25/07/2022
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]
ရက်စွဲ - ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်
သတင်းထုတ်ပြန်ချက်အမှတ် (၈/၂၀၂၂)
01/02/2022
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
[email protected]
ရက်စွဲ - ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်
ကြေညာချက်အမှတ် (၁/၀၂/၂၀၂၂)
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကပင် အများပြည်သူတို့၏ဆန္ဒနှင့်ကိုက်ညီ၍ အခြေခံ လူ့အခွင့်အရေးများကို အာမခံသည့် စစ်မှန်သည့်ဒီမိုကရေစီ ဖြစ်ပေါ်လာစေရန်၊ နောင်ခေတ်အဆက်ဆက်၌လည်း မြန်မာနိုင်ငံသည် ပြည်သူလူထုဆန္ဒနှင့်အညီ ဒီမိုကရေစီစနစ်ထွန်းကား၍ တည်တံ့ခိုင်မြဲသော ပြည်ထောင်စုကြီး ဖြစ်ထွန်းစေရေးအတွက် အုတ်မြစ်ချရန်၊ အာဏာရှင်ဆန်၍ ပြည်သူလူထုကို ဖီစီးနှိပ်စက်မည့်နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်းကားခြင်းမရှိစေရေးအတွက် ကြိုးပမ်းရန် စသည့်ရည်ရွယ်ချက်များထားရှိခဲ့ရာ ထိုရည်ရွယ်ချက်များ ဖော်ဆောင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကပင် တစိုက်မတ်မတ်ကြိုးပမ်းခဲ့သလို လက်ရှိတွင်လည်း ကြိုးပမ်းနေဆဲဖြစ်ပါသည်။
၂။ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတို့တွင် ပြည်သူလူထုတစ်ရပ်လုံး၏ တခဲနက်ထောက်ခံမှုဖြင့် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ပြည်သူလူထု၏ မိမိတို့ဆန္ဒအလျောက် လွတ်လပ်စွာမဲပေးထောက်ခံမှုနှင့်အတူ ကိုယ်စားလှယ် (၈၂) ရာခိုင်နှုန်းကျော်ရရှိကာ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိ ခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူတို့ ယုံကြည်စွာအပ်နှင်းလိုက်သော တာဝန်ကို အပြည့်အဝ အလေးထားကာ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းပါ ကတိကဝတ်များကို ဖြည့်ဆည်းဖော်ဆောင်ရန် စတင်ကြိုးပမ်းနေချိန်မှာပင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော တည်ဆဲအစိုးရထံမှ (၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်တိုင်ချိုးဖေါက်ကာ နိုင်ငံတော်အာဏာကို စစ်ခေါင်းဆောင်တစ်စုက အဓမ္မသိမ်းယူခဲ့ရာ ယခုအခါ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
၃။ အာဏာသိမ်းစစ်ကောင်စီသည် အာဏာသိမ်းခဲ့သည့် တစ်နှစ်တာကာလအတွင်း ရဟန်း၊ ရှင်လူ၊ တိုင်းရင်းသား၊ ကျောင်းသား၊ ပြည်သူများ၊ CDM များနှင့်အတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်များ၊ ရွေးကောက်တင်မြှောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ပါတီဝင်များကို အဓမ္မဖမ်းဆီးအကျဉ်းချမှုများ၊ ညှဉ်းဆဲသတ်ဖြတ်မှု များစွာလုပ်ဆောင်ခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်းကောက်ယူရေးအဖွဲ့၏ ကောက်ယူရရှိသော စာရင်းများအရ အဖွဲ့ချုပ်အဖွဲ့ဝင်များထဲမှလည်း ဖမ်းဆီးအကျဉ်းချခံရသူစုစုပေါင်း (၆၈၆)ဦးတွင် လွှတ်တော် ကိုယ်စားလှယ် (၁၀၇)ဦးပါဝင်ပြီး၊ ညှင်းပမ်းနှိပ်စက်မှုများနှင့် အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်မှုများကြောင့် ကွယ်လွန်သူ လွှတ်တော်ကိုယ်စားလှယ်(၁)ဦး အပါအဝင်စုစုပေါင်း (၁၄)ဦးရှိခဲ့ပါသည်။ ဗဟိုရုံးချုပ်အပါအဝင် ပါတီရုံးများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ ပါတီပိုင်ပစ္စည်းများနှင့် စာရွက်စာတမ်းများ ကိုခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ယူဆောင်ခြင်း (၉၁)ကြိမ်ရှိပြီး၊ (၁၁၇)ဦးထက်မနည်းသောပါတီဝင်များ၏ အိုးအိမ်၊ မြေနေရာ၊ တိုက်ခန်းတို့ကို အကြောင်းအမျိုးမျိုးပြ၍ ချိပ်ပိတ်ခြင်းများကျူးလွန်ခဲ့ပါသည်။
၄။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အစိုးရတာဝန်ရယူထမ်းဆောင်ခဲ့သော ငါးနှစ်တာကာလအတွင်း အခက်အခဲနှင့် ကန့်သတ်မှုများစွာကြားမှပင် ပြည်သူနှင့်အတူ ဒီမိုကရေစီအုတ်မြစ်ကို စွမ်းနိုင်သမျှချမှတ်ခဲ့ပြီး ပိုမိုအနှစ်သာရပြည့်ဝသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်နိုင်ရေးမျှော်မှန်းချက်ဖြင့် တိုင်းရင်းသား လူမျိုးစုအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍ(၁၈)ခုပါဝင်သော ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းကိုထုတ်ပြန်၍ ပြည်သူကိုကတိကဝတ်ပြုခဲ့သော်လည်း လက်တွေ့အကောင်အထည် မဖော်ဆောင်နိုင်မီကာလတွင် စစ်အာဏာသိမ်းမှု၏အကျိုးဆက်အဖြစ် အဆိုပါကဏ္ဍများတွင် ဆိုးရွားသော ထိခိုက် ကျဆင်းမှုများကို တွေ့ရှိလာရသည်။
၅။ပြည်သူ့အစိုးရတာဝန်ယူထားသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး၌အေးချမ်းစွာ ပညာ သင်ယူနေသည့် ကျောင်းသား/ကျောင်းသူဦးရေ (၁၃)သန်းဝန်းကျင်နှင့် ပညာရေးတာဝန်ထမ်းဆောင်နေသည့် ဆရာ/ဆရာမ ဦးရေ လေးသိန်းကျော် ပညာပို့ချနေရာမှ ယခုအာဏာသိမ်းထားသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း မိဘပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ (၉၀)ရာခိုင်နှုန်း၊ ဆရာ/ဆရာမ ဦးရေ ထက်ဝက်ကျော်တို့မှာ စစ်ကောင်စီ၏ပညာရေးကို ယုံကြည်လက်ခံမှုမရှိကြကြောင်းတွေ့ရသည်။
၆။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု ပထမလှိုင်းနှင့်ဒုတိယလှိုင်းတို့အတွင်း ပြည်သူ့အစိုးရက ပြည်သူလူထု၏ ကျန်းမာရေး၊ စီးပွားရေးနှင့် စားဝတ်နေရေးပြေလည်စေရေးအတွက် ကဏ္ဍကြီး(၁၂)ရပ်တွင် ငွေကျပ်သန်းပေါင်း (၂,၂၈၃) ဘီလီယံ သုံးစွဲခဲ့ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်း နှင့် ဒုတိယလှိုင်းတို့တွင် ကူးစက်ဖြစ်ပွားမှု (၁၄၀,၁၄၅) ဦး ရှိခဲ့ပြီး (၃,၁၃၁) ဦး ကွယ်လွန်ခဲ့ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ အသိအမှတ်ပြုထားသည့် ကိုဗစ်ရောဂါကာကွယ်ဆေးအား အစောဆုံးထိုးပေးနိုင်ခဲ့သည့်နိင်ငံများတွင် ပါဝင်ခဲ့ပါသည်။ ရောဂါပိုးတွေ့သူနှင့်ထိစပ်မှုရှိခဲ့သူများ၊ ပိုးတွေ့ရှိသူများကို စနစ်တကျစီစစ်၍ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးဌာနများ နှင့် ဆေးရုံများသို့ အချိန်မီပို့ဆောင်ကာ အခမဲ့ဆေးကုသပေးခြင်းနှင့် ကျွေးမွေးခြင်းများကို ပြည်သူလူထုကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် စွမ်းဆောင်နိုင်ခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီလက်ထက် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းခြင်းနှင့် စီမံခန့်ခွဲမှုအလွဲအမှားများကြောင့် ရောဂါကူးစက်ခံရသူ (၃၉၃,၈၁၄) ဦးထိ များပြားလာပြီး (၁၆,၁၇၈) ဦး သေဆုံးခဲ့ရသည်။ ပြည်သူ့အစိုးရလက်ထက် ကိုဗစ်ကပ်ရောဂါလှိုင်း နှစ်ကြိမ်အတွင်း ရောဂါကူးစက်နှုန်းထက် (၂၈၁) ရာခိုင်နှုန်း ပိုမိုများပြားလာခဲ့သလို၊ သေဆုံးမှုနှုန်းမှာလည်း (၅၁၇) ရာခိုင်နှုန်းအထိ ပိုမိုဆုံးရှုံးခဲ့ရကြောင်းတွေ့ရှိရသည်။
၇။ပြည်သူလူထုအတွက်နေ့စဉ်လိုအပ်ချက်တစ်ခုဖြစ်သော လျှပ်စစ်ကဏ္ဍတွင် COVID-19 ကပ်ရောဂါ စတင် ဖြစ်ပွားချိန်က ပြည်သူသို့ အိမ်သုံးလျှပ်စစ်သုံးစွဲမှုအတွက် (၁၅၀)ယူနစ်ကို အခမဲ့သုံးစွဲခွင့်ပြု၍ ဓါတ်အားပြတ်တောက်မှု မရှိစေဘဲ ပြည်သူလူထုကို စောင့်ရှောက်ပေးနိုင်ခဲ့သည်။ ဓါတ်အားပြတ်တောက်မှုများရှိလာလျှင် မည်သူမဆို ဆက်သွယ်မေးမြန်းနိုင်သည့် ဝန်ဆောင်မှုပေးသောကဏ္ဍဖြစ်သော call center သည်ပင် ယိုယွင်းပျက်ဆီးသွားပြီ ဖြစ်သည်။ ယခုအချိန်တွင် လျှပ်စစ်ဓာတ်အား အချိန်ပြည့်မရရှိနိုင်တော့ဘဲ Load Shed ဖြင့် အလှည့်ကျ ဓာတ်အားဖြန့်ဖြူးပေးနေသည့် အခြေအနေဖြစ်ပြီး မည်သည့်အချိန်မီးပျက်၍ မီးပြန်လာမည့်အချိန်ကိုလည်း ကြိုတင် မသိနိုင်တော့ဘဲ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝအပေါ် ဆိုးကျိုးကြီးစွာ သက်ရောက်လျှက်ရှိနေပါသည်။
၈။မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) စတင်ထုတ်ပြန် ကြေညာ ခဲ့သော ၁၉၄၈ ခုနှစ်ကတည်းကသဘောတူထားခဲ့သည့် နိုင်ငံဖြစ်ခဲ့သော်လည်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုမှာ အာဏာသိမ်းကာလအတွင်း သိသာထင်ရှားစွာ များပြားလာခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်သူ့အစိုးရလက်ထက်တွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများ ပိုမိုတိုးတက်မှုရှိခဲ့သော်လည်း စစ်တပ်မှအာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ လူသားမျိုးနွယ်စုအပေါ် ဥပဒေမဲ့ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မီးရှို့ခြင်း၊ ပြည်သူတို့၏ အိုးအိမ်စည်းစိမ်များကို အဓမ္မလုယူ သိမ်းဆည်းခြင်း၊ လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်း၊ သတင်းလွတ်လပ်ခွင့် ကန့်သတ်ပိတ်ပင်ခြင်းစသည့် နည်းလမ်းမျိုးစုံ သုံးကာ အာဏာသိမ်းစစ်ကောင်စီက လူ့အခွင့်အရေးများကို ဆိုးရွားစွာ ပေါ်ပေါ်ထင်ထင်ချိုးဖောက်နေပါသည်။
၉။မှတ်တမ်းများအရ မြန်မာနိုင်ငံတွင်လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းပဋိပက္ခနှင့်မလုံခြုံမှုများကြောင့် တိုင်းရင်းသား ပြည်သူ (၃၄၀,၀၀၀)ခန့် ကာလကြာရှည်စွာ အိုးမဲ့အိမ်မဲ့ နေရပ်စွန့်ခွာနေထိုင်ခဲ့ရပါသည်။ အာဏာသိမ်းခဲ့သည့် တစ်နှစ်တာအတွင်း နိုင်ငံတစ်ဝန်း၌ ပြည်တွင်းပဋိပက္ခများနှင့်မလုံခြုံမှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသော အပြစ်မဲ့တိုင်းရင်းသားပြည်သူ (၃၈၅,၇၀၀) ကျော်ရှိနေခဲ့ပြီဖြစ်သည်။ စစ်ကောင်စီ အာဏာသိမ်းယူထားသည့် ကာလအတွင်း နိုင်ငံတစ်ဝန်းလုံး၌ ဥပဒေမဲ့မီးရှို့ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ များစွာ ဖြစ်ပေါ်ခဲ့ပါသည်။ ချင်းပြည်နယ် ထန်တလန်မြို့တွင် အကြိမ်ကြိမ်မီးရှို့ခံရမှုကြောင့် ဘာသာရေးအဆောက်အဦများ အပါအဝင် ပြည်သူ့အိုးအိမ် (၅၅၀) ကျော် ဆုံးရှုံးခဲ့ပါသည်။ ထို့အပြင် ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် ကလေးငယ် လေးဦးအပါအဝင် ပြည်သူ (၃၅) ဦးကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ဤဖြစ်စဉ်များနည်းတူ လူသားမျိုးနွယ်တစ်ခုလုံးအား ထိခိုက်စေသည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ပါဝင်ပတ်သက်ကျူးလွန်သူများကို ချွင်းချက်မရှိ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်သည်။
၁၀။နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူများ၊ ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံတကာရောက် နိုင်ငံသားများသည် ဒီမိုကရေစီထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး၊ လူ့အခွင့်အရေးနှင့် မိမိတို့၏ အချုပ်အခြာအာဏာ အား ပြန်လည်ရရှိနိုင်ရေးတို့အတွက် စစ်အာဏာသိမ်းကာလအတွင်း ကြုံတွေ့ရသည့် ခြိမ်းခြောက်ဖိနှိပ်တားဆီးမှု အမျိုးမျိုးကိုရင်ဆိုင်၍ မလျော့သောဇွဲလုံ့လတို့ဖြင့် ယခုထက်တိုင် ဆန့်ကျင်တွန်းလှန်လျက်ရှိကာ တိုင်းရင်းသား ပြည်သူများ၏ မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်ခြင်းကြောင့် စစ်ကောင်စီ၏ နယ်မြေဒေသစိုးမိုးမှုများစွာ လက်လွတ် ဆုံးရှုံးခဲ့ရပြီး နိုင်ငံတကာတွင်လည်း စစ်ကောင်စီအပေါ် ကမ္ဘာ့နိုင်ငံအသီးသီး၏ ထောက်ခံအသိအမှတ်ပြုမှု မရရှိအောင် ပြုလုပ်နိုင်ခဲ့သည့်အတွက် တိုင်းရင်းသားပြည်သူအပေါင်း၏ အားထုတ်ရုန်းကန်မှုများကို ဂုဏ်ပြုမှတ်တမ်းတင်အပ် ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း နိုင်ငံရေးအကျဉ်းသားများအား လုံးချွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေး၊ ပြည်သူတို့၏ စစ်မှန်သောအချုပ်အချာအာဏာ ပြန်လည်ရရှိစေရေး၊ ၂၀၂၀ ခုနှစ် အထွေထွေရွှေးကောက်ပွဲ ကြေညာစာတမ်းပါ ကတိကဝတ်တို့ကို ဖော်ဆောင်လျက် ဒီမိုကရေစီရှင်သန်ထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး လုပ်ငန်းတို့ကို မည်သို့သော ဥပဒေမဲ့ ဖိနှိပ်ချုပ်ချယ်တားဆီးမှုများ ရှိနေစေကာမူ အဖွဲ့ချုပ်ခေါင်းဆာင်များ၏ ဦးဆောင်မှုကို မမှိတ်မသုန်ခံယူပြီး၊ ပြည်သူတို့နှင့်အတူ ပြတ်သားစွာရပ်တည်၍ မိတ်ဖက် အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သည်။
ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
31/01/2022
တော်လှန်ရေးသင်္ကေတဟာ အနီ
နွေဦးတော်လှန်ရေးတပ်ဦး
အလံတွေဟာ အနီ
မတရားအာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့်ကျခဲ့တဲ့ တော်လှန်ရေးသွေးတွေဟာ အနီ
တော်လှန်ရေးတစ်နှစ်ပြည့်ချိန်မှာ မြို့ရွာ၊ လမ်းမ၊ နေအိမ်တွေမှာ အနီရောင်တွေနဲ့ ဖုံးလွှမ်းစေပြီး
တော်လှန်သွေးမအေးကြောင်းပြသကြ
မတရားမှုကို အနီရောင်ဖြင့် ဖော်ထုတ်ကြ
#တော်လှန်မျိုးဆက်ပုန်ကန်ရုန်းထွက်
20/07/2021
ဘဘကောင်းရာမွန်ရာ ရောက်ပါစေ။ ငြိမ်းငြိမ်းချမ်းချမ်းအနားယူပါတော့ ။
20/07/2021
RIP
အင်းစိန်ထောင်တွင်း ကိုဗစ်ကူးစက်ခံရသည့် NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း ကွယ်လွန်
ဧရာဝတီ၊ ဇူလိုင် ၂၀၊ ၂၀၂၁
ရန်ကုန်မြို့၊ အင်းစိန်ထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းသည် ယနေ့ (ဇူလိုင် ၂၀ ရက်) နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း ၎င်း၏ ရှေ့နေက အတည်ပြုသည်။
၎င်းကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ်ရှိပြီဖြစ်ပြီး ဆီးချိုနှင့် သွေးဝမ်းသွားရောဂါ အခံရှိသည့် ဦးဉာဏ်ဝင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသည့်အတွက် ဇူလိုင် ၁၁ ရက်နေ့မှစတင်ကာ အင်းစိန်ထောင်မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေရခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ရာ NLD CEC တဦးဖြစ်သူ ဦးဉာဏ်ဝင်းကိုလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် အာဏာသိမ်းစစ်ကောင်စီက တရားစွဲဆိုထားသည်။
05/05/2021
ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန
Ministry of Federal Union Affairs
Website - www.mofua.nugmyanmar.org
Twitter - https://twitter.com/mofua_nug
Telegram - https://t.me/mofua
YouTube - https://www.youtube.com/.myanmar
05/05/2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကြေညာချက်အမှတ် ၁/၂၀၂၁
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာခြင်း
၂၀၂၁ခုနှစ် မေလ ၅ ရက်
၁။ အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မြန်မာပြည်သူများက အပ်နှင်းသော အခွင့်အာဏာကို ကျင့်သုံးလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးကဏ္ဍကို ဦးဆောင် တာဝန်ယူလျက်ရှိသည်။
၂။ အကြမ်းဖက်စစ်ကောင်စီသည် တရားဝင် ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာကို အဓမ္မလုယက်ပြီး အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားရုံသာမက၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ပြည်သူများအား အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးပမ်းလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအပေါ် လေကြောင်းစစ်ဆင်မှု အပါအဝင် အင်အားအလွန်အကျွံအသုံးပြုကာ တိုက်ခိုက်ခြင်းကဲ့သို့သော စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်။
၃။ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များသည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်သူလူထု၏ လူသားလုံခြုံရေး၊ လူသားဖြစ်တည်မှုအပေါ် တန်ဖိုးထားလေးစားရေးတို့ကို ဆောင်ရွက်ခြင်းမရှိဘဲ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက် ဖျက်ဆီးလျက်ရှိသည့်အပြင်၊ တိုင်းပြည်၏ နိုင်ငံရေးဉီးတည်ချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကိုလည်း အဟန့်အတား ပြုလုပ်လျက်ရှိသည်။
၄။ ယင်းသို့သော အခြေအနေတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ၊ စစ်ရေးအရ ရန်လိုတိုက်ခိုက်မှုများကို ထိန်းချုပ်အဆုံးသတ်ခြင်းဖြင့် နှစ်ပေါင်း ခုနစ်ဆယ်ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရေးတို့ကို ဆောင်ရွက်ရန် တာဝန်ရှိလာသည်။
၅။ သို့ဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ ရှေ့ပြေးအမြုတေအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People's Defence Force) ကို ကာကွယ်ရေးဆိုင်ရာမူဝါဒနှင့်အညီ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက် တွင် တရားဝင် ဖွဲ့စည်းထူထောင်လိုက်သည်။
ပုံ
ပြည်ထောင်စုဝန်ကြီးချုပ်
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
Contact – [email protected]