20/09/2026
မြန်မာနိုင်ငံမှာ အများပြည်သူ့စာကြည့်တိုက်များ စနစ်တကျ ပေါ်ထွန်းရေး
မြန်မာစာပေစည်ပင်ရေးမှာ စာဖတ်သူများပြားလာဖို့ဟာ အရေးကြီးတဲ့အချက်တချက်လို့ ဆိုနိုင်ပေမယ့် စာဖတ်တဲ့ပြည်သူတွေဘက်က ကြည့်ပြန်တော့လဲ စာများများ ဖတ်နိုင်ဖို့ အခက်အခဲ အမျိုးမျိုးရှိနေပြန်ပါတယ်။
ယေဘုယျအားဖြင့်ဆိုရရင် စီးပွားရေးကို အကြောင်းပြုတဲ့အခက်အခဲတွေပါ။ စာအုပ်ဈေးတွေ ခေါင်ခိုက်နေတဲ့ အချိန်မှာ ဖတ်ချင်စိတ်ကို အလိုလိုက်ချင်တိုင်း မလိုက်နိုင်ကြတာက အခက်အခဲတခုပါ။
ဒီနေ့ မြန်မာ့စီးပွားရေး ရှုခင်းမှာ လက်လှုပ်မှ ပါးစပ်လှုပ်နိုင်တဲ့ လူစုက အများစု မဟုတ်လား။ စာအုပ်စာတမ်းအတွက် ဘယ်မှာ များများစားစား အကုန်အကျခံနိုင်ကြပါ့မလဲ။
ပါးစပ်လှုပ်နိုင်ဖို့ ခြေရောလက်ရောလှုပ်နေရတဲ့ အချိန်ကလဲ နေထွက်ကနေဝင်၊ လှုပ်နေရတဲ့ သဘာဝကလဲ နဖူးကချွေး ခြေမကျတဲ့အထိ။ ဒီလိုအခြေအနေမျိုးမှာ စာဖတ်ချိန် ဘယ်မှာ သွားရှာနိုင်ပါ့မလဲ။ ပညာနဲ့အသက်မွေးသူ
မဟုတ်လို့ကတော့ စာဖတ်ချိန် ရှားရှာကြပါတယ်။
မြန်မာနိုင်ငံမှာ စာဖတ်သူ ပမာဏ ရုတ်ခြည်း တိုးတက်လာဖို့အရေးဟာ လွယ်တော့မလွယ်လှပါဘူး။ မလွယ်ပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဖြစ်လာအောင် လုပ်နိုင်တဲ့နည်းတွေထဲမှာ အများပြည်သူ့ စာကြည့်တိုက်များ ထူထောင်တာဟာ နည်းကောင်းတသွယ် ဖြစ်ရာပါတယ်။
အများပြည်သူ့စာကြည့်တိုက် ဆိုတာ နိုင်ငံအတော်များများမှာရှိနေပြီး တွေးတတ်ခေါ်တတ် မြော်မြင်ဆင်ခြင်တတ်တဲ့ ပြည်သူတွေတိုးပွားလာရေးအတွက် မရှိမဖြစ် ဌာနတရပ်လို့ ယုံကြည်ကြပါတယ်။
အများပြည်သူ့စာကြည့်တိုက် ဆိုတာ သုတေသနစာကြည့်တိုက်တို့၊ ကျောင်းစာကြည့်တိုက်တို့၊ ပညာရပ်ဆိုင်ရာ အထူးစာကြည့်တိုက်တို့လို စာကြည့်တိုက်တွေနဲ့ မတူပါဘူး။
ပညာရှင်တွေရဲ့လိုအင်ကို ဖြည့်ဆည်းပေးနိုင်ပေမယ့် အဲဒီလို ဖြည့်ဆည်းပေးဖို့ထက် အများပြည်သူတွေအတွက်လိုအပ်မယ့် ပညာတွေအသိတွေ ဖြန့်ဖြူးရာ ဌာနပါ။
အများပြည်သူစာကြည့်တိုက် မှာ ပြည်သူတွေ အခမဲ့ ဖတ်ခွင့်လေ့လာ ခွင့်ရကြပါတယ်။
စာအရသာ ကောင်းကောင်းခံစားတတ်ဖို့ စာဖတ်ဝိုင်းတွေလဲ လူကြီးလူငယ်အားလုံးအတွက် စီစဉ်ပေးတတ်ပါသေးတယ်။
အရွယ်ရောက်ပြီးသူတွေအတွက်တင် မဟုတ်ပါဘူး။ နို့စို့ရွယ် ကလေးသူငယ်တွေအတွက်ရော၊ ကျောင်းသူ ကျောင်းသားလေးတွေအတွက်ရော ဝန်ဆောင်မှု အစီအစဉ်တွေ ရှိတတ်ပါတယ်။ စာဝါသနာပါလို့ကတော့ ကိုယ့်ပိုက်ဆံအိတ်ကိုယ် ငုံ့ကြည့် နှိုက်ကြည့် နေစရာမလိုဘဲ ဖတ်နိုင်လေ့လာနိုင်တဲ့နေရာပါ။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် ဗင်ကူဗာမြို့က အများပြည်သူ စာကြည့်တိုက် လေးမှာ ကလေးငယ်တွေအတွက် ဝန်ဆောင်မှုပေးနေပုံကို အကြောင်းကြုံလို့ လေ့လာခွင့် ရလိုက်တော့ ဝမ်းသာ အားကျဖြစ်မိပါတယ်။
စာကြည့်တိုက် တတိယထပ်တထပ်လုံးက ကလေးတွေအတွက်ပါ။ အခန်းကျယ်ကြီးထဲက စာအုပ်စင်တွေပေါ်မှာ ကလေးစာအုပ်တွေက စုံပါဘိသနဲ့။ ကလေးစာအုပ်တွေကို လှန်လှောကြည့်လိုက်ရင် ကြည့်ချင်စရာ ရောင်စုံပုံတွေက များများ။ စာလုံးကြီးကြီးနဲ့ ပုံနှိပ်ထားတဲ့ စာသားကနည်းနည်း။ စာကို ဖတ်ချင်စရာရယ်လို့ သဘောထားတတ်လာအောင် သူတို့လေးတွေအရွယ် အလျောက် စိတ်ဝင်တစားရှိကြမယ့် ရုပ်ပုံတွေနဲ့ ဖမ်းစားထားတာပါပဲ။
ဘာပဲပြောပြော၊ ကလေးက ကလေးပါပဲ။ စာအုပ်တွေကိုချည်း အာရုံစိုက်ပြီး ဘယ်မှာ ကြာကြာနေနိုင်ပါ့မလဲ။ ပြေးဖို့ လွှားဖို့ ဆော့ဖို့အရေးက သူတို့လေးတွေအတွက် ဒို့အရေးပေါ့။ ဒီအတွက်လဲ စာအုပ်စင်တွေဘေးမှာ ကစားခန်း အကျယ်ကြီး ရှိပါတယ်။ ကစားစရာတွေကလဲ ကစားနိုင်ကာမျှ စီစဉ်ပေးထားတာ မဟုတ်ပါဘူး။
ကလေးတွေရဲ့ ဉာဏ်ရည်ကို ဖွံ့ဖြိုးအောင် စိတ်ကူးစီစဉ်ထားတဲ့ ကစားနည်းတွေပါ။ အေ ဘီ စီ ဒီ အက္ခရာတွေကို ကစားရင်းပြုရင်းက မျက်မှန်းတမ်းမိလာအောင် စီစဉ်ပေးထားတဲ့ ကစားနည်းတွေလဲ ပါပါတယ်။
တနှစ်သား နှစ်နှစ်သားကလေးတွေ လက်အလေ့အကျင့် ခြေအလေ့အကျင့်ရကြအောင်၊ ကိုယ်ကာယဖွံ့ဖြိုးအောင် လေ့ကျင့်ပေးတဲ့ ကစားနည်းတွေလဲပါပါတယ်။ ရောက်ပြီးရင် တော်တော်နဲ့ မပြန်ချင်လောက်အောင် ထိန်းထားနိုင်တဲ့ အစီအစဉ်ပါ။
ဒါ့ပြင် အခန်းကျယ်တခန်းမှာ ဥမမယ် စာမမြောက် ကလေးလေးတွေကို စာဖတ်ပြခန်းကလဲ ကြည်နူးအားကျစရာပါ။
စာကြည့်တိုက် ဝန်ထမ်းဆရာမတဦးက စာအုပ်ကို ကိုင်လို့။ ကြမ်းပေါ်မှာတော့ ကလေးနှစ်ဆယ်ကျော်လောက်ရယ်၊ ပြီးတော့ ကလေးတွေနဲ့ လိုက်လာတဲ့ မိဘတွေရယ်။ တချို့ ကလေးတွေက ဆရာမပြောတာ ဖတ်ပြတာကို ငေးကြည့်လို့။ စကားတောင် ပီပီ မပြောတတ်တဲ့ ကလေးတွေက အများစု ဆိုတော့ ဆရာမပြောသမျှတော့ ကလေးတိုင်း ဘယ်နားလည်ပါ့မလဲ။
ဒါပေမယ့် ဆရာမ ဖတ်ပြနေတာက ကလေးတွေအတွက် သတ်သတ်မှတ်မှတ် ရည်ရွယ်ပြုစုထားတဲ့ စာအုပ်တွေ။
စကားတတ်ပြီဆို နားလည်နိုင်တဲ့ စကားသုံးထားတာ။ ဝါကျတွေက တိုတိုရှင်းရှင်းလေး။ စကားပြေစီးဆင်းသံက သံစဉ်မိမိ။ ဆရာမက အသံနေ အသံထားနဲ့ ရွတ်တာ၊ အမူအရာနဲ့ ရွတ်တာ။ ဆရာမက လက်မြှောက်ကာ၊ ခြေဆောင့်ကာ၊ ခေါင်းညိတ်ကာ၊ ခေါင်းခါကာ။
ဒီတော့ နားမလည်လဲ ဆရာမကို ငေးကြည့်နေကြာတာပေါ့။
တခါတခါ ဆရာမက လိုက်ဆိုခိုင်းရင် စကားတတ်တဲ့ ကလေးတွေ၊ ကလေးအမေတွေကပါ လိုက်ဆိုလို့။ တချို့ကလေးတွေကတော့ ဆရာမ ပြောတာဆိုတာ နားထောင်ဖို့ဝေးလို့ အခန်းထဲမှာ ဆရာမရှိနေတာကိုတောင် သတိထားမိပုံ မပေါ်ပါဘူး။ ဟိုငေး ဒီငေး၊ ဟိုလိုဆော့ ဒီလိုဆော့။ ကလေးသဘောနဲ့ ကလေးကိုယ်။ ကလေးတယောက်ရဲ့ လွတ်လပ်ခွင့်လိုင်စင်ကို ကောင်းကောင်းကြီးကို အသုံးချလို့။
အတန်းအပြီးမှာ ကြားလိုက်ရတာက ကိုယ်တိုင် နားယဉ်ပြီးသား ကလေးကဗျာတပုဒ်။
ဆရာမက ဆပ်ပြာဗူဗောင်းတွေ မှုတ်လိုက်၊ ကဗျာကို ဆိုလိုက်။ ကလေးတွေက ဗူဗောင်းတွေ လိုက်ဖမ်းရင်း ဆော့နေလိုက်ကြတာ။
နောက်မှ မြန်မာကလေးတွေ ဆိုတတ်တဲ့ ရောင်စုံ ဘောလုံး အသွားပါလားလို့ သတိထားမိပါတယ်။ ဒီကလေးတွေရဲ့ စာဖတ်လိုစိတ် ဖွံ့ဖြိုးလာဖို့ အကြောင်းခံတွေက အခိုင်အမာရှိနေပါပြီ။
ဒီလို ကလေး လူကြီး အများပြည်သူအတွက် ဝန်ဆောင်မှုပေးနိုင်မယ့် စာကြည့်တိုက်တွေ ဖြစ်ထွန်းလာဖို့ဆိုတာ ရေရှည်စီမံကိန်းပါ။
ခုရေတွင်းတူး ခုရေကြည်သောက် မဖြစ်
နိုင်တာကို နားလည်ပါတယ်။
ဗင်ကူဗာ ပြည်သူ့စာကြည့်တိုက်ဆိုရင် ထူထောင်လာတာ နှစ်ခြောက်ဆယ်ကျော် ခုနစ်ဆယ်နီးပါး ရှိပါပြီ။ စာကြည့်တိုက်အသုံးစရိတ်ကို မြို့လူထုရဲ့ နှစ်စဉ် ဝင်ငွေခွန်ထဲက အဓိကရတာလို့ သိရပါတယ်။ တခြားတခြား နိုင်ငံတွေမှာ ဒီလိုစာကြည့်တိုက်တွေ တည်ထောင်နိုင်မှတော့ မြန်မာနိုင်ငံမှာ မဖြစ်နိုင်စရာအကြောင်း မမြင်ပါဘူး။
ထူထောင်ရာမှာ အထူးသတိထားသင့်တဲ့အချက်တချက်ကတော့
စာဖတ်သူ ဖတ်ချင်တာဖတ်နိုင်အောင် စီစဉ်မပေးဘဲ ကိုယ်ဖတ်စေချင်တဲ့ စာရည်စာသွေးမဲ့ ဝါဒဖြန့်စာအုပ်စာတမ်းတွေ ဖတ်ခိုင်းတာမျိုး ရှောင်ရှားဖို့ပါပဲ။
အဲဒီနည်းနဲ့ ထူထောင်လို့ကတော့ ရှေးရှေးက မြန်မာနိုင်ငံ မြို့နယ်ကျေးလက် စာကြည့်တိုက်တွေလိုပဲ ကျီးနှင့်ဖုတ်ဖုတ် စာကြည့်တိုက် များအဖြစ်သာ ဇာတ်သိမ်းမလှဖြစ်ပါလိမ့်မယ်။
#မေစာ
၂၀၂၆ စက်တင်ဘာ ၁၉