စာအုပ်စာပေလူ့မိတ်ဆွေ

စာအုပ်စာပေလူ့မိတ်ဆွေ

Share

ပညာရဲရင့် ပွဲလယ်တင့်စေဖို့ စာအုပ်စ?

စာကောင်းပေမွန်များကို အချိန်ပေး ဖတ်ကြစေဖို့ တိုက်တွန်းလိုပါတယ်။ နိုင်ငံနဲ့လူမျိုးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းလည်း တောင်းအပ်ပါတယ်။

24/10/2017

အချစ်ဟု ခေါ်သလား (ဖြစ်ရပ်မှန်)
======================

တောင်ကိုရီးယားမှ အကျည်းတန်သော အချစ်ဇာတ်လမ်း
----------------------------------------------------------------

ကင်မ် ဆောင် ဂျောင်း တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သည့် ဘူဆန်မြို့၌ (Busan) ၁၉၈၉ ခုနှစ်တွင် မွေးဖွားခဲ့သည်။

၂၀၀၃ ခုနှစ်

ယခုအခါ သူမသည် အလယ်တန်း ကျောင်းသူလေး ဖြစ်ပါသည်။ ရုပ်ရည်ချောမောလှပသည့်အပြင် စာအလွန်ကြိုးစားသူလေးလည်း ဖြစ်သည်။

“အမေ… သမီး အမေရိကန်နိုင်ငံမှာ ကျောင်းတက်ချင်တယ်..”

မိဘတို့က စာတော်လွန်းသောသမီးကို မြေတောင်မြှောက်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

သူမ အသက် ၁၄ နှစ်တွင် အမေရိကန်နိုင်ငံ ဗာဂျီးနီးယား ( Virginia) ၌စာသင်ရန် မိဘများက ပို့ပေးလိုက်တော့သည်။

သူမ မိဘများသည် ချမ်းသာသူများမဟုတ်ကြပေ။ သူမ နိုင်ငံခြားတွင်ပညာသင်ကြားရန်အတွက် သူမ မိဘနှစ်ဦးသည် မနားမနေ အလုပ်လုပ်ကြသည်။

ဆွေမျိုးများထံမှ ငွေချေးရသည်။ ဘဏ်မှငွေချေးရသည်။မစားရက် မသောက်ရက်ဖြင့် မိမိတို့၏ အသုံးစရိတ်ကို ခြိုးခြံ ချွေတာ၍ သမီးလေးအားပညာတတ်ဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့သည်။

***************

မိဘတို့ဆန္ဒပြည့်ပါသည်။

သူမသည် ဗာဂျီးနီးယားရှိ ( Massanutten Military Academy ) တွင်စာတော်သည်ဟု အမြဲချီးကျူးခံရသည်။ ထိုကျောင်းတွင် အထက်တန်းအထိ ပညာသင်ကြားခဲ့သည်။

ထို့နောက် နယူးယောက်ရှိ အယ်ဘနီ တက္ကသိုလ်တွင် (Albany, NY) စီးပွားရေးဘာသာရပ်ကို သင်ယူခွင့်ရရှိလေသည်။

“အဖေနဲ့အမေ….ခဏပဲစောင့် သမီးကျောင်းပြီးတာနဲ့ အလုပ်အမြန်ဝင်ပြီးအဖေတို့ကို ပြန်လုပ်ကျွေးမှာ…..။”

ဒါ…သူမ အမြဲတွေးသော အတွေးဖြစ်ပါသည်။ ပင်ပန်းဆင်းရဲစွာ သူမအတွက် အလုပ်လုပ်နေမည့် မိဘနှစ်ပါးနှင့် မောင်နှမတို့ကို အားနာမိသည်။

*********************

ယခုအခါ သူမ တက္ကသိုလ်မှ ဘွဲ့ရလေပြီ။

“ဆန်နီရေ…. ငါတို့ကို မေ့မသွားနဲ့နော်”

ဆန်နီသည် လူချစ်လူခင်လည်း ပေါများသည်။ သူမဘဝ အလယ်တန်းမှစ၍ ကျောင်းပြီးသည်အထိ ခင်လာခဲ့သော သူငယ်ချင်းများနှင့်ခွဲ၍ ယခုအခါ မိဘရပ်ထံပြန်ရတော့မည်။

သူမအမည်ကို အမေရိကန် သူငယ်ချင်းများက ဆန်နီ ကင်မ် (Sunny Kim) ဟုခေါ်ကြသည်။

********************

ဆန်နီသည် တောင်ကိုရီးယားနိုင်ငံသို့ပြန်လာပြီး လစာကောင်းကောင်းရသော နာမည်ကြီး ကုမ္ပဏီကြီးများ ထံသို့ အလုပ်လျှောက်လွှာများတင်သည်။

အလုပ်မရခင်စပ်ကြား ဘူဆန် ( Busan ) မြို့တွင် အင်္ဂလိပ်စာပြဆရာမခဏဝင်လုပ်သည်။

တောင်ကိုရီးယားသည် သူမ၏ မွေးရပ်ဇာတိဖြစ်သော်လည်း မူလတန်းအထိသာ ကျောင်းတက်ခဲ့သည်။ ထို မူလတန်း သူငယ်ချင်းများနှင့်လည်း အဆက်အသွယ်သိပ်မရတော့ပေ။

ဆန်နီ၏ညီမလေးသည်လည်း ယခုအခါ အမေရိကားတွင် ပညာသင်ကြားရတော့မည့် အလှည့်ဖြစ်သည်။

အထီးကျန်သလိုခံစားရပေမယ့် နှစ်ပေါင်းများစွာကွဲနေသော ချစ်သောအဖေ၊အမေတို့နှင့် ပြန်တွေ့ရပြီဖြစ်သည်။

အမေချက်သော ထမင်း ဟင်း တို့သည် ကမ္ဘာပေါ်တွင် အရသာအရှိဆုံး….။

***************

ဆန်နီသည် စာအသင်အပြကောင်းသော ဆရာမလေးဖြစ်သည်။များမကြာခင် သူမ၏ အလှနှင့် ပညာဂုဏ်တို့ကြောင့် နာမည်ကြီးလာသည်။ သူမကို ချစ်ရေးဆိုသူများ
ဝိုင်းဝိုင်းလည်နေတော့သည်။

ထိုအထဲမှ အေးဆေးပုံရသော ‘ရီ’ (Lee) အား အခြားယောက်ျားများနှင့်မတူသောအချက်များကြောင့် သတိပြုမိလာသည်။

***************

‘ရီ’……..။

သူမထက် တနှစ်ငယ်သည်။

သူမ ဘယ်နေရာ ရောက်ရောက် ထောင့်တထောင့်မှ သူမကိုငေးကြည့်နေတတ်သည်။

သူ၏မျက်လုံးများတွင် သူမအားချစ်ခင်မှုအပြင် အားငယ်မှုကိုလည်းတွေ့ရသည်။

သူမ စာသင်ပေးနေရသည့် သူမ၏ တပည့်လည်းဖြစ်သည်။

သူမအပေါ် အလိုက်သိလွန်းလှသည်။

“ဆရာမ… ကျွန်တော့်အမေကိုယ်တိုင် အိမ်မှာလုပ်ထားတဲ့ ဂျင်ဆင်းပြုတ်ရည်လေးပါ။ ရာသီဥတုအေးတယ်ဆရာမ.. ပူတုန်းသောက်လိုက်ပါလား”

” ကျေးဇူးနော်….”

***************

၂၀၁၄ ခုနှစ်……။

ဆန်နီ၏ စိတ်ထဲတွင် …. ‘အကယ်၍ သူမက ‘ရီ’ ကို ပြန်မချစ်လျှင် သူ့ကိုယ်သူများ သတ်သေမလား’……ဟု စိုးရိမ်လာတတ်သည်။

သူမအတွက် ဘာမဆိုပေးဆပ်ရဲသည်…ဆိုသော ထိုအမျိုးသားကို ယုံကြည်မိသလို ဖြစ်နေသည်။

ဘာကြောင့်များ သူ့ကိုမှ သနားစိတ်များဝင်မိသနည်း…? သူမကိုယ် သူမ မသိ….။ ဒါ အချစ် ပဲဖြစ်မည်။

ဆန်နီသည် စာချည်း ပဲကြိုးစားနေခဲ့၍ ချစ်သူရည်းစား အတွေ့အကြုံမရှိခဲ့ပါ။ ကိုရီးယား၌ သူငယ်ချင်းများလည်းသိပ်မရှိသေး၍ အထီးကျန်နေချိန်လည်းဖြစ်သည်။

နောက်ဆုံးတွင် သူမကိုသိပ်ချစ်ပါသည်ဟု တကောက်ကောက်လိုက်နေသော…

အစစ အရာရာ ဂရုစိုက်လွန်းသော….

‘ရီ’ ဆိုသော ကောင်လေးအား သူလိုချင်သည့် “ချစ်တယ်” ဆိုသော အဖြေကို ပေးမိတော့သည်။

မိန်းမတို့သည် သနားတတ်လေသည်…။

***************

၂၀၁၅ ခုနှစ်……။

ဆန်နီသည်ရီ နှင့်ရရှိခဲ့သော ချစ်သူဘဝ အစတွင် ရင်ခုန်စွာဖြင့် ပျော်ရွှင်ခဲ့ပါသည်။ ယခုအခါ ဆန်နီ နှင့် ရီ ချစ်သက်တမ်း တစ်နှစ်ကျော်လာသည်။

သူမသည် ကိုရီးယားလူမျိုးဖြစ်သော်လည်း အမေရိကန်တွင် ကြာမြင့်စွာ နေထိုင်ခဲ့၍လားမသိ….။ ချုပ်ချယ်ချင်သော ‘ရီ’ ၏အချစ်ကို နားလည်ပေး၍မရပေ…။

ဆန်နီတွင် ကိုယ်ပိုင်လွတ်လပ်ခွင့် တဖြည်းဖြည်းနှင့် မရှိတော့…။

“ချစ်လို့ပါ”ဟူသော စကားတလုံးဖြင့် သူမ ဖုန်း, အီးလ်မေးလ် လျှို့ဝှက်နံပါတ်များအထိ သိအောင်ကြိုးစားခြင်း၊ သူမနှင့် ဖုန်းပြောသော သူငယ်ချင်းများအား သိအောင်ကြိုးစားခြင်းတို့သည်
သူမကို အလွန်စိတ်အနှောင့်အယှက်ဖြစ်စေသောကိစ္စများဖြစ်သည်။

အဆိုးဆုံးမှာ ‘ရီ’ သည် သူမအားရိုက်နှက်ခြင်းဖြစ်သည်။ သူမ လက်သန်းကျိုးသွားသည်အထိရိုက်နှက်ဖူးသည်။ သူသည် သူမကို ရိုက်ပြီးသည့်အခါတိုင်း ရူးမတတ် ၊ သေမတတ်
တောင်းပန်သည်။

******************

သူမ အကြိမ်ကြိမ် ပြတ်စဲရန်ကြိုးစားသော်လည်း ” သူ ပြောင်းလဲနိုင်ကောင်းပါရဲ့…” ဆိုပြီး ထပ်၍ သည်းခံကြည့်သည်။

‘ရီ’သည် သူမအား ခြောက်လိုက် ချော့လိုက်ဖြင့် ချစ်သူ့သက်တမ်း တစ်နှစ်ဆိုသည့် အချိန်ကို ဖြတ်သန်းလာခဲ့သည်။

ဒီပုံအတိုင်းဆို ‘ရီ’ သည် သူမ၏ အနာဂတ် အိမ်ထောင်ဖက်တော့မဖြစ်နိုင်…။

ထို့ကြောင့်သူမ၏ မိဘများကို ချစ်သူရည်းစားရှိသည်ကို မပြောပြဖြစ်ခဲ့….။

***************

၂၀၁၅ ခုနှစ် မတ်လ

သူမဘဝ၏ အပျော်ဆုံးအချိန်ဖြစ်သည်။ သူမတို့ မိသားစုတခုလုံး၏ အိမ်မက်သည် အကောင်အထည်ပေါ်ပြီဖြစ်သည်…။

သူမ “H” ဟူသော အဆင့်မြင့် ကုမ္ပဏီတခုတွင် လစာကောင်းကောင်းဖြင့်အလုပ်ရလေသည်။

သူမရည်ရွှယ်ချက်တို့ အောင်မြင်ခဲ့ပြီ။ သူမ ထိုသတင်းကို မိဘတွေကို ပြောမပြရသေးပေ…။

“ပထမဆုံးဦးဦးဖျားဖျားရတဲ့ လစာနဲ့ လက်ဆောင်တွေဝယ်ပြီး အဖေနဲ့ အမေကို အံ့သြသွားအောင် လုပ်ရမယ်”

***************

ဆန်နီသည် အင်္ဂလိပ်စာကျူရှင်မှ အလုပ်ထွက်ခဲ့သည်။

သူမသည် အလုပ်မဝင်ခင်လေး ဩစတေးလျနိုင်ငံကို အလည်အပတ် ခရီးထွက်ချင်သေးသည်။ အလုပ်ဝင်ပြီးလျှင် ဒီလိုခရီးထွက်ဖို့ လွယ်တော့မည်မဟုတ်….။

“ရီ” ကလိုက်ချင်သည်ဟု ပူဆာသည်။ သည်လိုနှင့် သူမ ‘ရီ’ နှင့်အတူ ခရီးထွက်ဖြစ်သည်။

“အေးလေ… နောက်လဲ သိပ်တွေ့ရတော့မှာမှမဟုတ်တာ…”

သူမရသော အလုပ်သည် ဆိုးလ်မြို့မှာဖြစ်သောကြောင့် ဘူဆန်မြို့ရှိ ‘ရီ’ နှင့် အနေဝေးသွားမည်ဟုလည်း တွေးမိသည်။

ဒီခရီးကပြန်လာရင် သူ့ဆီက ငါ လွတ်မြောက်တော့မှာပါ…။

***************

၂၀၁၅ ခုနှစ် ဧပြီလ

ခရီးမှ ပြန်ရောက်ပြီးနောက် ဆိုးလ်မြို့ပေါ်ရှိ ဆင်းလင်း မြို့နယ်(Sillim-dong) တွင် တစ်ယောက်နေအခန်းလေးတစ်ခန်း ငှားလိုက်သည်။ ဒီနေရာသည် အလုပ်သွားဖို့လည်း အဆင်ပြေသည်။

ဆန်နီနေသော တိုက်ခန်းလေးသည် ပရိဘောဂအစုံအလင်ပါသည်။ နယ်မှ အလုပ်လာလုပ်ကြသူများအတွက် အထူးပြုလုပ်ထားသော တယောက်နေ အခန်းကျဉ်းလေးဖြစ်သည်။

“တီ….တီ….”

အခန်းတံခါး ဘဲလ် မြည်လာ၍ တံခါးဖွင့်ပေးလိုက်သည်။

ဟင်….!!!!! “ရီ”….။

ကျောပိုးအိတ်တလုံးနှင့် ရပ်နေသည်ကိုတွေ့ရသည်။

“မမ နဲ့ အတူနေဖို့ လာတာ…”

မိန်းမတို့သည် အားနာတတ်ပြန်သည်။

******************

အခန်းကျဉ်းလေးမှာ ‘ရီ’ နှင့် အတူတူနေရသည်မှာ သူမအတွက် မလွတ်လပ်ပါ။သူမ အတော် စိတ်ညစ်လာသည်။အတူနေတော့မှ သူမ ‘ရီ’ နှင့် ဘယ်လိုမှ လက်တွဲ၍မဖြစ်နိုင်ကြောင်း
ပို၍သိလာရတော့သည်။

အဆိုးဆုံးကတော့ အလွန်သဝန်တိုသည်။ သူမကိုရိုက်သည်။

အခုမှ အလုပ်စ ဝင်မည့် ကုမ္ပဏီမှ တစ်ခါမှ မမြင်ဖူးသေးသော ယောက်ျားများကို ကြိုတွေးပြီး သဝန်တိုသည်။ ပြဿနာရှာသည်။

အလုပ်ဝင်ဖို့ပြင်ဆင်နေတာမို့ အင်္ကျီဖိနပ်တို့ ဝယ်လာလျှင် ….

“ဘယ်သူ့ကို အလှပြမလို့လဲကွ…”

“စိတ်ပျက်လိုက်တာ။ အမ မင်းကို အတော်စိတ်ကုန်နေပြီ….”

ရီ ဝုန်းကနဲ ထ ရပ်လိုက်သည်။ သူမ ဆံပင်များကို ဆွဲဆောင့်လိုက်သည်။

“ထပ်ပြောစမ်း …စိတ်ကုန်တယ်လို့”

“ရီ” သတိထားမိချိန်မှာတော့ သူမမျက်နှာမှာ အညိုအမည်း စွဲလို့ …သွေးတွေနဲ့….။

“အမ သည်းမခံနိုင်တော့ဘူး ။ အမ အရမ်းစိတ်ညစ်တယ်။ကျေးဇူးပြုပြီးအမ ဘဝထဲကထွက်သွားပေးပါ…။ ”

ဆန်နီသည် ‘ရီ’ ၏ ရိုက်နှက်တတ်သည့် အကျင့်ဆိုးကြောင့် ‘ရီ’အားလမ်းခွဲရန် ဆုံးဖြတ်လိုက်တော့သည်။

*****************

ဒီအကြောင်းတွေကို ကိုရီးယားရှိ လုပ်ဖော်ကိုင်ဖက်များ၊သူငယ်ချင်းတို့အားပြောပြခဲ့သည်။

သူမ အရိုက်ခံရသည့် အခါတိုင်း ဓာတ်ပုံတို့ကို ပေးပို့ပြီး ဖုန်း မက်ဆေ့ခ်ျပို့၍ အကူအညီတောင်းခဲ့သည်။ သူမထံ မည်သူမျှ လာရောက်မကူညီခဲ့ကြပါ။ သူမတယောက်ထဲ
အမြဲကယ်ရာမဲ့နေခဲ့သည်။

သူငယ်ချင်းများသည် ချစ်သူရည်းစား နှစ်ယောက်ကြား ဝင်မပါချင်ကြပါ။

***************************

၂၀၁၅ ခုနှစ် ဧပြီလ ၃၀ ရက်

ဆန်နီသည် အဖေ့ဆီ ပျော်ရွှင်စွာ ဖုန်းဆက်လိုက်သည်။

” အဖေရေ သမီးဆိုးလ်က အိမ်အသစ်မှာ အဆင်ပြေပါတယ်။ သမီး မေလတခုလုံး အလုပ်ရှုပ်နေမှာ….သမီး ဖုန်းမဆက်ဖြစ်ရင်လည်း စိတ်မပူနဲ့နော်အဖေ…။ သမီး အဖေ့ဆီကို
ဇွန်လဆန်းပိုင်းကျရင် လာခဲ့မယ်။ အဖေ့ကိုပေးစရာရှိတယ်။ မျှော်နေနော်…”

အဖေတို့ အံ့ဩအောင်လုပ်လိုက်မယ်။

အတွေးနှင့်ပျော်နေမိသည်။

***************************

၂၀၁၅ ခုနှစ် မေလ ၂ ရက် ၆ နာရီ

မကြာခင်အလုပ်ဝင်ရတော့မည်ဖြစ်၍ ဆန်နီ စိတ်လှုပ်ရှားနေမိသည်။

သူ့ကိုရိုက်နှက်၍ အိမ်ပေါ်မှဆင်းသွားသောသော ရီက မနက်က သူမဆီဖုန်းဆက်လာသည်။

“မမ…ကျွန်တော့်ကို နောက်ဆုံးတွေ့ခွင့်ပေးပါဗျာ…”

“…….”

” ဒီနေ့နောက်ဆုံးပါ မမရယ်….”

“…….”

သူမ တကယ်ပင် မတွေ့ချင်ပါ။ သို့ပေမယ့် “နောက်ဆုံး” ဆိုသည့် ကတိပေးသဖြင့် နောက်ဆုံးအနေနှင့် ဒုက္ခခံရန်ဆုံးဖြတ်လိုက်သည်။

အလုပ်မဝင်ခင် ဒီပြဿနာကို အပြတ်ဖြတ်မှဖြစ်မည်။

“နောက်ဆုံး ဆိုတဲ့ ကတိတည်မယ်ဆိုရင် အမ လာတွေ့ပါမယ်။ နောက်ထပ်တွေ့ဖို့ထပ်မပြောပါနဲ့ ။ အမ တကယ်ဘဲ ရဲစခန်းကို အကြောင်းကြားရလိမ့်မယ်…”

သူတို့နှစ်ယောက် ညနေ ၆ နာရီတွင်တွေ့ကြသည်။

*********************

ထိုနေ့ ည ၈ နာရီ…..။

ဆန်နီ နှင့် ‘ရီ’အရက်သောက်ကြသည်။ ‘ရီ’ကအမျိုးမျိုးတောင်းပန်သည်။

“မမ ….ကျွန်တော် နောက်ဆို မမကို တကယ့်ကိုမရိုက်တော့ပါဘူး။ ကျွန်တော် မမကို ချစ်တယ်။ ကျွန်တော်လေ…မမကို မခွဲနိုင်လို့ပါ..”

ဆန်နီက လေးလေးနက်နက်ပြန်ပြောလိုက်သည်။

“အမ ဘဝရဲ့ အနာဂတ်မှာ မင်းမရှိတော့ဘူး။ မင်းဟာ အမရဲ့ အတိတ်တခုသာဖြစ်တယ်။ အမပြောတာ နားလည်လား”

“အမ ဘဝမှာ ကြိုးစားရမှာတွေ အများကြီးရှိသေးတယ်။ မင်းရှိနေတာအမဘဝရဲ့အနှောင့် အယှက်တခုပါဘဲ။”

” နောက်ဆုံးပြောချင်တာက…. အရင်တုန်းက အမ မင်းကို ချစ်မိခဲ့တဲ့စိတ်က အခုလုံးဝမရှိတော့တာဘဲ။ ဝမ်းနည်းပါတယ်…’ရီ’။”

သူ သိလိုက်ပါပြီ…။ သူ မမကို ဘယ်လိုမှတောင်းပန်လို့မရတော့ဘူးဆိုတာ…။

“ရပါတယ်မမ….ဒီနေ့ ကျွန်တော်တို့တွေ့တာ နောက်ဆုံးနေ့ပါပဲလို့ ကျွန်တော် ကတိပေးတယ်”

နောက်ဆုံးနေ့…၊

သူတို့ ည ၈ နာရီ၌ လမ်းခွဲလိုက်သည်။

********************

ထိုနေ့ ည ၁၁ နာရီ..။

သူမ စိတ်ပန်းလူပန်းနှင့် အိပ်ပျော်သွားသည်။ ရုတ်တရက် သူမခန္ဓာကိုယ်ပေါ်သို့ လေးလံသောအရာကြီးပိလာသည်။

“ဟင်….’ရီ’……”

‘ရီ’ ၏ သန်မာသော လက်အစုံသည် သူမ လည်ပင်းကို တင်းသထက်တင်းအောင်ညှစ်ထားသည်။

အော်၍မရ…..။အသက်ရှု၍မရ…. ။သူမဘဝ ကူ၊ ကယ်ရာမဲ့ဖြစ်နေသည်….။သူမ မျက်နှာတခုလုံး ပူထူ၍ မွန်းကြပ်လာသည်။

သူမ၏ လက်များနှင့် မွေ့ရာအခင်းကို ဖမ်းဆုပ်ရင်း သူမအားတင်းလိုက်သည်။

“အဖေရေ……အဖေရေ”

စိတ်ထဲမှ အကြိမ်ကြိမ် ရေရွတ်နေမိသည်။

သူမ မျက်ရည်များကျလာသည်။

အံကြိတ်၍ တင်းခံရာမှ နောက်ဆုံးတွင် စိတ်လျှော့လိုက်သည်။

ထိုအခါ သူမ တကိုယ်လုံးပျော့ခွေ၍ လောကကြီးကို အပြီးအပိုင် စွန့်ခွာလိုက်ရတော့သည်။

တခါတရံတွင် သင်၏ရန်သူသည် သင်၏အနီးဆုံးရှိ သင်ထင်မထားသူဖြစ်နေတတ်သည်။

********************

ဆန်နီသည် နောက်ဆုံးနေ့ဆိုသောစကားကို ယုံမိ၍ သူမ အိမ်တံခါးမှလျှို့ဝှက်နံပါတ်ကိုမပြောင်းမိခဲ့။

မိန်းမတို့သည် အယုံလွယ်တတ်သည်။

********************

မမသည် စိတ်သဘောထားကောင်းသည်။ ထက်မြက်သည်။ စာတော်သည် ။ လှသည်။ ဒီလို မိန်းမမျိုး သူ့ဘဝတွင် ထပ်တွေ့ဖို့ မလွယ်။

ယခုအခါ မမသည် H ဟူသော ဝင်ငွေကောင်းသည့် ကုမ္ပဏီမှာ အလုပ်ရသည်။ မမနှင့် လက်ထပ်ခွင့်ရလျှင် သူချမ်းသာတော့မည်။

မမကိုလက်လွှတ်၍ မဖြစ်။

ဒါပေမဲ့ မမက သူ့ကိုစိတ်ကုန်နေသည်တဲ့။ မမ သစ္စာဖောက်သည်။ ကျွန်တော် ဘယ်လိုပြောပြောမရ။

မမကို ကျွန်တော်ပိုင်သည်။ မမကို ကျွန်တော်မပိုင်ရလျှင် ဘယ်သူ့မှ မပိုင်စေရ။ ကျွန်တော်မပိုင်ရလျှင် မမကို သတ်ပစ်မည်ဟု ခဏခဏ စဉ်းစားဖူးသည်။

စဉ်းစားခဲ့သည့်အတိုင်းအခု သတ်ပစ်လိုက်ပြီဖြစ်သည်….။ ကျွန်တော် အလုပ်တခုပြီးသွားသလို ခံစားရသည်။

********************

ရီသည် အင်တာနက်တွင် လေ့လာထားသည့်အတိုင်း ဆန်နီ၏ အလောင်းကို မပုပ်သိုးစေရန် ဆေးရည်များနှင့် စိမ်၍ ပလပ်စတစ်ဖြင့် သေချာပတ်ကာခရီးဆောင်အိတ်ထဲထည့်ထားလိုက်သည်။

ဆန်နီ ၏ အီးလ်မေးလ် လျှို့ဝှက်နံပါတ် ( password ) ကိုသိနေသောရီက ဆန်နီ အလုပ်ဝင်မည့် ကုမ္ပဏီသို့ အီးလ်မေးလ်ပို့လိုက်သည်။

လူကြီးမင်းရှင့်

ကျွန်မ အမေရိကားကို ပြန်သွားရမည်ဖြစ်ပါသောကြောင့် လူကြီးမင်းတို့ကုမ္ပဏီတွင် အလုပ်မဆင်းနိုင်တော့ပါ။ ဝမ်းနည်းပါသည်….။

********************

၂၀၁၅ ခုနှစ် မေလ ၈ ရက်နေ့သည် တောင်ကိုရီးယားနိုင်ငံ၏ ‘မိဘများနေ့’ဖြစ်ပါသည်။

သမီးထံမှ မက်ဆေ့ခ်ျ တကြောင်းနှစ်ကြောင်းသာရရှိပြီး ဖုန်းတချက်မှမဆက်၍ ဖခင်ကြီး ဝမ်းနည်းနေသည်။

သမီးမျက်နှာကိုတွေ့ချင်လွန်း၍ အလုပ်အကြောင်းပြကာ ဆိုးလ်မြို့သို့ လိုက်လာခဲ့သည်။

သမီးဆီ ဖုန်းဆက်သော်လည်း ဖုန်းမကိုင်…။

“သမီး အဖေ အလုပ်ကိစ္စနဲ့ ဆိုးလ်မြို့ရောက်နေပြီ…သမီး ခဏလောက်အဖေ့ကို လာတွေ့ပါလား? သမီး ဘာလို့ဖုန်းမကိုင်တာလဲ..?” ဟုစာပို့လိုက်သည်။

မမဖုန်း၏ လျို့ဝှက်နံပါတ်ကို သိနေသော ‘ရီ’က မမအစား စာပြန်လိုက်သည်။

“အဖေ သမီးအလုပ်များနေလို့ လာမတွေ့နိုင်ဘူး အဖေ။ စိတ်မကောင်းပါဘူး “….

သမီးကြီးသည် မိဘများနေ့ရောက်တိုင်း သူတို့ကို လက်ဆောင်ပစ္စည်းများပို့ပေးနေကျဖြစ်သည်။

သမီး ပညာတတ်ကြီးဖြစ်လို့ အဖေ့ကို စိမ်းကားသွားပြီလားကွယ်….။ ဖုန်းလေးပြောဖို့ တမိနစ်တောင် မအားဘူးတဲ့လား?

‘ဟင့်အင်း မဖြစ်နိုင်ဘူး….။’

ဖခင်ကြီးက ခေါင်းရမ်းလိုက်သည်။

ငါ့ သမီးကြီးကို အဖေယုံတယ်။ တကယ်အလုပ်မအားလို့ဖြစ်မှာပါ။

ဖခင်ကြီးသည် ဘူဆန်ရှိ သူ့နေအိမ်သို့ ဝမ်းနည်းစွာပြန်လာခဲ့လေသည်။

******************

၂၀၁၅ ခုနှစ် မေလ ၇ ရက်

ကားထဲမှ ခရီးဆောင်အိတ်ထဲတွင် ခွေခွေလေးလဲနေသော မမအပေါ်သို့အနံ့ မထွက်စေရန် ဆေးရည်တို့ဖြင့်ထပ်၍လောင်းကာ ပလပ်စတစ်ဖြင့်သပ်ရပ်စွာပြန်ပတ်လိုက်သည်။

လွန်ခဲ့သော ၂ ရက်က ငှားထားသော ကားပေါ်သို့ မမအားထည့်ထားသော ခရီးဆောင်အိပ်ကို တင်လိုက်သည်။

ထို့နောက် ‘ရီ’ သည် ဆန်နီ၏မိသားစုရှိရာ “ဘူဆန်” သို့ထွက်လာခဲ့သည်။ ဆန်နီတို့ အိမ်နှင့်မနီးမဝေးတွင်ရှိသော တောင်ကုန်းလေးဆီသို့ ကားကိုမောင်းလာခဲ့သည်။

တုန်လှုပ်နေရမည့်အစား အေးဆေးစွာ ကားမောင်းနေနိုင်သော သူ့စိတ်ကိုသူ အံ့ဩမိသည်။

‘မမနဲ့ ကျွန်တော် အမြဲလမ်းလျှောက်နေကျ တောင်ကုန်းဘေးကလမ်းကလေး ….။’

မမက ကျွန်တော်ကို စိတ်ပျက်သည့်စကားပြောတိုင်း ဒီလို တိတ်ဆိတ်၍လူပြတ်လှသည့် တောင်ကြားလမ်းလေးဘေးရှိ အပင်တွေကြားမှာ မမကို မြှုပ်ပစ်မည်ဟု မကြာခဏ တွေးဖူးသည်။

********************

လူသတ်သမား ‘ရီ’ သည် ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်ဝင်လုပ်ဖူးသည်။

သူ့အဖို့ ဒီအလုပ်တွေကျွမ်းကျင်ပြီးသား….။

မြေကြီးကို တစ်မီတာ နက်သည်အထိတူးသည်။ မြေကြီးထဲသို့ အသင့်ယူလာသော သံချည်၊သံကွေး တို့နှင့်တကွ ရေ၊ ဘိလပ်မြေစပ်၍ သေသေသပ်သပ် ကြမ်းခင်းလိုက်သည်။

ဒီဘိလပ်မြေ အနည်းငယ်ခြောက်မှသာ အလောင်းကို ထည့်၍ရမည်။ တွင်းဝကို ပိပိရိရိ ပြန်ဖို့လိုက်သည်။ ဘိလပ်မြေခြောက်မှ ပြန်လာရမည်။

*********************

နောက်တနေ့

မမ ခွေခွေလေးလဲနေသော ခရီးဆောင်အိတ်ကြီးကို မြေတွင်းကြီးထဲသို့ထည့်လိုက်သည်။မြေကြီးအတွင်းနံရံများပြိုမကျအောင် သံချောင်းအရှည်တန်းများကို သေချာစီလိုက်သေးသည်။ အပေါ်မှ
ထပ်၍ ဘိလပ်မြေဖြင့်မံလိုက်သည်။

ဘိလပ်မြေ အပေါ်မှ မြေကြီးများ ထပ်ဖို့လိုက်သည်။ လူတွေမရိပ်မိအောင်မြေကြီးပေါ်တွင် သစ်ရွက်တို့ဖြင့်ဖုံး၍ ပြန်လာခဲ့သည်။

*****************

၂၀၁၅ ခုနှစ် မေလ ၁၁ ရက်…။

ကိစ္စအားလုံးပြီးပြီမို့ ငှားထားသောကားကိုပြန်၍ အပ်လိုက်သည်။

******************

၂၀၁၅ ခုနှစ် မေလ ၁၂ ရက်…။

မမသည် အခုတော့ H ဟူသောကုမ္ပဏီကြီးမှာလဲ အလုပ်ဝင်ခွင့်မရတော့….။

မိဘ မောင်နှမများနှင့်လည်းပြန်မတွေ့ရတော့ပါ….။

အေးစက်တောင့်တင်းလှသော ဘိလပ်မြေ သံမံတလင်းအောက်တွင် ငြိမ်သက်စွာလဲလျှောင်းနေလေပြီ….။

ကျွန်တော်မပိုင်ရသောမမကို အခုအခါ မည်သူမှမပိုင်တော့ပေ။

******************

၂၀၁၅ ခုနှစ် မေလ ၁၅ ရက်…။

‘ရီ’ သည် မမ ဖုန်းဖြင့် မမ အသက်ရှိနေသယောင်ဖြင့် မမ၏ မိဘများ၊ အမေရိကန်၌ရှိနေသော ညီမ၊ သူငယ်ချင်းများ အား ဖုန်းမက်ဆေ့ခ်ျများ စပြီးပို့တော့သည်။

သူထွက်ပြေးနိုင်အောင် အချိန်ယူနေခြင်းဖြစ်သည်။ တကယ်တမ်းပြေးရမည်ဆိုတော့ ဘယ်ပြေးလို့ ပြေးရမှန်းမသိ…။ နိုင်ငံခြားထွက်လျှင်ရော…? ပိုက်ဆံမရှိ….။ သူသည် ချမ်းသာသော
အသိုင်းအဝိုင်းမှမဟုတ်ပါ။

ရင်တွေပူလာသည်။ မမကိုလွမ်း၍ မဟုတ်ပါ။ တနေ့ထက်တနေ့ ခပ်စိပ်စိပ်ပို့လာသည့် မမ အဖေ၏ ဖုန်းမက်ဆေ့ခ်ျများကြောင့်ဖြစ်သည်။

အဖမ်းခံရလျှင်…..? ဆိုသည့် အတွေးက သူ့ကိုသွေးပျက်စေသည်။

“သမီး ဘာလို့ဖုန်းမကိုင်နိုင်တာလဲ…? အဖေ့မှာ သမီးနဲ့ ဖုန်းပြောမှ ရမယ့်ကိစ္စရှိနေပြီ”

“သမီး အဖေ စိုးရိမ်နေပြီ။ သမီးဖုန်းမကိုင်ရင် အဖေ ရဲစခန်းကို အကြောင်းကြားရပါတော့မယ်….”

သူ့အလှည့်ရောက်ပြီဆိုတော့’ ရီ’သည် တုန်လှုပ်ခြောက်ခြားလာသည်။

‘ငါ ဘာလုပ်ရမလဲ….?’

******************

၂၀၁၅ ခုနှစ် မေလ ၁၇ ရက်နေ့

‘ရီ’ သည် အင်တာနက်တွင် ဥပဒေအကြောင်းကို သေသေချာချာ လေ့လာတော့သည်။

မမ အဖေသည် မကြာခင် မမကိုလိုက်ရှာတော့မည်။ မမနှင့်တိုက်ရိုက် ပတ်သက်နေသူသည် သူတဦးသာရှိသည်။

အလောင်းကို သေသေချာချာဖျောက်ဖျက်ခဲ့သည်။ ရှာတွေ့ဖို့တော့မလွယ်……။

သို့သော်…အကယ်၍ ရှာတွေ့ခဲ့လျှင်….?

လူသတ်မှု၊ လူသေအလောင်းဖျောက်ဖျက်မှု၊ ကြိုတင်ကြံစည်မှု….။ ဒါဟာတသက်တကျွန်း ပြစ်မှုဖြစ်သည်။

သူ သေသည်အထိ ထောင်ထဲတွင်နေရတော့မည်။ ဒါထက်စာလျှင် ကိုယ့်ကိုယ်ကို သတ်သေတာမှတော်သေးသည်။ အို…..ဒါလည်းမဖြစ်နိုင်….။ သေရမှာတော့ ကြောက်သည်။

ဟုတ်ပြီ…။

အကယ်၍ သူက မမကိုချစ်လွန်း၍ မှားမိသည်။ ကြိုတင်ကြံစည်မှုမဟုတ်ပါ။ ရဲတွေ အမှုမဖော်ထုတ်ခင် သူ့အပြစ်ကိုအရင်ဝင်ခံမည် ဆိုလျှင်တော့ဥပဒေရ အပြစ်လျှော့သည်တဲ့…။

ကိုယ့်အပြစ် ကိုယ်သိသည့် ပုံစံ ပေါက်အောင် ဝမ်းနည်းသယောင် ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ချင်ယောင်ဆောင်မှပါ….။

********************

လူသတ်သမား လူလိမ်သည် သူနှင့်မမ စတွေ့ပြီးချစ်ကြသည့် အင်္ဂလိပ်ကျူရှင်ကျောင်းကို မြင်နေရသည် A” ဆိုသော ဟိုတယ်ကို သွားလိုက်သည်။

သူ မမကို ကြွေနေသည်ပေါ့….။

“မမ ကျွန်တော့်ကိုခွင့်လွှတ်ပါ…ဘာညာ…နှင့် သေတမ်းစာ A-4 စာရွက် ၅ ရွက်ခန့်ရေးသည်။

သူ မမကို မူးမူးနှင့်သတ်မိသည်ကို နောင်တရသည်ပေါ့….။

သူ့ လက်ဆွဲ ကွန်ပြူတာတွင် သူ မမကို ဘယ်လို သတ်ခဲ့သည်ကို ရက်စွဲနေရာနှင့် အတိအကျရေးလိုက်သည်။

သူ မမကိုသတ်ခဲ့သည့်အမှားကို ဝန်ခံသည်ပေါ့…။

သူလက်ကောက်ဝတ်ကို ဓားဖြင့်လှီးလိုက်သည်။

မမကို သိပ်ချစ်သည်။ သိပ်လွမ်းသည်။ မမရှိရာ တမလွန်ဘဝကို လိုက်ခဲ့တော့မည်ပေါ့….။

၁၁၉ အရေးပေါ်ဌာနကို ဖုန်းခေါ်လိုက်သည်။

“ကျွန်တော် ကိုယ့်ကိုကိုယ် သတ်သေဖို့ကြိုးစားနေပါတယ်…ကျွန်တော်သေပါတော့မယ်…။ ကျွန်တော်မသေခင် ပြောချင်တာလေးရှိလို့ပါ..”

ရဲများရောက်လာသည်။ သူ့လက်ဆွဲကွန်ပြူတာ အပ်လိုက်သည်။

ရဲများကသူ့ကို ဆေးရုံပို့လိုက်သည်။

********************

၂၀၁၅ မေလ ၁၈ရက်နေ့…..။

မှုခင်းထောက်လှမ်းရေးအဖွဲ့များသည် ‘ရီ’ ပြောသည့်နေရာသို့ သွားကြည့်ရာ တစ်မီတာ နက်သောတွင်းထဲ၌ ခရီးဆောင်အိတ်တလုံးကိုတွေ့ရသည်။

ခရီးဆောင်အိတ်ထဲတွင် ရုပ်ရည် ချောမောလှပသည့် အသက် ၂၆ နှစ်-ကင်မ်ဆောင်ဂျောင်းဆိုသော မိန်းမပျိုတဦးသေဆုံးနေပါသည်။

ရဲတပ်ဖွဲ့က မိဘများကို အကြောင်းကြားခဲ့သည်။

******************

၂၀၁၅ ခုနှစ် မေလ ၁၈ ရက်နေ့……။

ဖခင်ကြီးသည် သမီးအကြောင်း နေ့တိုင်းတွေးနေမိသည်။ မသင်္ကာပါ။ တခုခုတော့မှားနေပြီဖြစ်သည်…။

မေလ ၇ ရက်နေ့ကလည်း စာတိုက်မှ စာတစောင်ရောက်လာသည်။

H” ကုမ္ပဏီမှ ဖြစ်သည်။

သမီးသည် ကုမ္ပဏီနှင့် အလုပ်လုပ်မည်ဟု စာချုပ်ချုပ်ဆို၍ အလုပ်မဝင်စာချုပ်ဖောက်ဖျက်မှုဖြင့် လျှော်ကြေးပေးရမည်ဟူသော စာဖြစ်သည်။

ဘာတွေပါလိမ့်….?

ထိုကိစ္စအတွက် သမီးဆီဖုန်း မကြာခဏဆက်သော်လည်း ဖုန်းမကိုင်ပေ…။

ဖခင်ကြီး သိလိုက်ပြီ…။

သမီး အန္တရာယ်တခုခု ဖြစ်နေပြီဆိုတာ…။

အဖေ့ ရင်တွေပူလှပါပြီ၊

ဒီတည ထပ်စောင့်၍ ဖုန်းမကိုင်လျှင် ရဲစခန်းသွားတိုင်ရန် ဆုံးဖြတ်လိုက်သည်။

ထိုနေ့မှာပင် သူမ၏အဖေကြီးထံ ရဲစခန်းမှ ဖုန်းလာသည်။

” ကင်မ်ဆောင်ဂျောင်းရဲ့ ဖခင် ‘—‘ ပါလားခင်ဗျာ…။ ဘူဆန် ရဲဌာနချုပ်ကပါ.. ”

“ဟုတ်ပါတယ်”

“…………”

တဖက်မှ အသံ ခဏတာ တိတ်ဆိတ်သွားသည်။

“ပြောပါခင်ဗျာ…”

“……………”

“ဟဲလို ပြောပါခင်ဗျာ”

“ဝမ်းနည်းပါတယ်ခင်ဗျာ…။ကင်မ်ဆောင်ဂျောင်း အသက် ၂၆ နှစ် အသတ်ခံရတဲ့အကြောင်းကို အကြောင်းကြားတာပါ ခင်ဗျာ..”

ကမ္ဘာကြီးချာချာလည်သွားတော့သည်။

“လုပ်ကြပါဦးဗျာ…။”

ဖခင်ကြီး အသံသည် လည်ချောင်းဝတွင် ဆို့နင့် တိမ်ဝင် သွားသည်၊

******************

ဖခင်တဦး ရူးမတတ်ငိုနေသည်။

ဆန်နီသည် အဖေကို အလွန်ချစ်သော အားကိုးသော သမီးဖြစ်သည်။

“သမီးဟာ ဘယ်ကိစ္စမဆို ကျွန်တော့်ကို တိုင်ပင်နေကျပါဗျာ…။ ကျွန်တော့်ကို ဒီတခါတော့ ဘာမှမပြောဘူးဗျ…။ သူရည်းစားရှိတာတောင် ကျွန်တော် မသိခဲ့ပါဘူး..”

မိခင်ကြီးကလည်း အရူးတယောက်လို အော်ဟစ်နေသည်။

“သမီးရယ် အလယ်တန်းထဲက ခွဲနေရလို့ အခုမှဘဲ တဝကြီး တွေ့ပစ်မယ်စိတ်ကူးယဉ်ခဲ့သမျှ…….၊”

မိဘများသည် သူတို့အသက်ရှုနေရပေမယ့် သေလူများဖြစ်နေပါပြီ…။

စီးပွားရေးလုပ်ငန်းများလည်းဆက်မလုပ်နိုင်တော့။ ဘဝပျက်ကြလေပြီ။ မျှော်လင့်ချက်တို့ ကုန်ဆုံးခဲ့လေပြီ။

******************

‘ရီ’ စိတ်ကူးယဉ်ထားသည့်အတိုင်းဖြစ်လာသည်။

တရားသူကြီးက အမိန့်ချမှတ်သည်။

“လူသတ်သမားသည် ကြိုတင်ကြံစည်မှုမရှိပါ။ အခင်းဖြစ်ပွားသည့်နေ့၌အရက်မူးနေ၍ သူ့စိတ်သည် ပုံမှန်မဟုတ်ခဲ့ပါ။ ”

“ချစ်သူနှစ်ယောက် ရည်းစားတို့သဘာဝ အရက်မူးရန်ဖြစ်ကြရာမှ ဒေါသကိုမထိန်းနိုင်၍ လက်လွန်သွားသောအမှုဖြစ်သည်။”

“သူသည် ယခုအခါ အမှားကို အမှားမှန်းသိ၍ နောင်တရသူဖြစ်သည်။ အပြစ်ဝန်ခံသူဖြစ်သည်။”

“နောင်တရနေသူတယောက်အား ကြီးလေးသော အပြစ်ဒါဏ်ပေးလျှင်ထိုသူသည် ရှေးကပြုခဲ့ဖူးသော ပြစ်မှုထက် ပို၍ ကြီးမားသော ပြစ်မှုကိုကျူးလွန်သော
ရာဇဝတ်ကောင်ဖြစ်လာနိုင်သည်”ဟူသောဥပဒေ အရ လျှော့ပေါ့မှုတို့ဖြင့် ‘ရီ**’ အား ထောင်ဒဏ် ၁၈ နှစ်ကျခံစေရမည်…….။”ဟုတရားစီရင်ချက်ချလိုက်လေသည်။

**********************

၁၈ နှစ်…..?

လူတယောက်သည် အခြားလူတယောက်ကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး ကျန်ရစ်သူမိသားစုကို ဘဝပျက်စေခဲ့တဲ့ အပြစ်ဟာ ၁၈ နှစ်ဆိုကြေပြီတဲ့လား….?

ထိုသို့ဆိုလျှင် ‘ရီ’ သည် အသက် ၄၃ နှစ်အရွယ်တွင်ထောင်ကလွတ်လာပေမည်။

သူ့ ဘဝမှာ မျှော်လင့်ချက်ရှိသေးသည်။ တက်လမ်းရှိသေးသည်။

မိဘကိုပြန်လည်လုပ်ကျွေးမည်ဟု အရိုးကြေကြေ အရည်ခမ်းခမ်းကြိုးစားခဲ့သော ဆန်နီ…

သမီးလေးကို ဒီအခြေအနေထိရောက်အောင် ဘဝကို နွားလို ရုန်းကန်ခဲ့သောကျန်ရစ်သူမိသားစု…..။

လူသတ်သမား ကလိန်ကကျစ် အတွက် သူတို့၏ ဘဝများနှင့်ရင်း၍ ပေးဆပ်လိုက်ရသည်မှာ တရားမျှတပါသလား…?

ဥပဒေဟူသည် တခါတရံ သည်လို ရက်စက်တတ်သည်။

**********************

ပတ်ဝန်းကျင်က အနေအေးသည်ဟု ထင်မြင်ချက်ပေးသော’ရီ’ သည် ကြောက်မက်ဖွယ်ကောင်းလှသည်။

သူသည်အပြစ်ကို ကျူးလွန်ခဲ့ပြီး သူ့အပြစ် အမှန်အတိုင်း မခံယူလိုသဖြင့်လိမ်ညာလှည့်ဖျားခဲ့သော လူယုတ်မာ လူသတ်သမားလည်း ဖြစ်လေသည်။

ပိုဆိုးသည်မှာ ‘ရီ’သည် ထောင် ၁၈ နှစ်ကျခံရသည်ကို အလွန်များသည်ဟု အယူခံဝင်ခြင်းဖြစ်သည်။

တရားသူကြီးက ထိုအယူခံကိုပယ်ချခဲ့သည်။

********************

ရီ၏ လှည့်ကွက်သည် သိသာလွန်း၍ တောင်ကိုရီးယားနိုင်ငံတခုလုံး ထိုအဖြစ်ပျက်နှင့်ပတ်သက်၍ စိတ်မကောင်းဖြစ်ကြသည်

တောင်ကိုရီးယား ပြည်သူပြည်သားများက ‘ရီ’ကဲ့သို့ လူသတ်သမားများ ထပ်၍ပေါ်ပေါက်လာမည်ကိုစိုးရိမ်ကြသည်။

၁၈ နှစ်ဆိုသည်မှာ လူသတ်သမားတို့ အတွက် နောက်ထပ်လူများသတ်ရန် အခွင့် အရေးပေးသလိုလည်းဖြစ်နေသည်။ ဥပဒေကို ပိုတင်းကြပ်ရန်ဆန္ဒပြကြသည်။

ကင်မ်ဆောင်ဂျောင်း၏ မိခင် ဖခင်တို့ကလည်း ကိုရီးယား TV အစီအစဉ်တို့မှ ရင်ဖွင့်ခဲ့ကြလေသည်။

သို့သော် ‘ရီ’ ၏ လှည့်ကွက်များသည် ၂၀၁၅ ခုနှစ် လက်ရှိ ဥပဒေလမ်းကြောင်းအတိုင်း အကျုံးဝင်နေသဖြင့် ‘ရီ’ အား ကြီးလေးသောအပြစ်ပေးရန် မတတ်နိုင်ခဲ့ပေ။

ဆန်နီ၏ ဖခင်ကြီးက သည်လိုပြောခဲ့သည်။

” ကျွန်တော်ဟာ လူသတ်မှု မုဒိမ်းမှု သတင်းတွေ အနိဌာရုံတွေမို့ ဘယ်သောအခါမှ စိတ်မဝင်စားခဲ့….မကြည့်ခဲ့ပါဘူး။ ကိုယ့်ကိစ္စ မဟုတ်ဘူးလို့လဲထင်တယ်။ သမီးတို့ကို
သတိပေးဆုံးမခဲ့တာလဲမရှိခဲ့ပါဘူး။အခုတော့ ကျွန်တော့်သမီး အသတ်ခံရပါပြီ…။

ကျွန်တော့်သမီးရဲ့ အနိဌာရုံသတင်းကို ကြည့်ပြီးကိုရီးယားပြည်သူပြည်သားများလည်း ကျွန်တော့် သမီးလို မဖြစ်ရလေအောင် အမြဲသတိရှိကြပါ….။

နောက်တခုက…..

ကျွန်တော့်သမီးဟာ သူငယ်ချင်းတွေဆီ အကူအညီ အကြံဉာဏ်တောင်းခဲ့ပေမယ့် အကူအညီမရခဲ့ပါဘူး။

ဒါကြောင့် နောက်နောင် သူငယ်ချင်း အချင်းချင်း အကူအညီပေးကြပါလို့နောက်ဆုံးပြောချင်ပါတယ်”

********************

စိတ်ပညာရှင်များက သည်လို ပြောကြသည်။

“လူသားတို့၏ ပင်ကိုယ်ဇာတိသဘာဝ အရ ယောက်ျားနှင့် မိန်းမ တို့တွင်ယောက်ျားတို့သည် သူတို့လိုချင်သော သက်ရှိ/သက်မဲ့အရာများကို မိန်းမတို့ထက်ပို၍ ပိုင်ဆိုင်လိုစိတ်
ပြင်းထန်ကြသည်ဟုဆိုသည်။

မိန်းမနှင့် ယောက်ျားတို့ ချစ်သူဖြစ်ကြလျှင် ထိုယောက်ျားသည် ထိုမိန်းမအား ပိုင်ဆိုင်သည်ဟု စိတ်ထဲတွင်စွဲမှတ်ထားလိုက်တော့သည်။”

၎င်း အချက်သည် ပြဿနာ၏ အစဖြစ်လေသည်။

********************

မြတ်စွာဘုရားကိုယ်တော်တိုင်က “သင့်ကိုယ်သင် မပိုင်ဆိုင်ပါ” ဟုမိန့်ကြားတော်မူခဲ့သည်။ သင့်စိတ်၊ သင့်ခန္ဓာကိုယ်ကို သင်တောင်မပိုင်လျှင်သူတပါး စိတ်၊သူတပါးခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့
မည်သို့ဖြစ်နိုင်မည်နည်း..?

ကျွန်မတို့ လူသားများသည် မည်သူက မည်သူ့ကိုမှ မပိုင်ဆိုင်ပါ။ ချစ်သူ ရည်းစား အိမ်ထောင်ဖက်မဆိုထားနှင့် ကျွန်မတို့၏ သားသမီးများကိုပင် ကျွန်မတို့မပိုင်ပါ။

မည်သည့် အခါမျှ ရောင့်ရဲ တင်းတိမ်ခြင်းမရှိသည့် “လောဘ” စိတ်ကြောင့်ပိုင်ဆိုင်ချင်စိတ်ကြီးမားလာသောအခါ ….

အဖျက်ဆီးတတ်ဆုံးသောတရားဖြစ်သည့် “ဒေါသ”အား မထိန်းချုပ်နိုင်သောအခါ….

အမှောင်တိုက်၌ ကျင်လည်စေသည့် “မောဟ” တို့ဖြင့် ဘာကိုမှ မမြင်နိုင်တော့သည့် အခါ….

‘ရီ’ သည် ဆန်နီ ဆိုသော မိန်းကလေးအား ရက်စက်စွာ သတ်ပစ်လိုက်သည်။

**********************

ရိုက်နှက်သူများ…..။

စိတ်ပညာရှင်တို့က သည်လို ပြောကြသည်။

ရိုက်နှက်ခြင်းသည်လည်း လူသားမဆန်သော အလုပ်ဖြစ်သည်…တဲ့။

အားကြီးသောသူက အားနွဲ့သောသူအားအနိုင်ကျင့်ခြင်းသည် သတ္တဝါတို့၏ ပင်ကိုယ်စိတ်ရင်း ဖြစ်သည်။ ကျွန်မတို့ လူသားများသည် ဉာဏ်ပညာ အသိတရားရှိသဖြင့်
ထိန်းသိမ်းရမည်ဖြစ်ပါသည်။

‘ရိုက်နှက်ခြင်း’တွင် တဖက်သားကို အနိုင်ရလိုမှု၊ တဖက်သားက မိမိကိုကြောက်စေလိုမှုနှင့် အမုန်းတရားတို့ပါဝင်နေသည်။

ချစ်သူရည်းစားများ၊ အိမ်ထောင်သည်များ၊ ဆရာနှင့်တပည့်၊ မိဘနှင့်သားသမီး၊အလုပ်ရှင်နှင့်အလုပ်သမား (အိမ်အကူ မှစ၍) ၊ အုပ်ချုပ်သူလူတန်းစားနှင့် အုပ်ချုပ်ခံလူတန်းစား …။

မည်သူကမှ မည်သူ့ကို ရိုက်နှက်ခွင့်မရှိပါ။

သင် ငယ်စဉ်က အရိုက်ခံဖူးပါသလား?

သင့်အား သင့်မိဘကရိုက်သည်။

သင် မိဘဖြစ်သော အလှည့်တွင် သင့်သားသမီးတို့ကို ရိုက်ရန် အသင့်ဖြစ်နေတတ်လေသည်။

သင့်အား သင့်ဆရာက ရိုက်သည်။

သင် ဆရာဖြစ်သောအလှည့်တွင် သင့်တပည့်များအားရိုက်ရန် အဆင်သင့်ဖြစ်နေတတ်လေသည်။

သင့်အဖေက သင့်အမေကို ရိုက်သည်။

သင်သည် သင့်မိန်းမအားရိုက်ရန် အဆင်သင့်ဖြစ်နေတတ်သည်။

သင်သည် ပထမတွင် တဖက်သားအား တချက်ရိုက်မိသည်ဆိုပါစို့…။

လူသားတို့၏ ပင်ကိုဗီဇသဘာဝ အရ “တဖက်လူအား နိုင်ထက်စီးနင်းဖြင့် အနိုင်ရမှု” ကို အလိုအလျောက်ပင် မသိစိတ်ထဲမှ ကျေနပ်လာကြလေသည်။

ထိုအခါ နောက်တကြိမ်ရိုက်ရန် ဝန်မလေးတော့ပေ။ သို့သော် နောက်တကြိမ်ရိုက်သောအခါတွင် တဖက်သားအား ပထမအကြိမ်ထက် ပို၍ နာအောင် ရိုက်မိသည်ဟု
စိတ်ပညာရှင်တို့ကလေ့လာမိသည်။

ထိုကိစ္စသည် အသေးအဖွဲမဟုတ် ….။

သင်ရိုက်သမျှခံနေသာ တဖက်သားက သင့်အား နည်းတမျိုးမျိုးဖြင့် လက်တုန့်ပြန်လာလျှင် သင်သည် မထိန်းနိုင် မသိမ်းနိုင်စွာ ဒေါသ ဖြစ်ရတော့သည်။ သင့်မာနကို
ထိခိုက်သောကြောင့်ဖြစ်သည်။

ထိုအခါ သင်သည် ရာဇဝတ်မှုများ လူသတ်မှုများကို ကျူးလွန် လာနိုင်သည်။

ထို့ကြောင့် ‘ရီ’ သည် အိပ်ပျော်နေသော အားနွဲ့သည့် ဆန်နီ ဆိုသော မိန်းကလေးအားသတ်ပစ်လိုက်ခြင်းဖြစ်သည်။

*************

အရိုက်ခံရသူများ

ရိုက်နှက်သူတို့က အရိုက်ခံရသူအား “အပြစ်ရှိ၍ ရိုက်သည်” ဟု ပြောသည်။

ထို့ကြောင့် အရိုက်ခံရသူအား ” ငါ အပြစ်ရှိရင် အရိုက်ခံရမှာပါလား..?” ဆိုသည့်အတွေးကိုတွေးစေသည်။ ထိုအချက်သည် အရိုက်နှက်ခံရသူတို့၏ မိမိကိုယ်ကို မိမိ
တန်ဖိုးထားမှုကိုလျော့နည်းစေသည်။

မိမိကိုယ်ကိုမိမိ ယုံကြည် တန်ဖိုးထားခြင်း (self-esteem) သည် ဘဝတွင်အလွန်အရေးကြီးပါသည်။

မိမိကိုယ်ကို တန်ဖိုးမထားသူတို့သည် လူတောမတိုးတော့ပါ။ မိမိကို နာကျင်စေသည့်တိုင်သူတပါးအား အောက်ကျနောက်ကျခံတတ်သည်။

အရိုက်နှက်ခံရသူတို့သည် ထောင်ကျရန်လည်း ဝန်မလေးပါ။ (မိန်းကလေးဖြစ်လျှင်) မိမိခန္ဓာကိုယ်ကို မိမိတန်ဖိုးမထားတော့ပါ။ မိမိကိုယ်ကို မိမိသတ်သေရန်လည်း ဝန်မလေးပါ။
အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဆုံးဖြတ်ချက်မချနိုင်ပါ။ အဆိုးမြင်ဝါဒကိုလက်ကိုင်ထားတတ်ပါသည်။

သင်သည် လူတစ်ဦးကို ရိုက်နှက်ပြီး ဆုံးမသည် ဆိုပါစို့။ အရိုက်နှက်ခံရသူသည် သူ၏အပြစ်နှင့် အမှားကို ဆင်ခြင်သုံးသပ်ပြင်ဆင်ဖို့ ဘယ်တော့မှ မစဉ်းစားတော့ပါ။ သူ့အတွက် ဘာလုပ်လု

Photos from စာအုပ်စာပေလူ့မိတ်ဆွေ's post 05/07/2017

မျက်မှောက်ခေတ်တွင်
အောင်လအန်ဆန်း မြန်မာ့ဂုဏ်ဆောင်ခဲ့သလို
ကိုလိုနီခေတ်ကလည်း
မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့ကျော်တစ်ဦး
ပေါ်ထွန်းခဲ့ဖူးပါသည်။
သူကား မြန်မာ့လက်ဝှေ့ကျော် မောင်သောင်း ဖြစ်၏။
----------------------------------------------

မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့ကျော်မောင်သောင်း
=======================

၁၉၄၇ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ည အင်္ဂလန်နိုင်ငံ၊
လန်ဒန်မြို့ တိုရန်တို အားကစားကွင်းကြီးရဲ့
ပေ (၂၀) ကြိုးဝိုင်းအတွင်း ဖြစ်၏။

မြန်မာလူမျိုးကိုယ်စားပြုလက်ဝှေ့ကျော် မောင်သောင်းနှင့်
အင်္ဂလိပ်လူမျိုးကိုယ်စားပြု က အင်္ဂလန်ပြည်
လိုက်ဝိတ်တန်း ချန်ပီယံ ဒေါက်ဂလပ်စမင် ဖြစ်ပါ၏။

အရင်ဆုံး မြန်မာလက်ဝှေ့ကျော်
မောင်သောင်းအကြောင်းကို အနည်းငယ်
မိတ်ဆက် ရမည်ဆိုလျှင် ..

- မောင်သောင်းကို ဖခင် ဦးဖိုးခင် (ရဲဝန်ထောက်) နှင့်
အမိ ဒေါ်စိန်တို့က ၁၉၁၇ ခုနှစ် ၁၆ ရက်
ကြာသပတေးနေ့မှာ မွေးဖွားခဲ့သူဖြစ်ပြီး
နေထိုင်ခဲ့တာက အမှတ် (၈)၊ ကနေဒီလမ်း၊
ရန်ကုန်မြို့မှ ဖြစ်ပါသည်။

- အသက်၁၀နှစ်မှစ၍ လက်ဝှေ့ထိုး စလေ့ကျင့်ခဲ့ပြီး
၉တန်းနှစ်၌ မြန်မာကျောင်းသားတစ်ယောက်အား
အင်္ဂလိပ် ကပြား၃ယောက်က ဝိုင်းထိုးနေသည်ကို
ဝင်ရောက်ကူညီပြီး ထိုကပြား ၃ ယောက်ကို မထနိုင်အောင်
ထိုးခဲ့သဖြင့် ကပြားကျောင်းအုပ်ဆရာကြီးမှ
ကျောင်းထုတ်ခဲ့လေ၏။

- ထိုအချိန်က မြန်မာနိုင်ငံတွင် မြန်မာလူမျိုးများ
စစ်မှုထမ်းခွင့်၊ လက်ဝှေ့ထိုးသတ်ခွင့်မရှိပေ။
ထို့ကြောင့် အိန္ဒိယသို့သွားရောက်ခဲ့ပြီး
ငွေကြေးမတတ်နိုင်သဖြင့်
၁၉၄၁ခုနှစ်တွင် S.S. BUIMR အမည်ရှိသင်္ဘော၌
ငွေကြေးမရှိသဖြင့် မီးထိုးသမားအဖြစ် ဆောင်ရွက်၍
ဘုံဘေသို့သွားရောက်ခဲ့ပြီး
ဘုံဘေရှိ ကြေးစားလက်ဝှေ့အဖွဲ့ပိုင် ကလပ်များ၌
လက်ဝှေ့ပညာကို ဆက်လက်သင်ယူခဲ့လေသည်။

- ထိုနှစ်၌ပင် မောင်သောင်းတစ်ယောက်
ဖယ်သာဝိတ်တန်းမှ အိန္ဒိယလက်ဝှေ့ကျော်
အာ(ရ်)ကေဒေး (R.K.DEY) နှင့် ပထမဆုံး ထိုးသတ်ခဲ့ရပြီး
မထိုးခင် အင်တာဗျူး၌ပင်ပထမဆုံးပွဲအဖြစ် ထိုးသတ်မည့်
မောင်သောင်းက
လက်ဝှေ့ပွဲပေါင်း (၃၀) ကျော်ထိုးထားပြီး
(၂၅) ပွဲကိုအလဲထိုးထားသည့် အာ(ရ်)ကေဒေးကို
ပထမအချီ၌ပင် အလဲထိုးမည်ဟု ပြောဆိုခဲ့သည်။

- ၎င်းပြောဆိုသည့်အတိုင်းပင်
ပွဲစပြီး ၁မိနစ်ကျော်အကြာ၌ အာ(ရ်)ကေဒေးအား
ညာဖြတ် (Right Cross) လက်သီးဖြင့်
အမှောက်ထိုးပြီး အနိုင်ယူခဲ့သည်။
(စကားချပ် - ယင်းပွဲမှာ ၃ မိနစ်ထိုး၊ ၂ မိနစ်နားဖြင့်
(၆)ချီပွဲဖြစ်သည်။)

- ထိုနှစ်၌ပင် ၀ါရင့်ကြေးစား လက်ဝှေ့ကျော်များဖြစ်သော
ဘိရွိုင်းကို ဒိုင်ပွဲရပ်ဖြင့်လည်းကောင်း၊
အေမာနွတ်(စ်) နှင့် အီပီပေါ(လ်)ကို
အလဲထိုးဖြင့်လည်းကောင်း
မောင်သောင်းမှ ဆက်လက် အနိုင်ယူခဲ့သည်။

၁၁. ၉. ၄၁ တွင် ၀ါရင့် ကမ္ဘာ့လက်ဝှေ့ကျော် SAIBANSING နှင့်
ကာလ်ကတ္တားမြို့၌ (၁၀)ချီပွဲ ထိုးရာ မောင်သောင်းက
ဒုတိယအချီတွင် အလဲထိုးခြင်းဖြင့် အနိုင်ယူခဲ့သည်။

- အတိုချုပ်အားဖြင့် မောင်သောင်းထိုးသတ်ခဲ့သော
လက်ဝှေ့ကျော်များမှာ
၁။ ဂျော်နီကတ်တလင်း (အင်္ဂလန်)
၂။ ဂျင်မီကော(သ်) (စကော့တလန်)
၃။ ဒိုင်စွန်ပေါင် (ထိုင်း)
၎။ ဂျိမာရှယ် (အ​မေရိကန်)
၅။ အီကစ်စင် (ကနေဒါ)
၆။ မစ်ကီဝေါလ်ကား (အမေရိကန်)
၇။ နိဂရိုး ဂန်းဘုတ်ဂျက် (အမေရိကန်)
၈။ မလင့်မလီယာနိုး (အမေရိကန်)
၉။ ဂျော့အဲလစ် (အင်္ဂလန်)
၁၀။ ကလဲယားလင့်ကပ် (အမေရိကန်)
၁၁။ ယန်းတာလီ (ဖိလစ်ပိုင်)
၁၂။ ဂိုင်းဒင်းဘွိုင်း (စင်ကာပူ)
၁၃။ အာ(ရ်)ကေဒေး (အိန္ဒိယ)
၁၄။ အယ်ဘိုးဝစ် (အိန္ဒိယ) တို့ဖြစ်သည်။

- မောင်သောင်းသည်
ကြေးစားပွဲပေါင်း (၂၀၀) ကျော် ထိုးသတ်ခဲ့ပြီး
မောင်သောင်း၏ လက်သီးချက်ကြောင့်
နံရိုးကျိုး၊ မေးရိုးပြုတ်ပြီး လက်ဝှေ့လောကမှ
ရာသက်ပန် နားသွားရသူ (၆) ဦးအထိ ရှိခဲ့သည်။

- ထိုအချိန်မှာပင်
အင်္ဂလန်၌လည်း ဒေါက်ဂလပ်စမင် အမည်ရှိ
ကမ္ဘာကျော်ကြေးစား လက်ဝှေ့သမားတစ်ဦး
ပေါ်ထွန်းနေသည်။
အင်္ဂလန်၌ သူ့ကိုယှဉ်ပြိုင်ဘက် မရှိတော့၍
တခြားနိုင်ငံက လက်ဝှေ့သမားများနှင့်
ထိုးနေရသော အချိန်လည်းဖြစ်သည်။

- နောက်ဆုံး၌ မြန်မာ့သွေးသည်
အင်္ဂလိပ်တို့ထက် ပိုနီကြောင်း သက်သေပြလိုသော
မောင်သောင်းသည် အင်္ဂလန်ထိသွားရောက်၍
ဒေါက်ဂလပ်စမင်ကို စိမ်ခေါ်လေတော့သည်။
အိန္ဒိယ၌ အင်္ဂလိပ်လူမျိုး လက်ဝှေ့ကျော်တစ်ဦးကို
မျက်နှာတစ်ပြင်လုံး စုတ်​ပြတ်​သတ်​အောင် ထိုးပြီး
အနိုင်ယူထားသော မောင်သောင်းကို
သွေးကြွေးဆပ်ချင်သဖြင့် ဒေါက်ဂလပ်စမင်က
လက်ခံလေတော့သည်။

- ဤသို့ဖြင့် ဧပြီလ ၁၇ရက်နေ့တွင် လက်ဝှေ့သမားနှစ်ယောက်
ကိုယ်အလေးချိန်စစ်၊ ဆေးစစ်လက်မှတ်ထိုးပြီးနောက်
ပြသနာတက်ကြလေတော့သည်။
ကိစ္စအားလုံးပြီး၍ လက်ဝှေ့သမားနှစ်ယောက်
လက်ဆွဲနှုတ်ဆက်သောအခါ ဒေါက်ဂလပ်စမင်က
"ကျုပ် သူနဲ့လက်ဆွဲပြီး နှုတ်မဆက်နိုင်ဘူး။
ဒီလူဟာ မြန်မာလူမျိုး ဖြစ်တယ်။ မြန်မာလူမျိုးတွေဟာ
ကျုပ်တို့ အင်္ဂလိပ်လူမျိုးတွေရဲ့ ကျွန်ဖြစ်တယ်။
ကျွန်နဲ့ သခင်ဟာ လက်ဆွဲနုတ်ဆက်ရိုး ထုံးစံမရှိဘူး´"´

ဟု ဆိုကာ မောင်သောင်းလက်ကို ပုတ်ချလေတော့သည်။
မောင်သောင်း၏ လက်ဝှေ့မန်နေဂျာ ဂျိုးဇက်ဟင်နရီက-

"မင်း အဲဒီလိုပြောဖို့မသင့်ဘူး ထင်တယ်။ လူမျိုးရေးကို ထိခိုက်ပြီး
အကြောင်းမဲ့ ပြောတာဟာ အောက်တန်းကျလွန်းပါတယ်´´" ဟု
ဆိုသော်လည်း

ဒေါက်က
"ပြောသင့်လို့ပြောတာပဲ။ ကျုပ်တို့လူမျိုးတွေရဲ့ ကျေးကျွန်ဖြစ်တဲ့...´"´

ဒီမှာတင် မောင်သောင်းက-

``ဟေ့ကောင် မင်းပါးစပ်ကို ပိတ်လိုက်စမ်း။ ငါ့လူမျိုးနဲ့ ငါ့တိုင်းပြည်ကို
ထိပြီးမပြောနဲ့ ငါမခံဘူး။ တို့မြန်မာလူမျိုးဟာ ကျွန်လူမျိုးမဟုတ်ဘူး။
သခင်လူမျိုး၊ ဘုရင်လူမျိုးကွ။ မင်း ကောင်းကောင်းသတိထား၊
မင်းနဲ့ငါ ဒီနေ့ည သတ်ရမယ့်ပွဲဟာ ငါ့အတွက် ဒေါ်လာရဖို့
မဟုတ်တော့ဘူး။ ငါ့မြန်မာပြည်အတွက် သတ်မှာဖြစ်တယ်။"

စသည်ဖြင့် မောင်သောင်းက လက်ညှိုးထိုး၍ တုန့်ပြန်ပြောဆိုပြီး
တယောက်နဲ့တယောက် စားတော့မတတ် ရန်စောင်ကြလေတော့သည်။
ရောက်လာကြသော သတင်းထောက်များနှင့် ပရိတ်သတ်များမှာလည်း
အုတ်အုတ်ကျတ်ကျတ် ဖြစ်တော့သည်။

- အထက်ပါကဲ့သို့ အခြေအနေကို ထိန်းသိမ်းရန်
ကြေးစား လက်ဝှေ့ပွဲသွင်းသူ မစ္စတာ ဟူးဘက်(ဒ်)စတုန်းနှင့်
ဘေးလူများ ၀င်ရောက် တောင်းပန်လေတော့သည်။

သို့သော် မောင်သောင်းအနေဖြင့်
"မြန်မာလူမျိုးတွေဟာ အင်္ဂလိပ်ရဲ့ ကျွန်´"
ဟူသော စကားသည်
သူ၏နှလုံးသားကို အားပါးတရ အထိုးခံရသကဲ့သို့
နာကြည်းသွားလေပြီ။
မည်သူ၏ တောင်းပန်မှုကိုလည်း လက်မခံနိုင်တော့။

- ထိုကြောင့် ၀ိုင်းအုံနေသော သတင်းထောက်များ၊
အင်္ဂလိပ်လူမျိုးများကို တစ်ချက်ဝှေ့ကြည့်ပြီး

★ ``ခင်ဗျားတို့ အင်္ဂလိပ်တွေဟာ လက်နက်အားကိုးနဲ့ အနိုင်ကျင့်ပြီး
မြန်မာပြည်ကို စစ်(၃)ခါတိုက် သိမ်းပိုက်ခဲ့တယ်။
မြန်မာတွေဟာ သတ္တိကောင်းပေမယ့် လက်နက်မကောင်းလို့
အင်္ဂလိပ်တွေကို အရှုံးပေးခဲ့ရတယ်။ ဒီနေ့ည ထိုးသတ်မယ့်
လက်ဝှေ့ပွဲဟာ အင်္ဂလိပ် - မြန်မာ စတုတ္ထစစ်ပွဲပဲ။
ဒီနေ့နိုင်တာကမှ တရားသဖြင့် နိုင်တာဖြစ်မယ်။
မင်းတို့အင်္ဂလိပ်လူမျိုး လက်ဝှေ့သမားကို
ဥပဒေဘောင် စည်းမျဉ်းထဲကအတိုင်း အင်္ဂလန်နိုင်ငံ
အင်္ဂလိပ်လူမျိုးတွေရှေ့မှာ အသေထိုးပြပြီး
မြန်မာတွေရဲ့ ဂုဏ်သိက္ခာကို ပြန်ဆည်ပြမယ်´´★

ဟူ၍ ရဲရဲတောက်တောက်စကားကို စိန်ခေါ်
ပြောဆိုလေတော့သည်။

- အရပ် ၅ပေ ၆လက်မပဲရှိတဲ့ လူပုလေးမြန်မာမောင်သောင်းက
အရပ် ၆ပေရှိတဲ့ အင်္ဂလန် လိုက်ဝိတ်တန်းချန်ပီယံကို အင်္ဂလန်မြေ
အင်္ဂလိပ်လူမျိုးတွေရှေ့မှာ အသေသတ်ပြမည် ဆိုသည့်
ကြေငြာချက်ကို သတင်းစာထဲထည့်လိုက်ရာ

- ၁၉၄၇ ဧပြီ ၁၇ရက်နေ့ညမှာ လန်ဒန်မြို့ တိုရန်တိုလက်ဝှေ့ရုံကြီး
လူ ၃၀၀၀၀(သုံးသောင်း)ကျော်ဖြင့်ပြည့်ညက်ပြီး
လန်ဒန်မြို့သားတွေ အလုပ်တွေပစ် လက်ဝှေ့ရုံထဲ
စိတ်ရောက်နေကြပါတော့တယ်။
ကြိုးဝိုင်းဆီ ဒေါက်ကလပ်စမင်လမ်းလျှောက်ဝင်လာတာနဲ့
အင်္ဂလိပ်ပရိတ်သတ် ၃၀၀၀၀ရဲ့အားပေးသံက ကွင်းပွင့်လုမတတ်ပါ။

မောင်သောင်းလည်းဝင်လာရော
အားနာပါးနာ လက်ခုပ်တီးသူတောင် မရှိခဲ့ပါဘူး။
မောင်သောင်းက ကြက်သွေးရောင် ကတ္တီပါဝတ်ရုံကြီး ခြုံပြီး
ဝင်လာကာ ဝတ်ရုံပေါ်မှာ မြန်မာမောင်သောင်း လို့အင်္ဂလိပ်လိုရေးထိုးပြီး
မြန်မာ့ဒေါင်းအလံကို အစိမ်းရင့်ရောင် အဝါရောင်တို့ဖြင့် ပုံဖော်ထားပါတယ်။

- ပွဲစ၍ လွှတ်လိုက်သည်နှင့် မောင်သောင်းက
ဒေါက်ဂလပ်စမင်၏ အသည်းနှင့် ကျောက်ကပ် တည်နေရာကိုသာ
သဲသဲမဲမဲ လိမ့်ထိုးလေတော့သည်။
ပြင်းထန်သော လက်သီးအားကြောင့် ဒေါက်ဂလပ်မှာ
ထိမိလေတိုင်း ရှုံ့မဲ့သွားပြီး အတွေ့အကြုံရ ထိချက်များလာလျှင်
နံရိုးကျိုးမည်ကို မောင်သောင်းက သိနေလေသည်။
ဤသို့ဖြင့် ဘတစ်ပြန် ကျားတစ်ပြန်ဖြင့် ထိုးသတ်ရင်း
အချိန်စေ့၍ ပထမအချီ ပြီးလေသည်။

- ဒုတိယအချီ၌ မောင်သောင်း၏ ညာပင့်လက်သီးက
ဒေါက်ဂလပ်၏ အသည်းနှလုံးနေရာကို ကောင်းစွာထိမိရာမှ
ဒေါက်ဂလပ်လဲကျသွားပြီး ကြိုင်းဝိုင်းဒိုင်က အမှတ်စဉ်ရေရာ
(၈)ရောက်မှ ပြန်ထလာနိုင်ခဲ့လေသည်။
ထိုနောက် ဒေါက်ဂလပ်မှာ ခံစစ်ဖြင့် ခုခံကာကွယ်ရင်း
ဒုတိယအချီကို ပြီးဆုံးစေခဲ့လေသည်။

- တတိယအချီနှင့် စတုတ္ထအချီတွင်မူ ဒေါက်ဂလပ်က လက်ရည်သာခဲ့ပြီး
ပဉ္စမအချီတွင် မောင်သောင်း၏မေးရိုးကို ထိမိ၍
မောင်သောင်းလဲကျခဲ့ကာ အမှတ်စဉ် (၄) တွင်
ပြန်ထလာနိုင်ခဲ့သည်။
စတုတ္ထအချီပြီးခါနီးတွင် ဒေါက်ဂလပ်၏ မျက်ခုံးပေါက်ပြဲပြီး
သွေးစိမ်းကျလာပြီး ၎င်းအချီ၌ ဒေါက်ဂလပ်မှာ အထိနာခဲ့သော်လည်း
မောင်သောင်းက အမှတ်ဖြင့် ရှုံးလေသည်။

- ဆဋ္ဌမအချီ လွှတ်လွှတ်ချင်းတွင် မောင်သောင်းက ခပ်ရဲရဲဝင်သတ်ပြီး
ပူးမိသည်တွင် ဘယ် ညာ ပင့်လက်သီးဖြင့် အားပါးတရထိုးလိုက်ရာ
ဒေါက်ဂလပ်မှာ ကြိုးတန်းပေါ်တွင် လန်နေပြီး နံဘေးနှစ်ဖက်ကို
မောင်သောင်းက ဆက်ဖိထိုးလေသည်။ Combination ခေါ်
ပူးတွဲဆင့်လက်သီးချက်ကို ဆယ်လုံးလောက် ဆက်တိုက်ထိုးပြီး
နောက်ဆုတ်လိုက်သည်တွင်
အင်္ဂလန်ချန်ပီယံကြီး ကြမ်းပြင်သို့ ကုန်းနမ်းလေတော့သည်။
ယင်းအချိန်တွင် ဂျူရီအဖွဲ့မှ အချိန်မစေ့ဘဲ ခေါင်းလောင်းတီးခြင်းဖြင့်
ညစ်ခဲ့သော်လည်း မောင်သောင်း အနိုင်ရလိုက်သည်။

- သတ္တမအချီ၌လည်း မောင်သောင်းက အတင်းဝင်ပူးကပ်သတ်ကာ
ဒေါက်ဂလပ်က အပူးမခံလို၍ ၀ိုင်းလည်တွင် ရွေ့ပြောင်းကာ
ခံစစ်မှ ထိုးလေသည်။ ၎င်းအချီပြီးခါနီး၌ ထောင့်တနေရာတွင်
မောင်သောင်း၏ ဘယ် ညာ ပင့်လက်သီးမိပြီး ဒေါက်တစ်ယောက်
ဒူးညွှတ်ကျသွားသော်လည်း ပွဲပြီးခေါင်းလောင်းက ဒေါက်ကို
ကယ်လိုက်ပြန်လေသည်။

- အဋ္ဌမအချီ လွှတ်လျှင်လွှတ်ချင်း မောင်သာင်းက အတင်းတရကြမ်း
ဝင်ထိုးလေသည်။ ဒေါက်ဂလပ်ကလည်း သူ့သေမင်းနံဘေး
နှစ်ဖက်ကို လက်မောင်းဖြင့် ကာကွယ်လေသည်။
ဤသို့ဖြင့် အဋ္ဌမချီစ၍ (၂) မိနစ်ခန့်တွင် ဒေါက်ဂလပ် ကြိုးဝိုင်းထောင့်၌
ပိတ်မိနေ၍ မောင်သောင်းက ဖိထိုးနေစဉ်အတွင်း အလစ်တွင်
ဒေါက်ဂလပ်၏ ညာပင့်လက်သီးတစ်ချက်ကို ပင့်ထိုးလိုက်သည်တွင်
မောင်သောင်း၏ နှာခေါင်းသို့ တိုက်ရိုက်ထိလေတော့သည်။
ဒီတွင် ဒေါက်ဂလပ်က ဘယ်ထောက်လက်သီး နှစ်လုံးနှင့်
ညာဖြတ်တစ်လုံးပါ ထိုးလိုက်ရာ ကြမ်းပြင်ပေါ်သို့ မောင်သောင်း
ခွေကျလေတော့သည်။

- ဒေါက်၏ထိုးချက်မှာ ခံနိုင်ရည်မရှိသူဆို မေ့လျှင်မေ့၊ သေလျှင်
သေလောက်နိုင်သောလည်း စိတ်ဓာတ်ပြင်းထန်သော မောင်သောင်းက
ဒိုင်အမှတ်မရေခင်ပင် ချက်ချင်းခုန်ထလိုက်သဖြင့် ဒေါက်ဂလပ်ပင်
အံ့သြလေးစား သွားရလေသည်။
သို့သော် အချိန်စေ့သွားသဖြင့်
မောင်သောင်းလည်း ကံကောင်းသွားရလေသည်။

- န၀မအချီ လွှတ်လွှတ်ချင်းတွင် ဒေါက်က ကျားနာခဲသလို
အရင်ဝင်ထိုးပြီး မောင်သောင်းက ခုခံကာကွယ်ရင်း
ဒေါက်၏ နံဘေးနှစ်ဖက်ကို အားကုန်ထိုးလေတော့သည်။
အားပါလှသော ဆင့်လက်သီး လေးငါးလုံးကို ဆက်ကျုံးလိုက်သည်နှင့်
ဒေါက်ဂလပ်တစ်ယောက် နောက်သို့ လန်သွားလေတော့သည်။
အတွေ့အကြုံ ရင့်နေပြီဖြစ်သော မောင်သောင်းက နောက်ထပ်
ဆင့်တွဲလုံးများကို ဒေါက်၏ နံဘေးနှစ်ဖက်ကို ဆက်တိုက်
ထိုးလွှတ်လိုက်သည့်နောက်ဝယ် အင်္ဂလိပ်လူမျိုးတို့၏
လက်နှစ်ဖက်မြောက်လျက် လဲခွေကျသွားလေတော့သည်။

- ကြိုးဝိုင်းဒိုင်က မသာယာသော မျက်နှာအနေအထားဖြင့်
အမှတ်စဉ်ကို ရေတွက်လေတော့သည်။
ယင်းအချိန်၌ ပရိတ်သတ်များက
``ဒေါက်ဂလပ် ထ၊ မြန်မြန်ထ´´ ဟု အားပေးလှုံ့ဆော်သော်လည်း
ဒိုင်လူကြီး၏ လေးလံသော အမှတ်စဉ်ရေတွက်မှုသာ (၁၀) ထိ
ရောက်ရှိခဲ့ပြီး ဒေါက်မှာ လုံးဝ ပြန်မထနိုင်တော့ဘ
ဲ ရှုံးနိမ့်သွားခဲ့လေပြီ။

- အဲဒီမှာ ပရိတ်သတ်တွေက မောင်သောင်းကို သတ်မယ်ဆိုပြီး
လက်ဝှေ့စင်ပေါ်တက်ဖို့ကြိုးစားကြလို့ ရဲတွေက
လက်ချင်းချိတ် တားထားခဲ့ရ၏။ မောင်သောင်းကတော့
အောင်နိုင်သူအပြုံးနဲ့ အင်္ဂလိပ်တွေကို ကြည့်နေလိုက်ပါတယ်။
အင်္ဂလိပ် သူရဲကောင်းကြီး မြန်မာမောင်သောင်းရှေ့ဒူးထောက်ခဲ့ရပြီ မဟုတ်ပါလား။

- နောက်တစ်နေ့ လန်ဒန်မြို့ The Evening News နဲ့ Sports News
သတင်းစာတွေမှာ

"အသေသတ်တဲ့ မြန်မာမောင်သောင်း။
ချန်ပီယံ ဒေါက်ဂလပ်စမင် သေဆုံးရှာ။´"

သတင်းပါလာပါတယ်။ ဒေါက်ဂလပ်စမင်ကို
လန်ဒန်ဆေးရုံက အရေးပေါ် ခွဲစိတ်ကုသခဲ့သော်လည်း
နံရိုးနှစ်ချောင်း ကျွံဝင်သွားပြီး အဆုတ်ကွဲသွားသဖြင့်
ည ၁၀နာရီ ၄၅ မိနစ်မှာ ဆုံးသွားကြောင်း ပါလာသဖြင့်
အင်္ဂလန်တစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေးခဲ့ရလေတော့သည်။

- မြန်မာမောင်သောင်းကတော့ သတင်းထောက်တွေရဲ့ အင်တာဗျူးမှာ
ဒီလိုဖြေခဲ့ပါတယ်။

``နယ်ချဲ့အင်္ဂလိပ်ကို တို့မြန်မာတွေ လက်နက်ချင်းမတူမျှလို့
စစ်ရှုံးခဲ့ရပေမယ့် နယ်ချဲ့အင်္ဂလိပ်နဲ့ငါ တစ်ယောက်ချင်း တူညီတဲ့
လက်အိတ်ကို စွပ်ပြီး ပေ ၂၀ ကြိုးဝိုင်း စစ်တလင်းမှာ
စစ်ခင်းရာမှာတော့ အင်္ဂလိပ်တွေ ငါ့ကို ဒူးထောက်စမြဲပါ။
ငါ့ လူမျိုးနဲ့ ငါ့တိုင်းပြည်ကို ကျွန်လုပ်ထားတဲ့ အင်္ဂလိပ်တွေနဲ့
ကြိုးဝိုင်းထဲမှာတွေ့ရလေတိုင်း ငါ့အရိုးတွေ ကွဲကွဲ၊
ငါ့အသားတွေကြွေလို့ ငါ့အသက်ပင်သေပါစေ
တစ်လက်မမှ မဆုတ်တမ်း ငါတိုက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ထားတယ်။
အဲဒီဆုံးဖြတ်ချက်ကို သေသည်အထိငါမပြင်´´
ဟု ပြောကြားခဲ့လေသည်။

- မောင်သောင်းသည် မတရားနည်းဖြင့်သာ မြန်မာတို့ ကျွန်ဖြစ်ရသည်။
တရားနည်းလမ်းကျပါက ကျွန် လုံးဝမဖြစ်နိုင်ကြောင်းကို
အင်္ဂလန်ပြည် အင်္ဂလိပ်လူမျိုးတို့၏ ရှေ့တွင် ထိုးသတ်မည့်
လက်ဝှေ့ပွဲ၌ အင်္ဂလိပ် - မြန်မာ စတုတ္ထစစ်ပွဲဖြစ်ကြောင်း
ရဲရဲတောက် စိမ်ခေါ်ပြောကြားပြီး မြန်မာ့သတ္တိနှင့် စွမ်းရည်ကို
အမျိုးသားစိတ်ဓာတ် ပြင်းထန်စွာဖြင့် အသွေးနှင့်အသက်ကိုရင်းပြီး
သက်သေပြခဲ့လေတော့သည်။

(မှတ်ချက် ။ ၁-၉-၇၈ ရက်နေ့ထုတ် စန္ဒာမဂ္ဂဇင်းမှ
ရွှေဘို ဘာမထီခင်အောင်၏ ဆောင်းပါးကို မှီငြမ်းရေးသားထားသော
မေတ္တာရှင် (ရွှေပြည်သာ)၏ အင်္ဂလိပ်-မြန်မာ စတုတ္ထစစ်ပွဲ
ဝတ္ထုတိုကို ကောက်နုတ် ဖော်ပြခြင်းဖြစ်ပါသည်။)

မျိုးချစ်စိတ်ဖြင့် မိမိအမျိုးအနွယ်ကို
မိမိတတ်သော ပညာရပ်များဖြင့်
ကာကွယ် စောင့်ရှောက်နိုင်ကြပါစေလို့ ဆုတောင်းရင်း .

ခရက်ဒစ် ....မူရင်း
Nyan ထံမှ ကူးယူတင်ပြပါသည်

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


ကျိုက်ထို
Yangon
095

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00