17/04/2025
◾အဖွဲ့ဖျက်သိမ်းကြောင်းနှင့်နိုင်ငံရေးဦးဆောင်မှု လွှဲပြောင်းကြောင်း ထုတ်ပြန်ကြေညာခြင်း။
ဧပြီလ(၁၇)ရက်နေ့၊ ၂၀၂၅ခုနှစ်။
ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ
(တကသများ-ရန်ကုန်)
#တကသများရန်ကုန်
14/03/2025
◾အလုပ်သမား ပြည်သူလုထုအပေါ် စစ်ကောင်စီ၏ ဖိနှိပ်နေမှုများအား ILO ညီလာခံတွင် အရေးယူပေးပါရန် တောင်းဆိုသည့် လူထုလှုပ်ရှားမှုသပိတ်ပြုလုပ်။
မတ် ၁၄၊ ၂၀၂၅
စစ်အာဏာသိမ်းမှုကာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အလုပ်သမားများအပေါ် အတင်းအဓမ္မလုပ်အားခိုင်းစေခြင်း၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲစည်းခြင်းနှင့် စည်းရုံးခွင့်များအားပိတ်ပင်ခြင်းများ ပြုလုပ်လျက်ရှိရာ အလုပ်သမားများ၏ အခြေခံအခွင့်အရေးများအား အကာအကွယ်ပေးနေသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ (ILO) ၏ စံနှုန်းများ အပေါ်လိုက်နာမှုမရှိသည့်အတွက် “ပုဒ်မ ၃၃ “ ဖြင့်အရေးယူပေးပါရန် တောင်းဆိုသည့် လူထုလှုပ်ရှားမှုသပိတ်ကို အခြားသောသပိတ်အင်အားစုများနှင့်အတူ ပြုလုပ်ခဲ့သည်။
14/03/2025
▪️တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်မှ ဘုတလင်မြို့နယ်အတွင်း ကွန်ပျူတာအခြေခံ သင်တန်းဆင်းပွဲပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ်အတွင်း ကျောင်းသားလူငယ်များကို တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်မှ အွန်လိုင်းမှကိုယ်တိုင်လေ့လာသင်ယူနိုင်ရန် ပညာရေးအခွင့်အလမ်းကျယ်ပြန့်စေရန် နည်းပညာအခြေခံသင်ကြားခြင်း၊ အချက်အလက်စုစည်း၍ အဖွဲ့လိုက်စုစည်းတင်ပြချက်များ စသည်တို့ကိုသင်ကြားခဲ့သော ကွန်ပျူတာအခြေခံသင်တန်း၏ သင်တန်းဆင်းပွဲကို ကျင်းပခဲ့သည်။
14/03/2025
▪️တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်မှ ဘုတလင်မြို့နယ်အတွင်း mobile clinic ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကင်းဝေးနေသော ပြည်သူများထံသို့ တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်မှ ရွေ့လျားဆေးပေးခန်း (mobile clinic)ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ခဲ့သည်။
13/03/2025
◾️ ဖုန်းမော်၊ စိုးနိုင်နေ့ သတင်းစကား (သို့) ပေးဆပ်သူတို့၏ သွေးခင်းလမ်းပေါ်မှ နိုင်ငံတော်သစ်တစ်ခု
(ဖတ်ရန်ကြာချိန် ၇ မိနစ်)
လွန်ခဲ့သော (၃၇) နှစ်၊ ရှစ်လေးလုံးအရေးတော်ပုံ၏ တော်လှန်ရေးမီးတောက်များအစပျိုးရာ အဖြစ်အပျက်များထဲတွင် စက်မှုကျောင်းသားတို့၏ အုံကြွလာမှုများနှင့် စစ်တပ်၏ စက်ဆုတ်ဖွယ်အကြမ်းဖက်မှုများကြောင့် ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ အသက်ပေးဆပ်ခဲ့ရမှုများသည် အထူးအရေးပါခဲ့သည်။ ထိုစဥ်က စက်မှုကျောင်းသားများသည် ခိုက်ရန်ဖြစ်ပွားမှုတစ်ခုမှစ၍ စစ်အစိုးရအုပ်ချုပ်ရေးဖက်၏ ဘက်လိုက်မှု၊ တရားမမျှတမှုတို့အပေါ် မွေးခွန်းထုတ်အံတုကာ ရဲရဲတောက်အုံကြွလာခဲ့ကြခြင်းဖြစ်သည်။ ၁၉၈၈ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့၊ ည (၁၁) နာရီအချိန်တွင် စက်မှုကျောင်းသားတို့သည် အမိတက္ကသိုလ်ပရဝဏ်အတွင်း၌ စုဝေးနေကြစဥ် အာဏာရှင်နေဝင်း၏ လက်ကိုင်တုတ်စစ်တပ်သည် တက္ကသိုလ်မြေကို ကျူးကျော်ဝင်ရောက်ကာ တက္ကသိုလ်မြေပေါ်သို့ ကျောင်းသားတို့သွေးများစီးဆင်းရလေအောင် အကြမ်းဖက်ဖြိုခွင်းခြင်းများ ပြုလုပ်ခဲ့ပေသည်။ ထိုအကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့် စက်မှုကျောင်းသားများဖြစ်သော ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့သည် အသက်ပေးခဲ့ရသည်။ ထိုစဥ်က ပဥ္စမနှစ်ဓာတုအင်ဂျင်နီယာကျောင်းသားတစ်ဦးဖြစ်သော ကိုဖုန်းမော်သည် ကျည် ၃ ချက် ထိမှန်ကာ အမိတက္ကသိုလ်မြေထဲ၌ပင် အသက်ဆုံးရှုံးခဲ့ရပြီး ပဥ္စမနှစ်သတ္တုတူးဖော်ရေးအင်ဂျင်နီယာကျောင်းသားတစ်ဦးဖြစ်သော ကိုစိုးနိုင်မှာလည်း ထိုဖြစ်စဥ်၌ပင် ကျည်ထိမှန်၍ အင်းစိန်ဆေးရုံနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့တွင် ကုသမှုများခံယူခဲ့သော်လည်း ဆေးရုံတင်ထားစဥ်၌ပင် ခြေထောက်ကို သံကြိုးကြီးများဖြင့်ချည်နှောင်းထားခြင်းခံခဲ့ရပြီး (၃) ကြိမ်မြောက် ခွဲစိတ်မှုအပြီး ၁၉၈၈၊ ဧပြီလ ၅ ရက်နေ့တွင် ပြင်းထန်သောဝေဒနာများ ခံစားရလျက် အသက်ဆုံးရှုံးခဲ့ရသည်။ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့၏ စျာပနများကိုလည်း အာဏာရှင်စစ်တပ်၏ ဖိနှိပ်မှုများနှင့် တာမွေသုသာန်တွင်သာ သိုသိုသိပ်သိပ်ပြုလုပ်ခဲ့ရပေသည်။
ထိုစဥ်အခါမှစ၍ ယခုတော်လှန်ရေးမတိုင်မီ ရွှေရည်စိမ်ဒီမိုကရေစီကာလများအထိလည်း ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း နှစ်ပတ်လည်နေ့အခမ်းအနားများကို ကောင်းမွန်စွာပြုလုပ်ကျင်းပခွင့်မရစေရန် အစိုးရအဆက်ဆက်နှင့် စစ်တပ်တို့က ဖိနှိပ်မှုများပြုလုပ်ခဲ့ကြသည်။ ယခုတော်လှန်ရေးကာလတွင်ကား ဆိုဖွယ်ရာပင် မရှိတော့ပေ။ အခမ်းအနားပြုလုပ်ကျင်းပရန် မဆိုထားဘိ၊ သမဂ္ဂအလံတော်ကိုပင် လွတ်လပ်စွာကိုင်စွဲလွှင့်ထူခွင့်မရှိတော့ပေ။ ယခုလတ်တလောကာလတွင်လည်း အာဏာသိမ်းစစ်ကောင်စီက ကျောင်းသားသမဂ္ဂများဖျက်သိမ်းရန်၊ ဖွဲ့စည်းခွင့်မပြုရန်နှင့် သမဂ္ဂ သင်္ကေတများအားလုံး ဖျက်ဆီးပစ်ရန် အစရှိသဖြင့် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့များထံ ညွှန်ကြားချက်များပေးကာ ကျောင်းသားသမဂ္ဂများ၏ အခန်းကဏ္ဍကို ဖျောက်ဖျက်ပစ်ရန်ကြိုးပမ်းလျက်ရှိသည်။ ဤသည်မှာ စစ်ကောင်စီသည် ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားထုတို့၏ အင်အားကို ကြောက်ရွံ့လျက်ရှိကြောင်းနှင့် ခေတ်အဆက်ဆက် ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ အပါအဝင် ကျောင်းသားလူငယ်များသည် တော်လှန်မီးကို ပျံ့နှံ့ကူးစက်စေခဲ့ပြီး အာဏာရှင်များကို တော်လှန်ပုန်ကုန်ခဲ့ကြသော အတိတ်တစ္ဆေသည် စစ်တပ်အား ခြောက်လှန့်နေဆဲဖြစ်ကြောင်းကိုလည်း သက်သေပြလိုက်ခြင်းပင်ဖြစ်သည်။
ကျွန်ုပ်တို့ ကျောင်းသားသမဂ္ဂများနှင့် ကျောင်းသားထုတို့မှာလည်း ဤတော်လှန်ရေးအစကပင် ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့၏ စိတ်ဝိညာဥ်တို့အား နှလုံးသွင်းပြီး တပ်ဦးမှနေ၍ သမဂ္ဂခွပ်ဒေါင်းအလံတော်ကို ကိုင်စွဲလျက် တိုက်ပွဲဝင်ခဲ့ကြရာ အခက်အခဲများစွာ၊ ဖိနှိပ်ခံရမှုများစွာတို့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ကျောင်းသားအာဇာနည်တို့၏ သွေးများသည်လည်း ပေတရာပေါ်တွင် စီးဆင်းခဲ့ရသည်။ သို့ရာတွင် ကျောင်းသားသမဂ္ဂများနှင့် ကျောင်းသားလူငယ်များသည် တော်လှန်ရေးကို ဘယ်သောအခါမှ သစ္စာမဖောက်၊ အရေးတော်ပုံအောင်နိုင်ရေးအတွက် ကျရာနေရာမှာ တော်လှန်ပုန်ကန်နေကြဆဲပင်ဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း ကျောင်းသားရှိသရွေ့ ကျောင်းသားသမဂ္ဂရှိမည်ဟူသော ခံယူချက်အပေါ်ရပ်တည်လျက်၊ တော်လှန်ရေးအပေါ် ဘယ်သောအခါမှသစ္စာမဖောက်မည့် ကျောင်းသားများဟူသော ပြယုဂ်ကို ကိုင်စွဲလျက် ကျောင်းသားထုနှင့်အတူ နိုင်ငံတော်သစ်ဆီသို့ ရည်မျှော်၍ သမဂ္ဂအလံတော်ကို ကိုင်စွဲကာ တိုက်ပွဲဆက်ဝင်သွားဦးမည်ဖြစ်သည်။
၁၉၆၂ ခုနှစ် အာဏာသိမ်းမှုမှစ၍ ခေတ်အဆက်ဆက်၊ အရေးတော်ပုံအစဥ်အဆက်တို့တွင် အစိုးရနှင့် စစ်တပ်အဆက်ဆက်တို့သည် ပြည်သူလူထုမှ အမှန်တကယ်လိုလားတောင့်တသော စံနှုန်းများကို လျစ်လျူရှုလျက် လူတစ်စုကောင်းစားရေးအတွက်သာ ဦးစားပေးကာ ပြည်သူလူထုနှင့် ကျောင်းသားထုအပေါ် အကြမ်းဖက်ဖိနှိပ်မှုပေါင်းစုံကို နှစ်ပေါင်းကြာရှည်စွာ ဆောင်ရွက်ခဲ့ကြသည် မဟုတ်ပါလော။ ကျွန်ုပ်တို့ ကျောင်းသားပြည်သူများအနေဖြင့် ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့အပါအဝင် ဒီမိုကရေစီအရေးအတွက် အသက်ပေးခဲ့ကြပါသော အာဇာနည်အပေါင်းတို့၏ ပေးဆပ်မှုတို့ကို အစဥ်နှလုံးသွင်းလျက် ယခုတော်လှန်ရေးမှသည် နိုင်ငံတော်သစ်ဆီသို့ စုရုံးချီတက်ကြရန်မှာ သမိုင်းအဆက်ဆက်မှ ပုခုံးပြောင်းလွှဲအပ်လာသော တာဝန်တစ်ခုပင်ဖြစ်ပေသည်။ ဤနေရာတွင် ရှေ့ဆက်ကာ စုရုံးချီတက်ကြရန်အတွက် ယခုလက်ရှိ တော်လှန်ရေး၏ ရေချိန်နှင့် နိုင်ငံရေးအနေအထားများကို ရှုထောင့်ပေါင်းစုံမှ ချဥ်းကပ်တွေးခေါ်ကြည့်ရန် လိုအပ်လာပေသည်။
ကျွန်ုပ်တို့ တကသများ-ရန်ကုန်မှ ရေးသားထုတ်ဖော်ထားပါသော ‘ဤနိုင်ငံတွင် ပြည်ထောင်စု မရှိခဲ့’ စာတမ်းငယ်အား ပြန်လည်ကိုးကားဖော်ပြရမည်ဆိုလျှင် “ဤအရေးတော်ပုံအောင်နိုင်ရန် ပြည်ထောင်စုဆိုသည့် အတွေးအခေါ်ကို စွန့်လွှတ်ပစ်ရမည်။ အဘယ်ကြောင့်ဆိုသော် ဤနိုင်ငံတွင် ပြည်ထောင်စုသည် ဘယ်သောအခါကမှ မရှိခဲ့သောကြောင့်ပင် ဖြစ်ပေတော့သည်။” ဟူ၍ ဖော်ထုတ်ထားချက်ရှိပါသည်။ နိုင်ငံတော်သစ်ဆီသို့ ချီတက်ရန်အတွက် ပြည်ထောင်စုဆိုသည့် အရှိတရားတစ်ခုနှင့် အနှစ်သာရတစ်ခုသည် ဤတိုင်းပြည်တွင် ဘယ်သောအခါမှမရှိခဲ့ကြောင်းကိုလည်း ပြည်သူလူထုအနေဖြင့် အမှန်တကယ် လက်ခံနိုင်ရန်လိုအပ်သည်။ ထိုအခါမှသာ စစ်တပ်မှ ကာလကြာရှည်အသုံးချနေခဲ့သော ပြည်ထောင်စုဂျင်းကြီးမှ လွတ်မြောက်နိုင်မည်ဖြစ်ပြီး ပြည်ထောင်စုအထိုင်ကိုစွန့်ကာ အမှန်တကယ်ဖြစ်သင့်ဖြစ်ထိုက်သော နိုင်ငံတော်သစ်တစ်ခုအား ပုံဖော်ထုဆစ်နိုင်မည်ဖြစ်သည်။
ပြည်ထောင်စုအထိုင်အား အမှန်တကယ်စွန့်နိုင်ပြီဆိုပါက နိုင်ငံတော်သစ်အတွက် ချဥ်းကပ်မှုပုံစံမျိုးစုံဖြင့် ဘောင်ခတ်ထားမှုကင်းမဲ့စွာနှင့် လွတ်လပ်စွာ စဥ်းစားလာနိုင်မည်ဖြစ်သည်။ ဤနိုင်ငံတဝှမ်း၌ နေထိုင်ကြသော လူမျိုးစုများမှာ အလွန်များပြားကျယ်ပြန့်စွာရှိကြသည့်အပြင် သမိုင်းအစဥ်အလာ၊ ယဥ်ကျေးမှု အမွေအနှစ်များမှာလည်း အသီးသီးကျယ်ပြန့်စွာ တည်ရှိကြကုန်၏။ ထိုကဲ့သို့ အသီးသီးသောလူမျိုးစုတို့ စုစည်း၍ နိုင်ငံတစ်နိုင်ငံအား အတူတကွ တည်ထောင်ကြခြင်းဆိုသည့် ကိစ္စရပ်သည် ထင်သလောက်မလွယ်ကူပေ။ ဖက်ဒရယ်ပြည်ထောင်စုသော်လည်းကောင်း၊ ကွန်ဖက်ဒရေးရှင်းပုံစံမျိုးနှင့်သော်လည်းကောင်း မည်သည့်ပုံစံမျိုးနှင့်ဖြစ်စေ ဤနိုင်ငံအတွင်း အတူယှဥ်တွဲနေထိုင်ကြသည့် လူမျိုးစုများအားလုံးက လိုလားလက်ခံထားသော စံနှုန်းများ၊ အင်္ဂါရပ်များနှင့် ပြည့်စုံရန် အထူးလိုအပ်ပေသည်။ လူမျိုးစုအသီးသီးတို့အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်များ၊ တန်းတူညီမျှသော အခွင့်အရေးများ အစရှိသဖြင့် ပြည့်စုံနေရန်လည်း လိုအပ်ပေသည်။ ထို့အပြင် လူမျိုးစုတစ်စုချင်းစီမှစ၍ နိုင်ငံသားများအားလုံးသည် ‘ငါတို့က မြန်မာနိုင်ငံသားဖြစ်တယ်၊ ဘာလူမျိုးဖြစ်ဖြစ် အကုန်တန်းတူပဲဖြစ်တယ်’ ဟူသည့် ခံစားမှုမျိုးရနိုင်သည့် နိုင်ငံတော်သစ်တစ်ရပ်ဖြစ်လာနိုင်ရန် လိုအပ်သည်။ ထိုနေရာတွင် တပါတည်းအားဖြင့် ပြည်သူအချို့၏ မသိမသာဝါဒမှိုင်းမိနေသော ဗမာလူမျိုးကြီးဝါဒကိုပါ စွန့်လွှတ်ပစ်နိုင်ရန်နှင့် အဖိနှိပ်ခံလူထုဘက်သို့ မျက်နှာမူ၍ စဥ်းစားတွေးခေါ်ရန်လိုအပ်လာသည်။ ထိုမှသာလျှင် လူမျိုးကြီးဝါဒကင်းစင်၍ လူမျိုးစုအားလုံးက ငါတို့နိုင်ငံတော်ဟု အမှန်တကယ်ခံယူနိုင်သော၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းဟူသည့် လောကပါလတရား (၃) ပါးနှင့် ပြည့်စုံသော၊ လူမျိုးစုအားလုံးမှ လက်သင့်ခံသော နိုင်ငံတော်သစ်တည်ဆောက်မှု ပုံစံအသစ်တစ်ခုကို ရှာဖွေတည်ဆောက်နိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ အပါအဝင် ဒီမိုကရေစီရေးအတွက် အသက်ပေးခဲ့ကြသော အာဇာနည်တို့၏ ပေးဆပ်မှုတို့အပေါ် လေးစားဦးညွတ်လျက် ကျွန်ုပ်တို့ ကျောင်းသားသမဂ္ဂများနှင့်အတူ ကျောင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် အချို့သော အတွေးအမြင်ဟောင်းများကို စွန့်လွှတ်ကာ နိုင်ငံတော်သစ်ဆီသို့ အတူတကွစုရုံးချီတက်ကြရန် အထူးတိုက်တွန်းအပ်ပါသည်။
(ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ
(တကသများ-ရန်ကုန်)၏ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီမှ ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း (၃၄)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖော်ပြခဲ့ဖူးသောဆောင်းပါးအား ပြန်လည်ပြင်ဆင်ဖြည့်စွက်ကာ ထပ်မံဖော်ပြခြင်းဖြစ်ပါသည်)
13/03/2025
ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၇) နှစ်ပြည့် နှစ်ပတ်လည်နေ့သို့ တကသများ-ရန်ကုန်မှ ပေးပို့သော သဝဏ်လွှာ
08/03/2025
စစ်အာဏာသိမ်းစအချိန်မှသည် ယနေ့ စစ်အာဏာရှင်တိုက်ပွဲအမြင့်ဆုံးအချိန်အထိ တော်လှန်ရေးခရီးကြမ်းအတွင်း ကျရာနေရာ အခန်းကဏ္ဍမှပါဝင်လျက်ရှိသော ကျောင်းသားလက်ရုံးတပ်တော်မှ အမျိုးသမီးရဲဘော်များ။
08/03/2025
စစ်အာဏာရှင်တော်လှန်ရေးအတွင်း ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသော အမျိုးသမီးများသာမက သမိုင်းတလျှောက် လူထုလွတ်မြောက်ရေးနှင့် ဒီမိုကရေစီအရေးတို့အတွက် တိုက်ပွဲဝင်ခဲ့၊ ပေးဆပ်ခဲ့ကြသော အမျိုးသမီးအပေါင်းကို ကျွန်ုပ်တို့ တကသများ-ရန်ကုန်/ကျောင်းသားလက်ရုံးတပ်တော်မှ လေးစားစွာဂုဏ်ပြုဦးညွတ်အပ်ပါတယ်။
06/03/2025
◾စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသည့် ပြည်သူများအား တကသများရန်ကုန်/ကျောင်းသားလက်ရုံးတပ်တော်တို့မှ သွားရာက်ကူညီ။
မတ် ၆၊ ၂၀၂၅။
ဘုတလင်မြို့နယ်အတွင်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသည့် ပြည်သူများအား တကသများရန်ကုန်/ကျောင်းသားလက်ရုံးတပ်တော်တို့မှ ဆန်နှင့်စောင်များ သွားရောက်ကူညီခဲ့သည်။
01/02/2025
◾ယနေ့ ဖေဖော်၀ါရီ ၁ရက်၊ ၂၀၂၅တွင် စစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေး ၄နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တော်လှန်ရေး နယ်မြေတစ်နေရာတွင်တကသများ-ရန်ကုန်က ဦးဆောင်၍ လူထုနှင့်အတူ မီးထွန်းခြင်း၊ ကျောက်တုံးများပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင် ရေး စာသားများ၊ တော်လှန်ရေး အတွင်း ကျဆုံးခဲ့ရသော ရဲဘော်များ၏ အမည်နာမများအား ရေးသားခြင်း၊ လူထုကို အသိပညာပေးခြင်းနှင့် ဆွေးနွေးစကားပြောခြင်းများကို ပြုလုပ်ခဲ့သည်။
#တကသများရန်ကုန်
01/02/2025
◾ စစ်အာဏာသိမ်းမှုအား တော်လှန်သည့်လေးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုသပိတ်ပြုလုပ်။
ရက်စွဲ ။ ။ဖေဖော်ဝါရီ ၁ ၊ ၂၀၂၅။
စစ်အာဏာသိမ်းမှုအား တော်လှန်ခဲ့ကြသည့် လေးနှစ်ပြည့်အထိမ်းအမှတ်အဖြင့် တကသများရန်ကုန်နှင့် မဟာမိတ်အင်အားစုများပူးပါင်းကာ လူထုသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
လူထုလှုပ်ရှားမှုသပိတ်ကို ဘုတလင်မြို့နယ်၊ကျေးရွာ နှစ်ရွာမှာ ပြုလုပ်ခဲ့ပြီး ပူး ပေါင်းပါ၀င်သည့် ပြည်သူလူထုနှင့်အတူ ချီတက်ခဲ့ကြသည်။
အဆိုပါသပိတ်စစ်ကြောင်းကို တကသများ-ရန်ကုန်၊
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ(ဗကသ)၊
ဒေါင်းရာဇာပင်မသပိတ်၊ရွာဇော်ကြီးတို့နှင့် ပူး ပေါင်း ဖော်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
#တကသများရန်ကုန်