပါ ✍️

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00