𝐓𝐡𝐞 𝐑𝐞𝐚𝐝𝐞𝐫'𝐬 𝐁𝐚𝐠

𝐓𝐡𝐞 𝐑𝐞𝐚𝐝𝐞𝐫'𝐬 𝐁𝐚𝐠

Share

Reader's collection

21/07/2025

▪️လွမ်းဆွတ်ခြင်း

ဆရာ မောင်သာချိုရေးသားခဲ့သော “ဆရာကြည်အောင် အမြန်ပြန်လာပါ” ဆောင်းပါးကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့က ကွယ်လွန်ခဲ့သည့် ဆရာ မောင်သာချိုကို လွမ်းဆွတ်ခြင်းအားဖြင့် ပြန်လည် ဖော်ပြလိုက်ပါသည်။

▪️ဆရာကြည်အောင် အမြန်ပြန်လာပါ
▪️မောင်သာချို

(တစ်)

ဟိုး… လွန်ခဲ့တဲ့ လေးငါးနှစ်ဆီက ကျွန်တော်ရယ်၊ ဆရာကြည်အောင်ရယ် မြစ်ဝကျွန်းပေါ်ဘက်ကို ခရီးထွက်ဖြစ်ကြတယ်။ ဗညားဒလ ဆိုတဲ့ သင်္ဘောကြီးနဲ့။ ကျွန်တော်တို့ အစ်ကိုကြီး ကိုသွေးသစ်စကားနဲ့ ပြောရရင်…
“မြောင်းမြ ပုသိမ်… ချစ်သူတို့အိမ်” ကို သွားတဲ့ခရီးပါ။ ဗညားဒလကြီးက တိုးမြစ်၊ ရွေးမြစ် ရေးစီးညစ်ညစ်ကြီးတွေကို ထိုးခွဲလျက်။ လကလဲ သာလျက်။ ငွေမင်စွန်းကွက်နေ တဲ့ မြစ်ပြင်ပေါ်မှာ ကျွန်တော်တို့ အိပ်မရတော့ပါဘူး။ သည်လိုနဲ့ပဲ မြစ်များရဲ့ လရောင် အောက်မှာ ကဗျာမှော်ရုံတောဆီကို အလည်သွားမိခဲ့ကြပါတော့တယ်။
ဆရာ ကြည်အောင်ရဲ့ ကဗျာတွေကို အခြေခံပြီး ဆရာကြည်အောင်က ပုန်းလိုက်၊ ကျွန်တော်က ရှာလိုက်၊ ကျွန်တော်က ရှာလိုက်၊ ဆရာကြည်အောင်က ပုန်းလိုက်နဲ့ပါပဲ။ ဆရာကြည်အောင်က ပြောပါတယ်။
“ပုန်းသူက ပုန်းပေမယ့်… ရှာသူရှိမှ အရသာရှိတာ ကိုသာချိုရဲ့” တဲ့။
ပုန်းသူတွေကို ကျွန်တော်တို့ ရှာရပေတော့မယ်။

◽

(နှစ်)

နေမင်းရဲ့ အလင်းရောင်အောက်မှာ ညမွှေးပန်းကလေးတွေ ပုန်းကြရမယ်။ မိုးကို ရောက်ပြီဆိုတာနဲ့ ပိတောက်ကလေးတို့ ပုန်းကြရမယ်။ နွေကိုဝင်ပြီဆိုတာနဲ့ သဇင်ပန်း တို့ ပုန်းကြရမယ်။ မင်းအဖြစ် ငြင်းဆိုတဲ့ တေမိမင်းသားရဲ့ နှုတ်ဖျားမှာ စကားသံတွေ ပုန်းနေကြမယ်။ လယ်မြေပပ်ကြား အက်အက်တွေကြားမှာ မိုးကြိုတေးကို ဆိုမယ့် ကိုရွှေဖားတို့ ပုန်းနေကြမယ်။
ကျွန်တော်ကတော့ ပုန်းတယ်ဆိုတာကို ကျောခိုင်းသွားခြင်း၊ ဇာတ်မြှုပ်သွားခြင်းလို့ပဲ ခံစားနေရပါတော့တယ်။

◽

(သုံး)

ပုန်းကြ၊ ကွယ်ကြ၊ ကျောခိုင်းသွားကြ၊ ဇာတ်မြှုပ်သွားကြခြင်းတွေမှာ ခိုင်မာသော နောက်ခံ အကြောင်းအချက်တွေဖြင့် ရှိကြပေလိမ့်မယ်။
ချစ်သူရှိရာ နေရာဒေသကို မလာတော့ပါဘူးဆိုတဲ့ အဆိုတော်ကြီး တွံတေးသိန်းတန်က တော့ မကြင်နာလို့တော့ မဟုတ်ပါဘူး၊ မယှဉ်သာလို့ ဆုတ်ခွာသူ တစ်ဦးရယ်ပါဆိုပြီး အကြောင်းပြတယ်။ ဟိုး… ရွာငယ်ဇနပုဒ်ကလေးမှာ ရက်ကန်းသည်အဖြစ်နဲ့ သွားရောက် ဇာတ်မြှုပ်တဲ့ ဆိုင်းလတ်စ်မာနာကြီးကတော့ လူမှုရေးဖောက်ပြန်မှုတွေကို ရွံ့မုန်းလို့ဆိုပြီး အကြောင်းပြတယ်။
မြန်မာဂန္ထဝင်မှာ အထင်ရှားဆုံး ဇာတ်မြှုပ်သူ၊ တစ်နည်းအားဖြင့် ပုန်းသူကတော့ မဟော်သဓာပါပဲ။ မဟော်သဓာဆိုတာ မိထီလာပြည် ဝိဒေဟရာဇ်မင်းကြီးရဲ့ ပညာရှိပေါ့။
အဲသည်မှာ သေနက၊ ပက္ကုသ၊ ကာမိန္ဒ၊ ဒေဝိန္ဒ ဆိုတဲ့ သူတွေကလဲ မင်းကြီးရဲ့ ပညာရှိ လေးဦးပါပဲ။ ဒါပေမဲ့ ကွာတာက မဟော်သဓာက တကယ့်ပညာရှိ။ တိုင်းပြည်ကို တည် ဆောက်မယ့် ပညာရှိ။ ကျန်တဲ့ လေးယောက်က ဘာမှ စွမ်းရည်သတ္တိမရှိတဲ့ ပညာရှိ မည်ကာမတ္တ။ ဒါပေမဲ့ လောကရဲ့ သဘောဝအတိုင်း အဲသည်လေးယောက်က အားသာပြီး မဟော်သဓာက အားနည်းခဲ့တယ်။
တစ်နေ့သားမှာတော့ သေနက မင်းကြီးရဲ့ ပတ္တမြားဆံကျင်ကို ခိုးတယ်။ ပက္ကုသက ရွှေပန်းကုံးကို ခိုးတယ်။ ကာမိန္ဒက ကမ္ဗလာကို ခိုးတယ်။ ဒေဝိန္ဒက ရွှေခြေကျင်းကို ခိုးတယ်။ ပြီးတော့ ဥပါယ်တံမျဉ်နဲ့ မဟော်သဓာအိမ်ကို ပို့တယ်။ မဟော်သဓာက သူခိုး ဖြစ်တယ်။
ဒါပေမဲ့ အမှားက အားသန်ပြီး အမှန်က အားနည်းနေလေတော့ မဟော်သဓာ ရှောင်ပြေးရ တယ်။ တောင်မဇ္ဈဂုံးရွာကို သွားပြီး အိုးထိန်းသည်တစ်ယောက်ဆီမှာ အိုးဖုတ်လို့ ဇာတ် မြှုပ်နေခဲ့ရတယ်။ အမှန်တရားအတွက် မြို့တော်ကို စွန့်ခွာခဲ့ရတယ်။
ဆရာ ကြည်အောင်က သူလဲ ဇာတ်မြှုပ်ခဲ့ပါတယ်တဲ့။ ဒါပေမဲ့ မဟော်သဓာလိုတော့ မဟုတ်ပါဘူးတဲ့။ သည်လို ဖွဲ့ဆိုပါတယ်။

ကျွန်ုပ်
ဇာတ်မြှုပ်နေတယ်။
ရိုးရိုးကုပ်ကုပ်နဲ့
အပိုးအထုပ်နဲ့ တော်ရာလျော်ရာမှာ
အိုးလုပ်တဲ့ မဟော်သဓာလိုလား။
မဟုတ်
ကျွန်ုပ်
ဇာတ်မြှုပ်နေတယ်။

မြန်မာစာပေသမိုင်းကို ပြန်ကြည့်ရင် ကုန်းဘောင်ခေတ် ပထမပိုင်းမှာ ထင်ရှားခဲ့တဲ့ လက်ဝဲသုန္ဒရဆိုရင်လဲ ဇာတ်မြှုပ်နေခဲ့ရဖူးတယ်။ တစ်ခါက နန်းတွင်းမှာ ပြဿနာတစ်ခု ဖြစ်ပါတယ်။
မောင်အောင်ဒင်ဆိုတဲ့ လူပျိုတော်တစ်ယောက်နဲ့ မမိတ် ဆိုတဲ့ အပျိုတော်တစ်ယောက် ချိန်းတွေ့ကြရာက စတဲ့ ပြဿနာပါ။ အဲသည် အပျို လူပျို ချိန်းတွေ့မှုကို နန်းတော် အနောက်တံခါးစောင့်တွေက တွေ့မြင် ဖမ်းဆီးမိကြပါတယ်။ မောင်အောင်ဒင် လွတ်ပြေး ပြီး မမိတ်ကို မိတာပါ။ စစ်ဆေးကြည်တော့ မောင်အောင်ဒင်ဖြစ်ကြောင်း သိကြပါတယ်။ မောင်အောင်ဒင်ရဲ့ အကြီးအကဲက ဦးမြတ်စံခေါ် လက်ဝဲသုန္ဒရပါ။ သည်တော့ ဘုရင်က ဦးမြတ်စံခေါ် လက်ဝဲသုန္ဒရကိုခေါ်ပြီး မောင်အောင်ဒင်ကို ဖမ်းပေးဖို့ တောင်းဆိုပါတယ်။ ဒါပေမဲ့ ဦးမြတ်စံက ဖမ်းမပေးနိုင်ခဲ့ပါဘူး။
သည်မှာတင်ပဲ ဆင်ဖြူရှင်ဘုရင်မင်းတရား အမျက်ပွားပါတယ်။ မှားမှားမှန်မှန်။ လက်ဝဲသုန္ဒရနဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် ။ ကြီးကျယ်တဲ့ အမှု ဟုတ်ဟုတ် မဟုတ်ဟုတ်။ မဲဇာပို့စေ… တဲ့။ သည်လိုနဲ့ လက်ဝဲသုန္ဒရတစ်ယောက် လူမနီး သူမနီး မဲဇာတောကြီးထဲ ကို ရောက်ခဲ့ရတယ်။ ဘဝကို ဇာတ်မြှုပ်လို့ သိမ်ငယ်စွာ နေခဲ့ရတယ်။
ဆရာကြည်အောင်က သူဇာတ်မြှုပ်ခဲ့ရတာဟာ အဲသည် လက်ဝဲသုန္ဒရလို အဖြစ်မျိုးလဲ မဟုတ်ပါဘူးတဲ့။ သည်လို ဆက်ဖွဲ့တယ်။

မဲဇာ တောင်ခြေစွန်းဆီက
ပွဲခါညောင် အောင်မြေကွန်းဆီသို့
လွမ်းလှတယ်ဆိုတဲ့
စာဆိုရှင် လက်ဝဲသုန္ဒရလိုလား။
မဟုတ်
ကျွန်ုပ်
ဇာတ်မြှုပ်နေတယ်။

မြန်မာ့သမိုင်းစာရွက်တွေကို ပြန်လှန်တဲ့အခါ သခင်ကိုယ်တော်မှိုင်းဆိုတဲ့ နာမည်ကို ကြယ်တစ်ပွင့်၊ လတစ်ပွင့် တွေ့ရမှာပါ။ ဆရာကြီးဟာလဲ ဇာတ်မြှုပ်နေခဲ့ရဖူးပါတယ်။
အင်္ဂလိပ်အစိုးရက နံပါတ်(၁)ရန်သူဟာ သခင်ကိုယ်တော်မှိုင်းလို့ သတ်မှတ်ထားလေတော့ တရားမျှတစွာ လွတ်လပ်ရေးတောင်းဆိုလှုပ်ရှားခဲ့တဲ့ ဆရာကြီးဟာလဲ သထုံရောက် လိုက်၊ ဟင်္သာတရောက်လိုက်၊ မုတ္တမရောက်လိုက်။ နယ်ချဲ့ရဲ့လက်အောက်မှာ အမှန် တရားဟာ ဇာတ်မြှုပ်ပုန်းအောင်းရပေမယ်။
ဆရာကြည်အောင်ကတော့ သူဇာတ်မြှုပ်နေခဲ့ရခြင်းဟာ ဆရာကြီး မှိုင်းလိုလဲ မဟုတ်ပါ ဘူးလို့ ဆက်ဖွဲ့တယ်။

မုတ္တမ တောင်ခြေစွန်းဆီက
ရုက္ခ အောင်သပြေမွှမ်းပါလို့။
နရုတ္တမ လုပ်မကွဆိုပြီး
ဥက္ကဋ္ဌ ညောင်ရေသွန်းတဲ့
ဆရာကြီး သခင်ကိုယ်တော်မှိုင်းလိုလား။
မဟုတ်
ကျွန်ုပ်
ဇာတ်မြှုပ်နေတယ်။

ဒဿန ဆရာတွေက သည်ကနေ့ခေတ်ကို ကြည့်ပြီး လူသားရဲ့ တန်ဖိုး လျော့ကျ သွားသော ခေတ်ရယ်လို့ ဆိုကြပါတယ်။ ဒဿနဆရာကြီးတစ်ဦးကဆိုရင် လူတစ် ယောက်နဲ့ လူတစ်ယောက် ကြည့်တောတောင်မှ လူသားချင်း ကြည့်ကြတာ မဟုတ်ဘူး တဲ့။
ဝတ္ထု A က ဝတ္ထု B ကို ကြည့်ပုံမျိုးတဲ့။ ဆရာဝန်လား၊ အင်ဂျင်နီယာလား၊ စိန်ပွဲစား လား၊ လိုင်းကားထောင်စားသူလား၊ ငွေစာရင်းဖွင့်ထားသူလား၊ အရာရှိလား၊ လက်မှတ် ထိုးပေးနိုင်သူလား နောက်က ကပ်ပါလာတဲ့ အသုံးချ တန်ဖိုးချင်း လှမ်းကြည့်ကြတာတဲ့။ လူ့တန်ဖိုး အစစ်အမှန်ချင်း လှမ်းကြည့် ခေါ်ပြောကြပုံမျိုး မဟုတ်ဘူးတဲ့။
သည်တော့ စားဝတ်နေမှု အဝန်းအဝိုင်း၊ အဖွဲ့အစည်း၊ အသင်းအပင်းတွေကြားမှာ လူ့တန်ဖိုး ဆုံးရှုံးလျော့ကျသွားတယ်တဲ့။ အဲသည်ဆုံးရှုံးလျော့ကျသွားတဲ့ လူ့တန်ဖိုးကို ရချင်ရင် ယျေဘုယျ လူ့အဖွဲ့ပုံစံထဲကနေ ဝေးရာကို ပြေးပုန်းကြရပေမယ်။
ဆရာကြည်အောင်ကတော့ ကဗျာနဲ့ပဲ ဇာတ်မြှုပ်နေတော့မယ်လို့ သည်လို ဖွဲ့ဆိုပါ တယ်။ တော်ရာမှာ ကဗျာနဲ့ နေတော့မယ်… တဲ့။

စံပြု မြှင့်တင်ထားတဲ့
လူသားရဲ့ တန်ဖိုး
တမြတ်တနိုး
လက်မှတ်ထိုး စာချုပ်ချုပ်
ခေတ်ပေါ် အလင်္ကာကျမ်း
စာတစ်အုပ်နဲ့
ကျွန်ုပ်
ဇာတ်မြှုပ်နေတယ်။ ။

ဆရာကြည်အောင်ကတော့ ဇာတ်မြှုပ်သွားပါပြီ။ ကျွန်တော်ကတော့ ၁၉၇၉ ခုနှစ်၊ အောက်တိုဘာလ၊ မိုးဝေထဲက ဆရာ့ကဗျာ ပြန်ဖတ်ပြီး “ကျွန်ုပ် ဇာတ်မြှုပ်နေတယ်” ကို လွမ်းရသေးတော့တယ်။ ဆရာနဲ့ တွေ့ပြီး စကားတွေ ပြောချင်သေးတယ်။
နောက်ဆုံးတော့ မဟော်သဓာလဲ ဝိဒေဟရာဇ် နန်းရိပ်ကို ပြန်ခိုအိပ်ခွင့်ရတာပါပဲ။ လက်ဝဲသုန္ဒရလဲ ကုန်းဘောင် ထီးနန်း သူပြန်လွမ်းရတာပါပဲ။ ဆရာမှိုင်းလဲ မြို့ထဲပြထဲ ပြန်ခိုနွှဲရတာပါပဲ။ သည်တော့ ဆရာကြည်အောင်လဲ...။
ဆရာကြည်အောင် အမြန်ပြန်လာပါ ဆိုတဲ့ ဆန္ဒ သူ့ရဲ့ “ကျွန်ုပ် ဇာတ်မြှုပ်နေတယ်” ဖတ်အပြီးမှာ ကျွန်တော့်ရင်ကို လာရိုက်ခတ်ပါတယ်။ ။

◾
မောင်သာချို
အမှတ် ၁၀၆၊
ဩဂုတ်လ ၁၉၉၀ ခုနှစ်၊
ပေဖူးလွှာမဂ္ဂဇင်း။

Crd. Shwe Athit

14/07/2025

▪️ရွှေစကား
▪️ခေတ်ပြိုင်ခံစားမှု စာပေနည်းပညာ
▪️ဒဂုန်တာရာ

(က)

နည်းပညာဟူသော ဝေါဟာရကို စာပေအနုပညာများတွင် သုံးလေ့သုံးထမရှိပေ။ နည်းပညာ၊ အတတ်ပညာ၊ နိဿယဗေဒ စသည်ဖြင့် ကျွန်တော်သည် အလဲအလှယ်သုံးခဲ့သည်။ အဓိပ္ပာယ်ကတော့ အတူတူပင်ဖြစ်သည်။ နည်းပညာဟူသည်မှာ စက်မှုပညာ၊ စက်မှုလုပ်ငန်း၊ သိပ္ပံလုပ်ငန်း စသော ရေးရာ ကိစ္စများ၌ သုံးခဲ့သည်။ ယခုခေတ်ပြိုင်ခံစားမှု စာပေနည်းပညာဟု ဘာကြောင့် သုံးရသလဲ။

စက်မှုသိပ္ပံဘက်တွင် သုံးသောအခါ အဓိပ္ပာယ်မှာ ရှင်းရန်ပင်မလို။ နည်းပညာဟု ဆိုလိုက်လျှင်ပင် သိနိုင်သည်။ စာပေဘက်တွင် သုံးသောအခါ အဓိပ္ပာယ်မှာ ပြယ်သွားသည်မဟုတ်။ မူလ အဓိပ္ပာယ် အတိုင်းပင်ဖြစ်သည်။ လုပ်နည်းကိုင်နည်းဟု အဓိပ္ပာယ်ရသည်။ သို့သော် စာပေသည်ကား အရေးအဖွဲ့ ပါလာသဖြင့် အရေးအဖွဲ့နည်းဟူ၍ ဆိုနိုင်သည်။ ခေတ်ပေါ်စာပေနည်းပညာဟု ဖော်ပြသောအခါ ခေတ်ပြိုင်ခံစားမှုစာပေက အဓိပ္ပာယ်တစ်ခု။ နည်းပညာက အဓိပ္ပာယ်တစ်ခု။ ခြားနားသည်မဟုတ်ပေ။ စာပေနည်းပညာတစ်ရပ်ဟု ဆိုလိုခြင်းဖြစ်သည်။ ယင်းစာပေမှာ ဝိသေသရှိသည်။ ခေတ်ပြိုင်ခံစားမှု စာပေဖြစ်သည်။ ထို့ကြောင့် ခေတ်ပြိုင်ခံစားမှုစာပေနည်းပညာဟု တစ်ဆက်တည်း အဓိပ္ပာယ်ယူရ ပေမည်။ ခတ်ပြိုင်ခံစားမှုစာပေဟူသည် မိမိမျက်စိရှေ့တွင် တကယ်ဖြစ်ပျက်လျက်ရှိသော ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း အကြောင်းအရာကို ဖော်ပြသောစာပေဖြစ်သည်ဟု နားလည်ကြပြီးပြီ။ ယင်းခေတ်ပြိုင် ခံစားမှုစာပေတွင် နည်းပညာသက်သက်ရှိသလော။
◻️

(ခ)

မည်သည့်လုပ်ရပ်ပင်ဖြစ်စေ၊ သိပ္ပံဘက်ဖြစ်စေ၊ အနုပညာဘက်ဖြစ်စေ နည်းပညာကတော့ ရှိစမြဲဖြစ် သည်။ ထို့ကြောင့်ပင်လျှင် ခေတ်ပြိုင်ခံစားမှုစာပေတွင်လည်း နည်းပညာရှိသည်ဟု ဆိုရပေမည်။

နည်းပညာသည် ဘယ်ကရသလဲ။ မိမိတို့၏ စာပေအတွေ့အကြုံမှသာလျှင် ရရှိခြင်းဖြစ်ပေသည်။ သိပ္ပံပညာရပ်၏ နည်းပညာသည်လည်း ထို့အတူပင်ဖြစ်သည်။ သိပ္ပံပညာစမ်းသပ်တွေ့ရှိချက် အတွေ့အကြုံများမှပင် နည်းပညာဟူ၍ ရရှိလာခြင်းဖြစ်သည်။

စာအရေးအသား အဖွဲ့အနွဲ့သည်လည်း ထို့အတူပင်ဖြစ်သည်။ ခေတ်ပြိုင်ခံစားမှုစာပေမဟုတ်သော အခြားသော စာပေများတွင်ကော နည်းပညာရှိသလော။

မည်သည့်စာပေအနုပညာ အဖွဲ့အနွဲ့တင်ဖြစ်စေ နည်းပညာတော့ရှိရပေမည်။ တကယ်ရှိသော အဖြစ် အပျက်ကို ဖော်ပြခြင်းသည် ခေတ်ပြိုင်ခံစားမှုစာပေဟု နားလည်ပြီးလျှင် တကယ်မရှိသော အဖြစ်ပျက် ကို ရေးသားဖွဲ့နွဲ့သော စာပေမရှိသလောဟု မေးစရာရှိလာနိုင်သည်။ ယင်းကို ယေဘုယျအားဖြင့် စိတ်ကူးယဉ်စာပေဟု ခေတ်ကြပေသည်။

ခေတ်ပေါ် မြန်မာစာပေသည် ရှေးဟောင်း ဂန္ထဝင်စာပေမှ ဆင်းသက်လာခြင်းဖြစ်သည်။ ရှေးဟောင်း ဂန္ထဝင်စာပေသည် ခေတ်ပေါ်မြန်မာစာပေ အမွေအနှစ်ဆက်ခံသော စာပေဖြစ်သည်။ မဏိကက်ပြဇာတ်၊ ရတနာကြေးမုံဝတ္ထု စသော ခံစားမှုစာပေများရှိခဲ့သည်။ သူတို့သည် မန္တလေးခေတ် စာပေတွင် အကျော်အမော်များဖြစ်ခဲ့သည်။ ပိရကဗျာသည်လည်း လင်္ကာစာပေပုံသဏ္ဌာန်ဖြင့် ဖော်ပြထားသော စာပေဖြစ်သည်။

ယင်းဂန္ထဝင်စာပေတို့သည် မိမိတို့မျက်စိရှေ့တွင် တကယ်ရှိနေသော ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကြီး၏ အကြောင်းအရာကို ဖွဲ့နွဲ့ထားသော စာပေမဟုတ်ပေ။ ယင်းဂန္ထဝင်စာပေတွင် ဇာတ်ကောင်တို့ရှိသည်။ သို့သော် ယင်းဇာတ်ကောင်တို့သည် ဇာတကထဲမှလည်းကောင်း၊ စိတ်ကူးထဲမှလည်းကောင်း ရရှိထား သော ဇာတ်ကောင်များဖြစ်သည်။ ယင်းဇာတ်ကောင်များ၏ အပြောအဆို အမူအရာတို့သည် တကယ် မျက်မှောက်ခေတ်တွင် ရှိနေသော လူတို့နှင့် တူအောင် ဖွဲ့နွဲ့ထားခြင်းကားမဟုတ်ပေ။ လူတို့၏ တကယ့် စရိုက်များ ပါချင်ပါမည်။ သို့သော် အများအားဖြင့် ဇာတ်ကောင်များမှာ နန်းတွင်းသားများ၊ ဘုရင်၏ သား သမီး၊ မင်းသမီး၊ မင်းသားများဖြစ်ကြ၍ အုပ်စိုးသော လူတန်းစား၊ မင်းစိုးရာဇာများ အပြောအဆို အမူ အရာတို့ကို စံထား၍ ဖွဲ့နွဲ့သော သဘောဖြစ်နေသည်။

အအုပ်စိုးခံဖြစ်သော တိုင်းသူပြည်သား ဆင်းရဲသားတို့၏ ခံစားမှုကို ရေးဖွဲ့သော စာများကား ရှိတန် သလောက်သာ ရှိခဲ့သည်။ ဦးပုည၏ “ရေသည်”ပြဇာတ်သည် ဆင်းရဲသားတို့ လူ့သဘာဝကို သရုပ်ဖော် ထားသော စာပေအဖွဲ့အနွဲ့ဟု ဆိုကား ဆိုနိုင်သည်။

၂၀ ရာစုနှစ်အစ ခေတ်ပေါ်စာပေခေတ်ကာလသို့ ရောက်လာသောအခါ ရှေးဟောင်း ဂန္ထဝင်စာပေခေတ် နှင့် မတူတော့ဘဲ အဖွဲ့အနွဲ့ ခံလူတို့၏ပုံ ပြောင်းလဲသွားပေပြီ။

အစိုးရဟူသော အုပ်ချုပ်ပုံစနစ်ရှိနေသေးသရွေ့ အုပ်စိုးသောလူတန်းစား ဆိုသည်မှာ ရှိမြဲရှိနေပေသည်။ ယခင်က ပဒေသရာဇ်လူတန်းစားနေရာတွင် ဓနရှင်လူတန်းစား ရောက်ရှိလာသည်။ အရင်းအမြစ်က ပြောင်းလဲသည်မဟုတ်ပေ။ လူအပြောင်းအလဲသာလျှင်ဖြစ်သည်။ နဝရတ်ကိုးပါး စီသော မကိုဋ်ဆောင်း သူနှင့် ပိုးပဝါခေါင်းပေါင်းဆောင်းသော သူတို့သာလျှင် ခြားနားသွားခြင်းဖြစ်သည်။

သန်လျက်နေရာတွင် ခြောက်လုံးပြူး ရောက်ရှိလာခြင်းဖြစ်သည်။ ကျွန်တော်တို့ ငယ်စဉ် ကျောင်းသား ဘဝ ကိုလိုနီခေတ်အခါက မြို့အုပ်ဝန်ထောက်၊ ရာဇဝတ်အုပ် စသော အုပ်စိုးသူအရာရှိများသည် ခြောက် လုံးပြူးသေနတ်ကို ခါးတွင် ထိုးကာ အဆောင်အယောင်အဖြစ် ကိုင်ကြသည်။ ယနေ့ လူငယ်ပေါက်များ ကတော့ ဤမြင်ကွင်းကို ဇာတ်ပွဲများ၊ ရုပ်ရှင်ကားများတွင်သာ တွေ့မြင်ကောင်း တွေ့မြင်နိုင်ကြမည်။

ဇာတ်ပွဲတွင် သန်လျက်ကို တွေ့နိုင်သည်။ အပြင်လောကတွင်တော့ တကယ်ရှိနိုင်သည်မဟုတ်။ ရှေး အခါက စာဆိုတော်ဆိုသည်မှာ မင်းညီမင်းသား၊ မူးမတ်များနှင့် ရဟန်းတော်များသာဖြစ်ခဲ့ကြသည်။

သူတို့သည်သာလျှင် ရှေးခေတ်က ပညာရှင်များဖြစ်ခဲ့ကြသည်။ ယနေ့ ဤကဲ့သို့ မဟုတ်တော့ပေ။ ယနေ့ လူ့အဖွဲ့အစည်းကြီးသည် ယခင်ကကဲ့သို့ ထင်ထင်ရှားရှား စည်းခြားထားသည်မဟုတ်ပေ။ ရောယှက်ကာ ရှုပ်ထွေးမြားမြောင်လှပေသည်။

ယနေ့ခေတ်တွင် အဆက်အသွယ်များကောင်းလာသည်။ လူထုဆက်သွယ်ရေးကိရိယာများကလည်း ဆန်းကြယ်ထွေပြားလာသည်။ ကမ္ဘာကြီးနှင့် ဆက်စပ်လျက်ရှိသည်။ ရှေးကဲ့သို့ နန်းတွင်းကသတ်သတ် ဆင်းရဲသားကသတ်သတ် မဟုတ်တော့ပေ။ ရှေးအခါက မြို့ပြဆိုသည်မှာ နန်းမြို့ရိုး၊ ပြအိုး၊ တံတိုင်း အတွင်း၌သာ အခေါ်ဖြစ်သည်။ ယနေ့ကာလတွင်ကား မြို့ပြကျေးလက် ဆိုသည်မှာ ကုန်းကြောင်း၊ လေကြောင်းဖြင့် သွားလာ အလွယ်တကူ ထိတွေ့နိုင်သောခေတ် ဖြစ်နေပြီ။

ထိုအခါ ခေတ်ပြိုင်ခံစားမှုစာပေဟူသည်မှာ ကျယ်ပြန့်လာသော လူ့အဖွဲ့အစည်း၏ မြင်ကွင်းကျယ်ကြီး ဖြစ်နေပေပြီ။ ယင်းမြင်ကွင်းကျယ်ရှိ တကယ်ဖြစ်ပျက်နေသော အခြင်းအရာတို့ကို စာရေးဆရာတို့က ဖွဲ့နွဲ့ဖော်ပြလျက်ရှိသည်။ စာဖတ်ပရိသတ်ကလည်း တစ်နေ့ထက်တစ်နေ့ ကျယ်ဝန်းများပြားလာသည်။

နည်းနာများလည်း ပြောင်းလဲလာသည်။ ရှေးဂန္ထဝင်နည်းနာနှင့် မတူတော့ပြီ။ ခေတ်ပြိုင်ခံစားမှုစာပေ နည်းပညာဟုပင် ပြောဆို၍ ရနေပြီမဟုတ်ပါလား။

◻️

(ဂ)

ကဗျာဆရာ၊ ဝတ္ထုရေးဆရာ ဆိုသော စာရေးဆရာတို့မှာ ရှေးခေတ်ကကဲ့သို့ နန်းမြို့တွင်း၊ ဘုန်းကြီး ကျောင်းအတွင်းမဟုတ်တော့ဘဲ မြို့ပြကျေးလက်နေရာအနှံ့အပြား ပေါက်ဖွား ကြီးပြင်းလာကြသည်။

သူတို့သည် မိမိရှေ့တွင် တရိပ်ရိပ်ဖြတ်သန်းသွားသော လူ့အဖွဲ့အစည်းကြီး၏ လှုပ်ရှားပုံအဖြစ်အပျက်များ ကို မတွေ့ချင်ဘဲမရ၊ မထိတွေ့ချင်ဘဲ နေ၍မရ။ တကယ့်အဖြစ်အပျက်များက သူတို့ကို ရိုက်ခတ်လျက်ရှိ သည်။ ထိုအခါ တကယ်ရှိသော ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းကြီး၏ အဖြစ်အပျက်များကို ရေးသားဖွဲ့နွဲ့ တော့သည်။

ဝတ္ထုရေးဆရာသည် ဝတ္ထုတည်ရာ နောက်ခံကားကို ဖွဲ့နွဲ့ရသည်။ ဝတ္ထုထဲတွင် လှုပ်ရှားသော ဇာတ် ကောင်တို့ကို ဖွဲ့ရသည်။ ဝတ္ထု၏ တကယ်ရှိသော နောက်ခံကားသာလျှင်ဖြစ်သည်။ ဇာတ်ကောင်သည် လည်း တကယ်ရှိသော ဇာတ်ကောင်ဖြစ်နေသည်။ ယင်းတို့ကို မည်သို့ဖွဲ့နွဲ့ကြသလဲ။ မည်သို့ နောက်ခံ ကားကို ဖွဲ့နွဲ့သနည်း။ မည်ကဲ့သို့ ဇာတ်ကောင်များကို ဖွဲ့နွဲ့သနည်း။

ဤသည်ကား ခေတ်ပြိုင်စာပေ၏ နည်းပညာဟူ၍ ဖြစ်ပေါ်လာကြပေသည်။ ဝတ္ထုရေးဆရာ တစ်ယောက်နှင့်တစ်ယောက် တူချင်မှ တူပေမည်။ ကဗျာထဲတွင်လည်း နောက်ခံကားပါရသည်။ ရေမြေ တောတောင်၊ အိမ်ခြေတိုက်တာ၊ ဈေး စသည်တို့ ပါရသည်။ ဇာတ်ကောင်များလည်း ပါရသည်။ ဇာတ် ကောင်မပါ၍ မရ။ ယင်းသို့ဖြင့် ခေတ်ပြိုင်ခံစားမှုပညာတွင် နည်းနာများရှိလာရခြင်းဖြစ်ပေသည်။

◼️
ဒဂုန်တာရာ
၁၁.၃.၉၁

◻️

အမှတ် ၁၁၅၊ မေ ၁၉၉၁ ခုနှစ်၊ ပေဖူးလွှာမဂ္ဂဇင်း “စာပေကဏ္ဍ”မှာ ဖော်ပြခဲ့တဲ့ ဆရာ ဒဂုန်တာရာရဲ့ “ခေတ်ပြိုင်ခံစားမှု စာပေနည်းပညာ” ကို ပြန်လည်ဖော်ပြပါတယ်။

◼️
အယ်ဒီတာ

Crd : Shwe Athit

10/10/2022

😁😊😄လူကြီး လန့်အောင် မနောက်ရဘူးလေ😄😃😁

21/09/2022

တစ်နေ့နေ့
▬▬▬▬▬▬▬▬▬

မှတ်တမ်းတွေ
စာချုပ်တွေ
ကြေညာစာတမ်းတွေ
စစ်တမ်းတွေနဲ့
စက္ကူတွေလည်းနွမ်း
လူတွေလည်း ပန်းလှပါပြီ

ပန်းခြံထဲမှာ
ပန်းတွေရောင်စုံပွင့်ကြသလို
တို့တစ်တွေ အသိဉာဏ်ရင့်သန်ကြရင်ဖြင့်
လမ်းမှန်ပေါ်ရောက်ရမှာမလွဲ။ ။

လှသန်း

( ပွဲသိမ်းတေးသံ ကဗျာစု စာအုပ်_စာမျက်နှာ-၁၈၀ မှ )

20/09/2022

" ... စကားလုံးတလုံးရှိတယ်၊စကားလုံးတကာရဲ့ ဘုရင်ပဲ၊အဲဒါကတော့ ... အာဏာ ၊ ခင်ဗျား လျှာအလျားသား ထွက်အောင် ဘာတွေပြောပြော အာဏာဟာ အာဏာပဲ"

မောင်နေဝင်း
(ဘာသာပြန်_သံဖနောင့်_စာ_၁၄၀ မှ)

20/09/2022

"ဟာသပညာသည် လူမျိုးတစ်မျိုး၏ဘဝတွင် အရေးပါအရာရောက်သော ပညာရပ်တစ်ခုဖြစ်သည်။သို့သော် ဟာသပညာကား လောကီလူ့ဘဝ၊ လူ့ဇာတ်ခုံတွင် ရှေ့နောက်မညီ၊အဆင်မပြေသော အချက်အလက်များကို ဖော်ထုတ်၍ ရှင်လူအပေါင်းတို့အား ရယ်စရာဖြစ်စေရမည်။"

ဗိုလ်ချုပ်အောင်ဆန်း
(၁၉၄၆ခုနှစ်_ဖေဖော်ဝါရီလ_ဇဝနဂျာနယ် မှ)

19/09/2022

"ရန်သူမဲ့ကမ္ဘာဆိုလျှင် ဘယ်လောက်ငြိမ်းချမ်းသာယာမည်လဲ။ပျော်ရွှင်စရာ ကောင်းမည်လဲ။ရန်သူဟူသောအသိသည် မည်းညစ်သောအရာ စွန်းထင်းနေခြင်းဖြစ်သည်။ဆူးဝင်သကဲ့သို့ ဖြစ်နေသည်။ဘယ်မှာ ကောင်းနိုင်မည်လဲ။"

ဒဂုန်တာရာ

(ရန်သူမှမိတ်ဆွေသို့ ဆောင်းပါး_ကောက်သစ်ပေါ်ဦးစာအုပ်_စာ_၈၃ မှ)

19/09/2022

စာပေဝေဖန်ရေးသမားဖြစ်ပြီဆိုယင် အနည်းနဲ့ အများဆိုသလို "မယုံကြည်သူ...သံသယရှိသူ"တယောက်ဖြစ်လာရတော့တယ်။သူ့အလုပ်ကိုက သူ့ကိုဒီလိုဖြစ်စေပါတယ်။ချို့ယွင်းချက်တွေကိုသာ အမြဲအစဉ်အားဖြင့် ဂရုစိုက်ပြီးကြည့်တယ်။သူ့ရဲ့သံသယစိတ်ကို မကြာခဏအားဖြင့် ဖုံးကွယ်ထားတတ်တယ်။အဲ့သည့် အရည်အချင်းတွေဟာ သဘာဝမကြဘဲ တွဲဘက် ပေါင်းစပ်နေတဲ့ အတွက်ကြောင့် ညံညံစီစီ အသံတွေ ပေါ်လာရတယ်။အမျိုးမျိုးအဖုံဖုံ အပြစ်ရှာကြတယ်။ကဲ့ရဲ့ကြတယ်။ရှုံ့ချကြတယ်။စာရေးဆရာ အသစ်တွေအတွက်လဲဘဲ အကျိုးကျေးဇူး ရှိခဲစေပါတယ်။ဒါသာမကသေးဘူး။စာပေဝေဖန်ရေးသမားတွေက စာရေးဆရာတွေရဲ့စာကို ဝေဖန်ရာမှာ သုံးစွဲတဲ့လေသံကလဲ မကြာမကြာတွေ့ရတာကတော့ ... သူတို့ကိုယ်သူတို့ အထင်ကြီးကြတယ်။အထက်စီးယူပြီးရေးသားကြတယ်ဆိုတာကို ထင်ရှားစွာ တွေ့ရတတ်ပါတယ်။ဒါဟာ လျော်ကန်သင့်မြတ်ခြင်း အလျဉ်း မရှိပါဘူး။

ဂေါ်ဂီ
(ဆိုရှယ်လစ်စာပေပြဿနာများ ၊စာ_၃၁၁ မှ)

17/09/2022

═══════════════
📖 ဘယ်လို စာဖတ်ကြမလဲ 📖
═══════════════

(စာဖတ်ခြင်းကို မကြိုက်ကြ‌သေးသူများအတွက် နည်းလမ်း (၈) ချက်)

နေ့စဥ် လူနေမှုဖြစ်စဥ်တွေထဲမှာ လူအများစု လုပ်လေ့လုပ်ထ ရှိတဲ့ ဆောင်ရွက်မှုတခုက "စာဖတ်ခြင်း" ဖြစ်ပေမယ့် လူတချို့ကတော့ "စာဖတ်ခြင်း"ကို မကြိုက်ကြပါဘူး။ သင်လည်း စာဖတ်ရတာကို မကြိုက်ဘူး ဖြစ်နေရင် စိတ်မညစ်ပါနဲ့။ သင်တယောက်တည်း ဖြစ်နေတာ မဟုတ်ပါဘူး။ ၁၉၇၈ ခုနှစ်ကတည်းက "စာမဖတ်သူ"အရေအတွက် ကိန်းဂဏန်းတွေက သုံးဆ မြင့်တက်လျှက်ရှိပါတယ်။ အရွယ်ရောက်ပြီးသူ အမေရိကန်လူဦးရေရဲ့ ၄ပုံ ၁ပုံ ဟာ တနှစ်နေလို့ စာတစ်အုပ်တောင် မဖတ်ကြပါဘူး။

ကျောင်း သို့မဟုတ် အလုပ်နဲ့ သက်ဆိုင်တဲ့ စာအုပ်တွေကို ဖတ်ဖို့ ဇွတ်အတင်းခိုင်းတာ ခံခဲ့ရလို့ "စာဖတ်ခြင်း"ကို မကြိုက်ရခြင်း ဖြစ်နိုင်သလို မိမိအကြိုက်နဲ့ ကိုက်ညီတဲ့ စာပေအမျိုးအစားကို မတွေ့သေးလို့လည်း ဖြစ်နိုင်ပါတယ်။
စာပေအမျိုးအစား မျိုးစုံကို ထိတွေ့ခြင်းက သင့်အကြိုက်စာပေအမျိုးအစားကို ရှာတွေ့ဖို့ ကူညီပါလိမ့်မယ်။

("စာဖတ်ခြင်း"ကို မကြိုက်ဘူး ဆိုရင်တောင်၊ ယခု ဖော်ပြမယ့် နည်းလမ်းတွေက သင့်ကို "ဆရာကျတဲ့ စာကြမ်းပိုး" ဖြစ်အောင် ကူညီပေးပါလိမ့်မယ်။)
▬▬▬▬▬▬▬▬▬

နည်းလမ်း-1️⃣
⚠️ သင်ကြိုက်နှစ်သက်မယ့် စာအုပ်အမျိုးစားကို ရွေးချယ်ပါ။ ⚠️

📚 စာဖတ်ခြင်းအကြောင်းပြောကြပြီဆိုရင် လူတော်တော်များများက "ဂန္ထဝင် စာအုပ်တွေ ဖတ်ဖို့" ပြောချင်ကြတယ်။ တကယ်တော့ ဂန္ထဝင်စာအုပ် ဖြစ်စေဦးတော့ သင့်အကြိုက်ဖြစ်ချင်မှ ဖြစ်မှာပါ။ အခန့်မသင့်ရင် သင့်ရဲ့ တက်ကြွနေတဲ့ စာဖတ်ချင်စိတ်ကိုတောင် အားပျက်သွားနိုင်ပါတယ်။ ဆိုတော့ သင့်ရဲ့ စာဖတ်ချင်စိတ်ကို တိုးပြီးရင်း တိုးစေမယ့် သင့်အကြိုက် စာအုပ်အမျိုးအစားကိုသာ ရွေးပါ။
🔄 နောက်တချက်အနေနဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ မိသားစုထဲက စာဖတ်ဝါသနာပါသူတွေဆီက သူတို့အကြိုက်စာအုပ်တွေကို စပ်စုပါ😄။ အခွင့်အရေးအနေနဲ့ သူတို့ကြိုက်တဲ့ စာအုပ်တွေကို သင်လည်း ကြိုက်သွားနိုင်ပါတယ်။
▬▬▬▬▬▬▬▬▬

နည်းလမ်း-2️⃣
⚠️ တကယ့် စာအုပ်ဆိုင်ကြီးတွေဆီ သွားပါ။ ⚠️

🏘️ တကယ့်စာအုပ်ဆိုင်တွေက အွန်လိုင်းစာအုပ်ဆိုင်တွေထက် အားသာချက် ရှိပါတယ်။ ဥပမာ တခုအနေနဲ့ စာအုပ်စင်တွေကြားထဲ လျှောက်သွားရင် သင့်မျက်လုံးကို ဖမ်းစားတဲ့ စာအုပ်ကို ကောက်ရွေးလိုက်လို့ ရပါတယ်။ တချို့သော စာအုပ်ဆိုင်တွေက သူတို့ရဲ့ ကော်ဖီဆိုင် သို့မဟုတ် နားနေဧရိယာထဲမှာ သက်သောင့်သက်သာနဲ့ စာဖတ်ခွင့်ပေးထားတတ်‌သေးတာမို့ စာအုပ်မဝယ်ခင် အကြို မြည်းစမ်း ဖတ်ခွင့်လည်း ရရှိနိုင်ပါသေးတယ်။
▬▬▬▬▬▬▬▬▬

နည်းလမ်း-3️⃣
⚠️ သင့်မှာ "စာဖတ်ခြင်း"အတွက် စာမေးပွဲ မရှိဘူး ဆိုတာ သတိရပါ ⚠️

🏫 လူအများစုက ကျောင်းနေစဥ်အခါက စာမေးပွဲ အောင်ဖို့ စာကို စိတ်မပါလည်း စိတ်ညစ်ရလောက်အောင် ဖတ်ခဲ့ရတဲ့အတွက် "စာဖတ်ခြင်း"ကို လှည့်မကြည့်ချင်လောက်အောင် မုန်းတတ်နေကြပါပြီ။ စာဖတ်ခြင်းကို ဘယ်တုန်းကမှ စိတ်ခံစားမှုနဲ့ မဆက်သွယ်ခဲ့ဖူးဘူး။ တကယ်လို့ သင်ဟာ စာဖတ်ခြင်းကို နှစ်သက်တတ်ဖို့ ကြိုးစားနေပြီဆိုရင် စာဖတ်ခြင်းအတွက် စာမေးပွဲမရှိတာကို အမှတ်ရပါ✔️။ စာအုပ်တအုပ်ကို မကြိုက်လို့ ကျရှုံးရတယ်ဆိုတာ မရှိပါဘူး⛔။

🔄 "စာဖတ်ခြင်း"က ပြိုင်ပွဲတခု မဟုတ်ပါဘူး။ စာအုပ်အမျိုးအစား တခုကို ကြိုက်ခြင်းက တခြားသူတွေထက် သာနေပြီလို့ မဆိုလိုပါဘူး။
သင် စိတ်ဝင်စားပြီး ကြိုက်နှစ်သက်တဲ့ အရာတွေကို ဖတ်ပါ။ တခြားသူတွေ ဘာကြိုက်တယ် ဆိုတာက သင့်ကို စိတ်အနှောက်အယှက် အဖြစ်မခံပါနဲ့။
▬▬▬▬▬▬▬▬▬

နည်းလမ်း-4️⃣
⚠️ စာအုပ်တွေ အပြင် တခြား မီဒီယာတွေနဲ့လည်း စာဖတ်ပါ။ ⚠️

📚 Printed pages များနဲ့ ဖတ်ရင်းက Phones, Tablets , e-readers တွေနဲ့လည်း အဆင်ပြေသလို ဖတ်ပါ။

🔄သင်ဟာ 👣ခရီးထွက်‌နေရတဲ့သူ ဖြစ်နေရင် e-reader အသုံးပြုခြင်းက စာအုပ်တွေ တနင့်တပိုး 💪သယ်ရတာထက် သက်သာပါတယ်။ စာဖတ်နိုင်ဖို့ တသီးတသန့်သယ်စရာမလိုဘဲ တနိုင်တပိုင်ဖြစ်နေခြင်းက သင့်ကို စာဖတ်ဖို့အတွက် ပိုပြီး စိတ်အားထက်သန်စေပါတယ်👍။
▬▬▬▬▬▬▬▬▬

နည်းလမ်း-5️⃣
⚠️ စာဖတ် အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်ပါ။ ⚠️

📚စာဖတ်ခြင်းကြောင့် 🧑 တယောက်တည်း အထီးကျန်နေရပြီး ပျင်းစရာကောင်းနေတာမျိုး မဖြစ်သင့်ပါဘူး။ Book club အသင်းဝင်တာမျိုး၊ အင်တာနက်ပေါ်က စာဖတ်သူတွေ စုစည်းထားတဲ့ Group တွေ ဝင်တာမျိုးတွေ လုပ်သင့်ပါတယ်။ ပုံမှန်တယောက်တည်း နေပြီး ‌စာဖတ်တဲ့ပုံစံထက် သူငယ်ချင်းမိတ်ဆွေတွေ သို့မဟုတ် မိသားစုဝင်တွေနဲ့အတူ စာဖတ်တဲ့အခါ ပျော်ရွှင်မှုကို ရနိုင်သလို 🧑‍🤝‍🧑လူမှုဆက်ဆံရေးကိုလည်း တိုးတက်လာနိုင်ပါတယ်🧑‍🤝‍🧑။

❌ မိမိဖတ်ချင်တဲ့ စာအုပ်ကို ရွေးချယ်ဖို့အတွက်တော့ Book club တွေ၊ စာဖတ်သူတွေ ပါဝင်တဲ့ Group တွေက အမြဲလိုအပ်နေတာ မဟုတ်ဘူး ဆိုတာကိုတော့ သတိထားပါ။
▬▬▬▬▬▬▬▬▬

နည်းလမ်း-6️⃣
⚠️ အသံစာအုပ်တွေ(Audiobooks) နားထောင်ပါ ⚠️

🦻 သင်ဟာ တကယ့်ကို စာဖတ်ခြင်းကို မကြိုက်ဘူးဆိုရင် အသံစာအုပ်တွေ(Audiobooks) နားထောင်ပါ။ Audiobook မှာ မကြာခဏဆိုသလို အသံသရုပ်ဆောင်တွေ ပါဝင် သရုပ်ဆောင်ကြတာဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့ ကောင်းပြီး ဆွဲဆောင်မှုလည်း ရှိကြပါတယ်။ Audiobooks နားထောင်ရုံနဲ့ မည်သည့် ကိုယ်ကာယ အားစိုက်မှုမှ မလုပ်ရဘဲ စာဖတ်ခြင်းကို နှစ်သက်သွားနိုင်ပါတယ်။

🔄 Audiobooks ဆိုပေမယ့်လည်း သင့်ကြိုက်တဲ့ အမျိုးအစားကို ရွေးပြီး နားထောင်သင့်ပါတယ်။ ရွေးပြီးမှ မကြိုက်ရင်လည်း ချက်ချင်းရပ်လိုက်ပြီး အသစ်တခု ပြောင်းလိုက်ပါ ။
▬▬▬▬▬▬▬▬▬

နည်းလမ်း-7️⃣
⚠️ စာဖတ်တဲ့အခါ အချိန်ယူပါ ။ ⚠️

📚 တကယ်လို့ သင်ဟာ ပျော်ရွှင်မှုအတွက် စာဖတ်နေတာဆိုရင် အလောတကြီး ဖတ်ဖို့ ဖိအား မရှိသင့်ပါဘူး။ သင် ဖတ်ဖို့ ရွေးချယ်ထားတဲ့ စာအုပ်ကို ပြည့်ပြည့်ဝဝ ခံစားဖို့အတွက် အချိန်ယူပြီး ဖတ်မှ ဖြစ်မှာပါ။ တပိုဒ်ချင်း၊ တခန်းချင်း၊ တမျက်နှာချင်း၊ မိမိတနိုင်တပိုင် စိတ်ရှိသလောက် ခွဲပြီး ဖတ်နိုင်ပါတယ်။ ဒါမှမဟုတ် ပစ်ထားလိုက်ပြီး နောက်မှ ပြန်ဖတ်လည်း ဖြစ်ပါတယ်။

❌ ဘယ်နှရက် ဘယ်နှပတ်အတွင်း စာအုပ်ဘယ်လောက်ပြီးအောင် ဖတ်သင့်တယ် ဆိုတဲ့ လမ်းညွှန်ချက်တွေကို ခေါင်းထဲမထည့်ပါနဲ့။
▬▬▬▬▬▬▬▬▬

နည်းလမ်း-8️⃣
⚠️ သက်သောင့်သက်သာ ဖြစ်တဲ့ အချိန်မှာ စာဖတ်ပါ။ ⚠️

📚 စိတ်ဖိစီးတဲ့အချိန်နဲ့ အလောသုံးဆယ် အခြေအနေတွေမှာ ❌စာမဖတ်ပါနဲ့။ သက်သောင့်သက်သာ အခြေအနေမှာ စာဖတ်တဲ့အခါ သင့်ဦးနှောက်က စာဖတ်ခြင်းကို ပျော်ရွှင်ကြည်နူးမှု အဖြစ် လက်ခံပါတယ်။

👍 လေ့လာမှုတွေအရ "သက်သောင့်သက်သာ အခြေအနေတွေက လူတွေကို စာဖတ်ဖို့ တွန်းအားပေးတယ်"လို့ ဆိုကြပါတယ်။

ဥပမာ_ သင့်အိပ်ယာဘေးမှာ ဖတ်စရာ စာအုပ် အနည်းငယ်ကို ထားခြင်းဖြင့် မအိပ်ခင် စာဖတ်ချင်စိတ်ရှိလာတဲ့အခါ အလွယ်တကူ ယူငင် ဖတ်ရှုနိုင်ပါတယ်။ စာအုပ်အမျိုးအစား ကွဲပြားအောင်တော့ ထားသင့်ပါတယ်။ သင့်စိတ်ထဲမှာ ပေါ်လာတဲ့ ခံစားချက်နဲ့ ကိုက်ညီတဲ့ အကြောင်းအရာကို ရွေးချယ်လို့ ဖတ်ရှုနိုင်ဖို့ပဲ ဖြစ်ပါတယ်။

Tʜᴇ Wʀɪᴛɪɴɢꜱ Oғ ᴛʜᴇ Wʀɪᴛᴇʀꜱ
17-SEP-2022

(ဆောင်းပါးလေးကို ကြိုက်နှစ်သက်ရင် Like & Share လုပ်ပေးပါဦး ခင်ဗျ)

Rᴇᴀᴅ ᴛᴏ ᴋɴᴏᴡ. မှာ စာပေနဲ့ ပတ်သတ်တဲ့ ကောင်းနိုးရာရာ မှတ်သားဖွယ်ရာများကို တင်ဆက်ပေးသွားပါဦးမယ်။

(အထက်ပါဆောင်းပါသည် Tʜᴇ Wʀɪᴛɪɴɢꜱ Oғ ᴛʜᴇ Wʀɪᴛᴇʀꜱ page ၏ ကြိုးစားမှုဖြစ်ပါသည်။ Text copy ဖြင့် ကူယူပါက Original page ကို Credit ပေးပေးပါရန် မေတ္တာရပ်ခံပါသည်)

25/08/2022

သခင်ကိုယ်တော်မှိုင်း မင်းသု၀ဏ် အမြင်

မောင်စွမ်းရည်

ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ စာရေးဆရာ ကလောင်သစ် ကလောင်ဟောင်းတွေ ရှိနေတယ်။ စာရေးဆရာ ကျောင်းဆရာများရဲ့ အခန်းကို ကျွန်တော် တနေ့ တခေါက်တော့ ရောက်တတ်တယ်။ သူတို့ဆီကို ပြင်ပက စာရေးဆရာတွေလဲ လာတတ်တယ်။ မဂ္ဂဇင်း အယ်ဒီတာတွေလဲ လာတတ်တယ်။ သူတို့နဲ့ပါဆုံပြီး စာစကား ပေစကား ပြောကြရတာ အင်မတန် မွေ့လျော်ဖွယ် ကောင်းပါတယ်။
တက္ကသိုလ်ဆိုတာ အမြဲလေ့လာ၊ တွေးကြံ ရေးသားနေရတဲ့ နေရာမဟုတ်လား။ ဒါမှလဲ တက္ကသိုလ် ဂုဏ်အင်္ဂါနဲ့ ညီတော့မပေါ့။ အနောက်နိုင်ငံ တက္ကသိုလ်များမှာ ဆိုယင် သုတေသနလဲ မလုပ်၊ စာပေရေးတဲ့ ချွတ်တဲ့အလုပ်လဲ မလုပ်ဆိုယင် တက္ကသိုလ် ဆရာအဖြစ် အလုပ်ခန့်လေ့ တောင် မရှိဘူးလို့ ဘိလပ်ပြန် ဆရာကြီး ဒေါက်တာလှဖေက ရေးတာကို ဖတ်လိုက်ရဖူးပါတယ်။ အခုလို မြန်မာစာဌာနမှာ အတွင်းအပ စာရေးဆရာတွေရဲ့ ဆုံစည်းရာ နေရာလေးတခု ဖြစ်လာတာရယ် တက္ကသိုလ်က ဆရာတွေ စာများများရေးလာကြတာရယ်ဟာဖြင့် အလွန်မင်္ဂလာရှိပေတာပဲလို့ ယူဆမိပြီး ၀မ်းမြောက်၀မ်းသာ ဖြစ်ရပါတယ်။
တနေတော့ အခန်းရှင်ဆရာများ၊ စာသင်သွားချိန်မှာ ကျွန်တော် တယောက်တည်း သူတို့အခန်းထဲကို ၀င်ထိုင်ယင်း ကျွန်တော့် လွယ်အိတ်ထဲမှာ အသင့်ပါလာတဲ့ မြန်မာစာပေသမိုင်း အကျဉ်းစာအုပ်ကလေးကို ထုတ်ဖတ်နေမိပါတယ်။ အခြေံပညာရေးဌာန ကျောင်းသုံးစာအုပ်ကော်မတီက ထုတ်တဲ့ စာအုပ်ကလေးပါ။
အဲလိုတုန်းမှာ ၁၀ တန်းတုန်းက ကျွန်တော့်တပည့်ဖြစ်ခဲ့ဖူးတဲ့ ကျောင်းသူတဦး၀င်လာပါတယ်။ ခုတော့ မြန်မာစာ မဟာ၀ိဇ္ဇာတန်းကို တက်နေပြီမို့ ဆရာကိုမင်းမော်၊ ကိုခင်အေး၊ ကိုဇော်ဇော်အောင်တို့ရဲ့ တပည့်မ ဖြစ်နေပါပြီ။ တပည့်မက သူ့ဆရာတွေဆီကို စာမေးဖို့လာရာမှာ ကျွန်တော်နဲ့ ဆုံနေလို့ ကျွန်တော့်ကို နှုတ်ဆက်စကားဆိုယင်း ကုလားထိုင်တလုံးမှာ ၀င်ထိုင်လာပါတယ်။ ကျွန်တော့်လက်ထဲက မြန်မာစာပေသမိုင်း စာအုပ်ငယ်ကလေးကို လှမ်းကြည့်ယင်းက
“ဆရာ၊ မြန်မာစာပေသမိုင်း တလျှောက်မှာ ဘယ်စာရေးဆရာဟာ အကောင်းဆုံးလို့ ယူဆပါသလဲ၊ ဘယ်စာရေးဆရာကို အကြိုက်ဆုံးလဲ” လို့ ရုတ်တရက် ကောက်ကာငင်ကာ မေးလိုက်ပါတော့တယ်။
ကျွန်တော်ခဏတော့ တွေသွားပါတယ်။ သူမေးလာတာဟာ ကျွန်တော်သေသေချာချာ မစဉ်းစားဖူးတဲ့ မေးခွွန်းဖြစ်နေပါရော့လား။ ဒါကြောင့် အတော်ကလေးစဉ်းစားပြီးမှ
“စာပေသမိုင်းမှာ တင်ကျန်ရစ်ကတည်းက အဲဒီစာဆိုတွေအားလုံးဟာ တမျိုးတဖုံစီ ၊ တနည်းတဟန်စီ ကောင်းကြလို့သာ ဖြစ်မှာပေါ့။ ဆရာဖတ်ရဖူးသလောက်ကတော့ အားလုံးကို တမျိုးစီ ကြိုက်တာပါပဲ” လို့ တွေးတွေးဆဆနဲ့ ဖြေလိုက်ရပါတယ်။
“ဒါတော့ ဆရာက ခြုံငုံပြီး ပညာရှိဖြေဖြေတာကိုး သမီးသိချင်တာက တဦးတည်းကိုဆိုယင် ဘယ်စာဆိုလဲလို့ သိချင်တာပါ၊ ဒါဖြင့် သမီးတမျိုးပြန်မေးမယ်၊ ဆရာအလွယ်ဖတ်ဖို့ထားတဲ့ စာအုပ်စင်ထဲမှာ ဘာစာအုပ်တွေရှိသလဲ၊ အဲဒီအထဲက ဘာစာအုပ်ကို အဖတ်အများဆုံးလဲ”
“အင်း ဒီမေးခွန်းလဲ ခုနမေးခွန်းနဲ့ အတူတူပါပဲ။ ဒီလောက်တောင် မေးလာမှတော့ ဆရာဖြေပါ့မယ်။ ဆရာ့စာအုပ်စင်ထဲမှာ အင်္ဂလိပ်၊ မြန်မာ နှစ်မျိုးရှိတယ်။ မြနမာစာအုပ်တွေပဲ ပြောရမယ်ဆိုယင် ကိုးခန်းပျို့ရယ် ၊ နတ်ရှင်နောင် ၊ န၀ဒေး တို့ ရတုပေါင်းချုပ်တွေရယ်၊ ဦးပုညစာအုပ်တွေ၊ ကျေးလက်လူထု ရိုးရာတေး အမျိုးမျိုးတွေ၊ သခင်ကိုယ်တော်မှိုင်း လေးချိုးပေါင်းချုပ် နဲ့ ဋီကာတွေ၊ ဇော်ဂျီ၊ မင်းသု၀ဏ်၊ ဒဂုန်တာရာ အစရှိတဲ့ ခေတ်ကဗျာ ဆရာကြီးတွေရဲ့ စာအုပ်တွေရှိပါတယ်။ ဆရာက ကဗျာဘက်သန်တာ ဆိုတော့ ကဗျာစာအုပ်တွေပဲ အနီးမှာ အထားများပါတယ်။ ပါရာယန၊ ရာဇာဓိရာဇ် အရေးတော်ပုံ အစရှိတဲ့ စကားပြေ စာအုပ်တွေလဲပါပါသေးတယ်။ အဲဒါတွေထဲက ဆရာအဖတ်အများဆုံးကတော့ ဆရာကြီး သခင်ကို်ယ်တော်မှို်င်းရဲ့ လေးချိုးပေါင်းချုပ် စာအုပ်ပါပဲ”
“ဒါဖြင့် ဆရာအနှစ်သက်ဆုံး စာရေးဆရာဟာ ဆရာကြီး သခင်ကို်ယ်တော်မှို်င်းပဲပေါ့”
“ကျန်စာဆိုတွေရဲ့ စာတွေလဲ မကြိုက်ပဲ မနေနိုင်၊ မဖတ်ပဲ မနေနိုင်လေတော့ အဲဒီလို တုံးတိကြီးတော့ဖြင့် မဖြေရက်ပါဘူး၊ ဒါပေမယ့် အခုလိုအကျပ်ကိုင်ပြီးမေးလာမယ်ဆိုယင်တော့….”
“ကဲပါဆရာ၊ ဆရာမမေးစေချင်ယင်လဲ မမေးတော့ပါဘူး”
အေးလေ၊ အဖြေကလဲရပြီး သွားပေါ့ကိုး၊ ဆရာက ဆရာနှစ်သက်တာတွေကိုသာ ပြောမိတာပါ၊ နှစ်သက်တာနဲ့ ကောင်းတာဟာ တထပ်တည်း ဖြစ်ချင်မှလဲ ဖြစ်တတ်တာကလား၊ အကြိုက်အကောင်း ပြဿနာဟာလဲပဲ စာပေပြဿနာ တခုပေပဲ မဟုတ်လား”
“ကျွန်မတို့လည်း ဆရာကြီးမှိုင်းရဲ့ စာတွေကို ဖတ်ပါတယ်။ နားမလည်တာတွေ များနေတော့ အားမလို့အားမရ ဖြစ်ရပါတယ်။ စကားလုံး အဓိပ္ပါယ်တွေသာ မသိတာမဟုတ်ဘူး နောက်ခံသမိုင်းတွေကိုပါ မသိတာဆိုတော့ အရသာ ပေါ်သင့်သလောက် မပေါ်ဘူးနေမှာပေါ့”
“ဒီလိုလဲ မဟုတ်သေးဘူး၊ ဆရာကြီးရဲ့စာတွေက သိပ်ထူးခြားတယ်။ မောင်တင်ရွှေ စီစဉ်ထုတ်ေ၀တဲ့ “လက်ရွေးစင် လေးချိုးတရာ” စာအုပ်ဖတ်ဖူးလား၊ အဲဒီစာအုပ်က အမှာစာကို ဆရာသိပ်သဘောကျတာပဲ၊ ဖတ်လွန်းလို့ အလွတ်တောင်ရနေပြီ ဆရာမင်းသု၀ဏ် ရေးတာပေါ့။ ကဲ ပြောနေယင်ကြာတယ်။ ဆရာကျောင်း စာအုပ်စင်ထဲက အိမ်ကိုပြန်ယူဖို့ ထည့်လာခဲ့လို့ အသင့်ပါလာတယ်။ ဟော ဒီနားကစပြီး ဖတ်ကြည့်စမ်း၊ အသံထုတ်ဖတ်နော်”
“…..ဆရာကြီး၏စာကို အထူးသဖြင့် ဆရာကြီး၏ ကဗျာတို့ကို အပေါ်ယံရှပ်၍ ပေါ့ပေါ့တန်တန် ဖတ်သွားလျှင်လည်း ရပါသည်။ နက်နက်နဲနဲ နှို်က်၍ တွေးတောဖတ်သွားလျှင်လည်း ရပါသည်။ အရသာ တွေ့ပါသည်။ ဆရာကြီးသုံးသွားသော စကားလုံး၊ ဝါကျ၊ စာပိုဒ်၊ ကာရန်၊ နဘေ၊ နိမိတ်ပုံ စသည်တို့တွင် အနက်အဓိပ္ပာယ်တို့၌ လေဆောင်ရာ ရွေ့လျားနေသော မိုးသားပမာ နဂါးရုပ်က ဂဠုန်ရုပ်သို့၊ ဂဠုန်ရုပ်က ဘီလူးရုပ်သို့ ဘီလူးရုပ်က မင်းသားရုပ်သို့ ၊ မင်းသားရုပ်က ဇော်ဂျီရုပ်သို့ စသည်ဖြင့် ကူးသာပြောင်းကာ အရောင် အလျှံ အမျိုးမျိုး ထွက်နေသည်ကို တွေ့ကြုံခံစားနိုင်ပါသည်။ အချို့အနက်တို့မှာ နှစ်လွန်းတင် သုံးလွန်းတင် ဖြစ်နေသဖြင့် နှစ်ကွက် သုံးကွက်ကျော် လှမ်းကြည့် မှန်းကြည့်မှ ရေးရေးပါးပါး အရသာ ခံစားနိုင်ရုံရှိပါတယ်။ အချို့သောအနက်တို့မှ ဟိမ၀န္တာနှင်းပင်လယ်က နှင်းလူကြီးများကဲ့သို့ ခြေရာကိုသာ တွေ့ရ၍ အကောင်အထည်ကို မတွေ့ရပဲ အတွေးဖြင့် မှန်းဆရမ်းရော ယူရပါသည်။
သို့သော်လည်း ဆရာကြီး၏ စွမ်းရည်သတိ္တထူးပုံမှာ သူရေးလို်က်သည်ကို ကြားနာဖတ်ရွတ်ရသူသည် အရသာမခံစားပဲ မနေနိုင်ခြင်းပင် ဖြစ်သည်ဟု ဆိုချင်ပါသည်။ စာပေ ကျွမ်းကျင်သူသည်လည်း အရသာ ခံစားနိုင်သည်။ စာပေ မကျွမ်းကျင်သူသည်လည်း အရသာ ခံစားနိုင်သည်။ အနက်အဓိပ္ပာယ်၏ အရသာကို မခံစားနိုင်သည့်တိုင်အောင် စကားလုံး၏အသံ၊ ကာရန်၏အသံ၊ နဘေ၏အသံ ၊ အချိုး၏အသံ စသည်တို့ကို ခံစားနိုင်သည်၊ ခံစားနိုင်ရုံတွင်မက နှုတ်တက်လည်း ဆောင်နိုင်ကြပါသည်။ အဘယ်ကြောင့်ပါနည်းဟု စဉ်းစားကြည့်သောအခါ ဆရာကြီးသည် အရပ်ပြောစကားလုံး၊ အရပ်ပြော ဝါကျ၊ အရပ်ပြော အမှုအရာ၊ အရပ်ပြော စည်းဝါးနရီ တို့ကို မိမိကဗျာများတွင် ပျော်၀င် ရောစပ်သွားအောင် ဖန်ဆင်းတတ်ပါသည်။ အပြန်အားဖြင့် စာသုံးစကားသုံး ၊ စာသုံးဝါကျ၊ စာသုံးစည်းဝါးနရီတို့ကို အရပ်သုံးစကား ဖြစ်အောင် ဖေါ်စပ်ဖန်တီး တတ်ပါသည်။ ထို့ကြောင့် သူ့ကဗျာ မဟာလေးချိုးကြီးများကို လူတန်းစား မရွေးဖတ်ရှုကျက်မှတ် အရသာခံ နိုင်သည်ဟု ထင်မိပါသည်” တဲ့။
“အေး ဒါပဲ၊ တော်ပြီ နားလိုက်။ ဆရာမင်းသု၀ဏ် အဲသလောက် လက်ကုန်နှို်က်ပြီး ချီးကျူးပြတာ တခါမှ မတွေ့ဖူးသေးဘူး၊ ဘယ်ကလောက် တိုတိုနဲ့ ထိမိသလဲ ကြည့်စမ်း”
“ဟုတ်ပ ဆရာရယ် သမီးတို့လဲ အဲသလိုပဲ အရသာတော့တွေ့တယ်၊ အကုန်အစင် နားမလည်လို့သာ အရသာတွေ့ကြောင်း ရဲရဲမပြောဝံံ့တာပါ။ တော်ကြာ ညည်းက ဘာနားလည်လို့လဲ အမေးခံလိုက်ရယင် ဒုက္ခကိုး ဆရာရဲ့”
“သည်မယ်ဟေ့ ၊ ဆရာကြီးရဲ့စာကို အပြည့်အ၀ နားမလည်ဘူးဆိုတာ ကိုယ်တယောက်ပဲ မအောက်မေ့နဲ့။ တို့လဲ ပါသဟ။ ဒါတင် ဘယ်က မလဲ၊ သခင်ကို်ယ်တော်မှိုင်းဋီကာ ရေးတဲ့ ဆရာဇော်ဂျီကတောင် ဆရာကြီးရဲ့စာတွေကို နားလည်ချင်တဲ့သူ လက်ညှိုးထောင်ဆိုလျှင် ကျွန်တော် ရှေ့ဆုံးက ထောင်ပါမည်လို့ အဲဒီ ဋီကာအမှာစာမှာကိုပဲ ဆိုထားလေ့ရဲ့ဗျာ။ အဲ့ဒီတော့ အားလုံးနားမလည်တာကို စိတ်မပျက်နဲ့ ၊ ဖတ်သာဖတ်၊ ရွတ်သာရွတ်”
“သမီးတို့ကလဲ အဖတ်အရွတ်နည်းပါတယ်။”
“ဆရာကြီးကိုယ်တိုင်ကလဲ ဋီကာ ၊ ဂဏ္ဌိတွေ ရေးခဲ့သားပဲလေ၊ လေးချိုးကြီးတွေ အများစုဟာ ဋီကာတွေထဲက ဟာတွေပဲ၊ ဒါနဲ့ စပ်မိလို့ ၀မ်းသာစရာသတင်းပေးရဦးမယ်။ နင်တို့ဆရာ ကိုမင်းမော် ပြောတာပဲ၊ ကိုတင်မိုးကို ဆရာကြီး မင်းသု၀ဏ်က မှိုင်းကဗျာ ရသအဖွင့် စာတအုပ်ရေးဖို့ တာ၀န်ပေးထားသတဲ့ ၊ အဲဒါ ၁၉၈၇ နှစ်ဆန်းတရက်မှာ စာအုပ်အဖြစ်ချုပ်ပြီး ထုတ်ပြီး ဆရာ့လက်အရောက် ကန်တော့လာပါ့မယ်လို့ ဆရာမိုးကလဲ ကတိပေးခဲ့တယ် ပြောတယ်။ နင်တို့ ၀မ်းသာပေတော့။”
“ဟုတ်လား၊ ၀မ်းသာလိုက်တာ ဆရာရယ်”
“နင် “ပန်းနဲ့ ပင်စည်”ဖတ်ဖူးရဲ့ မဟုတ်လား ။ ဆရာမင်းသု၀ဏ်ရဲ့ ဆောင်းပါးပေါင်းချုပ်လေ။ အဲဒါ ငါတို့ မန္တလေးနေတုန်း ကိုတင်မိုးစီစဉ်ပြီး မန္တလေးကထုတ်တဲ့ စာအုပ်တအုပ်ပေါ့၊ ခုထပ်ထုတ်ဖို့ ကောင်းနေပြီ ရှားနေပြီ။”
“သမီး ဖတ်ဖူးပါတယ်၊ ဒါပေမယ့် အကုန်တော့ မှတ်မိမယ် မထင်ဘူး။”
“အဲဒီ စာအုပ်ထဲမှာ “သခင်ကိုယ်တော်မှို်င်းသာလျှင် စာမဆိုခဲ့သော်” ဆိုတဲ့ ဆောင်ပါးတပုဒ် ပါတယ်။ ပြန်ဖတ်ကြည်စမ်း။ ဆရာမင်းသု၀ဏ်ရဲ့ သုတေသနအမြင်၊ ေ၀ဖန်ရေး အမြင်ဟာ သိပ်ကို စူးရှ၊ ပို်င်နိုင်၊ တိကျ၊ ပြတ်သား၊ ထိမိပေတာပဲ။ စာပေသမိုင်းကြီးတခုလုံးကို ဆောင်းပါး တိုလေးတပုဒ်နဲ့ မီးမောင်းထိုးပြ လိုက်တာဟာ တခါတည်းကို လင်းကနဲ ကွင်းကနဲ ဖြစ်သွားတာပဲ”
“ဆရာမင်းသု၀ဏ်ဟာ ခေတ်စာဆိုကို ေ၀ဖန်ခဲတယ်။ သူများမလုပ်နိုင် ၊ မလုပ်တတ်၊ မလုပ်ဖြစ်တဲ့ သုတေသန လုပ်ငန်းတွေထဲမှာ သူ့ဘ၀ကို မြှုပ်နှံပြီး လုပ်နေတာ ဆိုတော့ တော်ရုံတန်ရုံဟာကို လှည့်မကြည့်အားရှားဘူး။ လှည့်ကြည့်ဖြစ်ပြန်လဲ ေ၀ဖန်ချက်ပေးလောက်အောင် အချိန် မချမ်းသာ ရှာဘူးလေ။ ခေတ်စာဆိုများထဲကဆိုယင်လဲ ဆရာကြီးတယောက်တည်းကိုပဲ အလေးအနက် လေ့လာသုံးသပ်ပြီး ေ၀ဖန်ချက် ပေးတာရှိပါတယ်။ ေ၀ဖန်ချက် ပေးတဲ့အခါမှာလဲ ဆရာ့တသက်တာ ဆည်းပူးလေ့လာခဲ့တဲ့ ပညာအင်အား၊ သုတေသနအင်အားတို့ကို အတိုချုပ် အဆီထုတ်ပြီး လေ့လာတင်ပြ လိုက်တာမျိုးကို တွေ့ရပါမယ်”
“ဆရာမင်းသု၀ဏ်က ဆရာကြီး သခင်ကိုယ်တော်မှု်ိင်းရဲ့ ကဗျာများဟာ မြန်မာစာပေသမိုင်းမှာ ဘယ်လိုအနေအထားက ပါရှိနေတယ် ဆိုတာကို ပြောမယ်ဆိုတော့ အတိတ်ခေတ် မြန်မာကဗျာသမိုင်းကြီး တခုလုံးကို ပြန်ဖွင့်ပြလိုက်တယ်။ မြန်မာစာပေသမိုင်းထဲမှာ ပျို့၊ မော်ကွန်း၊ ဧချင်းတို့ကို ဖတ်လိုက်ယင် ကဗျာ များများစားစား ရေးခဲ့တဲ့ပုဂ္ဂိုလ် သိပ်မကျန်ဘူး။ အဲဒီအထဲက ကဗျာစာဆိုတွေထဲမှာ ထိတ်ထိတ်ကြဲလို့ ဆိုရမယ့် ကဗျာစာဆိုသုံးဦးကို ဆရာမင်းသု၀ဏ်က ထုတ်ပြလိုက်ပါတယ်။ န၀ဒေး၊နတ်ရှင်နောင်နဲ့ ဦးပုညပါ။ တို့တတွေ အလွန်နှစ်သက်တဲ့ စာဆိုတွေပါပဲ၊ အဲဒီစာဆိုကြီးတွေရဲ့ စာတွေကို
(၁) ကဗျာမျိုးမည်
(၂) အကြောင်းအရာ မျိုးမည်
(၃) အဖွဲ့မျိုးမည်လို့ ခွဲခြားကြည့်လိုက်တယ်
အဲဒီအခါမှာ
(၁) ကဗျာအမျိုးအမည်က ရတု။
(၂) အကြောင်းအရာ မျိုးမည်က “မောင်မယ်အချစ်ကိစ္စ အကဲမူနေသည်ကို တွေ့ရပါသည်” တဲ့။
(၃) အဖွဲ့အမျိုးအမည်အရ ဆိုယင်တော့ ချီ၊ စေ၊ တော၊ တိုင်၊ ဖွဲ့၊ မေး၊ လား တဲ့ အားလုံး ပေါင်း စုဆောင်းရရှိ ပုံနှိပ်ပြီးသမျှ ၂၃၆ ပုဒ်မှာ ၂၀၀ ခန့်က မောင်မယ် အချစ်ကိစ္စတို့ကို အခြေခံထားတဲ့ ကဗျာများဖြစ်ကြပါတယ်တဲ့ ၊ ဒါကြောင့် န၀ဒေးရဲ့ ရတုတွေဟာ အရေအတွက် များပေမယ့် အချစ်ကိစ္စတွေထဲ တွင်သာ တ၀ဲလည်လည် ဖြစ်နေသည်ကို တွေ့ရပါသည်” တဲ့ဗျား
“ခုုန ဆရာပြောလိုက်တဲ့ ချီ ၊ စေ၊ တော၊ တောင်၊ ဆိုလား အဲဒါဘာတွေလဲ ဆရာ”
“အဲဒါတွေကလား ‘ချီ’ ဆိုတာက ‘စစ်ချီ ရတု’၊ ‘စေ’ ဆိုတာက ‘ကျေးစေ ရတု’ ၊ ‘တော’ ဆိုတာက ‘မိုးတော ရတု’၊ ‘တိုင်’ ဆိုတာက ‘ဘုရားတိုင်’ ‘သိကြားတိုင်’ရတု၊ ‘ဖွဲ့’ ဆိုတာက ‘မယ်ဘွဲ့’ ‘ပန်းတွဲ’ ‘မြို့တွဲ ရတု’တွေပေါ့ဟာ ‘မေး’ က ‘ဥဒေါင်းဖိုမ ၊ ဟင်္သာအမေးအဖြေ’ ဆိုတာမျိုးတွေပေါ့။ ‘လား’ ကတော့ ‘တောလား ရေလား’ ၊ အားလုံးပေါင်း ရတု အဖွဲ့ ၇ မျိုးဖွဲ့ခဲ့တယ်လို့ ဆိုလိုတာပါ”
“နေဦးဆရာ၊ သမီးမှတ်လိုက်ဦးမယ်”
“မှတ်မနေနဲ့ စာအုပ်သာ၀ယ်လိုက်၊ န၀ဒေး ပြီးတော့ ထက်ကြပ်မကွာလိုက်လာတာက နတ်ရှင်နောင်တဲ့ နတ်ရှင်နောင် ရတုပေါင်းချုပ်မှာ ပုဒ်ရေ ၆၀ ပါတယ်တဲ့၊ အဲ့ဒါတွေအားလုံးလောက်ဟာ အချစ်ကိစ္စထဲမှာသာ တ၀ဲလည်လည် ဖြစ်နေပါတယ်တဲ့၊ ဒီနောက် ရတနာပုံခေတ် စာဆိုဦးပုညကလဲ တေးထပ်တွေ အများကြီး ရေးခဲ့တာ ၂၆၉ ပုဒ်တွေ့၊ ပုံနှိပ်ထားတဲ့ အထဲက ဗေဒင်တေးထပ် ၉၉ ပုဒ် နုတ်လိုက်ယင် ကဗျာပေါင်း ၁၇၀ သာ ကျန်ပြီး ဒါတွေကလဲ အချစ်ကိစ္စတွေထဲမှာသာ တ၀ဲလည်လည် ဖြစ်နေပါတော့တယ်တဲ့။ မောင်မယ်တို့ရဲ့ စိတ်ခြောက်ခြားချက်အမျိုးမျိုးကို ဖော်ပြတဲ့ ကြောက်၊ ခက်၊ စွဲ၊ ဆွေး၊ ညု၊ ပူ၊ လွမ်း တေးထပ်တွေသာ ဖြစ်ကြပါတယ်တဲ့။ ဒီအတိုကောက်တွေကတော့ သူ့ဘာသာ အဓိပ္ပာယ်ပေါ်ပြီးသားတွေပဲ။ အဲဒီတေးထပ်တွေကို မျက်ရည်တဖြိုင်ဖြိုင်၊ သည်းဆိုင်တကျွမ်းကျွမ်း၊ အလွမ်းတထွေထွေနဲ့ ရေးစပ်လိုက်တာတွေဟာ ‘ငိုရှိုက်သံ၊ ပင့်သက်ရှိုက်သံ၊ နှာရည်ရှုပ်သံတို့ဖြင့်သာ ထကြွလှုပ်ရှား နေပါတာ့တယ်တဲ့”
“ဟုတ်တယ်နော် ၊ သမီးတို့ဒါတွေ သတိမပြုခဲ့မိဘူး”
“ဒါမျိုးကတော့ ဆရာမင်းသု၀ဏ်တို့လို သုတေသီများသာ မြင်နိုင်တာ။ ရှေးကဗျာလဲ သိ၊ ခေတ်ကဗျာလဲ သိ၊ စာပေသုတေသန နောက်ခံ သမိုင်းလဲသိတဲ့ ပုဂိ္ဂုလ်မျိုးမှ ပြောလို့ ဖြစ်နိုင်တဲ့ ကိစ္စမျိုးလေပဲ။ ဆရာက အဲသလို စာဆိုကြီးသုံးဦးကို နှို်င်းယှဉ်ကြည့်သောအခါ အဲဒီ စာဆိုကြီးသုံးဦးဟာ အမျိုးလေးပါး အနက် မင်းဆွေစိုးမျိုး အတွက်သာ ဒီကဗျာတွေကို ရေးသားသီကုံးခဲ့ကြောင်း တွေ့ခဲ့ရပါတယ်တဲ့။ မြင်လား ဒါဟာ ရှေးစကားနဲ့ ပြောလိုက်တာ၊ ခေတ်စကားနဲ့ ပြောရယင် ရှေးစာဆိုတွေဟာ အုပ်စိုးသူ လူတန်းစား အတွက်သာ ဖွဲ့ခဲ့ကြတယ်၊ အုပ်စိုးခံ ပြည်သူလူထုရဲ့ ဘ၀နဲ့ ခံစားမှုများကိုတော့ ငဲ့စောင်း မကြည့်ခဲ့ကြဘူးလို့ ပြောလိုက်တာပါပဲ။ တခြားပုဂိ္ဂုလ်သာ ဒီစကားမျိုး ပြောယင် လက်၀ဲဆန်တယ်၊ ဘာညာနဲ့ ပြောချင်ပြောကြဦးမှာ၊ ဆရာမင်းသု၀ဏ် ဆိုတော့ နိုင်ငံရေးသမား စာရေးဆရာ မဟုတ်မှန်းလဲ အများက သိထားကြပြီးသား မဟုတ်လား”
“သမီးကတောင် ၀င်ပြောမိတော့မလို့”
“အေး ၊ မပြောမိတာ ကောင်းတာပေါ့၊ ဆရာမင်းသု၀ဏ်က ဒါနဲ့သာ ရပ်မထားသေးဘူးဗျ သူတို့ဟာ အထက်တန်းလွှာ လေသံနဲ့ အပျင်းပြေ၊ အငြီးပြေ၊ အလွမ်းပြေ၊ အဆွေးပြေ၊ အငှားတွေးတွေးပြီး ၊ အငှားရေး ရေးရတဲ့ ချစ်ဒုက္ခကဗျာ ထုံးတမ်းစဉ်လာကြီးဖြစ်လာပါတော့တယ်တဲ့။ ဒါကြောင့် ရှစ်ခွင်တို်င်း မှုန်မှို်င်းတဲ့ ပတ်လည် ဆိုသလို ကဗျာ ကောင်းကင် အာကာခွင်မှာ အချစ်မင်းလွင်တို့ အုံဆိုင်းနေသည်ကိုသာ တွေ့ရပါတော့တယ်တဲ့”
“အဲဒီအချစ်မင်းလွင်တွေရဲ့ ဟိုမှာဘက်ကို ထိုးဖေါက်မျှော်ကြည့်ပြီး မိမိ၏ ထက်မြက်စူးရှသော ကဗျာဉာဏ်ကို လက်သုံးပြုကာ မျှတမှု၊ ညီညွတ်မှု၊ လွတ်လပ်မှု၊ အေးချမ်းမှု တရားတို့ကို မနားမနေ ဟောကြား ကြွေးကြော်လာသူကတော့ ဆရာကြီး သခင်ကိုယ်တော်မှို်င်းပါပဲတဲ့။ မျက်ကန်းမျိုးချစ်ဆရာတွေ ၀ို်င်း၀န်းထုကြ နှက်ကြတဲ့ကြားက ထိုးဖောက် တိုက်ဖျက်ပြီး “ခေတ်မီတဲ့စာပေယဉ်ကျေးမှုအသစ်” တို့ကို မိမိရဲ့ဉာဏ်အား ကိုယ်အားနဲ့ မနေမနား ပြုစုပျိုးထောင်လိုက်သူအဖြစ်နဲ့ ခုအခါမှာ ဆရာကြီးမှို်င်းဟာ ဧ၀ရက်တောင်ကြီးပမာ ထင်ရှားကျော်ကြားလျက် ရှိပါတော့တယ်တဲ့ဗျား”
“ကဲ သည့်ထက် ဘာများရှင်းတာ၊ ပြတ်တာ ရှိသေးတုန်း၊ သည်မယ် တပည့်မရဲ့၊ ခုခေတ်ထဲလဲ ဆရာမင်းသု၀ဏ်ပြောတဲ့ မျက်ကန်းမျိုးချစ်လို လူတွေရှိနေသေးတာပဲ။ ဆရာမင်းသု၀ဏ်တို့က ဆရာကြီးကို ဧ၀ရက်တောင်ကြီး ရွှေတောင်ကြီးနဲ့ ခို််င်းနှို်င်းခဲ့ကြတယ်။ ဆရာကြီး ကွယ်လွန် တော့ ရွှေတောင်ကြီး ပြိုသလိုပဲလို့ မြည်တမ်းငိုကြွေးခဲ့တာ ငါတို့တတွေ မျက်ရည်မခြောက်သေးပါဘူး။ အလျဉ်းသင့်ယင် တခြားဆရာကြီး တွေက ဘယ်လိုမြင်တယ်ဆိုတာ ဆရာထပ်ပြောပါအုံးမယ်။ တို့များ ကတော့ ဆရာမင်းသု၀ဏ်မြင်သလိုပဲ မြင်ပါတယ်။ ဒီ ေ၀ဖန် ချက်ထက် ရှင်းတဲ့ ပြတ်တဲ့ ေ၀ဖန်ချက်မျိုးလဲ ထပ်ရေးနှို်င်ဖို့ မလွယ်ပါဘူး။ ကဗျာ အနုပညာကို ခံစားတတ်ပါစေလို့ ဆုတောင်းပါတယ်။”

မောင်စွမ်းရည်

မိုးေ၀ စာပေ မဂ္ဂဇင်း
အမှတ်၂၂၁၊ အောက်တိုဘာ၊ ၁၉၈၆

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address


Yangon