Central Bank of Myanmar

Central Bank of Myanmar

Share

Interim Central Bank of Myanmar under the National Unity Government

Photos from Central Bank of Myanmar's post 30/11/2023

ကြေညာချက်အမှတ် ၄/၂၀၂၃
(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်)

ကောလင်းခရိုင်၊ ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များ၏ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၄၄,၅၁၈.၂၉၇) ကိုစနစ်တကျ လက်ခံသိမ်းဆည်းရရှိထားကြောင်း အသိပေးကြေညာခြင်း

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်၏ လမ်းညွှန်ချက်အရ ကောလင်းခရိုင် ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့သည် ကောလင်းခရိုင်၊ ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များကို လုပ်ထုံးလုပ်နည်းနှင့် အညီ စိစစ် ထိန်းသိမ်းခဲ့ပြီး ပုဂ္ဂလိကဘဏ်များ၏ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၄၄,၅၁၈.၂၉၇) ကို စနစ်တကျ လက်ခံသိမ်းဆည်းရရှိကြောင်း မှတ်ချက်များနှင့်အတူ ပူးတွဲပါအတိုင်း အစီရင်ခံ တင်ပြလာပါသည်။

၂။ ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ တင်ပြချက်အရ အချို့သော ပုဂ္ဂလိကဘဏ်များတွင် လုံခြုံရေးစည်းကျိုးပေါက်၍ ဘဏ်ငွေတိုက်ခန်း (Vault) ကို ဖောက်ထွင်းဝင်ရောက်ရန် ကြံစည်အားထုတ် ထားသည့် အထောက်အထားများ တွေ့ရှိရပြီး အချိန်မီကာကွယ်တားဆီးနိုင်ခဲ့သောကြောင့် ပြည်သူလူထု၏ အပ်နှံငွေများ ဆုံးရှုံးခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်အနေဖြင့် ကောလင်းခရိုင်၊ ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များ၏ ငွေသားလက်ကျန် လက်ခံသိမ်းဆည်းထားရှိမှုကို စာရင်းသွင်း မှတ်တမ်းတင်ထားရှိပြီး ပြည်သူလူထု၏ အပ်နှံငွေများ နစ်နာဆုံးရှုံးမှုမရှိစေရန် တာဝန်ခံလျက် ဥပဒေနှင့်အညီ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအဖြစ် သတ်မှတ်၍ စနစ်တကျ စီမံခန့်ခွဲသွားမည် ဖြစ်ပါသည်။

ကြားကာလဗဟိုဘဏ်
အမျိုးသားညီညွတ်ရေးအစိုးရ

Photos from Central Bank of Myanmar's post 14/11/2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကြားကာလဗဟိုဘဏ်
********************

ကြေညာချက်အမှတ် ၃/၂၀၂၃
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်

ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်၏ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၉၅၂.၃၄၃) အား
လက်ခံသိမ်းဆည်းရရှိထားသည့် အခြေအနေကို အသိပေးကြေညာခြင်း

၁။​၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသည်။

၂။​၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကောလင်းခရိုင်အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရအုပ်ချုပ်ရေး ဗဟိုကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမိန့်အမှတ် (၁/၂၀၂၃) ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။

၃။​ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့သည် ဘဏ္ဍာရေးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းစီမံချက် (SOPs-Standard Operating Procedure) အတိုင်းစနစ်တကျလိုက်နာ ဆောင်ရွက်လျက်ရှိပြီး ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်၏ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၉၅၂.၃၄၃) အား လက်ခံသိမ်းဆည်းရရှိထားကြောင်း ပူးတွဲပါအတိုင်း တင်ပြလာပါသည်။

၄။​အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်အနေဖြင့် ကောလင်းခရိုင်၊ မြန်မာ့ စီးပွားရေးဘဏ်၏ ငွေသားလက်ကျန် လက်ခံသိမ်းဆည်းထားရှိမှုကို စာရင်းသွင်း မှတ်တမ်းတင် ထားရှိပြီး နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများနှင့် ပြည်သူလူထု၏ အပ်နှံငွေများ နစ်နာဆုံးရှုံးမှု မရှိစေရန် စနစ်တကျ စီမံခန့်ခွဲလျက်ရှိကြောင်း အသိပေးကြေညာ အပ်ပါသည်။

ကြားကာလဗဟိုဘဏ်
အမျိုးသားညီညွတ်ရေးအစိုးရ

Photos from Central Bank of Myanmar's post 14/11/2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကြားကာလဗဟိုဘဏ်
********************

ကြေညာချက်အမှတ် ၂/၂၀၂၃
၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၁၄ ရက်

ကြားကာလပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်လျက်ရှိသော ဒေသများရှိ
မြန်မာ့စီးပွားရေးဘဏ်၊ တိုင်း/ ပြည်နယ် ဘဏ်ခွဲများ၊ ခရိုင်/ မြို့နယ်ဘဏ်ခွဲများ၊ ငွေတိုက်ခွဲများ၊ ကောင်တာများ အပါအဝင် နိုင်ငံပိုင်ဘဏ်များနှင့်စပ်လျဉ်း၍ စီမံဆောင်ရွက်ထားရှိမှု အခြေအနေကို အသိပေးကြေညာခြင်း

၁။​၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ နှောင်းပိုင်းမှစတင်၍ အရှိန်အဟုန်မြှင့်တင်ခဲ့သော ပြည်သူ့နွေဦးတော်လှန်ရေး၊ အောင်ပွဲများနှင့်အတူ ကြားကာလပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော် လျက်ရှိသည့်ဒေသများရှိ မြန်မာ့စီးပွားရေးဘဏ်၊ တိုင်း/ပြည်နယ်ဘဏ်ခွဲများ၊ ခရိုင်/ မြို့နယ် ဘဏ် ခွဲများ၊ ငွေတိုက်ခွဲများ၊ ကောင်တာများ နှင့်စပ်လျဉ်း၍ ပြည်သူများဆုံးရှုံးနစ်နာမှုမရှိစေရန်နှင့် နိုင်ငံပိုင်ဘဏ်များ၏ လုပ်ငန်းဆောင်ရွက်ချက်များ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် တို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ကြားကာလဗဟိုဘဏ် နှင့် ညှိနှိုင်းပူးပေါင်း၍ အချိန်နှင့်တပြေးညီ စီမံဆောင်ရွက်လျက်ရှိပါသည်။

၂။​နိုင်ငံပိုင်ဘဏ်များ၏ လက်ရှိဆောင်ရွက်နေသော အစိုးရစီးပွားရေးအဖွဲ့အစည်းစာရင်းများ ထိန်းသိမ်းခြင်း၊ အစိုးရဌာန၊အဖွဲ့အစည်းစာရင်းများထိန်းသိမ်းခြင်း၊ စိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ပေးခြင်း၊ ကောက်ခံခြင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေစာရင်းထိန်းသိမ်းခြင်း၊ အငြိမ်းစာလစာ ထုတ်ပေးခြင်း အစရှိသည့်လုပ်ငန်းများကို ပြည်သူ့အုပ်ချုပ်ရေး စတင်ဆောင်ရွက်နေသည့် ဒေသများတွင် ဘဏ္ဍာရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းစီမံချက် ( SOPs – Standard Operating Procedure) ထုတ်ပြန်၍ နယ်မြေ သိမ်းဆည်းရရှိပြီး ဘဏ်လုပ်ငန်းများရပ်တန့်ထားချိန်၊ ပြည်သူ့အုပ်ချုပ်ရေးစတင်ပြီး ဘဏ်လုပ်ငန်းများပြည်လည်စတင် လည်ပတ်ချိန်၊ ဘဏ်လုပ်ငန်းများပုံမှန်ဆောင်ရွက်ချိန် ဟူ၍အချိန်ကာလသတ်မှတ်ပြီးဆောင်ရွက်ရန်၊ စနစ်တကျရှိစေရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၃။ အဆိုပါလုပ်ငန်းစီမံချက်တွင် သိမ်းပိုက်ရရှိသည့်နယ်မြေအတွင်းရှိ နိုင်ငံပိုင်ဘဏ်များ၏ ပရိဝုဏ်၊ အဆောက်အအုံ၊ ဘဏ်ဝန်ထမ်း (ရှိပါက)၊ ဘဏ်အတွင်းရှိ ငွေသား၊ ဘဏ်ငွေတိုက် (Vault) ရှိငွေသား၊ ဗဟိုဘဏ် Chest အတွင်းရှိငွေသား၊ စာရင်းမှတ်တမ်းများ၊ စာချုပ်စာတမ်းများ၊ ပေါင်နှံစာရွက် စာတမ်းများ Collateral)၊ ဘဏ်အတွင်းရှိ စက်ပစ္စည်းကိရိယာများ၊ ရုံးသုံး Software၊ Hardware များ နှင့် စပ်လျဉ်းသည့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အသေးစိတ်ကို ဖော်ပြသတ်မှတ်ထားပြီး ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၏ လိုက်နာအကောင်အထည်ဖော်ဆောင်မှုကို အထူးကြပ်မတ် စီမံလျက် ရှိပါသည်။

၄။​ထို့အပြင် အငြိမ်းစားပင်စင်လစာငွေထုတ်ပေးမှုနှင့်စပ်လျဉ်း၍ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု-CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒနှင့်အညီ အငြိမ်းစားများ၏ ပင်စင်လစာငွေများ ဆုံးရှုံးမှု မရှိစေရန် အခြေအနေတည်ငြိမ်သည်နှင့် စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

ကြားကာလဗဟိုဘဏ်
အမျိုးသားညီညွတ်ရေးအစိုးရ

13/11/2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကြားကာလဗဟိုဘဏ်

ကြေညာချက်အမှတ် ၁/၂၀၂၃
၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၁၃ရက်

ကြားကာလပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်လျက်ရှိသော ဒေသများရှိ ပုဂ္ဂလိကဘဏ်များတွင် အပ်နှံထားသည့်ပြည်သူများ၏ အပ်နှံငွေများ ဆုံးရှုံးနစ်နာမှုမရှိစေရန် စီမံဆောင်ရွက်ထားရှိမှုအခြေအနေကို အသိပေးကြေညာခြင်း

၁။​၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ နှောင်းပိုင်းမှစတင်၍ အရှိန်အဟုန်မြှင့်တင်ခဲ့သော ပြည်သူ့ နွေဦးတော်လှန်ရေး၊ အောင်ပွဲများနှင့်အတူ ကြားကာလပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော် လျက်ရှိသည့် ဒေသများရှိ ပုဂ္ဂလိကဘဏ်များတွင် အပ်နှံထားသည့်ပြည်သူများ၏ အပ်နှံငွေများနှင့် စပ်လျဉ်း၍ ပြည်သူများဆုံးရှုံးနစ်နာမှုမရှိစေရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ် အနေဖြင့် အချိန်နှင့်တပြေးညီ စီမံဆောင်ရွက်လျက်ရှိပါသည်။

၂။​ကြားကာလဗဟိုဘဏ်တည်‌ထောင်ခြင်းဆိုင်ရာ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်၊ အပိုဒ် (၃) တွင် ဖော်ပြထားသည့်အတိုင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်အနေဖြင့် ပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို အချိန်မီကုစားနိုင်ရန်အတွက် ပြည်သူ့အုပ်ချုပ်ရေး စတင် ဆောင်ရွက်နေသည့်ဒေသများတွင် ဘဏ္ဍာရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစီမံချက် ( SOPs – Standard Operating Procedures ) ထုတ်ပြန်၍ စနစ်တကျရှိစေရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၃။ ​အဆိုပါလုပ်ငန်းစီမံချက်တွင် သိမ်းပိုက်ရရှိသည့်နယ်မြေအတွင်းရှိ ပုဂ္ဂလိကဘဏ်များ၏ ပရိဝုဏ်၊ အဆောက်အအုံ၊ ဘဏ်ဝန်ထမ်း (ရှိပါက)၊ ဘဏ်အတွင်းရှိ ငွေသား၊ ဘဏ်ငွေတိုက် (Vault) ရှိငွေသား၊ စာရင်းမှတ်တမ်းများ၊ စာချုပ်စာတမ်းများ၊ ပေါင်နှံစာရွက်စာတမ်းများ (Collateral)၊ ဘဏ်အတွင်းရှိ စက်ပစ္စည်းကိရိယာများ၊ ရုံးသုံး Software၊ Hardware များနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသေးစိတ်ကို ဖော်ပြသတ်မှတ်ထားပြီး ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၏ လိုက်နာ အကောင်အထည်ဖော်ဆောင်မှုကို အထူးကြပ်မတ် စီမံလျက်ရှိပါသည်။

၄။​အခြေအနေတည်ငြိမ်သည်နှင့် ထိန်းသိမ်းပြုစုထားသည့် စာရင်း၊ ဇယား၊ မှတ်တမ်းများနှင့် အညီ ပြည်သူ့အပ်နှံငွေများ ပြည်သူ့ထံပြန်လည်ရရှိစေရန် စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့အကျိုးစီးပွားကို အစဉ်ရှေ့တန်းတင်
ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်။

09/11/2023

ကြေညာချက်အမှတ် (၃/၂၀၂၃)
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်။

အမျိုးသားညီညွတ်ရေးအစိုးရက ရောင်းချသည့် အစိုးရငွေတိုက်စာချုပ်ဝယ်ယူထားကြသော ကမ္ဘာတဝှန်းရှိ တော်လှန်ပြည်သူများသို့ အသိပေးကြေညာချက်

***********

၁။ “အကြမ်းဖက်စစ်တပ်အမြစ်ဖြတ်ဖို့ ငွေတိုက်စာချုပ်ဝယ်ကြစို့” ကြွေးကြော်သံနှင့် ရောင်းချခဲ့သော ငွေတိုက်စာချုပ်များမှ ရရှိခဲ့သည့်ဘဏ္ဍာရန်ပုံငွေများသည် ယနေ့မြင်တွေ့နေရသော နွေဦး တော်လှန်ရေးအောင်ပွဲများ ရယူရာတွင် အဓိကကျသည့် ခွန်အားတရပ်အဖြစ် ထိရောက်စွာ အထောက်အပံ့ပြုလျက် ရှိနေပါသည်။

၂။ အဆိုပါ ငွေတိုက်စာချုပ်များအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့တွင် စတင် ရောင်းချခဲ့ပြီး အစောဆုံးခွန်အားဖြည့်ဝယ်ယူခဲ့သည့် ငွေတိုက်စာချုပ်များသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက် နေ့မှစတင်၍ ၂ နှစ် သက်တမ်းစေ့ရောက်ကြမည် ဖြစ်ပါသည်။

၃။ တော်လှန်ပြည်သူများ ဝယ်ယူထားသော ငွေတိုက်စာချုပ်များ၏ ၂ နှစ်သက်တမ်းစေ့ရောက်မှုကို မိမိတို့လက်ဝယ်ရှိ စာချုပ်ပါရက်စွဲနှင့် တိုက်ဆိုင်စစ်ဆေး သိရှိနိုင်မည်ဖြစ်ပြီး သက်တမ်းစေ့ ရောက်သော ငွေတိုက်စာချုပ်များကို ပြန်လည်ရွေးနုတ်လိုပါက အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် စာချုပ်ပါစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ရွေးနုတ်ခွင့် ပြုသွားမည် ဖြစ်ပါသည်။

၄။ ၂ နှစ်သက်တမ်းစေ့ရောက်သော်လည်း ပြန်လည်ရွေးနုတ်ရန် အစီအစဉ်မရှိသေးသည့် ဝယ်ယူ ထားသူများအတွက် အောက်ပါရွေးချယ်စရာ နည်းလမ်း (၂) သွယ်ကို စီမံဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို ကာယကံရှင်များထံသို့ အီးမေးလ်မှတဆင့် အသိပေး အကြောင်းကြားသွားမည် ဖြစ်ပါသည်။

(က) ထပ်မံ၍ သက်တမ်းတိုးခြင်း
(ခ) အမျိုးသားညီညွတ်ရေးအစိုးရက ရောင်းချလျက်ရှိသည့်မြေကွက်၊ တိုက်ခန်းနှင့် ရှယ်ယာ ပိုင်ဆိုင်မှုများအဖြစ် ပြောင်းလဲသတ်မှတ်ပေးခြင်း

၅။ အတိုးမဲ့ငွေတိုက်စာချုပ်များကို တော်လှန်ရေးအောင်စိတ်ဖြင့် ရဲဝံ့ယုံကြည်စွာ ဝယ်ယူရင်းနှီးမြှုပ်နှံ ထားကြသော တော်လှန်ပြည်သူတဦးချင်း၊ တယောက်ချင်းစီကို အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ဦးညွှတ်ဂုဏ်ပြုရင်း တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်၍ မဆုတ်မနစ် ထောက်ကူ အားဖြည့်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

04/09/2023

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဗဟိုဘဏ်၏ အစည်းအဝေး (2/2023) ကို ယနေ့ စက်တင်ဘာလ ၄ ရက် ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကြားကာလဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များနှင့် ရုံးအဖွဲ့မှူးတို့ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင်

• စစ်ကောင်စီက ပြည်သူများအပေါ် ပြုကျင့်လျက်ရှိသော ရက်စက်အကြမ်းဖက်မှုများ ရပ်တန့်နိုင်စေရန် စစ်ကောင်စီထံသို့ ဘဏ္ဍာရေးစီးဆင်းမှုများကို တားဆီးပိတ်ပင်နိုင်ရေးအတွက် လတ်တလော နှင့် ရေရှည်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ

• စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို အထောက်အပံ့ပြုလျက်ရှိသော ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားအရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်ရန်ကိစ္စရပ်များ

• နိုင်ငံတကာအစိုးရများ၊ သက်ဆိုင်ရာငွေရေးကြေးရေး အာဏာပိုင်အဖွဲ့အစည်းများနှင့် ထိထိရောက်ရောက်ချိတ်ဆက်၍ အကြမ်းဖက်စစ်တပ်၏ ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များကို ဟန့်တားပိတ်ဆို့နိုင်ရေးကိစ္စအား ဆွေးနွေးဆုံးဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ရုံးအဖွဲ့မှူး
ကြားကာလဗဟိုဘဏ်
အမျိုးသားညီညွတ်ရေးအစိုးရ

Photos from Central Bank of Myanmar's post 27/07/2023

Official statement on illegal Ks20,000 notes to be circulated by SAC (27 July 2023):

အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၂၃
၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၀ ရက်
(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်)

နှစ်သောင်းကျပ်တန်ငွေစက္ကူများအား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ယင်းအားဆက်ခံသောအစိုးရများက အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း ကြေညာခြင်း

၁။ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာခြင်း ခံထားရသည့် တရားမဝင် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံအဖွဲ့အစည်းဖြစ်သော ဗဟိုဘဏ်က နှစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း တွေ့ရှိရသည်။

၂။ အဆိုပါလုပ်ရပ်သည် အဖက်ဖက်က အကြပ်တည်းဆိုက်နေသော တရားမဝင်အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ၎င်းတို့သက်ဆိုးရှည်စေရန်နှင့် ပြည်သူလူထုအပေါ် ရက်စက်စွာ ဆင်နွှဲလျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများ စဉ်ဆက်မပြတ်ကျူးလွန်နိုင်ရန် လိုအပ်လျက်ရှိသည့်ဘဏ္ဍာရန်ပုံငွေကို ငွေစက္ကူအမျိုးအစားသစ် စတင်ရိုက်ထုတ်ခြင်းအားဖြင့် အရေးပေါ်ဖြည့် တင်းနိုင်ရေးအတွက် အားထုတ် ဆောင်ရွက်မှုအဖြစ် ကျွန်ုပ်တို့မှတ်ယူသည်။

၃။ တရားမဝင်အာဏာသိမ်းစစ်ကောင်စီကဖြစ်စေ၊ ယင်းအားဆက်ခံသော အဖွဲ့အစည်းတခုခုကဖြစ်စေ၊ ယင်း၏လက်အောက်ခံ အဖွဲ့အစည်းတခုခုကဖြစ်စေ ငွေစက္ကူအမျိုးအစားသစ် ရိုက်နှိပ်ထုတ်ဝေခြင်းသည် တရားဝင်မှု အလျဉ်းမရှိသော လုပ်ရပ်ဖြစ်သည်။

၄။ တရားမဝင်ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေခြင်းသည် ကျွန်ုပ်တို့ ပြည်သူများ၏ လုပ်အားနှင့် ချွေးနှဲစာ စုဆောင်းငွေများကို တဖက်လှည့်ခိုးယူခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံသည် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ အဆင်ခြင်မဲ့ လုပ်ရပ်များကြောင့် ယခင် မကြုံဖူးသည့် ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနှင့် ကပ်ရောဂါတို့ကို စုပြုံခံစားနေရချိန်၌ အိမ်ထောင်စုများ၊ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်သူလူထုအပေါ် ထပ်မံ၍ ဒုက္ခအကြပ်အတည်း ဆိုက်ရောက် စေသည့် ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေခြင်းသည် လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်ဖြစ်သည်။

၅။ သို့ဖြစ်ပါ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေ မည့် နှစ်သောင်းကျပ်တန်ငွေစက္ကူများအား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ယင်းအားဆက်ခံသော အစိုးရ များက အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့်တရားမဝင်ငွေစက္ကူများအဖြစ်သတ်မှတ်ကြေညာလိုက်သည်။

(ပုံ) တင်ထွန်းနိုင်
ဥက္ကဋ္ဌ
ကြားကာလဗဟိုဘဏ်
အမျိုးသားညီညွတ်ရေးအစိုးရ

19/07/2023

Announcement on Board of Directors of the Interim Central Bank of Myanmar (19 July 2023):

အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၂၃
၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၂ ရက်
(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်)

ကြားကာလဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့အား ဖွဲ့စည်းတာဝန်အပ်နှင်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဥပဒေကဲ့သို့အာဏာတည်သော အမိန့် (၁/၂၀၂၃) အရ အပ်နှင်းထားသော အခွင့်အာဏာကိုကျင့်သုံး၍ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲ ဖော်ပြပါ တာဝန်များ အပ်နှင်းပြီး ကြားကာလဗဟိုဘဏ်၊ ဒါရိုက်တာအဖွဲ့အား ဖွဲ့စည်းလိုက်သည်။

၁။ မင်းဇေယျာဦး ဒုတိယ ဥက္ကဌ

၂။ Dr. Johnny Ahtang ဒါရိုက်တာအဖွဲ့ဝင်

၃။ ဦးအောင်ပိုင် ဒါရိုက်တာအဖွဲ့ဝင်

(ပုံ) တင်ထွန်းနိုင်

ဥက္ကဋ္ဌ
ကြားကာလဗဟိုဘဏ်
အမျိုးသားညီညွတ်ရေးအစိုးရ

Photos from Central Bank of Myanmar's post 18/07/2023

Announcement on Spring Development Bank and related regulations/license. (18 July 2023). Pages 1 to 10.

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကြားကာလဗဟိုဘဏ်

အမိန့်ကြေငြာစာအမှတ်၊ ၁/ ၂၀၂၃
၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁ ရက်
၂၀၂၃ ခုနှစ် ၊ ဇူလှိုင်လ ၁၈ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁/ ၆/ ၂၀၂၃) ရက်စွဲပါ၊ ဥပဒေကဲ့သို့အာဏာတည်သည့် အမိန့်အမှတ် (၁/၂၀၂၃)၊ အပိုဒ် (၃)၊ အပိုဒ်ခွဲ(ဂ) ပါ အပ်နှင်း ထားသည့် အာဏာကို ကျင့်သုံး၍အောက်ပါ စည်းမျဉ်းကို ထုတ်ပြန်လိုက်သည် -

အခန်း (၁)

အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်

၁။ ဤစည်းမျဉ်းကို နွေဦးဖွံ့ဖြိုးရေးဘဏ် တည်ထောင်သည့်စည်းမျဉ်းဟု ခေါ်တွင်စေရမည်။
၂။ ဤစည်းမျဉ်းတွင်ပါရှိသော စကားရပ်များသည် အောက်ပါအတိုင်း အဓိပ္ပါယ်သက်ရောက် စေရမည် -
(က) နွေဦးဖွံ့ဖြိုးရေးဘဏ်ဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁- ၆- ၂၀၂၃) ရက်စွဲဖြင့် ထုတ်ပြန်သည့် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် (၁/၂၀၂၃) ဖြင့် ဖွဲ့စည်း တည်ထောင် ထားသော ကြားကာလဗဟိုဘဏ်က အဆိုပါအမိန့် အပိုဒ် ၃၊ အပိုဒ်ခွဲ (ခ) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဖွံ့ဖြိုးရေးဘဏ်လုပ်ငန်း အပါအဝင် ဤ စည်းမျဉ်းအရ ခွင့်ပြုထားသည့် လုပ်ငန်းတရပ်ရပ်အား ဆောင်ရွက်ရန်အတွက် ဖွဲ့စည်း တည်ထောင်မည့် ဘဏ်ကိုဆိုသည်။
( ခ ) လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ဆိုသည်မှာ နွေဦးဖွံ့ဖြိုးရေးဘဏ် ဖွဲ့စည်းတည်ထောင်၍ ဘဏ် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန် ကြားကာလဗဟိုဘဏ်က ထုတ်ပေး သောလိုင်စင်ကို ဆိုသည်။
( ဂ ) ဗဟိုဘဏ်ဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁/ ၆/ ၂၀၂၃) ရက်စွဲပါ ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့် (၁/ ၂၀၂၃) အရ တည်ထောင်သည့် ကြားကာလဗဟိုဘဏ် ကို ဆိုသည်။

အခန်း (၂)

ရည်ရွယ်ချက်

၃။ နွေဦးဖွံ့ဖြိုးရေးဘဏ်အားအောက်ပါ ရည်ရွယ်ချက်များဖြင့် တည်ထောင်ဆောင်ရွက်သွားမည် -
(က) နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်းများမှ ချမှတ်ထားသော နိုင်ငံတကာ စံသတ်မှတ် ချက်များနှင့် အကောင်းဆုံးလုပ်ထုံးလုပ်နည်းများအား လိုက်နာ၍ ဘဏ်တွင် အပ်ငွေအပ်နှံသူ နှင့်အများပြည်သူတို့၏ အကျိုးစီးပွားကို အထူးအလေးအနက်ထား ရှေ့တန်းတင်၍ အကောင်းဆုံး ဘဏ်ဝန်ဆောင်မှုများ ကို ဖော်ဆောင်သွားရန်၊
(ခ) အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်မှ ထိန်းချုပ်ထားသော ဘဏ်များသို့ စီးဆင်းနေသည့် နိုင်ငံခြားငွေ အပါအဝင် ငွေကြေးများအား ထိန်းချုပ်၍ နွေဦးဖွံ့ဖြိုးရေးဘဏ်သို့ စီးဝင် စေခြင်းဖြင့် စစ်ကောင်စီထိန်းချုပ်ထားသော ငွေကြေးစနစ်အား ဟန့်တားနိုင်ရန်၊
(ဂ) အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ဆောင်ရွက်နေသော ဘဏ္ဍာရန်ပုံငွေရှာဖွေခြင်း၊ အခွန်ကောက်ခံခြင်း၊ နွေဦးတော်လှန်ရေးအား ဘဏ္ဍာရန်ပုံငွေထောက်ပံ့ခြင်းလုပ်ငန်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ် ဘဏ်အဖြစ် ဆောင်ရွက်၍ ပံ့ပိုးကူညီ ဆောင်ရွက်သွားရန်၊
(ဃ) နွေဦးတော်လှန်ရေးအလွန်ကာလတွင် တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဖွံ့ဖြိုးရေးဘဏ် တခု၏ အင်္ဂါရပ်နှင့်အညီ သက်ဆိုင်ရာကာလအလိုက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ လမ်းစဉ် နှင့်အညီ ဆောင်ရွက်သွားရန်။

အခန်း(၃)

ဖွဲ့စည်းတည်ထောင်ခြင်းနှင့်ပိုင်ဆိုင်မှု

၄။ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁/ ၆/ ၂၀၂၃) ရက်စွဲပါ ဥပဒေကဲ့သို့ အာဏာ တည်သောအမိန့်အမှတ် (၁/ ၂၀၂၃) နှင့် နိုင်ငံတခုခု (offshore)၏ ဥပဒေအရ တရားဝင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်း တည်ထောင်ရမည်။
၅။ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ကိုယ်ပိုင်အမည်ဖြင့် စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲ ဆိုနိုင်ခွင့်၊ တရားစွဲဆိုခံနိုင်ခွင့်ရှိသော တရားဝင်အဖွဲ့အစည်းအဖြစ် တည်ထောင်ရမည်။
၆။ နွေဦးဖွံ့ဖြိုးရေးဘဏ်၏ ရုံးချုပ်နှင့် ဘဏ်ခွဲများကို ကနဦးအဆင့်တွင် ကြားကာလ ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် offshore entity တခု၏ပိုင်ဆိုင်မှု (ownership) အောက်တွင် ဆောင်ရွက်သွားရမည်။
၇။ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို နိုင်ငံတခုခု (offshore) တွင် ဥပဒေနှင့်အညီ ဖွဲ့စည်း တည်ထောင်ထားသော အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားပြု ကုမ္ပဏီက အနည်းဆုံး ၅၁ % အစုရှယ်ယာပိုင်ဆိုင်ရမည်ဖြစ်ပြီးနှင့် Initial Coin Offering (ICO) သို့မဟုတ် Initial Public Offering (IPO) ဖြင့် ထုတ်ဝေထားသည့် အစုရှယ်ယာ ဝယ်ယူသူများ (public minority shareholder) က အများဆုံး ၄၉% ပိုင်ဆိုင်ခွင့်ရှိသည်။

အခန်း (၄)

လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း

၈။ နွေဦးဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ကြားကာလဗဟိုဘဏ်သို့ လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် အောက်ပါစာရွက်စာတမ်းများ အနည်းဆုံး ပူးတွဲတင်ပြရမည် -
(က) ဘဏ်အမည် နှင့် ဥပဒေအမည်၊
( ခ ) ဘဏ်ဆောင်ရွက်မည့်ပုံစံ (ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲ ၊ နိုင်ငံခြားဘဏ်၊ လက်အောက်ခံဘဏ်၊ အစရှိသည်။)
( ဂ ) ဘဏ်တွင်ပါဝင်မည့် ဘဏ်ဒါရိုက်တာအဖွဲ့ဝင် ဒါရိုက်တာများ၏ အမည်နှင့် နောက်ကြောင်း ရာဇဝင်၊ ကိုယ်ရေးရာဇဝင်၊
(ဃ) ဘဏ်လုပ်ငန်း နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အစီအစဉ်၊
( င ) အစုရှယ်ယာ ၁၀% နှင့် အထက်ပိုင်ဆိုင်သော အဓိက အစုရှယ်ယာပိုင်ရှင်များ၏ အမည်စာရင်း နှင့် ကိုယ်ရေးရာဇဝင်၊
( စ ) ကြားကာလဗဟိုဘဏ်က သတ်မှတ်သည့်ပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်၍ ဒါရိုက်တာအဖွဲ့ဝင် ( ၂) ဦးမှ လက်မှတ်ရေးထိုးထားသည့် လျှောက်လွှာ၊
( ဆ ) ဘဏ်၏ပိုင်ဆိုင်မှု နှင့် ဖွဲ့စည်းတည်ထောင်မှုဆိုင်ရာ အထောက်အထားစာရွက် စာတမ်းများ၊
( ဇ ) အဆိုပြုဖွဲ့စည်းပုံဇယား နှင့်
( ဈ ) ကြားကာလဗဟိုဘဏ်က သတ်မှတ်သည့် အနည်းဆုံးမတည်ငွေရင်း (required capital) အား ထည့်ဝင်မည့်အစီအစဉ်၊
၉။ ကြားကာလဗဟိုဘဏ်သည် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားခြင်းကို လက်ခံရရှိ ပြီးနောက် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးမည်။
၁၀။ နွေဦးဖွံ့ဖြိုးရေးဘဏ်သည် ၎င်း၏လုပ်ငန်းတိုးချဲ့ခြင်း၊ လုပ်ငန်းလိုင်စင်လျှောက်ထားစဉ်က တင်ပြ ခဲ့သည့် ဘဏ်လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အစီအစဉ်ပါ လုပ်ငန်းတရပ်ရပ် အားရပ်စဲခြင်း၊ လုပ်ငန်း ပုံစံတရပ်ရပ် အသွင်ပြောင်းခြင်းတို့ ဆောင်ရွက်တိုင်း ကြားကာလ ဗဟိုဘဏ်သို့ အသိပေးရမည်။

အခန်း (၅)

မတည်ငွေရင်းနှင့်အမြတ်ခွဲဝေခြင်း

၁၁။ (က) နွေဦးဖွံ့ဖြိုးရေးဘဏ်တည်ထောင်ရာတွင် အနည်းဆုံးထည့်ဝင်ရမည့် မတည် ငွေရင်းသည် US$- ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ငါးသိန်း)ဖြစ်သည်။ ဘဏ်၏ အစုရှယ်ယာတစ်ခုလျှင် (US$ ၀.၀၀၀၁) ဖြင့် သာမန်အစုရှယ်ယာပေါင်း တစ်ရာဘီလီယံ (၁၀၀,၀၀၀,၀၀၀,၀၀၀) သတ်မှတ်သည်။
( ခ ) နွေဦးဖွံ့ဖြိုးရေးဘဏ်၏ ခွင့်ပြုမတည်ငွေရင်းကို ဘဏ်အတွက် ဥပဒေအရ ဖွဲ့စည်းတည်ထောင် ထားသည့် ကုမ္ပဏီ၏ အစုရှယ်ယာ အစည်းအဝေးတွင် ဆုံးဖြတ်ချက်အရ သတ်မှတ်၍ ကြားကာလ ဗဟိုဘဏ်သို့ အသိပေး တင်ပြထားရမည်။ အဆိုပါ ခွင့်ပြုမတည်ငွေရင်းကို နွေဦးဖွံ့ဖြိုးရေးဘဏ်၏ နှစ်ပတ်လည် အထွေထွေညီလာခံ ( Annual General Meeting–AGM) ၏ အတည်ပြုဆုံးဖြတ်ချက်ဖြင့် တိုးမြှင့်နိုင်ပြီး ယင်းသို့ တိုးမြှင့်သည့်အခါတိုင်း ကြားကာလဗဟိုဘဏ် သို့ အသိပေး တင်ပြထားရမည်။
၁၂။ နွေဦးဖွံ့ဖြိုးရေးဘဏ်သည် ကြားကာလဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်းစတင်သည့် ပထမနှစ်မှ အပ နှစ်စဉ်အမြတ်ငွေမှ ဒါရိုက်တာအဖွဲ့က သတ်မှတ်သော ရာခိုင်နှုန်းတစ်ရပ်ကို အစုရှယ်ယာရှင်များသို့ အစုပေါ်အမြတ် ခွဲဝေပေးရမည်။

အခန်း (၆)

ရန်ပုံငွေများ တည်ထောင်ခြင်း

၁၃။ နွေဦးဖွံ့ဖြိုးရေးဘဏ်သည် အထွေထွေသီးသန့်ရန်ပုံငွေကို တည်ထောင်ရမည်။ ထိုသို့ တည်ထောင်ရာတွင် ကြားကာလဗဟိုဘဏ်၏ သတ်မှတ်ချက်နှင့်အညီ အသားတင်အမြတ်ငွေ ၏ ရာခိုင်နှုန်း တရပ်ကို အထွေထွေ သီးသန့်ရန်ပုံငွေစာရင်းတွင် ထည့်သွင်းခြင်းဖြင့် ဆောင်ရွက် ရမည်။
၁၄။ နွေဦးဖွံ့ဖြိုးရေးဘဏ်သည် အထူးသီးသန့်ရန်ပုံငွေကိုလည်း ရလမ်းမရှိသောချေးငွေများနှင့် ရရန် မသေချာသော ချေးငွေများအတွက် တည်ထောင်ရမည်။ ထိုသို့ဆောင်ရွက်ရာတွင် နှစ်စဉ် အမြတ်ငွေမှ ဒါရိုက်တာအဖွဲ့က သတ်မှတ်သော ရာခိုင်နှုန်းတရပ်ကို ယင်းအထူးသီးသန့် ရန်ပုံငွေ စာရင်းသို့ ထည့်သွင်း ရမည်။
၁၅။ ဖွံ့ဖြိုးမှုရန်ပုံငွေကိုလည်း နှစ်စဉ်အမြတ်ငွေမှ ဒါရိုက်တာအဖွဲ့က သတ်မှတ်သော ရာခိုင်နှုန်း တရပ် ထည့်သွင်းပေးခြင်းဖြင့်လည်းကောင်း၊ ကြားကာလလိုအပ်သော ရန်ပုံငွေနှင့်ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ အတွက် ပြည်တွင်းနှင့်ပြည်ပမှ လှူဒါန်းငွေများ သို့မဟုတ် ထောက်ပံ့ကူညီ ငွေများဖြင့်လည်းကောင်း တည်ထောင်ရမည်။
၁၆။ ဖွံ့ဖြိုးမှုရန်ပုံငွေမှငွေများကို ကာလရှည်ရင်းနှီးမြှုပ်နှံမှုအတွက် ငွေချေးသက်သေခံ လက်မှတ်များ ဝယ်ယူ ရင်းနှီးမြှုပ်နှံခြင်းကဲ့သို့သော ကိစ္စရပ်များကို ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နိုင်သည်။

အခန်း (၇)

အစုရှယ်ယာများ လွှဲပြောင်းရောင်းချခြင်း

၁၇။ နွေဦးဖွံ့ဖြိုးရေးဘဏ်၏ ကနဦးမတည်ငွေရင်းထည့်ဝင်သော အစုရှယ်ယာပိုင်ရှင်များ အပါအဝင် ဘဏ်၏ အစုရှယ်ယာပိုင်ရှင်များသည် ၎င်းတို့၏ အစုရှယ်ယာများအား လူပုဂ္ဂိုလ်နှင့် တရားဝင်ဖွဲ့စည်းတည်ထောင် ထားသော ပြည်တွင်း၊ ပြည်ပငွေရေးကြေးရေးအဖွဲ့အစည်းများသို့ လွှဲပြောင်းရောင်းချနိုင်သည်။ ဘဏ်၏ အစုရှယ်ယာစုစုပေါင်း၏ ၁၀% နှင့်အထက်ပမာဏရှိသည့် အစုရှယ်ယာလွှဲပြောင်းရောင်းချခြင်းများအတွက် ကြားကာလဗဟိုဘဏ်၏ ကြိုတင် ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်။

အခန်း (၈)

လုပ်ကိုင်ခွင့်ရှိသောလုပ်ငန်းများ

၁၈။ နွေဦးဖွံ့ဖြိုးရေးဘဏ်သည် အောက်ပါတို့ကိုဆောင်ရွက်နိုင်သည်-
(က) ကြားကာလတွင်- အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ်အဖြစ်ဆောင်ရွက်ခြင်း၊
( ခ ) ဘဏ်တွင်စာရင်းဖွင့်လှစ်ထားသူများအား ၁ လ ၊ ၃ လ ၊ ၆ လ ၊ ၉ လ ၊ ၁ နှစ် သက်တမ်းရှိသည့် ပုံသေအပ်ငွေစာရင်းများကို မြန်မာကျပ်ဖြင့် အပ်ငွေစာရင်း နှင့် သတ်မှတ်ထားသော နိုင်ငံခြားငွေ
ဖြင့် အပ်ငွေစာရင်း တို့ ဖွင့်လှစ်ပေးခြင်း၊
(ဂ) အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန (MOPFI) တို့အား Offshore Entity မှတဆင့် နှစ်ချင်းဆပ် သို့မဟုတ် နှစ်လတ်ချေးငွေများ ထုတ်ချေးခြင်း၊
(ဃ) ဒါရိုက်တာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အခြားချေးငွေများထုတ်ချေးခြင်း၊
( င ) အပ်ငွေလက်ခံခြင်း၊ အပ်ငွေပြန်လည် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ရန်ဒါရိုက်တာ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကိုယ်စားလှယ် (Relationship Managers) များ ရွေးချယ်ခန့်အပ်ခြင်း၊
(စ) NUG pay wallet နှင့် ချိတ်ဆက်၍ လုပ်ငန်းများဆောင်ရွက်ခြင်း ၊
(ဆ) Crypto related လုပ်ငန်းများဆောင်ရွက်ခြင်း၊
(ဇ) Crypto wallet မှစုဆောင်းရရှိသော Crypto currency (USDT) ဖြင့် Fiat Loan များ ထုတ်ချေးခြင်း၊
(ဈ) အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန နှင့် အခြား သော တော်လှန်ရေးအထောက်အကူပြု အဖွဲ့အစည်းများ က ဘဏ္ဍာရန်ပုံငွေရှာဖွေရာတွင် ထုတ်ဝေသည့် Product များ အတွက် ငွေပေးချေ ပေးခြင်း၊ NFT (Non-Fungible Token) ထုတ်ပေးခြင်း၊ ကိုယ်စားလှယ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊
(ည) အပိုဒ်ခွဲ(ဈ) ပါ Product များအား ငွေတိုက်စာချုပ်နှင့် အစုရှယ်ယာအဖြစ် ပြောင်းလဲခြင်းကို ဆောင်ရွက်ပေးခြင်း၊ Product များကို ပြင်ပစျေးကွက်မှတဆင့် ရောင်း/ဝယ်/လဲလှယ် နိုင်အောင် ဆောင်ရွက်ပေးခြင်း
(ဋ) နွေဦးထီ နှင့် အလားတူ Product များ အတွက် ကိုယ်စားလှယ် ဆောင်ရွက်ခြင်း၊
(ဎ) ကမ္ဘာ့ရွှေစျေးအတိုင်း သတ်မှတ်တွက်ချက်ထားသည့်နှုန်းဖြင့် Gold Certificate များ ထုတ်ပေး ခြင်း၊ ရွှေသက်သေခံလက်မှတ်များစုဆောင်းခြင်း၊ ရောင်းဝယ်ခြင်းများအတွက် ကိုယ်စားလှယ် ဆောင်ရွက်ခြင်း၊

အခန်း (၉)

ကော်ပိုရိတ်အုပ်ချုပ်မှုနှင့်ဘဏ်အားစီမံခန့်ခွဲခြင်း

၁၉။ (က) နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ဒါရိုက်တာအဖွဲ့ဖြင့် စီမံခန့်ခွဲရမည်။
( ခ ) ဒါရိုက်တာအဖွဲ့ကို အဖွဲ့ဝင် အနည်းဆုံး (၃)ဦးဖြင့် ဖွဲ့စည်းရမည်။ အဖွဲ့တွင် အောက်ပါ ဒါရိုက်တာအဖွဲ့ဝင်များ ပါဝင်ရမည်-
(၁) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ အမျိုးသား ညီညွတ်ရေးအစိုးရ မှ တာဝန်ရှိသူ (၂)ဦး
(၂) စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးက ခန့်အပ်သည့် စီးပွားရေး ဆိုင်ရာမူဝါဒ ကျွမ်းကျင်သူအနည်းဆုံး (၁)ဦး၊
(၃) ကြားကာလဗဟိုဘဏ်ဥက္ကဋ္ဌ သို့မဟုတ် စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးက ခန့်အပ်သည့် ဘဏ်ပိုင်ဆိုင်မှုအဖွဲ့ဝင် သို့မဟုတ် ဘဏ်လုပ်ငန်း ကျွမ်းကျင်သူ၊
(၄) သီးခြားလွပ်လပ်သည့် ဒါရိုက်တာ အဖွဲ့ဝင် အနည်းဆုံး (၁) ဦး၊
၂၀။ (က) ကြားကာလတွင် ဘဏ်၏ဥက္ကဋ္ဌအဖြစ် အမျိုးသား ညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန တာဝန်ရှိသူ တဦးက ဆောင်ရွက်ရမည်။
(ခ) အသွင်ကူးပြောင်းရေးကာလတွင် ဘဏ်၏ဥက္ကဌအဖြစ် သင့်လျော်သောပုဂ္ဂိုလ်အား အစားထိုး
ခန့်အပ်တာဝန်ပေးနိုင်သည်။
( ဂ ) ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်အားလုံး၏ သက်တမ်းသည် တစ်နှစ်ဖြစ်သည်။ သက်တမ်းတိုးခြင်း (သို့မဟုတ်) ပြောင်းလဲခန့်အပ် တာဝန်ပေးခြင်းများကို နှစ်စဉ် ပြုလုပ်သော Annual General Meeting တွင် ဆုံးဖြတ်သွားမည်။
၂၁။ အောက်ပါပုဂ္ဂိုလ်တို့ကို နွေဦးဖွံ့ဖြိုးရေးဘဏ်၏ အဓိကအစုရှယ်ယာရှင်အဖြစ် လည်းကောင်း၊ ဘဏ်၏ ဒါရိုက်တာအဖွဲ့နှင့် စီမံအုပ်ချုပ်မှုအဖွဲ့ဝင်များအဖြစ်လည်းကောင်း ဆောင်ရွက်ခွင့်မပြုရ-
(က) ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ (၂၀၂၁ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၄) ပုဒ်မ ၂၊ ပုဒ်မခွဲ (ဗ) အရ “ကန့်သတ်ထားသော အဖွဲ့အစည်းများ”၊
( ခ ) ဘဏ်လုပ်ငန်းနှင့် အဖွဲ့အစည်းဆိုင်ရာ ဥပဒေများနှင့် ဆန့်ကျင်လျက် တရားမဝင် ဆောင်ရွက်ချက်များတွင် ပါဝင်ပတ်သက်ဖူးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သတ်မှတ်ခြင်းခံရသူ၊
( ဂ ) ဘဏ်နှင့်ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများ၏လုပ်ငန်းများလုပ်ကိုင် နိုင်စွမ်း မရှိသူ၊
(ဃ) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ အကြမ်းဖက်စစ်ကောင်စီအား အဓိက ထောက်တိုင် အဖြစ် ပံ့ပိုးဆောင်ရွက်ခဲ့သူများ
(ဃ) လူမွဲစာရင်းခံယူထားသူများ
၂၂။ ဒါရိုက်တာအဖွဲ့၏ အောက်တွင် အောက်ပါကော်မတီများနှင့် ကော်မတီအဖွဲ့ဝင်များကို ဒါရိုက်တာ အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်သဘောတူညီမှုဖြင့် ဖွဲ့စည်းတည်ထောင်ရမည် -
(က) Asset Management Committee
( ခ ) Audit & Risk Committee
( ဂ ) Remuneration Management Committee
၂၃။ ဒါရိုက်တာအဖွဲ့သည် အထက်အပိုဒ် ၂၂ ပါ ကော်မတီများ၏ လုပ်ငန်းတာဝန်အသီးသီး ကို သတ်မှတ် ပေးရမည်။

အခန်း (၁၀)

စာရင်းများပြုစုခြင်းနှင့် ထိန်းသိမ်းခြင်း

၂၄။ နွေဦးဖွံ့ဖြိုးရေးဘဏ်သည် -
(က) ဝင်ငွေနှင့်အသုံးစရိတ်၊ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များနှင့် အခြားသော ငွေရေးကြေးရေး စာရင်းများကို နိုင်ငံတကာစာရင်းကိုင်စံများနှင့်အညီ ပြုစု၍ ကြားကာလဗဟိုဘဏ်သို့ အစီရင်ခံစာများကို သတ်မှတ်သည့်အချိန်ကာလ အလိုက် တင်ပြရမည်။
( ခ ) စာရင်းမှတ်တမ်းများအား Customer နှင့်လုပ်ငန်းဆက်သွယ်မှု ရပ်ဆိုင်းသည့်နေ့မှ အနည်းဆုံး ငါးနှစ်ထိန်းသိမ်းထားရမည်ဖြစ်ပြီး ငါးနှစ်ထက်ကျော်လွန်ပြီး နောက်ယင်းမှတ်တမ်းများကို ပယ်ဖျက်လိုပါက ကြားကာလဗဟိုဘဏ်(သို့မဟုတ်) ယင်းအားဆက်ခံသော ဗဟိုဘဏ်၏ ကြိုတင် ခွင့်ပြုချက်ရယူရမည်။

အခန်း (၁၁)

စာရင်းစစ်ဆေးခြင်းနှင့်အစီရင်ခံခြင်း

၂၅။ နွေဦးဖွံ့ဖြိုးရေးဘဏ်သည် နိုင်ငံတကာအသိအမှတ်ပြု စာရင်းစစ်အဖွဲ့အားငှားရမ်း၍ ပြင်ပစာရင်းစစ် ခန့်ထားနိုင်သည်။
၂၆။ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်၏ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့် လက်ကျန် ရှင်းတမ်းတို့ကို အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာရမည်။
၂၇။ ကြားကာလဗဟိုဘဏ်၏ စာရင်းစစ်ဆေးရေးမှူးများ သို့မဟုတ် ကြားကာလဗဟိုဘဏ်က ခန့်အပ်သော စာရင်းစစ်များသည် နွေဦးဖွံ့ဖြိုးရေးဘဏ်အားစစ်ဆေးနိုင်သည်။ ယင်းသို့ စစ်ဆေးသည့်အခါ အစစ်ဆေးခံဘဏ်၏ -
(က) စာရင်းများ၊ သက်ဆိုင်ရာစာရွက်စာတမ်းများ၊ စာအုပ်များနှင့် အခြားစာရွက် စာတမ်းများကို စစ်ဆေးနိုင်သည်၊
( ခ ) ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့်သတင်းအချက်အလက်များကို သက်ဆိုင်ရာ ကြီးကြပ်သူများ၊ စီမံခန့်ခွဲသူများ၊ ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများကို မေးမြန်းနိုင်သည်။

အခန်း (၁၂)

ဆက်နွှယ်နေသူများအား ချေးငွေထုတ်ချေးခြင်းဆိုင်ရာ ကန့်သတ်ချက်များ

၂၈။ ဘာဆဲလ် စံသတ်မှတ်ချက်အပါအဝင် နိုင်ငံတကာဘဏ်လုပ်ငန်းဆိုင်ရာ အကောင်းဆုံး လုပ်ထုံး လုပ်နည်းများအရ နွေဦးဖွံ့ဖြိုးရေးဘဏ်သည် ၎င်း၏ အဓိကအစုရှယ်ယာရှင်များ၊ ဒါရိုက်တာ အဖွဲ့ဝင်များ သို့မဟုတ် ဝန်ထမ်းများနှင့် ၎င်းတို့နှင့်ဆက်နွှယ်နေသူများအား ချေးငွေ ထုတ်ချေးပေးခြင်း မပြုရ။

အခန်း (၁၃)

အခြားတာဝန်ဝတ္တရားများ

၂၉။ ဤစည်းမျဉ်းအရ နွေဦးဖွံ့ဖြိုးရေးဘဏ်က လိုက်နာရမည့် အခြားတာဝန်ဝတ္တရားများမှာ အောက်ပါ အတိုင်းဖြစ်သည် -
(က) ဘဏ်သည် ၎င်း၏အပ်ငွေနှင့် ချေးငွေအပေါ် အတိုးနှုန်းများနှင့်ဝန်ဆောင်ခ အမျိုးမျိုးကို ကြားကာလဗဟိုဘဏ်သို့ (၆)လတစ်ခါ အသိပေးတင်ပြရမည်။
(ခ) နွေဦးဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ကြားကာလဗဟိုဘဏ်က စည်းမျဉ်းများထုတ် ပြန်၍ သတ်မှတ်သည့်အတိုင်း မတည်ငွေရင်း လုံလောက်မှုအချိုး၊ သီးသန့်ငွေ လိုအပ်ချက်၊ ငွေကြေး လွယ်ကူမှုအချိုးအပါအဝင် ငွေရေးကြေးရေးဆိုင်ရာ အချိုးများနှင့် စည်းမျဉ်းများ၊ ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက် ပံ့မှုဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များ တို့ကိုလိုက်နာရမည်ဖြစ်သည့် အပြင် ကြားကာလဗဟိုဘဏ်က သတ်မှတ် တောင်းခံသည့်အတိုင်း စာရင်းဇယား များပေးပို့တင်ပြရမည်။
(ဂ) နွေဦးဖွံ့ဖြိုးရေဘဏ်အနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးတွင် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် Financial Action Task Force (FATF) ၊ Asia Pacific Group on Money Laundering ( APG) တို့ကဲ့သို့သော အဖွဲ့ အစည်းများ၏ အကြံပြုချက်များ၊ စံသတ်မှတ်ချက်များ၊ best practices များအား လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်။
( ဃ) ဘဏ်၏ဒါရိုက်တာအဖွဲ့ဝင်များ၊ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ဝန်ထမ်းများသည် နိုင်ငံတကာ နှင့် ဒေသတွင်းဘဏ်များလိုက်နာသည့် လျှို့ဝှက်ချက်များထိန်းသိမ်းရန် တာဝန်ကိုဖြစ်စေ၊ လျှို့ဝှက်ထားရန် တာဝန်အား ခြွင်းချက်ပြုခြင်းကိုဖြစ်စေ လိုက်နာရမည်။

(ပုံ) တင်ထွန်းနိုင်
ဥက္ကဋ္ဌ
ကြားကာလဗဟိုဘဏ်
အမျိုးသားညီညွတ်ရေးအစိုးရ

Photos from Central Bank of Myanmar's post 05/07/2023

Announcement on the appointment of Mr. Sean Turnell as the Special Advisor to the Interim Central Bank of Myanmar. (13 June 2023).

Photos from Central Bank of Myanmar's post 05/07/2023

Official announcement by National Unity Government of Myanmar on establishing the Interim Central Bank of Myanmar and the respective appointment of U Tin Tun Naing, Union Minister, Ministry of Planning, Finance and Investment, as the Chairman of the Interim Central Bank of Myanmar. (1 June 2023)

05/07/2023

Welcome to the official page of Central Bank of Myanmar by National Unity Government.

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Address


Yangon