03/06/2026
မိုးကောင်းမှာ KIA က လုပ်ငန်းရှင်တွေကို ဆင့်ခေါ်ပြီး ဆက်ကြေးကောက်
Homeland News Agency၊ ဇွန် ၃၊ ၂၀၂၆
မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာအုပ်စု ပြွန်သုံးလုံးကျေးရွာရှိ လုပ်ငန်းရှင်တွေကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ဆက်ကြေးပေးဆောင်ဖို့ မေလ ၃၀ ရက်နေ့ ရက်စွဲ နဲ့ စာပို့အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီအကြောင်းကြားဆင့်ခေါ်စာကို ဆောင်းခါအုပ်ချုပ်ရေးမှူးကိုယ်တိုင်လာရောက် ပို့ဆောင်တာဖြစ်ပြီး ဇွန်လ ၁ ရက် မနက် ၁၀ နာရီမှာ ဆောင်းခါတိုက်နယ်၊ တိုက်နယ်အုပ်ချုပ်ရေးရုံးသို့ မပျက်မကွက် လာရောက်တွေ့ဆုံဖို့ ရေးသားဖော်ပြထားပါတယ်။
ဒေသခံတစ်ဦးက “ဒီဆင့်ခေါ်စာက သူတို့ ဆက်ကြေးကောက်ဖို့ခေါ်တာ၊ ရွာထဲက ဆန်စက်၊ ဆီစက်၊ ထွန်စက်၊ ရိတ်ခြွေစက်၊ စပါးတိုက်တဲ့ ထော်လာဂျီ အသေးအကြီး အကုန်လုံးကို ဆက်ကြေးကောက်နေတာ၊ လယ်သမားတွေက စိုက်ပျိုးစရိတ်က တနှစ်ထက်တနှစ် ကုန်ကျစရိတ်က ပိုများလာတယ်၊ ပိုကျပ်တည်းလာကြတော့ မပေးချင်ကြတော့ဘူး”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာလည်း ထွန်စက်၊ ရိတ်ခြွေစက်၊ ဆီဆိုင်၊ ဆန်စက်၊ ဆီစက် စတာတွေကို ၁၀ သိန်းကျပ်စီ ကောက်ခံတာဖြစ်ပြီး လုပ်ငန်းအမျိုးအစားအလိုက် အမျိုးမျိုး ကောက်ခံနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက” KIA က ငြိမ်းချမ်းရေးယူစဥ်ကာလမှာလဲ ဆက်ကြေးက ကောက်နေတာ၊ ပြည်သူတွေက အသက်အန္တရာယ်ခြိမ်းခြောက်ခံရတာတွေ၊ ကိုယ့်လုပ်ငန်းပျက်စီးဆုံးရှုံးမှာစိုးလို့ ကြောက်လို့သာ ပေးဆောင်နေကြရတာ” လို့ပြောပါတယ်။
အလားတူ မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက်မှာလည်း အိမ်ဆောက်ထားတာ ၃ နှစ်လောက်ရှိပေမယ့်လည်း ဆက်ကြေးပေးဆောင်ဖို့ အိမ်ပိုင်ရှင်ကို ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့ ရက်စွဲနဲ့ ဆင့်ခေါ်စာ ပို့ခဲ့တယ်လို့ သိရပါတယ်။
မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီးဒေသအပါအဝင် ၎င်းတို့ လှုပ်ရှားရာ ဒေသအသီးသီးမှာ လုပ်ငန်းရှင်တွေကို KIA က ဆက်ကြေး နဲ့ ထောက်ပံ့ကြေးဟုဆိုကာ နှစ်စဉ်မတရားကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Website - https://homelandnewsmm.com/
YouTube - https://www.youtube.com/-7
Telegram - https://t.me/+InLvdXLY8MdmNzE1
03/06/2026
အင်းတော်ကြီးဒေသက ကျေးရွာချင်းဆက် လမ်းပိုင်းတွေကို KIA က ရက်အကန့်အသတ်မရှိပိတ်ပင်
=============
ဇွန် ၃၊ မိုးညှင်း
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ KIA ထိန်းချုပ်ထားတဲ့လမ်းပိုင်းတစ်ချို့ကို စစ်ရေးအခြေနေအရ ယာယီပိတ်ထားမှာ ဖြစ်တယ်လို့ KIAတပ်မဟာ(၉)၊ တပ်ရင်း (၂၆) က မနေ့က ဇွန်(၂) ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
လမ်းပိုင်းတွေမှာ KIA+PDF နဲ့ စစ်တပ်တို့ရဲ့ အပြန်အလှန်ပိတ်ဆို့ထားမှုတွေကြောင့် ဒေသခံတွေက ခရီးသွားလာရေးနဲ့ ကုန်စျေးနှုန်းကြီးမြှင့်မှုဒဏ်ကို ခံစားရတာ တစ်နှစ်ကျော်ကြာမြင့်လာနေပြီလည်းဖြစ်ပါတယ်။
KIA+PDF ပူးပေါင်းတပ်တွေက အင်းတော်ကြီးအနောက်ဘက်ကမ်းက ညောင်ပင်လမ်း ၊ အရှေ့ကမ်းက အင်းသာမှချောင်းဝလမ်းပိုင်းအထိ ယာဉ်သွားလာခွင့်အားလုံးကို ပိတ်ပင်လိုက်တာလည်းဖြစ်ပါတယ်။
ဒေသခံပြည်သူများ ခရီးသွားလာတာ ၊ ဆိုင်ကယ် ၊ အိမ်စီးကား ၊ ယာဉ်ကြီး၊ ယာဉ်ငယ်နဲ့ ကုန်တင်ကားတွေ အားလုံး ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ရဘူးလို့ဆိုပါတယ်။
ဒါ့အပြင် ဟိုပင်လမ်းပိုင်း ၊ ချောင်းဝ နဲ့ ညောင်ပင် စတဲ့နေရာတွေကို အလားတူပိတ်ထားမှာဖြစ်တယ်လို့ မေ (၃၁) ရက်နေ့ကလည်း ကချင်ဘာသာနဲ့ ထုတ်ပြန်ခဲ့ပါသေးတယ်။
အင်းတော်ကြီးဒေသအတွင်းမှာ KIA+PDF ပူးပေါင်းတပ်တွေက အင်းအရှေ့ကမ်း နမ့်မော်ကန်ကျေးရွာကနေ အင်းမြှီး နဲ့ အနောက်ဘက်ကမ်း ဟဲပန်လမ်းခွဲမှ ဖားကန့်မြို့နယ်စပ်အထိ ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။
KIA+PDF တို့ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကနေ မိုးညှင်းနဲ့ ဟိုပင်မြို့များသို့ သွားရောက်နိုင်တဲ့လမ်းပိုင်းအားလုံးကိုလည်း ပိတ်ပင်ခံထားရတာ လေးလကျော်ရှိလာနေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြစ်ကြီးနားမြို့ကို လာတဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးပါ စစ်ယာဉ်တန်းကို ကချင်ပြည်နယ်အဝင်က နန့်စီးအောင်ကျေးရွာ အနီးဝန်းကျင်လောက်မှာ KIA+PDF တပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပေမယ့် မြစ်ကြီးနားကို ယာဉ်အားလုံးရောက်ရှိခဲ့တာပါ။
လက်ရှိမှာ ကချင်ပြည်နယ်အတွင်း ဖားကန့်မြို့နယ်နဲ့ ရွှေကူမြို့နယ်များမှာ တိုက်ပွဲများပြင်းထန်နေပြီး ဝိုင်းမော်နဲ့ ဗန်းမော်ဘက်တွေလည်း ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများ နေ့စဉ်ရှိနေတယ်လို့သိရပါတယ်
https://www.shannivoice.com/အင်းတော်ကြီးဒေသအတွင်းက/
#ထိုင်းဝန်ကြီးချုပ်ဟောင်း #အင်းတော်ကြီး
#အင်းတော်ကြီးဒေသ
#ကျေးရွာချင်းဆက်လမ်းပိတ်
#လမ်းသွားလာမှုကန့်သတ်
#ဒေသခံသတင်း
#ကချင်ပြည်နယ်
#မိုးညှင်းခရိုင်
#ခရီးသွားလာမှုအခက်အခဲ
#ဒေသတွင်းလုံခြုံရေး
03/06/2026
မကွေးနဲ့ စစ်ကိုင်းက EPC ရုံးမန်နေဂျာ၊ ကျောင်း ဆရာမနဲ့ အရပ်သားတယောက်တို့ကို လက်နက် ကိုင်အဖွဲ့က ဖမ်းဆီးသွား
ဇွန် ၃ ၊ ၂၀၂၆
CC (VOM)
မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းထဲက လျှပ်စစ်ရုံးမန်နေဂျာ ၊ကျောင်းဆရာမ အပါအဝင် လူသုံးယောက်ကို ဒေသတွင်းလက်နက်ကိုင် အဖွဲ့က ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၁ ရက်နေ့မှာ အဆိုပါ သုံးယောက်လုံးကို ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးသွားပြီးနောက် မန်နေဂျာနဲ့ ကျောင်းဆရာမ တို့နှစ်ယောက်က အဆက်အသွယ်ပြတ်နေပြီး ကျန်တယောက်ကတော့ အသတ်ခံခဲ့ရတယ်လို့ သိရပါတယ် ။
မကွေးမြို့နယ်လျှပ်စစ်ရုံးမှ မန်နေဂျာဖြစ်သူ ဦးအောင်ကျော်ကျော်ဟာ ဇွန် ၁ ရက်နေ့၊ နေ့လယ်ပိုင်းမှာမကွေးမြို့ကနေ မကြီးကုန်းကျေးရွာကို မကွေး-ကံပြား-မြို့သစ်-နတ်မောက်လမ်းအတိုင်း ကားနဲ့သွားလာစဥ် မကြီးကုန်းကျေးရွာအနီးအရောက်မှာ ဒေသတွင်းလက်နက်ကိုင် အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။
" EPC ရုံးက မန်နေဂျာကို ဖမ်းသွားတာဟုတ်တယ်။ ကားရော လူရောခေါ်သွားတာ။ ခုထိတော့ ပြန်ရောက်တဲ့အသံလည်း မကြားမိသေးဘူး ။ဘာလို့ ဖမ်းလည်း၊ဘယ်အဖွဲ့က ဖမ်းတယ်ဆိုတာလည်းသေချာမသိပါဘူး ။ တာဝန်ရှိတွေတော့ လိုက်နေကြတယ်။ "လို့ လျှပ်စစ်ရုံးနဲ့နီးစပ်တဲ့ ဒေသခံက ပြောပါတယ်။
အလားတူ ဇွန် ၁ ရက်နေ့ ၊ ည ၆ နာရီလောက်မှာ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာနေ အခြေခံပညာအထက်တန်းကျောင်းခွဲ (ခင်မွန်) မှ ဒုတိယမူလတန်းပြဆရာမ ဒေါ်ခင်နှင်းကိုလည်း နေအိမ်အထိဝင်ရောက်ပြီး ဒေသတွင်းလက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ် ။
စစ်ကိုင်းမြို့ပေါ် ၊ အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့ ဦးဆန်းဦးကိုလည်း လက်နက်ကိုင်အဖွဲ့တွေက နေအိမ်အထိလာရောက် ဖမ်းဆီးပြီး ရွှေ ၈ ကျပ်သား ၊ ငွေသား ၁၇ သိန်း ၊ ဖုန်း ငါးလုံးကိုပါ ယူဆောင်သွားပြီး ဦးဆန်းဦးကိုတော့ လမ်းမှာ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် မေလအထိ ကာလအတွင်းတုန်းကလည်း အစိုးရဝန်ထမ်းတွေဖြစ်တဲ့ ကျောင်းဆရာမ ၊ အင်ဂျင်နီယာ ၊ အုပ်ချုပ်ရေးမှူး အပါအဝင် စတဲ့ အစိုးရဝန်ထမ်းတွေကို ဒေသတွင်းလက်နက်ကိုင် အဖွဲ့က ဖမ်းဆီးခဲ့တာရှိသလို သတ်ဖြတ်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
ဓာတ်ပုံ - CJ
#မကွေး #စစ်ကိုင်း #ချောင်းဦး #လျှပ်စစ်မန်နေဂျာ #ဆရာမ #အဖမ်းခံရ #ဒေသတွင်းလက်နက်ကိုင်
03/06/2026
မုတ်သုံလေ အားကောင်းလာတဲ့အတွက် မြန်မာနိုင်ငံ တောင်ပိုင်းစွန်းနဲ့ မြောက်ပိုင်းစွန်းတွေမှာ မိုးပိုလာနိုင်
ဇွန် ၃ - ၂၀၂၆
SN (VOM)
မုတ်သုံလေ အားကောင်းလာတဲ့အတွက် အခု ဇွန်လ ၅ ရက်နေ့ နောက်ပိုင်းကစပြီး မြန်မာနိုင်ငံ တောင်ပိုင်းစွန်းနဲ့ မြောက်ပိုင်းစွန်း ဒေသတွေမှာ လက်ရှိအနေအထားထက် မိုးပိုလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
“မိုးအရမ်းများမှာတော့ မဟုတ်ဘူး။ အခု ရွာနေတဲ့ အနေအထားထက်ကို မိုးပိုလာမှာ။ တအားကြီး၊ အများကြီးရွာမယ့် အနေအထားမျိုးတော့ မဟုတ်ဘူး။ အဓိက ကတော့ မိုးဦးကာလ ရောက်လာပြီဆိုတော့ မိုးနည်းနည်းလေး များလာပြီ။ ဒါကြောင့် မြစ်ငယ်၊ ချောင်းငယ်တွေမှာ ရေတက်လာမယ့် အနေအထားမျိုးတွေ သတိပြုဖို့လိုတယ်။ ပြီးတော့ အလယ်ပိုင်းဒေသက ချောင်းခြောက်တွေဆိုရင်လည်း မိုးနည်းနည်းလောက် ရွာလိုက်တာနဲ့ တောင်ကျချောင်းရေ စီးဆင်းတတ်တာမျိုးတွေ ရှိနိုင်တယ်။ ဒါမျိုးတွေလည်း သတိပြုဖို့လိုတယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ အခု ဇွန်လ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်အရ အနောက်တောင်မုတ်သုံလေဟာ ဇွန် ၁ ရက်နေ့မှ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံတဝန်းလုံးကို ဝင်ရောက်နိုင်ပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အားအသင့်အတင့်မှ အားကောင်းနိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာ အနောက်တောင် မုတ်သုံလေဟာ တနိုင်ငံလုံးကို ဝင်ရောက်တော့မယ့် အနေအထားမျိုး ဖြစ်သလို၊ မိုးဦးကာလလည်း ဖြစ်တဲ့အတွက် လေထု မငြိမ်မသက်မှုတွေ ရှိနေနိုင်တာကြောင့် ရံဖန်ရံခါမှာ နေ့ဘက်မှာပူပြီး အပူပျံတက်တိမ်တွေ ဖြစ်ထွန်းကာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နိုင်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မိုးတိမ်တောင်တွေ ဖြစ်ပေါ်လာပါက လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း အစရှိတဲ့ ဖြစ်စဉ်တွေကို သတိပြုဖို့လိုသလို တခါတရံ မိုးတိမ်တောင် အားအရမ်းကောင်းလာပါက မိုးနဲ့အတူ လေပြင်းပါ ပါလာနိုင်ပြီး လေပြင်းတိုက်တဲ့ ဖြစ်စဉ်မျိုးတွေ ရှိလာနိုင်တယ်လို့ သူက ပြောပါတယ်။
“နောက်တချက်ကတော့ မြစ်ကမ်းဘေး၊ ချောင်းဘေးနားနေတဲ့ ပြည်သူတွေအနေနဲ့လည်း မြစ်ရေက ပြန်လည်မြင့်တက်တဲ့ကာလ ရောက်လာပြီဖြစ်တဲ့အတွက် အထူးသတိပြုပြီးတော့ နေထိုင်ဖို့လိုတာပေါ့။ တချို့ကလည်း ဒီအချိန်မှာ မြစ်ထဲ၊ ချောင်းထဲက သဲသောင်တွေမှာ နေထိုင်နေကြတဲ့သူတွေရှိတယ်။ မြစ်ကမ်းနံဘေးမှာ နေတဲ့သူတွေရှိတယ်။ ဒီလူတွေအနေနဲ့ ရုတ်တရက် ရေမြင့်တက်လာနိုင်တဲ့ ဘေးအန္တရာယ်ကို ကြိုတင် သတိပြုဖို့လိုတယ်။ မြစ်ငယ်၊ ချောင်းငယ်တွေက ရေအတက်အကျလည်း မြန်တာဆိုတော့ ဘေးအန္တရာယ်ကင်းတဲ့ နေရာတွေမှာပဲ နေထိုင်ကြဖို့လိုတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် မိုး/ဇလဌာနရဲ့ အခု ဇွန်လ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်မှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်းတိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ အသိပေးထားသလို ဇွန်လ (ပထမ) ဆယ်ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်မှာလည်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း တကြိမ် ဖြစ်ပေါ် နိုင်တယ်လို့ အသိပေးထားပါတယ်။
“မုန်တိုင်း ဖြစ်လာနိုင်ခြေက လက်ရှိတော့ မတွေ့ရသေးဘူး။ ဇွန် ၉ ရက်၊ ၁၀ ရက်လောက်မှာတော့ အိန္ဒိယနိုင်ငံ ကုန်းပေါ်မှာပဲ ဖြစ်နိုင်ခြေတွေ့ရတယ်။ သူကတော့ အချိန်နဲ့အမျှ ပြောင်းနိုင်တဲ့ အနေအထားမျိုးရှိတယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
ဒါအပြင် မုတ်သုံ အဝင်ကာလနဲ့ မုတ်သုံအထွက် ကာလတွေမှာ လေထုမငြိမ်မသက်မှုတွေ ဖြစ်ပေါ်ကာ လျှပ်စီးလက်၊ မိုးကြိုးပစ်တဲ့ ဖြစ်စဉ်မျိုးတွေ ပိုပြီး အဖြစ်များတတ်တယ်လို့ သိရပြီး လက်ရှိအချိန်မှာ အပူချိန် မြင့်တက်တာတွေလည်း ရှိနေသလို ဘင်္ဂလားပင်လယ်အော်ကလာတဲ့ ရေခိုးရေငွေ့တွေလည်း ရှိနေတဲ့အတွက် မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေနိုင်တာကြောင့် သတိပြုဖို့လိုတယ်လို့ သူက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ ဇွန်လ လပတ်အတွက် မိုးရွာသွန်းမှုအခြေအနေ ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ သိရပါတယ်။
မိုးရွာရက်အနေနဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်းနဲ့ တောင်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၂၂ ရက်မှ ၂၈ ရက်ခန့်၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ၁၆ ရက်မှ ၂၁ ရက်ခန့်နဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း (အောက်ပိုင်း) တို့မှာ ၁၀ ရက်မှ ၁၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။
ဇွန်လ (ပထမ) ဆယ်ရက်ပတ်အတွက် မိုးရွာသွန်းမှုအခြေအနေ ခန့်မှန်းချက်အရ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။
မိုးရွာရက်အနေနဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ ၈ ရက်မှ ၁၀ ရက်ခန့်နဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ ၅ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ သိရပါတယ်။
Photo - DMH
#မုတ်သုံလေ #မိုးတိမ်တောင် #လျှပ်စီးလက် #မိုးကြိုးပစ်မှု #မြစ်ရေ #ချောင်းရေ #မြင့်တက်မှု
03/06/2026
မြန်မာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်ကျားဖြန့်လုပ်ငန်းတွေ ခြေကုပ်ယူတဲ့နေရာအဖြစ် ကမ္ဘာတလွှားသတင်းဖော်ပြခံနေရချိန်မှာပဲ အွန်လိုင်းလိမ်လည်မှုကို သေဒဏ်နဲ့ ထောင်တသက်အထိ ချမှတ်နိုင်မယ့် ဥပဒေမူကြမ်းကို နေပြည်တော် ပြည်ထဲရေးက လွှတ်တော်ကို ဒီနေ့ တင်လိုက်ပါတယ်။
အခုတော့ ဒီဥပဒေမူကြမ်းကို ပြန်လည် ပြင်ဆင်ပြီး နေပြည်တော် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ဒီကနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အဆိုအဖြစ် တင်လိုက်တာဖြစ်ပါတယ်။
ပစ်မှုထင်ရှားသူကို အမိန့်တရပ်ထက် ပိုပြီး တရားရုံးက အမိန့်ချမှတ် နိုင်တယ်လို့ ပြင်လိုက်တာ၊ သံသယရှိသူတွေကို နိုင်ငံသားစိစစ်ရေးကတ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးအတည်ပြုရုံတင်မက UID ကဒ်တွေ နဲ့ စစ်ဆေးအတည်ပြုတာ၊ အွန်လိုင်းကနေ တိုက်ရိုက်စစ်ဆေးအတည်ပြုတာတွေပါလုပ်နိုင်တယ်လို့ ဒီမူကြမ်းမှာ ပြင်ဆင်ထားပါတယ်။
ဒီသတင်းအပြည့်အစုံနဲ့အတူ ဇွန်လ ၃ ရက် သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို https://www.bbc.com/burmese/live/c1m2d5702n5t နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ကျားဖြန့် #အမျိုးသားလွှတ်တော်
03/06/2026
နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက မနက်ဖြန် ဇွန် ၄ ရက်မှာ တရုတ်သွားဖို့ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
သူ့ရဲ့ တရုတ်ခရီးစဉ်ဟာ ဇွန်လ ၄ ရက်ကနေ ၆ ရက်အထိ ၃ ရက်ကြာမှာဖြစ်ပါတယ်။
နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရဲ့ တရုတ်ခရီးစဉ်ဟာ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ် အပြီးမှာ ထွက်ပေါ်လာတာပါ။
ဒီသတင်းအပြည့်အစုံနဲ့အတူ ဇွန်လ ၃ ရက် သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို https://www.bbc.com/burmese/live/c1m2d5702n5t နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #တရုတ် #မြန်မာ #နေပြည်တော်
03/06/2026
မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖြစ်တဲ့ ရေးဘီးလူးတပ်ဖွဲ့ အခြေစိုက်စခန်းလို့ ယူဆရတဲ့နေရာအနီးတဝိုက်ကို စစ်တပ်က ဒီနေ့ နံနက် ၁ နာရီ လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီအကြောင်းသိတဲ့မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
“Y-12 လေယာဉ်နဲ့ ကြဲသွားတာ ဖြစ်နိုင်ပါတယ်။ ထိခိုက်မှု နည်းတယ်။ ခြံထဲကို ကျသွားတာ။ ခြံသမား တစ်ယောက်တော့ ဆုံးသွားတယ်” လို့ သူက ပြောပါတယ်။
ဒါဟာ စစ်တပ်က ရေးဘီလူးရှိတယ်လို့ ယူဆရတဲ့နေရာကို တစ်ပတ် အတွင်း ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုဖြစ်လာပါတယ်။
ဒီသတင်းအပြည့်အစုံနဲ့အတူ ဇွန်လ ၃ ရက် သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို https://www.bbc.com/burmese/live/c1m2d5702n5t နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #မွန်ပြည်နယ် #ရေးမြို့နယ် #ရေးဘီလူး