30/05/2026
မိုးကုပ်စက်ဝိုင်း စာကြည့်တိုက်မှာလည်း လာရောက် ငှားရမ်းဖတ်ရှုနိုင်ပါတယ်။
နှစ်ပေါင်း ၄၀၀ ကျော် ကြာမြင့်ခဲ့သည့် ခေတ်လယ်ကာလတွင် မြန်မာနိုင်ငံအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် အဆောက်အအုံများစွာထဲမှ မြန်မာနိုင်ငံ ဗိသုကာလက်ရာသမိုင်း မှတ်တမ်းတွင် ထည့်သွင်းသင့်သည့် ဗိသုကာလက်ရာများကို ရွေးချယ်ပါသည်။
ဤသို့ ရွေးချယ်ရာတွင် မြန်မာနိုင်ငံ အထက်ပိုင်း (ပင်းယ၊ အင်း၀၊ စစ်ကိုင်း၊ ပုဂံ စသည်) မှ အဆောက်အအုံ ၁၀ ခု၊ မြန်မာနိုင်ငံ အောက်ပိုင်း (ဟံသာ၀တီ၊ ဒဂုံ စသည်) မှ ၂ ခု စုစုပေါင်း အဆောက်အအုံ ၁၂ ခုကို အောက်ပါစာရင်းအတိုင်း ဤစာအုပ်တွင် ဖော်ပြထားပါသည်။
(၁) ပင်းယဂူကြီး ၃ လုံး၊ ၁၄ ရာစုအစ၊ ပင်းယမြို့
(၂) ရွှေတိဂုံစေတီ၊ ၁၄၅၃ အေဒီ၊ ရန်ကုန် (ဒဂုံ) မြို့
(၃) ကျိုက်ပွန်ဘုရားကြီး၊ ၁၄၇၂ အေဒီ၊ ဟံသာ၀တီ၊ ပဲခူးမြို့
(၄) သစ္စာတိုက်ဂူဘုရား၊ ၁၆ ရာစုအဆုံး၊ အင်း၀မြို့
(၅) ကောင်းမှုတော်စေတီ၊ ၁၆၃၆ အေဒီ၊ စစ်ကိုင်းမြို့
(၆) တောင်ဘီအုတ်ကျောင်း၊ ၁၇၀၆ အေဒီ၊ ပုဂံမြို့
(၇) ကြောင်လိန်၊ ၁၇၁၄-၁၇၃၃ အေဒီ၊ အင်း၀မြို့
(၈) လောကဒုဿမာန်အောင်စေတီ၊ ၁၇၁၄-၁၇၃၃ အေဒီ၊ အင်း၀မြို့
(၉) မြင်းမိုရ်တောင်စခန်း၊ ၁၇၁၄-၁၇၃၃ အေဒီ၊ အင်း၀မြို့
(၁၀) ဘလဲပစေတီ၊ ၁၇၁၄-၁၇၃၃ အေဒီ၊ အင်း၀မြို့
(၁၁) လေးကျွန်းမာန်အောင် ဂူဘုရား၊ ၁၇၂၅ အေဒီ၊ စစ်ကိုင်းမြို့
(၁၂) မုန်တိုင်ဂူဘုရား၊ ၁၇၄၉ အေဒီ၊ မုန်တိုင်ရွာ၊ မိတ္ထီလာမြို့
ထို့အပြင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ဦးမြို့ဟောင်းရှိ ခေတ်လယ်ကာလ အဆောက်အအုံ ၉ ခုနှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ခေတ်လယ်ကာလ စေတီစုများကိုလည်း ဗိသုကာလက်ရာများအဖြစ် ဖော်ပြပါရှိပါသည်။
ခေတ်လယ်ကာလ မြန်မာနိုင်ငံ ဗိသုကာသမိုင်း မှတ်တမ်းအတွက် ရွေးချယ်ခဲ့သော အဆောက်အအုံများ အားလုံးသည် သာသနိက အဆောက်အအုံများ ဖြစ်နေကြပြီး အဆောက်အအုံ အားလုံးနီးပါးသည် အုတ်ဖြင့် ဆောက်သော အဆောက်အအုံများ ဖြစ်ကြ၏။ ဤကာလတွင် သစ်များကို အဓိက သုံး၍ ဆောက်ခဲ့သော သာသနိက အဆောက်အအုံ၊ နန်းတော်နှင့် အများပြည်သူသုံး အဆောက်အအုံ၊ သာမန် လူနေအိမ်များ ရှိခဲ့ကြမည် ဖြစ်သော်လည်း အားလုံးနီးပါးမှာ ပျက်စီးခဲ့ပြီဖြစ်၍ ယခုကာလတွင် လေ့လာနိုင်လောက်အောင် မကျန်ရစ်တော့ပါ။
အထက်တွင် ရွေးချယ်ထားသော အဆောက်အအုံ ၁၂ ခု၏ ဗိသုကာ မျိုးတူစု ခွဲခြားရာတွင် စေတီ ၄ ဆူ၊ ဂူဘုရား ၄ ဆူ၊ ဘုန်းကြီးကျောင်း သို့မဟုတ် ပိဋကတ် တိုက် ၁ ခု၊ မျိုးတူစု အတိအကျ ခွဲခြား၍ မရသော အဆောက်အအုံ ၃ ခုတို့ ပါဝင်သည်။ မြောက်ဦးရှိ ဗိသုကာလက်ရာ ၉ ခုတွင် စေတီ ၄ ဆူ၊ ဂူဘုရား ၄ ဆူနှင့် ပိဋကတ်တိုက် ၁ တိုက်တို့ ပါရှိသည်။
*ခေတ်လယ်ကာလ ဗိသုကာလက်ရာများ စာအုပ်မှ ကောက်နုတ်ဖော်ပြထားပါတယ်။
ဝယ်ယူဖတ်ရှုလိုသူများက
👉 ခေတ်ပြိုင်မိုးကုပ်စက်ဝိုင်းစာအုပ်တိုက်
Contempo-Horizon Messenger
https://m.me/725360620653221
👉 ကြန် - Kyan Messenger
https://m.me/111389621895581
👉 Telegram
👉 ဖြန့်ချိရေး
ကိုလတ်စာပေတို့မှ ဆက်သွယ် မှာယူနိုင်ပါတယ်။
#ခေတ်လယ်ကာလဗိသုကာလက်ရာများ
#အာခီတက်ဆန်းဦး
#ခေတ်ပြိုင်မိုးကုပ်စက်ဝိုင်းစာအုပ်တိုက်
18/05/2026
နတ်မြင်းပျံသည် ခေါင်းပေါ်၌ လှည့်ဝဲလာခြင်းကြောင့် ရင်ပို၍ခုန်လာသည်။ “ဒီမြင်းကို စီးရရင် ဘယ်လောက်ကောင်းမလဲ”ဟု တသသ နှင့် တမ်းတကာ မျက်တောင်မခတ် မော့ကြည့်နေလေ၏။
နတ်မြင်းပျံသည် အမြင့်မှ ဓာတ်တိုင်ဖျားသို့ သက်ဆင်းလာနေသောအခါ တင်မလေးသည် ဓာတ်တိုင်ကို ဖက်လျက် “စီးရတော့မည်”ဟု ရင်ထဲ၌ တသိမ့်သိမ့်တုန်လျက်ရှိနေသည်။
ဓာတ်တိုင်ဖျားလောက်မှ အောက်သို့ တဖြည်းဖြည်းနိမ့်ဆင်းလာပုံကိုမြင်လျှင် အနားရောက်က အသင့်စီးလိုက်ရန် ပြင်ဆင်ထားလေ၏။ မကြာမီ နတ်မြင်းပျံသည် တက်နိုင်ရုံအနေသို့ ရောက်လာ၏။ တင်မလေးမှာ မြင်းပေါ်သို့ ဘယ်ပုံရောက်လျက် ဘယ်လိုမြောက်ပါသွားမှန်းပင် မသိတော့ကာ ကောင်းကင်သို့ မြင့်တက်သွားလေသည်။
ကောင်းကင်တွင် တရိပ်ရိပ်ပျံသန်းလျက်နေစဉ် အသည်းထဲ၌ အေးမြနေသာ အသိကို ခံစားသွားရသည်။ ဘယ်ကိုပျံ၍ ဘယ်ရောက် မည်မှန်းမသိ၊ မြင့်သည်ထက်သာ မြင့်သွားကာ တိမ်တောင် တိမ်ထုထဲသို့ တိုးဝင်ပျံသန်းနေလေ၏။ တင်မလေးသည် အောက်သို့ ငုံ့ကြည့်လိုက်သည်။ အောက်၌ ဘယ်အရာမျှ မမြင်ရတော့ဘဲ တိမ်ပြင်ကြီးဆိုင်းနေခြင်းသာ တွေ့ရလေသည်။
မြင်းပေါ်၌ လျင်မြန်သော အဟုန်ကို သတိထားမိသည်။ မကြောက်မရွံ့ ရဲရင့်သော သတ္တိကား လူဖြစ်မှ မဖြစ်စဖူး ထူးထူးကဲကဲ ဖြစ်ပေါ် နေ၏။
အမြင့်သို့ တက်ပျံသွားနေရာမှ တစ်ဖန် အနိမ့်သို့ထိုးဆင်းနေသော အဟုန်ကြောင့် အောက်သို့ ငုံ့စိုက်ကြည့်လိုက်လာသည်။
အရာဝတ္ထုများကား တစ်စစ သဲကွဲလာချေပြီ။ သစ်ပင်၊ တောတောင်၊ ရေမြေတို့ကို ထင်ထင်ရှားရှား မြင်တွေ့ရသည်။
နတ်မြင်းပျံသည် တောအုပ်ကြီးအနီးသို့ သက်ဆင်းပျံသန်းနေ သည်။ တောအုပ်ကြီးထဲ၌ ရဟန်းသံဃာများစုဝေးလျက် ထိုင်စည်းဝေး နေကြပုံကို အပေါ်မှ ပြတ်ပြတ်သားသား မြင်တွေ့နေရသည်။
စည်းဝေး ဝိုင်းဖွဲ့ထိုင်နေကြသော ရဟန်းစုထဲမှ ရဟန်းတစ်ပါးသည် မတ်တတ်ရပ်ကာ တင်မလေးကို ကြိုဆိုစောင့်လင့်နေ၏။ မကြာမီ တင်မလေးသည် မြင်းပေါ်မှမြေပေါ်သို့ ရောက်သွားလေသည်။
ဖူးတွေ့ရသော ရဟန်းပုဂ္ဂိုလ်သည် တင်မလေးကို လက်ပြလျက်ခေါ်ကာ တောလမ်းအတိုင်း တောထဲသို့ ဝင်သွားလေသည်။ တင်မလေးလည်း နောက်မှ ထက်ကြပ်လိုက်သွား၏။
မနီးမဝေးသို့ ရောက်ကြသောအခါ မြေပေါ်တွင် ပေါက်နေသော သစ်ပင်ကလေးနှစ်ပင်အကြား၌ ပေါက်နေသော အပင်တစ်ပင်ကို နုတ်ယူကာ တင်မလေးဘက်သို့ လှည့်လျက် ကမ်းပေးရင်း နှုတ်က “ရော့ ဆေး” ဟု ဆိုလိုက်၏။
(စာမျက်နှာ - ၇)
……………………………………………………………………………………....
ဒေါ်လှဲ့သည် သူများအိပ်မက်ကို သုတ်လာခဲ့သဖြင့် သူခိုးလက်က သူဝှက်လုမှာ စိုးရ၍ အကျယ်တဝင့်မပြောရဲချေ။
ဒေါ်လှဲ့၏အသံနှင့် မျက်နှာဟန်ပန်တို့တွင် တစ်ဖက်သား ကရုဏာ ဖြစ်စရာကောင်းအောင် ဆွဲဆောင်နိုင်သောကြောင့် ဒေါ်အေးစိတ်ထဲ၌ အတန်ငယ် ထိခိုက်သွားသည်။
“ဒါဖြင့်လည်း မလှဲ့ရယ်၊ ဒီလိုလုပ်ပါရှင်။ ဒီနေ့ပြေးမယ့်မြင်းတွေကို မြင်းစာအုပ်ထဲမှာ လျှောက်ကြည့်လေ . . .၊ အဲရှင်ကြိုက်တဲ့မြင်း တစ်ကောင် ကောင်ကိုပေါ့ရှင် ရွေးပြီး “ဝင်း” သာထိုးပါ။ ကျွန်မကို မြင်းနာမည်နဲ့ ၅ ကျပ်ပေးလိုက်။ ကျွန်မထိုးခဲ့မယ်။ ရှင့်အိပ်မက်က နိမိတ်ထူးရင်လည်း ပေါက်မှာပေါ့”
ဒေါ်လှဲ့သည် ချက်ချင်း အားတက်ရွှင်ပျသော ရုပ်ပြောင်းသွားသည်။ ကျေးဇူးတင်ပါတယ်။ မယ်မင်းကြီးမရယ် အဲဒါပဲ ကောင်းပါတယ်" ဟု စိတ်တုံးတုံးချပြောလိုက်ကာ ခေါင်းတဆတ်ဆတ်ညိတ်နေ၏။
“ဝင်းတို့-ပလေးတို့ဆိုတာ ကျုပ်မသိဘူးတော့၊ ဘာတုံး”
“ဝင်းက ပထမပေါက်ကို ထိုးတာ။ အလျော်အစားများတယ်ရှင့်။
ပလေးဆိုတာကတော့ ပထမ၊ ဒုတိယ၊ တတိယ ဘယ်ထဲပါပါ ရတာမျိုး။ အိပ်မက်နဲ့ဆိုရင် ဝင်းပဲထိုးပါ"
ဒေါ်လှဲ့သည် ဒေါ်အေးယူပေးသော မြင်းစာအုပ်ကိုလှန်ကာ ယနေ့ပြေးမည့်မြင်းများ၏ နာမည်စာရင်းကို လျှောက်ဖတ်ကြည့်လေသည်။
“မေဒင်ဆိုတာ ဘာလဲမအေးရဲ့”
ဒေါ်အေးသည် ခွက်ထိုးခွက်လန် ရယ်နေလေ၏။ မြင်းအကြောင်း ဘာမှန်းမှ မသိရှာသော ဒေါ်လှဲ့အားအတော် ဗဟုသုတနည်းရှာတယ်ဟု အောက်မေ့ကာ မေးတာကို စိတ်ရှည်ရှည်နှင့် ပြောရလေ၏။
“မေဒင်ပွဲဆိုတာက တစ်ခါမှ မပြေးဖူး၊ မနိုင်ဖူးတဲ့မြင်းတွေ ပြေးတဲ့ပွဲကို မေဒင်ပွဲလို့ခေါ်တယ်။ ပွဲတွေက အများကြီး၊ မေဒင်ပွဲမှာ နိုင်ဖူးတဲ့ မြင်းတွေသာ ပြေးတဲ့ပွဲလည်းရှိတယ်”
မြင်းစာအုပ်ကို တစ်ရွက်ပြီးတစ်ရွက် လှန်ကြည့်ကာ ထိုးမည့်မြင်းကို ရှာရလေ၏။ ပြိုင်မြင်းများ၏ နာမည်များမှာ ခေတ်ဆန်ဆန်မှည့်သော လူနာမည်များနှင့် ဆင်တူဖြစ်နေသည်။ အချို့မြင်းများကား ရွှေတော်မျိုးတော် အဆက်အနွယ်ထိပ်တင်ထွေး၊ ထိပ်တင်စုဟုလည်း ပါကြသေး၏။
၄ ပေ ၉ လက်မ မြန်မာပြည်ပေါက်မြင်း ပထမတန်းပြေးမည့်ပွဲမှ မြင်းအမည်စာရင်းကို လျှောက်ဖတ်ကြည့်နေစဉ် ပြိုင်မြင်း ၁၂ ကောင် အနက် “တင်မဝင်း” ဟူသော အမည်ကို မြင်မြင်ချင်း “ဒီမြင်းထိုးမှပဲ” ဟု ပိုင်းဖြတ်ပြီး ငွေ ၅ ကျပ် ပေးလိုက်သည်။
(စာမျက်နှာ - ၃၃)
……………………………………………………………………………………....
“ညည်း ဒီလိုနေလို့တော့ မတော်ဘူး တင်မလေး။ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ရမယ်၊ ခုလို ပင်ပင်ပန်းပန်းရှာဖွေနေတာကို ငါလည်း မကြည့်ရက်ပါဘူးအေ။ အိမ်ထောင်သာ ပြုစေသချင်တာပဲ။ မောင်သန်းမြိုင် ဒီတစ်ခါလာရင် ငါပြောမယ်လို့ စိတ်ကူးထားတယ်”
“မဟုတ်တာ အကြီးကလဲ၊ ဘယ့်နှယ်မြင်းက မလှုပ်ခုံကလှုပ်၊ မိန်းမက စပ်ရမယ်လို့။ မပြောပါနဲ့၊ ကျွန်မ အိမ်ထောင်မပြုဘူး”
တင်မလေးသည် မျက်နှာများ နီမြန်းသွားကာ ခေါင်းကိုမဖော်ဘဲ ငုံ့ချုပ်ရင်း ပြောသည်။
“မိန်းမက စရတယ် ဘယ်ဟုတ်မလဲအေ့၊ သူ့အကဲကြည့်ရတာ ညည်းက မောင်ကလေးတွေ လူလားမမြောက်မချင်း အိမ်ထောင်မပြုဘူးလို့ ခေါင်းမာနေတာ သိတော့ သူ့ခမျာ ဟ-ဟ ပြောနိုင်တော့မလဲ။ ပြောလိုက်လို့ ငြင်းခဲ့ရင် မဝင်ရဲ၊ မထွက်ရဲအောင် ဖြစ်မှာစိုးတယ် ထင်ပါရဲ့။ ဒါကြောင့် အချိန်ဆွဲပြီး ညည်းအကဲကို ကြည့်နေမှန်း ငါသိပါတယ်။ တို့လည်း ပျိုရာက အိုလာတာပါတော်၊ ဒါလောက်တော့ အကဲ ခတ်တတ်ပါသေးတယ်။ ညည်းကို သူလိုချင်တယ်”
တင်မလေးသည် မျက်ရည်များ လည်လာလေသည်။ ကိုယ့်ဟာ ကိုယ် ရှာစားမယ်ဟု တင်းထားသောစိတ်မှာ လျော့ပြေကျသွားသည်။ ဘဝ၏ ဖန်တီးပုံကို ဝမ်းနည်းသွားသည်။ သွားလေသူ မိဘများ၏ မျက်နှာကို မြင်ယောင်လျက် ရှိုက်ငင်လိုက်မိသည်။
“ပွဲရုံအလုပ်က တစ်ဖက်၊ စက်ကလည်းချုပ်ရသေးတယ်။ ပိုလျှံ တယ်လို့ကလည်း ဘယ်လမှ မရှိဘူး။ အားလုံးက ညည်းကို မှီနေကြ ရတာ။ စက်ချုပ်နေတုန်းက ကြွေးမတင်ခဲ့ဘူး၊ အခု ဒေါ်လှဲ့ကြွေးတွေ တင်နေပြီ။ ဆပ်နေရတာ အခု ဘယ်လောက်ကျန်သေးသလဲ”
“၈ဝဝ ကျပ်လောက် ကျန်သေးတယ်”
တင်မလေး၏ အသံတုန်ယင်လျက် ရှိပုံကို ကြီးတော်က သတိထား လိုက်သည်။
“ဒီ ၈ဝဝ ကျပ်ဟာ ဘယ်နှစ်လကြာအောင် ဆပ်နေရဦးမှာလဲ။ ညည်းပွဲရုံအလုပ်ကို ကြည့်ရတာ မဟန်ပါဘူးအေ။ စက်ချုပ်ရတာလည်း ပင်ပန်းတာပဲ၊ ငါ့သဘောတော့ သူ့ကြွေးကို ကျေအောင် မြန်မြန်ဆပ်ပြီး. . .။
(စာမျက်နှာ - ၅၉)
……………………………………………………………………………………....
“ကျွန်မယူထားတဲ့ ငွေကို ညနေလာပေးပါမယ်။ အလုပ်စာရင်းတွေလည်း ကျွန်မ အားလုံး ရှင်းရှင်းလင်းလင်း လုပ်ထားပါတယ်။ ဒီနေ့ မြင်းပွဲတော့ မလိုက်သေးဘူး အဒေါ်လှဲ့ရယ်။ ကျွန်မ ပြန်တော့မယ်နော်”
တင်မလေးသည် မျက်နှာမကောင်းစွာဖြင့် ထလျက် ဒေါ်လှဲ့၏ အိုးမည်းသုတ်ထားသော မျက်နှာကို မကြည့်လိုတော့ဘဲ ဦးအောင်ညွန့်အား နှုတ်ဆက်ကာ ထွက်လာခဲ့သည်။
ဒေါ်လှဲ့သည် ဦးအောင်ညွန့်အား မျက်စောင်းကြီးလှည့်ထိုးထားသည်။ ဦးအောင်ညွန့်မှာ ဆေးပြင်းလိပ်တိုကို မြိန်မြိန်ဖွာကာ ရှေ့သို့ ငေးလျက်ရှိသည်။
“သေခြင်းဆိုးကြီး မျက်နှာကိုက မထီမဲ့မြင်နဲ့။ ဟိုကောင်မရှေ့မှာမို့အောင့်နေတာ၊ ကဲ ပြောစမ်း"
ဦးအောင်ညွန့်သည် ပြုံးမဲ့လျက် ဒေါ်လှဲ့ဘက်သို့ မျက်လုံးစွေကြည့် လိုက်သည်။
“ဘာပြောရမလဲကွဲ့ ၊ ပြောစရာ မရှိပါဘူး။ သူ့မြင်းသူ့ဆီပြန်သွား ပြီပဲဟာ”
ဒေါ်လှဲ့သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် ဦးအောင် ညွန့်ရှေ့၌ မတ်တတ်ထရပ်လိုက်သည်။
“ဘယ်နှယ် သူ့မြင်းသူ့ဆီပြန်သွားပြီ ဟုတ်လား။ ပြန်လိမ့်မယ် အားကြီးပြန်လိမ့်မယ်၊ မယ်လှဲ့တဲ့ တစ်လှဲ့တည်းရှိတယ်။ သူ့ကိုယ်စား အပု ကို တင်မဝင်းလို့ ပုံတူယူထားတယ်။ ဒီနေ့ရှိသမျှ ပုံပြီးလောင်းပြလိုက် စမ်းမယ်။ မြင်းပွဲက ငွေထုပ်ကြီး ပိုက်ပြန်လာတော့ တော့ကို အိမ်ပေါ် က ကန်အချပဲ။ ကိုယ့်သင်္ချိုင်းသာ ကိုယ်ရှာထား၊ တစ်ခွန်းပဲ”
ဦးအောင်ညွန့်သည် ဆေးပြင်းလိပ်တိုကို ထွေးခံထဲသို့ ပစ်လိုက် ကာ တံတွေးကို ပစ်ခနဲထွေးလျက် . . . “ငါ့အိမ်တော့ ထည့်မလောင်း နဲ့ ဒါပဲ”ဟု ဆိုလိုက်သည်။
တင်မလေး ငွေ ၂ဝဝဝ ကျပ်ဖြင့် အိမ်ပေါင်စဉ်က ထုတ်ပေးနိုင်လျက် ထုတ်မပေးခြင်းကို ကြားထဲက မျက်နှာပူကာ အတော်စိတ်မကောင်း ဖြစ်ခဲ့ရသည်။ စိတ်နာခဲ့ရသည်။ ယနေ့တော့ ဖြစ်ချင်တာဖြစ်ဟု သတ္တိကို ပြောင်ပြောင်မွေးလျက် နောက်ဆုံး တင်မလေးစက်ထဲ၌ ဒရဝမ်သွားလုပ်ရ လုပ်ရဟု ပိုင်းဖြတ်ကာ မာရေကျောရေ ပြောပစ်လိုက်၏။
(စာမျက်နှာ - ၇၃)
“မေ့အိပ်မက်” စာအုပ်မှ စာအချို့ကို ကောက်နုတ်ဖော်ပြထားပါတယ်။
မိုးကုပ်စက်ဝိုင်း စာကြည့်တိုက်မှာ လာရောက်ငှားရမ်း ဖတ်ရှုနိုင်ပါတယ်။
*ဒုတိယအကြိမ်၊ ဖေဖော်ဝါရီ၊ ၂၀၁၆
အုပ်ရေ - ၅၀၀
တန်ဖိုး - ၈၀၀ကျပ်
ပုံနှိပ်တိုက် - စိတ်ကူးချိုချိုပုံနှိပ်တိုက်
ထုတ်ဝေသူ - စိတ်ကူးချိုချိုစာပေ
#မိုးကုပ်စက်ဝိုင်းစာကြည့်တိုက်
17/04/2026
ကျွန်တော့်ဘဝရဲ့ ပထမဆုံး အချစ်ဦးကို ကျွန်တော်ဟာ နှစ်ပေါင်း ၃ဝ နီးပါး စွဲလမ်း ရူးသွပ်ခဲ့တယ်။ ရိုးအီ အက်ကြောင်းထပ်နေတဲ့ အပေါစား ရုပ်ရှင်ကားတစ်ကားထဲက Scene တစ်ခုလိုပါပဲ။ ကျွန်တော် အိမ်ကနေ အပြီးထွက်လာမယ့် ညမှာ လူကြုံနဲ့ သူ့ရဲ့ဓာတ်ပုံလေးကို ကျွန်တော့်ဆီ ပို့ပေးလိုက်ပါတယ်။ အဲဒီ အဖြူအမည်း ပတ်စပို့ပုံလေးကို နှစ်ပေါင်း ၂ဝ နီးပါးကြာမြင့်တဲ့အထိ ကျွန်တော် သိမ်းဆည်းထားခဲ့မိတယ်။ ဘယ်တုန်းကမှ အသုံးကျမှု တစက်ကလေးတောင်မရှိခဲ့တဲ့ ကျွန်တော်ဟာ ကျွန်တော့် အချစ်ဦးကို ကျွန်တော့်ထက် အစစ အရာရာ သာလွန်တဲ့ လူတစ်ယောက် ထံ အပြီးတိုင် ထိုးအပ်လိုက်ရတယ်။ အဲဒီလို ထိုးအပ်ဖို့အတွက် ကြားထဲကနေ အောင်သွယ်လုပ်ပေးရတာလည်း ကျွန်တော်ပါပဲ။ စဉ်းစားသာကြည့်တော့၊ ကိုယ်ချစ်တဲ့ မိန်းမတစ်ယောက်ကို အခြားယောက်ျားတစ်ယောက် လက်ထဲ အရှင်လတ်လတ်ကြီး ထိုးအပ်လိုက်ရတာ ဘယ်လောက် ခံပြင်း နာကျင်ဖို့ကောင်းသလဲ။
(စာမျက်နှာ - ၁၅၄)
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
တကယ်တော့ သူက ကျွန်တော့်ထက် အတန်းရော အသက်ရော ကြီးပါတယ်။ ကျွန်တော်လေးတန်းမှာ သူက ခုနစ်တန်း၊ ကျွန်တော် ခြောက်တန်းရောက်တဲ့ နှစ်မှာ သူက ကိုးတန်း ဖြစ်သွားပြီ။ ကျွန်တော်တို့ဆီမှာ အလယ်တန်းသာရှိပြီး အထက်တန်း မရှိတာကြောင့် ကိုးတန်းရောက်ချိန် မှာ သူက မြို့ကို ကျောင်းသွားတက်တယ်။ မြို့ကို ကျောင်းသွားတက်ချိန် မှာ သူက ဆရာမကြီး ဖြစ်နေပြီ။ ရည်းစားကို တစ်ယောက်ပြီး တစ်ယောက် တွဲနေပြီ။ ဘယ်သူဌေးသားနဲ့ ဘယ်ကိုသွားတယ် ဆိုတာကအစ သူ့ရဲ့သတင်း တွေက နားထဲမှာ ပြည့်လျှံလျက်ပဲ။ တစ်စတစ်စ ဝေးကွာသွားတဲ့ သူနဲ့ ကျွန်တော့်ကြားက ဝေးကွာမှုကို တိုင်းတာရင်း ကျွန်တော်ဟာ ဝေးကွာမှု ဆိုတဲ့ စကားလုံးရဲ့ အတိမ်အနက်ကို သိရှိလာခဲ့မိတယ်။ နောက်တော့လည်း သူဟာ ဆယ်တန်းတက်တဲ့ နှစ်မှာပဲ စက်သူဌေးသားတစ်ယောက်နဲ့ လိုက်ပြေးသွားခဲ့တယ်။ နှစ်လသုံးလလောက်ပဲ ခိုးရာလိုက်ပြေးပြီးနောက် နွမ်းလျ မှုအပြည့်နဲ့ အိမ်ကို သူပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်လည်း နယ်မှာ ရှိမနေတော့ဘူး။ သူ အမှတ်တရပေးခဲ့တဲ့ အဖြူအမည်း ပတ်စပို့ပုံလေးကို ပိုက်ပြီး မြန်မာတစ်ပြည်လုံး ဒေသစာရီ ကြွချီနေခဲ့တဲ့ ကျွန်တော်သည်လည်းပဲ ကိုယ့်မြင်းကို ဇက်ကုန်ဖွင့်ပြီး စစ်ကိုင်းမကတဲ့ အရပ်များဆီ ရောက်သွားခဲ့တယ်။
(စာမျက်နှာ - ၁၅၅)
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
ပထမတစ်ကြိမ် သူက ကျွန်တော့်ကို မေးတုန်းက ကျွန်တော်ပြန်ဖြေခဲ့တဲ့ အဖြေမျိုးနဲ့ပဲ သူမ ကျွန်တော့်ကို ပြန်ဖြေလိမ့်မယ်လို့ ကျွန်တော်တွေးထား မိတယ်။ ကျွန်တော်တွေးထားတဲ့အတိုင်းပါပဲ။ ဒီဘဝမှာတော့ ငါနင့်ကို ဘယ်တော့မှ လက်ထပ်ယူဖြစ်မှာ မဟုတ်သလို ဘယ်တော့မှလည်း နင့်ကို ငါပြန်ချစ်လာမှာ မဟုတ်ဘူးတဲ့။ ညာဘက်လက်ထဲမှာ ကိုင်ထားတဲ့ လိမ်းဆေးဘူး ပြုတ်ကျသွားတဲ့အထိ ကျွန်တော့်မှာ အသက်မဲ့သွားခဲ့ရတယ်။ ပါးစပ်ကနေလည်း နင်ငါ့ကို မချစ်ဘူးဆိုရင် ဘာလို့ အခုလိုတွေ ဖြစ်နေရတာလဲ၊ ဘာလို့ ငါ့အနား လာနေပေးနေရတာလဲ။ ဘာလို့ ငါ့အပေါ်ချစ်တဲ့ အပြုအမှုတွေနဲ့ ဆက်ဆံပေးနေရတာလဲလို့ အရူးတစ်ယောက်လို မေးခွန်းများ တရစပ် မေးခဲ့ပေမဲ့ သူမဘက်က ပြန်ဖြေခဲ့တာ တစ်ခွန်းထဲပါပဲ။ နင့်ကို သနားလို့တဲ့။ ငါ့ကို သနားစရာ မလိုဘူး။ ဘာအကြောင်းနဲ့မှ မသနားနဲ့ သနားလို့ ခုလို ငါ့အနား နေပေးနေတယ် ဆိုတာက စောက် အဓိပ္ပာယ်မရှိဘူး။ ငါကတော့ တစ်နေ့ နင်ချစ်လာလိမ့်နိုးဆိုပြီး ဟိုးကလေးဘဝကတည်း က ဆင့်လီးခွေးမျှော်သလို ဘဝမျိုးနဲ့ နင့်ကို စောင့်ဆိုင်းလာခဲ့ရတာ။ အခု နှစ်ပေါင်း ၂ဝ ကျော်လောက် ကြာတော့ မချစ်ဘူးတဲ့လား။ ဟိုး ဘဝအစ ကတည်းက “နင် ငါ့ကို မချစ်ဘူး” လို့ အပြတ် ပြောလိုက်ပါတော့လား။ မည်းမည်းမြင်တိုင်း ဟောင်နေတဲ့ ခွေးရူးတစ်ကောင်လို ကျွန်တော်ဟာ အရူးတစ်ပိုင်း ဖြစ်နေခဲ့ပေမဲ့ သူမကတော့ ကျွန်တော့်ကို ကရုဏာသက်တဲ့ မျက်ဝန်းများနဲ့ အေးအေးဆေးဆေး ကြည့်ရင်း နင့်ဘဝကို နင်ပြန်ကြည့်ဖူးလား။ နင့်မှာ နင့်ကိုယ်နင် အရာအားလုံးကို ဆုံးရှုံးနေရတယ်။ မိသားစုလည်း မရှိ၊ ညီအစ်ကိုမောင်နှမလည်း မရှိ၊ ချစ်သူရည်းစားလည်း မရှိ၊ မိတ်ဆွေ အရင်းအချာလည်း မရှိ၊ ပိုက်ဆံလည်း မရှိ၊ ပညာလည်း မရှိ၊ ဘာမှ မရှိတဲ့ နင့်ဘဝကြီးကို နင်မြင်အောင် ပြန်ကြည့်ဖူးလား။ ကမ္ဘာကြီးက အကျယ်ကြီး၊ လူတွေလည်း အများကြီး၊ ဒါပေမဲ့ အဲဒီ ကမ္ဘာအကျယ်ကြီး လူတွေအများကြီးထဲမှာ နင်တစ်ယောက်တည်း ဖြစ်နေတာကို နင် သတိထားမိလား။ နင့်အထီးကျန်မှု အတိမ်အနက်ကို နင် တိုင်းတာဖူးသလား တဲ့။ ရတယ် ငါ့ကို သနားလို့ဆိုပြီး ငါ့အနားလည်း နင်ဆက်မနေနဲ့တော့။ ငါတစ်ယောက်တည်း ဘယ်လိုနေနေ ငါအဆင်ပြေအောင်နေမယ်။ ပြော ရုရင် အဲဒီညက ကျွန်တော်တို့ ရန်အကြီးအကျယ် ဖြစ်ကြတယ်။ မနက် မိုးလင်းခါနီးထိပဲ။ မိုးလင်းခါနီးလာလေ ရန်ပွဲရဲ့ Tempo က ပိုမြင့်လာ လေပဲ။ နောက်ဆုံး ကြက်သွန်လှီးတဲ့ စတီးဓားကို ယူပြီး ကျွန်တော့်ညာလက် ငါးချောင်းလုံးကို စားပွဲပေါ် ဖြန့်တင်လိုက်တယ်။ ဘယ်လက်နဲ့ ဖြန့် ထားတဲ့ ညာဘက်လက်ချောင်းတွေ ကြားထဲကို အားကုန်ပစ်ပေါက်တယ်။ ကျွန်တော့်အရှေ့မှာ ထိုင်နေတဲ့ သူ့ကို ကြည့်ပြီး အဲဒီလက်ကြားထဲကို ဒီဓား နဲ့
ဆယ်ခါ ပစ်ပေါက်မယ်။ ဆယ်ခါလုံး ပစ်ပေါက်လို့မှ လက်ကို တစ်ခါမှ မထိဖူးဆိုရင် နင် ငါနဲ့ဆက်နေပါ။ ဆယ်ခါလုံးပေါက်လို့ တစ်ခါ လက်ကို ထိမယ်ဆိုရင် နင့်စိတ်ဆန္ဒ အလိုအတိုင်း ထွက်သွားချင်သွား၊ နေချင်နေ နင့်အလိုကျ ငါခွင့်ပြုတယ်လို့ ပြောရင်း လက်ချောင်းတွေဆီကို ဓားနဲ့ စတင် ပစ်ပေါက်လိုက်တယ်။ တစ်ချက် နှစ်ချက် သုံးချက် လေးချက် ငါးချက် ခြောက်ချက်အထိ လက်ကို မထိသေးဘူး။ အခန်းထဲမှာ တဒုတ်ဒုတ်နဲ့ စားပွဲကြမ်းခင်းဆီ စိုက်ဝင်သွားတဲ့ ဓားစိုက်သံနဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ အသက်ရှူသံက လွဲပြီး တိတ်ဆိတ်လျက်ပဲ။ ခုနှစ်ချက်မြောက်မှာတော့ ပစ်ပေါက်လိုက်တဲ့ ဓားက ညာဘက်လက်သန်းနဲ့ လက်သူကြွယ်ကြားက အရွတ်နေရာဆီကို စိုက်ဝင်သွားတယ်။ လက်ကြားထဲ စိုက်ဝင်နေတဲ့ဓားကို ချက်ချင်း ဆွဲမထုတ်သေးဘဲ တစိမ့်စိမ့် ထွက်လာတဲ့ သွေးတွေကို ငေးရင်း ဒီတစ်ခါ အပြီးတိုင် ဝေးကြရပြန်ပြီလား ဆိုတာကိုပဲ ကျွန်တော် တွေးနေမိခဲ့တယ်။
(စာမျက်နှာ - ၁၆၆-၁၆၇)
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
စာအုပ်ပါ စကားပြေများမှ ''ရီရီစိုးအကြောင်း အနှစ်သုံးဆယ် စာ'' မှ စာအချို့ကို ဖော်ပြထားပါတယ်။
မိုးကုပ်စက်ဝိုင်းစာကြည့်တိုက်မှာ လာရောက်ငှားရမ်းဖတ်ရှုနိုင်ပါတယ်။
*ပထမအကြိမ် ဖေဖော်ဝါရီ၊ ၂၀၂၆
မျက်နှာဖုံးပန်းချီ - မုတ်သုံ
အုပ်ရေ - ၅၀၀
တန်ဖိုး - ၁၀၀၀၀ကျပ်
ထုတ်ဝေသူ - ဦးခင်မောင်ဌေး၊ လင်းသစ်ရောင်စဥ်
#မိုးကုပ်စက်ဝိုင်းစာကြည့်တိုက်
06/04/2026
ပန်းချီအနုပညာနဲ့ ရုပ်ရှင်အနုပညာမှာ သဟဇာတဖြစ်တာ တွေ၊ ပဋိပက္ခဖြစ်တာတွေ ရှိမှာပေါ့။ ကျွန်တော်ပြောချင်တာတော့ သစ်တယ်ဆိုတာ အရမ်းကာရောသစ်လို့ မရဘူး ဆိုတဲ့အချက်ပါ။
ဒီစာတမ်းကို ပရိသတ်အမြင်နဲ့လည်း ရေးပါတယ်။ ဖန်တီးသူအမြင်နဲ့လည်း ရေးပါတယ်။ လူငယ်အမြင်နဲ့လည်း ရေးပါတယ်။ လူကြီးအမြင်နဲ့လည်း ရေးပါတယ်။ ကမ္ဘာ့အမြင်နဲ့လည်း ရေးပါတယ်။ မြန်မာ့အမြင်နဲ့လည်း ရေးပါတယ်။
သစ်ချင်ချင်ဖြစ်နေတဲ့ မြန်မာ့ရုပ်ရှင်အတွက် သစ်လို့ရနိုင်တဲ့ ထွက်ရပ်လမ်းများ တွေ့လို့တွေ့ငြား အားလုံးနဲ့ ရင်းရင်းနှီးနှီး ပွားကြည့် လိုက်တာပါ။
လမ်းလျှောက်ရင်း ပန်းကောက်ရသလို
လမ်းပျောက်ရင်း ချောက်ထဲကျရတာမျိုးလည်း ရှိခဲ့ပါတယ်။ ရှိဦးမှာပါ။
- အဆန်းတကြယ်စိတ်ကူး (Fantasic) ထဲက ရိုးရှင်းတဲ့သဘာဝ (Reality)
- ဂန္တဝင် (Classic) ထဲက ခေတ်ပေါ်အယူအဆ (Moden)
- ရှေးဟောင်းလမ်းရိုး (Cleche) ထဲက ခေတ်ပြိုင်လမ်းသစ် (Contempory) တွေကို ရှာလို့တွေ့တာမျိုးတွေက ဆွေးနွေးချင်စရာတွေ ဖြစ်လာတယ်။
ဒီစာတမ်းကို ဖတ်ပြီးတဲ့အခါ ငြင်းခုံဆွေးနွေးစရာတွေ အသေအချာ ရှိလာပါလိမ့်မယ်။ စာတမ်းသိပ်ရှည်လျားမှာစိုးလို့ တချို့အကြောင်းအရာတွေကို ပုံကြမ်းသဘောလျာထားပြပြီး တို့ရုံထိရုံလေးပဲ ထည့်ထားခဲ့ပါတယ်။ တူးချပြီးဆွေးနွေးချင်တာတွေလည်း ရှိတာပေါ့။ မေးစရာရှိလည်း ဖြေကြည့်ချင်ပါတယ်။ ကျွန်တော်ဘက်ကလည်း မေးစရာတွေ ရှိနေပါသေးတယ်။ စာတမ်းဖတ်ပွဲသာ လုပ်ဖြစ်ရင်တော့ ဆုံလိုက်ကြရအောင်ပါလို့ ဖိတ်ချင်ပါတယ်။
ဒီစာတမ်းဟာ ကျွန်တော့်စိတ်ထဲမှာ အစက အဆုံးထိ 'နိဒါန်း' တွေချည်းပါပဲဗျာ။
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
ရုပ်ရှင်ဆရာကြီးတစ်ဆူဖြစ်တဲ့ 'ဝေါ့ဒစ္စနေ' ကပြောပါတယ်။
I don't make pictures just to make money.
I make money to make more pictures.
ပိုက်ဆံရှာဖို့အတွက် သက်သက် ကျွန်တော် ရုပ်ရှင်ရိုက်တာမဟုတ်ပါဘူး။ (ကျွန်တော် ရိုက်ချင်တဲ့) ရုပ်ရှင်တွေ အများကြီး ထပ်ရိုက်နိုင်ဖို့အတွက်တော့ ကျွန်တော် ပိုက်ဆံရှာပါတယ်။
ဝေါဒစ္စနေရဲ့ စကားဟာ ဂျာအေးသူ့အမေရိုက်တဲ့ စကားဆန်နေပေမယ့် သေသေချာချာ နက်နက်ရှိုင်းရှိုင်း တွေးကြည့်မှ အရေးကြီးတာလေး ပါနေတယ်။ 'ကိုယ်လုပ်ချင်တာ လုပ်ဖို့အတွက် ကိုယ်မလုပ်ချင်တာလေးတွေလည်း ရောနှောပြီး လုပ်ရတဲ့' ခေတ်သစ်အနုပညာ (အထူးသဖြင့်) ရုပ်ရှင်အနုပညာရဲ့ မှောက်ဖဲလေး တစ်ချပ်ကို လှန်ပြနေသလိုပါပဲ။ ရုပ်ရှင်အနုပညာမှာ ဈေးကွက်ထဲက ပျောက်သွားတာနဲ့ ပရိသတ်က မေ့သွားတတ်တဲ့ ဓလေ့ရှိတယ်။ ဒီတော့ ပရိသတ်နဲ့ ကိုယ်နဲ့တွေ့နေဖို့ဆိုတာ အဆက်မပြတ် အလုပ်လုပ်နေနိုင်မှုပေါ် မူတည်နေပြန်တယ်။ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ထုတ်လုပ်ဖို့ဆိုတာ ဘာလိုသလဲ သူသိတယ်လေ။ ဒါလည်း အလွန်ကြီးတဲ့ 'မာယာ' ပါပဲ။
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
အတုကို အစစ်လို့ထင်အောင် ဘယ်လိုလုပ်ကြသလဲ။
အတုကို အစစ်လို့ထင်အောင် လုပ်ရတာဟာ တစ်ခါတစ်ရံမှာ အစစ်ကို ဖန်တီးရတာထက် ပိုခက်ပါတယ်။
လူတစ်ယောက်အနေနဲ့ ဝမ်းသာရတာ၊ ဝမ်းနည်းရ တာတွေဟာ ကြိုးစားလုပ်စရာမလိုတဲ့ ခံစားမှုတွေပါ။ ဒါပေမဲ့ ဝမ်းသာခြင်းမာယာ၊ ဝမ်းနည်းခြင်းမာယာ ဖန်တီးဖို့ကျတော့ အလွန်ခက်ပါတယ်။ ဟန်ဆောင်တာကို သိသာတဲ့ မာယာကြီးကတော့ အလကားပါပဲ။ ဟန်ဆောင်မှန်းမသိတဲ့ မာယာဟာ ဘယ်လောက် ခက်ခဲတယ်ဆိုတာ ပြောပြချင်ပါတယ်။
ဒါရိုက်တာ Ane Lee ရိုက်တဲ့ Hulk ဆိုတဲ့ ဇာတ်ကားအကြောင်းပါ။ ၂ဝဝ၃ ခုနှစ်က ရုံတင်ပြီး ဝင်ငွေကောင်းခဲ့တဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားကိုရိုက်တဲ့ အန်းလီဟာ အဲဒီတုန်းက အော်စကာ မရသေးပါဘူး။ Crooching Tiger နဲ့ အစွမ်းပြပြီး BrookbackMountain ကျမှ အော်စကာရတဲ့ ဒါရိုက်တာဖြစ်ပါတယ်။ အန်းလီက Hulk ဇာတ်ကားကို ရိုက်မယ်တဲ့။ တကယ်တော့ Hulk ဆိုတာ အလွန်နာမည်ကြီးတဲ့ Marvel Comic ရုပ်ပြကာတွန်းစာအုပ်လေးပါ။ ရုပ်ပြဆိုတာ ကလေးတွေဖတ်တာ၊ ခုအရွယ်မရွေးကြည့်မယ့် ရုပ်ရှင်ဆိုတော့ အနုပညာ ဖြစ်လာပြီ။ သဘာဝနဲ့ နီးစပ်တူညီဖို့ အရေးကြီးလာပြီ။ ပရိသတ်က တကယ်လို့ ယုံကြည်ဖို့က သိပ်အရေးကြီးတယ်။ ဒါကြီးက မဖြစ်နိုင်ပါဘူးကွာ ဆိုတာနဲ့ ဇာတ်ကားက အပေါစားဇာတ်ကားစာရင်းထဲကို “ပလုံ”ပဲ။
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
ရုပ်ရှင်ဆိုတာ အတတ်ပညာနဲ့ အနုပညာပေါင်းစပ်ထားတာပါ။ အတတ်ပညာဘက်မှာ 'မာယာ' တွေ မရှိမဖြစ်လိုအပ်သလို အနုပညာဘက်မှာလည်း 'မာယာ’တွေ အရေးကြီးနေပြန်ပါတယ်။
ရင်သပ်ရှုမောအံ့ဩတုန်လှုပ်ဖွယ် ရုပ်ရှင်ဇာတ်ကားကြီးတွေဟာ တစ်ကမ္ဘာ လုံးက ငွေတွေကို သိမ်းကျုံးယူနေတာကို မျက်မြင်ကိုယ်တွေ့ပါပဲ။ အဲ့ဒီရင်သပ်ရှုမော အံ့ဩဖွယ် ရုပ်ရှင်တွေဟာ Special Effects ဆိုတဲ့ စက္ခူပသာဒဆိုင်ရာ တီထွင်ဖန်တီးမှု အဆန်းအပြားတွေကို အခြေခံထားပါတယ်။ ရုပ်ပုံတွေရဲ့ အထူးပြုလုပ်ချက် (Visual Effects) ပညာဟာ ရုပ်ရှင်ရဲ့သော့ချက်လို့ ဆိုရမလောက် အရေးပါလာပါတယ်။
Special Visual Effect ဆိုတာနဲ့ ကျွန်တော်တို့ဟာ ခေတ်လွန်သိပ္ပံစက်ရုပ် ဇာတ်ကားကြီးတွေကိုပဲ အာရုံထဲမှာ ပြေးမြင်တတ်ပါတယ်။ ဒါလည်း အပြည့်မှန်တယ် ပြောမရပါဘူး။ Visual Effect ဆိုတဲ့ မာယာပညာကို အနုပညာမြောက်တဲ့ သဘာဝကျကျ ဇာတ်ကားတွေမှာ ထည့်သုံးတတ်တဲ့အတွက် အောင်မြင်သွားတဲ့ ဇာတ်ကား တွေလည်း ကမ္ဘာ့ရုပ်ရှင်မှာ မှတ်တိုင်စိုက်ထားပါတယ်။
၁၉၉၄ တုန်းက ထွက်ပေါ်ခဲ့တဲ့ Tom Hank ဆိုတဲ့ မင်းသားခေါင်းဆောင်ပြီး ဒါရိုက်တာ Robert Zemeckis ရိုက်ကူးတင်ဆက်တဲ့ Forrest Gump ရုပ်ရှင် ဇာတ်ကားကို အများသိကြပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးသရုပ်ဆောင် မင်းသားဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံးမှီငြမ်းဇာတ်ညွှန်းဆု၊ အကောင်းဆုံး Visual Effect ဆုအပါအဝင် အော်စကာ(၆)ဆု ဆွတ်ခူးခဲ့ပါတယ်။
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
Titanic ထဲက အစွဲငြိဆုံးအချက်ကတော့ သင်္ဘောဦးမှာ Rose နဲ့ Jack ချစ်သူနှစ်ယောက် လေထဲမှာ လက်နှစ်ဖက်ဆန့်တန်းပြီး ငှက်သွင်ပျံကြွ ကြည်နူးနေကြတဲ့ ဟန်ပေါ့။ ဇာတ်ကားကြည့်ခဲ့တုန်းက အဲဒီရိုက်ချက်ကို ဟယ်လီကော့ပတာနဲ့ ရိုက်မယ်လို့ ခန့်မှန်းခဲ့မိတယ်။ တကယ်ကျတော့ သိပ် Romance ဖြစ်တဲ့ရိုက်ချက်က အတုပေါင်းများစွာရိုက်ပြီး ထပ်ပေါင်းထားတာ ဖြစ်နေတယ်။
ပင်လယ်ရေ နောက်ခံက သပ်သပ် တစ်ခါရိုက် ၊
အဲ့ဒီအပေါ်မှာ သင်္ဘောကြီးက သပ်သပ် နောက်တစ်ခါရိုက်၊ သင်္ဘောကြီးပေါ်က ချစ်သူနှစ်ယောက်က အစိမ်းရောင် ခရိုမာခံပြီး ရိုက်ထားတဲ့ ရိုက်ချက်သပ်သပ် နောက်တစ်ခါ။ အဲဒါတွေအားလုံး ထပ်ပေါင်းလိုက်တာ။ ဒါပေမဲ့ အချိန်အဆ၊ ဆုံးဖြတ်ချက်နဲ့ ပညာရပ်ကျွမ်းကျင်မှုတွေကြောင့် အလွန်သပ်ရပ်နေတာကို တွေ့ရလိမ့်မယ်။ အစစ်ဆိုရင် ရိုက်ချက်တစ်ချက်တည်းနဲ့ ပြီးမယ့်ကိစ္စ။ အတုဆိုတော့ ရိုက်ချက်များစွာ အခါခါ အထပ်ထပ်ပေါ့။
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
“ကပ်ကမ္ဘာပေါင်းများစွာကြာမှ တစ်ကြိမ်သာ ဖြစ်တဲ့ အဖြစ်အပျက်ကို နေ့စဉ် မြင်တွေ့နေရတဲ့ အဖြစ်အပျက်လို ထင်မြင်ခံစားရတယ်” လို့ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်က ‘ဥရောပစာပေ’စာအုပ်မှာ ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့စာပေအကြောင်းရေးတဲ့ စာအုပ်မှာ မြန်မာ့စာပေထဲက အဆင့်ဝင်တဲ့ အနုပညာတွေကို ဖော်ထုတ်ပြခဲ့တာပါ။
သုဒ္ဓေါဓနကို ဘုရင်လို့မမြင်တော့ဘဲ သားသမီးမနိုင်တဲ့ ဖခင်ကြီးတစ်ဦးလို နီးကပ်စွာ ကိုယ်ချင်းစာလာမိစေတာ ဘာကြောင့်လဲ။ ကာလကွာခြားမှု၊ ပုဂ္ဂိုလ်ကွာခြားမှု ဆိုတဲ့ တံတိုင်းတွေကို ပြိုလှဲပြီး ရင်ကြားစေ့ပေးနိုင်တာကတော့ ပြဇာတ်အနုပညာ ဆရာရဲ့ 'မာယာ' ပါပဲ။
မြန်မာ့ဇာတ်ပွဲကြည့် ပရိတ်သတ်ဟာ ဗုဒ္ဓဝင်ဇာတ်လမ်းကြီးကို သိပြီးသားပါ။ ပွဲလာကြည့်တာဟာ ဇာတ်လမ်းကို သိချင်လို့ မဟုတ်ပါဘူး။ ဘယ်လို ဆို ငို ပြောပြီး တင်ပြမှာလဲဆိုတာကို ခံစားချင်လို့ပါ။ သိပြီးသားဇာတ်လမ်းကို ပရိသတ်ရင်ဘတ်ထဲ ရောက်အောင် စွဲငြိခံစားသွားစေခြင်းဟာ ထူးခြားတဲ့ အနုပညာရဲ့ မာယာလို့ ဆိုနိုင်ပါတယ်။
"အနုပညာ နှင့် မာယာ" စာအုပ်ပါ စာရေးသူ အမှာစာနှင့် စာအချို့ကို ကောက်နုတ်ဖော်ပြထားပါတယ်။
မိုးကုပ်စက်ဝိုင်းစာကြည့်တိုက်မှာ လာရောက် ငှားရမ်းဖတ်ရှုနိုင်ပါတယ်
*ပထမအကြိမ်၊ စက်တင်ဘာ၊ ၂၀၁၄
မျက်နှာဖုံးပန်းချီ - နေမျိုးဆေး
အုပ်ရေ - ၅၀၀
တန်ဖိုး - ၂၃၀၀ကျပ်
ပုံနှိပ်တိုက် - စိတ်ကူးချိုချိုပုံနှိပ်တိုက်
ထုတ်ဝေသူ - စိတ်ကူးချိုချိုစာပေ
#ငြိမ်းမင်း
#မိုးကုပ်စက်ဝိုင်းစာကြည့်တိုက်