08/03/2026
Enjoy Life...5
Hello ချစ်ရတဲ့ My love book လေးရေ...
Enjoy Life 4 ကိုရေးပြီးကတည်းက စာတွေမရေးဖြစ်တာ အတော်လေးကြာသွားခဲ့တယ် …..
ဒီရက်ထဲ အဖိုးနဲ့ပတ်သက်ပြီး အမှတ်ရစရာလေးတွေ ကြုံမိလို့ Enjoy Life 5 လေးမှာ အဖိုးအကြောင်းလေးနည်းနည်းရေးပါမယ်ရှင့်…
အရင်မြန်မာပြည်ကအလုပ်မှာတုန်းက ခင်ခဲ့တဲ့ ညီမလေးတယောက်က CHO ရဲ့ TikTok acc က Post တခုအောက်မှာ Comment လေးတခုပေးထားတာတွေ့ပြီး CHO ရဲ့အိပ်မတ်တွေထဲက တခုဖြစ်တဲ့ စာဖတ်ပြချင်တဲ့ စိတ်ကလေးကပြန်ပေါ်လာတယ်….
စာဖတ်ပြတာ CHO ဖတ်ထားတဲ့စာတွေကို ဇာတ်လမ်းတွေကိုပြန်ပြောပြရတာက CHO ဝါသနာတွေထဲက တခုပေါ့….
နည်းပညာတက္ကသိုလ်ကျောင်းသူဘဝတုန်းကလည်း စာဖတ်ပြတာ ဖတ်ထားတဲ့ ဝတ္ထုကိုပြန်ပြောပြခဲ့တာတွေကို ပြန်အမှတ်ရမိတယ်….ဖတ်ပြတာထက် အဲ့အချိန်တုန်းကတော့ ဖတ်ထားတာကိုပြန်ပြောပြတာများပါတယ်….
သူများကို စာဖတ်ပြရတာကြိုက်တာက ဘဘကြီးကိုကျေးဇူးတင်ရမယ်…
CHO တို့က ဘဘ ခေါ်တာပေါ့နော် တကယ်တော့ မေ့မေ့ရဲ့ ဖေဖေ အဖိုးပါ…
မှတ်မှတ်ရရပြောရရင်တော့ ၇ တန်း ၈ တန်းလောက် ကစတာဖြစ်မယ်ထင်တယ်…
တရက် အဖိုးက ရန်ကုန်ကိုသွားလည်တယ် ခရီးကအပြန်မှာ စာအုပ်တွေဝယ်လာတာအများကြီးပဲ…
ဓမ္မပဒ ၇ အုပ်တွဲ နဲ့တခြားစာအုပ်တွေပေါ့…
အဖိုးက မြေးကိုစာဖတ်စေချင်တော့ သမီးရေ အဖိုးမျက်လုံးကမကောင်းလို့ စာဖတ်ပြပါဆိုပြီး ဓမ္မပဒအတွဲလိုက်ကိုဖတ်ပြခိုင်းတယ် တနေ့ကို မိနစ် ၃၀ လောက်ပေါ့ ပျင်းမှာဆိုးလို့ အကြာကြီးလည်းမဖတ်ခိုင်းဘူး…
ဆောင်းတွင်းနေ့လည်တွေဆိုရင် အိမ်အပေါ်ထပ်မှာဖတ်ပြရတယ်…
နွေဆိုရင်တော့ အိမ်အောက်ထပ်ကအေးလို့ အိမ်အောက်မှာပဲ နေ့လည်ထမင်းစားပြီးချိန်ဆိုစာအမြဲဖတ်ပြရတယ်…
တချို့ ပါဠိစကားလုံးတွေဆို CHO ကမဖတ်တတ်လို့ စာဖတ်နေရင်းရပ်ရပ်သွားတာတွေရှိတယ်…အဲ့လိုဖြစ်ပြီဆိုရင် အဖိုးက သမီးရေ ရှေ့နားကစာကိုနည်းနည်းလေးပြန်ဖတ်ပြဆိုပြီးဖတ်ပြခိုင်းတယ်…ပြီးရင်ဪအဲ့ဒါကဘယ်လိုဖတ်ရတာလေသမီးရဲ့ဆိုပြီး အသံထွက်လည်းပြောပြတယ် အဓိပ္ပာယ်လည်းရှင်းပြတယ်…
ဒါက CHO ဖတ်ပြရတဲ့ ပုံစံပေါ့နော် အဲ့လိုပဲကျန်တဲ့ မြေးတွေဖြစ်တဲ့ CHO အမတွေကဘာဖတ်ပြရလည်းဆိုရင် ဇာတ်လမ်းတွဲတွေမှာစာတမ်းထိုးတဲ့မြန်မာစာကိုဖတ်ပြရတယ်…
အဲ့လိုကနေစပြီး သူများကို စာဖတ်ပြရတာ အရမ်းကိုသဘောကျတယ်…
တခါတလေ နားထောင်မည့်သူမရှိလည်း ကိုယ့်ဘာသာအသံထွက်ပြီးဖတ်ဖြစ်တဲ့အခါတွေရှိတယ်…
ပြောချင်တာကလေ အဖိုးလုပ်ပေးလိုက်တဲ့အကျင့်ကောင်းလေးကို CHO ကလည်းနှစ်နှစ်သက်သက်လေး ဆက်ပြီးလုပ်လာခဲ့တာ ဒီလိုကိုယ့်ကိုစာဖတ်ပြတာနဲ့တွဲပြီးမှတ်မိနေတော့ အရမ်းဝမ်းသာမိတယ်…
Weekend တွေဆိုရင် CHO က Senior Uncles တွေနဲ့အချိန်ကုန်တာများပါတယ်…Sunday ဆိုရင် သူတို့တွေနဲ့ Tennis ရိုက်တယ် ပြီးရင် Breakfast စားတယ်…
Saturday ဆိုရင်တောင်တက်တယ်ဆိုတာက Enjoy Life 1 မှာကတည်းကသိပြီးသားဖြစ်မှာပါ…
ဒီ Saturday မှာတော့ သူငယ်ချင်းအသစ် Senior Uncle တယောက်နဲ့တောင်တက်ဖြစ်တယ်…
CHO ကပုံမှန်တက်နေကြမို့ CHO ရဲ့ Score ကိုသိပေမယ့် Uncle ရဲ့ Score ကိုမသိတော့ ဘယ်လမ်းကတက်မလဲဆိုတာသူ့ကိုရွေးခိုင်းတယ်…
သူကတော့ CHO ကိုပဲရွေးခိုင်းတယ် သူလည်းတက်နေကြဆိုတော့ CHO ပုံမှန်တက်နေကြလမ်းကိုပဲရွေးလိုက်တယ်…CHO တက်နေကြလမ်းက Steps တွေအရမ်းများတယ်…
Halfway ရောက်တော့ သူအများကြီးပင်ပန်းနေတာသတိထားမိတယ်…သူ Steps တွေမကြိုက်ဘူးတဲ့ သူတက်တဲ့တောင်တွေက Steps တွေနဲ့မဟုတ်ဘူးလေ…
ဒါဆို ကျန်တဝက်ကို Steps မရှိတဲ့ Easy route ကတက်တာပေါ့လို့ ဆိုပြီးလမ်းကြောင်းပြောင်းလိုက်ရတယ်…
CHO လည်းအတော်လေးစိတ်မကောင်းဖြစ်သွားတယ်… သူက မတက်နိုင်တာတော့မဟုတ်ဘူး တက်နိုင်တယ်ပေါ့နော် ဒါပေမယ့် သူအသက်အရွယ်နဲ့ အလေ့အကျင့်မဖြစ်နေတဲ့ လမ်းကြောင်းဖြစ်နေတာတခုပါပဲ သူတို့ကအရမ်းကျန်းမာကြပါတယ်…
ပြောချင်တာက မနေ့က သူ့ကိုမြင်ပြီး အဖိုးကိုသတိရသွားတယ်….
နည်းပညာတက္ကသိုလ် ပထမနှစ်မှာ အဖိုးက မြေးမတွေနဲ့ ကျိုက်ထီးရိုးသွားချင်တယ်ပြောတယ် CHO စာမေးပွဲတွေပြီးတဲ့အထိစောင့်ပြီး CHO စာမေးပွဲပြီးလို့အိမ်ပြန်ရောက်ပြီးနောက်နေ့ပဲ ကျိုက်ထီးရိုးခရီးစထွက်ခဲ့တယ်…
အဲ့အချိန်တုန်းက အဖိုးအသက်က ၈၄ နှစ်…
CHO အသက် ၁၈ နှစ်မပြည့်သေးဘူး…
ကျိုက်ထီးရိုးရောက်တော့ တောင်ပေါ်အတက်မှာကတည်းက ရသေ့တောင်ကနေတောင်ထိပ်ထိကားကမရှိတော့လို့ ခြေလျင်တက်ခဲ့ရတယ်…
အဖိုးကို မြေးတွေတယောက်တလှည့်တွဲပြီးတက်ခဲ့တာ နောက်ဆုံးတောင်ပေါ်ရောက်ခဲ့တယ်… အဖိုးကအရမ်းသန်မာတယ်…
သူသန်မာသလို မြေးမတွေကိုလည်းအရမ်းကျန်းမာစေချင်တယ်… နောက်ရက်တောင်ပေါ်ကပြန်ဆင်းတော့လည်း ခြေလျင်လမ်းကဆင်းမယ်တဲ့ ကားနဲ့မဆင်းဘူး ဒါမှငါ့မြေးတွေတကယ့် စာတွေထဲမှာ ရေးထားတဲ့ နေရာတွေကိုရောက်ဘူးမှာ ဆိုပြီး မနက် ၉ နာရီကစပြီး ရင်ပြင်တော်ပေါ်ကနေခြေလျင်ဆင်းလိုက်တာ ညနေ ၅ နာရီမှ ကင်းပွန်းစခန်းကိုရောက်တယ်…
လမ်းမှာအဖိုးက ချွေးတွေအရမ်းထွက်ပြီး အင်္ကျီကရေညစ်ချလို့ရတယ် CHO တို့ညီအမတွေလည်း လန့်တော့လန့်သွားတယ်… ဒါပေမယ့်အောင်အောင်မြင်မြင်နဲ့ ၈၄ နှစ်အဖိုးနဲ့အတူ တောင်အောက်ကိုပြန်ရောက်ခဲ့တယ်…
မနေ့က Uncle ကိုမြင်ပြီး အဖိုးနဲ့ ကျိုက်ထီးရိုးတောင်ကနေခြေလျင်ဆင်းတာကို မျက်လုံးထဲမှာ ရုပ်ရှင်ပြကွက်လိုပဲပြန်မြင်လာတယ်…
နောက်တခါဆိုရင်တော့ ခုမှစတက်မည့်သူနဲ့တူတူတက်မယ်ဆိုရင် Easy and short route ကိုပဲရွေးပါမယ်…
အဖိုးက ကျင့်ပေးခဲ့တဲ့ ကောင်းတဲ့အကျင့်လေးတွေကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ရင်း အဖိုးကိုလည်း မှတ်မှတ်ရရကျေးဇူးတင်ရင်း စာမရေးတာလည်းကြာပြီဖြစ်လို့ Enjoy Life 5 ကို Block အောက်က Play Ground မှာဒါန်းစီးရင်းရေးလိုက်ပါတယ်…
CHO ရဲ့စာတွေကို ဖတ်ပေးတဲ့တယောက်စီတိုင်း CHO acc ထဲက သူငယ်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်…
27/12/2025
Enjoy Life...4
Hello ချစ်ရတဲ့ My love book လေးရေ...
ဒီနေ့ တောင်တက်သွားတာကို ပုံမှန်လို Bus နဲ့မသွားပဲ စက်ဘီးနဲ့သွားဖြစ်တယ်...
စက်ဘီးစီးချင်တာကော နောက်ပိုင်း စက်ဘီးစီးတဲ့ Group တွေနဲ့ Join ရင် အလေ့အကျင်ရပြီးသားလည်းဖြစ်အောင်ပေါ့...
ဒါပေမယ့် အိမ်ကထွက်တာနောက်ကျသွားတော့ တောင်ခြေကိုရောက်တဲ့အချိန်က မနက် ၁၀:၃၀ ကျော်သွားပြီလေ...
ဒါနဲ့ပဲ တောင်မတက်ဖြစ်တော့ပဲ စက်ဘီးပဲနည်းနည်းထပ်စီးပြီးပြန်လာခဲ့တယ်ဆိုပါတော့ရှင်...
စက်ဘီးစီးမိတော့ စက်ဘီးနဲ့ပက်သက်ပြီး ငယ်ဘဝအမှတ်တရလေး သွားသတိရမိပြန်ရော...
မှတ်မှတ်ရရ ဖေဖေ အမှုထမ်းကနေ အရာထမ်းကို ရာထူးတိုးတော့ အရာထမ်းအိမ်ရာဘက်ကိုပြောင်းဖို့ကြုံလာတာပေါ့နော်...
CHO ၃ တန်းနှစ်ဝက်မှာပဲ အိမ်ပြောင်းခဲ့ရတယ်... အိမ်အသစ်နေရာက CHO တက်နေတဲ့ကျောင်းနဲ့ နည်းနည်းလှမ်းတယ်...
စက်ဘီးကမရှိတော့ ကျောင်းကိုလမ်းလျှောက်သွားရတာများတယ်...
တခါတလေတော့ သူငယ်ချင်းစက်ဘီးနဲ့လိုက်စီးတာပေါ့နော်...
၄ တန်းနှစ်စမှာတော့ ဖေဖေက စက်ဘီးဝယ်ပေးတယ် ကျောက်စိမ်းရောင် ဆိတ် ၅ ကောင်စက်ဘီးလေး...
မမကြီးအတွက်က ဇီးညိုရောင်လေး...
ကျောင်းတွေဖွင့်ပြီဆို ပစ္စည်းအသစ်ကလေးနဲ့ကျောင်းသွားရရင် အရမ်းပျော်တာလေ 🤭
ဒါပေမယ့် အဲ့စက်ဘီးလေးနဲ့ အမှတ်တရက သိပ်မရှိခဲ့ဘူး... သိပ်မမှတ်မိခဲ့တာလည်းပါမယ်...
ဘာလို့လဲဆိုရင် ၈ တန်းနှစ်ရောက်တော့ အဘိုး အဖွားတွေရှိတဲ့ မြို့က ကျောင်းကိုပြောင်းထားဖို့ ဖေဖေတို့က ဆုံးဖြတ်လိုက်တော့ ကျောင်းအသစ်ကိုပြောင်းဖို့ဖြစ်လာရော...
အဲ့မှာပဲ ကိုယ့်ဘဝမှာ ပထမဆုံး Surprise ရဘူးတာပဲ...
ကျောင်းကပြန်လာတော့ အဘိုးတို့အိမ်ရှေ့မှာ စက်ဘီးအသစ်ကလေးနဲ့ ဖေဖေကစောင့်နေတာ...
သမီးအတွက် စက်ဘီးအသစ်လဲပေးထားတယ်တဲ့ Crocodile ဇီးညိုရောင်လေး...ပျော်လိုက်တာဆိုတာ ခုပြန်တွေးရင် ခုထိပျော်ရတယ်...ဝမ်းလည်းနည်းရတယ်...
ဘဝမှာ ပထမဆုံးနဲ့နောက်ဆုံးရဘူးတဲ့ Surprise Gift ပေါ့...
CHO ဘဝရဲ့ တဦးတည်းသော Surprise လုပ်ပေးတဲ့သူလည်းဟုတ်တယ်🥰
အရှေ့ရက်တွေတုန်းကပဲ မမကြီး အတွက် Crocodile ဗေဒါရောင်လေးလဲပေးထားတာဆိုတော့ ကိုယ့်အလှည့်မရောက်သေးဘူးထင်ထားတာလေ...
အဲ့စက်ဘီးလေးနဲ့ အမှတ်တရတွေကအများကြီးပဲ ဘာလို့လဲဆိုရင် CHO ၈ တန်းနှစ်ကတည်းကနေ တက္ကသိုလ်ထိ အဲ့စက်ဘီးလေးပဲစီးခဲ့တာ...
ဖေဖေဝယ်ပေးခဲ့တဲ့ နောက်ဆုံးလက်ဆောင်လို့လည်းပြောလို့ရတယ်...😔
ဘာလို့လဲဆိုရင် CHO ၉ တန်းနှစ် မွေးနေ့မရောက်ခင် တပတ်အလိုမှာ ဖေဖေ ဒီနှစ်ဘာလက်ဆောင်ပေးမှာလဲမေးတော့ သမီးကဘာလိုချင်တာလဲတဲ့...
တကယ်တန်း CHO မွေးနေ့ရောက်တဲ့နေ့မှာတော့ ဖေဖေက ရုတ်တရက်ပဲ လူလောကကြီးထဲက CHO တို့ဘဝထဲကနေ ထွက်သွားခဲ့ရတယ်...😔
တနှစ်တခါ မေမေကပဲ ဖေဖေနောက်ဆုံးဝယ်ပေးခဲ့တဲ့ စက်ဘီးလေးကို Overhaul လုပ်ပေးတယ်...
နှစ်တွေကြာလို့ Overhaul လုပ်တိုင်းလည်း ဘယ်တော့မှ စက်ဘီးထိုင်ခုံအစွပ်တွေကိုမလဲခိုင်းဘူး ဖေဖေ ရွေးပေးခဲ့တဲ့ အစွပ်လေးကိုပဲသုံးခဲ့တာ...
မှတ်မှတ်ရရ တက္ကသိုလ် တတိယနှစ် မိထ္ထီလာကိုပြောင်းတော့မှ မေမေက သမီးရယ်ဒီနှစ်တော့လဲလိုက်ပါတော့ဆိုပြီး သေချာချော့ပြောခဲ့လို့ CHO လဲခွင့်ပြုလိုက်တာ...
နောက်ပိုင်းလည်းမစီးဖြစ်ပေမယ့် အိမ်မှာပဲသိမ်းထားခဲ့တာ... မေမေက လိုအပ်တဲ့သူကိုပေးလိုက်ပါ သမီးလည်းကုသိုလ်ရပါတယ်ဆိုပြီးပြောလို့ ခုတော့ တကယ်လိုအပ်တဲ့သူက ကောင်းကောင်းစီးနေတာတွေ့ရတော့လည်း စက်ဘီးလေးက မပျက်စီးပဲ အသုံးဝင်ဆဲပဲပေါ့...🥰
ခုတော့ အရမ်းအစွဲအလမ်းမထားပဲ ဘဝကို Enjoy ဖြစ်အောင်နေရင်း ငယ်ဘဝအမှတ်တရလေးတွေ ဦးနှောက်အသိဉာဏ်ထဲကပျောက်မသွားခင် စာစီလို့ရေးလိုက်ပါတယ်...
13/12/2025
Enjoy Life...3
Hello ချစ်ရတဲ့ My love book လေးရေ...
ဒီနေ့ တောင်တန်းတွေနဲ့ပတ်သက်ပြီး Post လေးတခုဖတ်မိတယ်...
ဒါကြောင့် ဒီနေ့လည်း တောင်တွေကိုမြင်ရတာဘယ်လောက်ပျော်လဲဆိုတာကို ငယ်ငယ်ကအကြောင်းလေးနဲ့တွဲပြီးပြန်အမှတ်ရမိတယ်...
CHO ကတောင်တွေကိုဘယ်လောက်ချစ်လဲဆိုရင်လေ...
CHO ဖေဖေက အစိုးရဝန်ထမ်းဆိုတော့ ငယ်ငယ်က ဝန်ထမ်းအိမ်ရာမှာနေခဲ့ရတာပေါ့နော်...
ဖေဖေတို့ဝန်ထမ်းအိမ်ရာဝန်းကြီးက ဖေဖေတာဝန်ထမ်းဆောင်ရတဲ့ စက်ရုံကြီးနဲ့တဝန်းထဲပေါ့...
ဝန်းကြီးထဲမှာ စက်ရုံတွေ, ရုံးတွေ, ဧည့်သည်တွေလာရင်တည်းဖို့ Guest Houseတွေနှင့် ဝန်ထမ်းအိမ်ရာ အရာထမ်းအိမ်ရာတွေရှိတာပေါ့နော်...
ပုံမှန် ကျောင်းဖွင့်ရက်တွေမှာ ညနေကျောင်းဆင်းပြီဆိုရင် ကျောင်းကအပြန်ဖေဖေ့ရုံးကိုအမြဲဝင်တယ်...
ဖေဖေ့တို့စက်ရုံကြီးထဲလိုက်ကြည့်ရတာလည်း အရမ်းကြိုက်တယ်...
ဖေဖေအလုပ်လုပ်နေတာကို မြင်ရတာအရမ်းသဘောကျတာ...
ရုံးအလုပ်တွေလုပ်နေတာပဲဖြစ်ဖြစ် စက်ရုံထဲပတ်နေတဲ့အချိန်ပဲဖြစ်ဖြစ်ဖေဖေ့ဘေးကနေလိုက်ကြည့်ရတဲ့ ခံစားချက်ကတကယ့်ကို CHO အတွက်ကမ္ဘာကြီးတခုပဲ...
တခါတလေလည်း ကျောင်းဆင်းရင် ဖေ့ဖေ့ရုံးမသွားပဲ တယောက်တည်း Guest House ဝန်းထဲမှာသွားထိုင်နေတက်တယ်...
ဘာလို့သွားထိုင်လဲ သိလား?
Guest House ဝန်းက စက်ရုံဝန်းနယ်နိမိတ်ရဲ့ အရှေ့မြောက်ထောင့်လောက်မှာရှိတယ်...
CHO တို့မြို့လေးရဲ့ ပထဝီအရ မြို့ရဲ့အရှေ့ဘက်ကတောင်းတန်းတွေနဲ့လေ...
Guest House ဝန်းက တောင်းတန်းတွေဘက်ကိုမျက်နှာမူပြီးနေရာယူထားတာပေါ့...
Guest House ဝန်းထဲကပန်းခြံထဲမှာ ကျောက်စားပွဲနဲ့ထိုင်ခုံတွေရှိတယ်...
အဲ့မှာထိုင်ပြီး အရှေ့ဘက်အရပ်ကိုကြည့်ရင် တောင်တွေကိုကောင်းကောင်းကြီးမြင်ရတယ်...
အရမ်းကိုမှလှတဲ့နေရာလေး ပန်းခြံလေးနဲ့ တောင်းတန်းတွေကို တယောက်တည်းအေးအေးဆေးဆေး အနှောင့်အယှက်ကင်းကင်းကြည့်နိုင်တဲ့နေရာပေါ့...
အရမ်းတော့ကြာကြာထိုင်လို့မရဘူးပေါ့နော် မိုးချုပ်လာပြီဆို ခြင်တွေကဝိုင်းစော်ကြမှာလေ...😁
မှောင်သွားရင် အိမ်ကလည်းစိတ်ပူမယ်ဆိုတော့ မိနစ် ၃၀ လောက်ပေါ့...
အဲ့အချိန်က ကမ္ဘာကြီးနဲ့ခနအဆက်အသွယ်ဖြတ်ပြီး သဘာဝအလှကိုပဲခံစားလို့ရတဲ့အချိန်ပေါ့...
တခါတလေကြ Guest House ဝန်းကပိတ်ထားရင်လည်းဝင်လို့မရဘူးပေါ့နော်...😔
ဪဒါနဲ့ Guest House ဝန်းကိုသွားတဲ့ လမ်းလေးအကြောင်းလည်းပြောပြဦးမယ်...
လမ်းဘယ်ညာမှာ ရေတမာပင်တွေနဲ့ ခရေပင်တွေတန်းစီစိုက်ထားတော့ လမ်းလေးကအရမ်းချစ်ဖို့ကောင်းတယ်...
အပင်တွေကိုလည်း Landscape အဖွဲ့ကအမြဲတမ်း ကိုင်းတွေညှပ်ပုံဖော်ထားတော့ အမြဲသပ်ရပ်နေတာပေါ့...
ခရေပန်းတွေကြွေနေရင်ကောက်ဖို့ကတော့ အမြဲလက်မနှေးဘူး 🤭
ဒါပေမယ့် CHO ၈ တန်းနှစ်ကစပြီး ကျောင်းပြောင်းသွားရတော့ သွားထိုင်ဖို့အခွင့်အရေးကနည်းသွားပါတယ်...
ဒါပေမယ့် အမြဲအဲ့ကိုသွားလည်ချင်တဲ့စိတ်က မပျောက်သွားဘူး...
နောက်ဆုံးတခေါက်သွားလည်ခဲ့တုန်း အဆောက်အဦးတွေကော ပန်းခြံကော အရင်လိုမဟုတ်တော့ဘူး အားလုံးကအိုဟောင်းကုန်ပြီ တောင်တန်းတွေကိုလည်းကောင်းကောင်းမမြင်ရတော့ဘူး တခြားအရာတွေကကွယ်ထားလိုက်ပြီ ဝမ်းနည်းစရာပါပဲ😥
CHO ကငယ်ငယ်ကတည်းကတောင်တန်းတွေကိုပိုချစ်တဲ့သူဆိုတော့ တောင်တန်းတွေနဲ့ပတ်သက်ပြီး ငယ်ဘဝက Enjoy ဖြစ်ခဲ့ရတဲ့နေရာလေးကို သတိရလွမ်းဆွတ်ရင်း နောင်အသက်တွေကြီးလာရင် ပြန်ဖတ်လို့ရအောင် ချစ်ရတဲ့ Love book လေးအတွက် ရေးလိုက်ရပါတယ်...
ဓါတ်ပုံကတော့ ချင်းပြည် နတ်မတောင်သွားတုန်းကပုံလေးပဲတင်ပေးလိုက်တယ်နော်...
်
06/12/2025
Enjoy Life... 2
Hello ချစ်ရတဲ့ My love book လေး
ဒီနေ့တော့ ငယ်ငယ်က အမှတ်တရလေးတခုကိုမျှဝေပေးချင်တယ်...
ပုံမှန် အပတ်စဉ်ပိတ်ရက်တွေလိုပဲ ဒီနေ့လည်း Hiking again ပေါ့နော် 🤭...
အပြင်ထွက်ပြီဆို CHO အကြည့်တွေရဲ့ ဦးတည်ရာက အပင်လေးတွေပဲ အပင်လေးတွေနဲ့ ပန်းလေးတွေကိုမြင်ရတယ်ဆိုရင်ပဲ စိတ်ထဲမှာ ပျော်ပြီးကြည်လင်နေတာ...။
အပင်လေးတွေမြင်ရင် ပန်းတွေမြင်ရင် သဘောကျတာ မေမေ့ဆီကရတဲ့အမွေဖြစ်မယ် တနေရာရာသွားလို့ CHO တို့ညီအမ မမြင်ဘူးတဲ့မသိသေးတဲ့အပင်တွေတွေ့ပြီဆိုရင်ပဲ မေမေက သမီးဒါကဘာအပင်လေဆိုပြီးအပင်နာမည်ကိုပြောပြတယ်...။
ဒါပေမယ့် ဒီနေ့ပြောပြမည့် အပင်ကတော့ ဖေဖေ့ကြောင့် မှတ်မိတဲ့အပင်ပေါ့...။
CHO တောင်တက်တိုင်း ဒီအပင်ကြီးတွေကိုမြင်ရင် ဖေဖေ့ကိုသတိရမိတယ်...။
CHO တို့ဇာတိမြို့လေးနားမှာက နာမည်ကြီးတောင် ၂ ခုရှိတယ် တောင်ထိပ်မှာလည်းဘုရားတွေရှိတော့ ဘုရားပွဲအချိန်ဆို အရမ်းစည်းကားတယ်။
နွေရာသီကျောင်းပိတ်ပြီဆို မိဘတွေက အမြဲလိုက်ပို့ပေးတယ်...တခါတလေ စက်ဘီးနဲ့သွားတယ် ထမင်းချိုင့်တွေနဲ့စားစရာအပြည့်အစုံပါတဲ့ တောင်းကြီးကိုစက်ဘီးနောက်ထိုင်ခုံပေါ်မှာတင်ပြီး လမ်းလျောက်သွားတာ...
ဖေဖေ့ အလုပ်ကတပည့်တွေအားတယ်ဆိုရင်တော့ သူတို့အိမ်ကနွားလှည်းတွေနဲ့သွားရတယ်...။ နွားလှည်းနဲ့သွားရင်တော့အပျော်ဆုံးပေါ့ လမ်းလည်းမလျောက်ရဘူး နွားလှည်းစီးရတာလည်းပျော်တယ်လေနော်...။
တောင် ၂ ခုလုံးက မြစ်နဲ့နီးနီးမှာရှိတော့ အဲ့ကိုသွားရပြီဆို မြစ်ထဲမှာရေချိုးရတာလည်း အမှတ်တရပါပဲ။
ပြောချင်တဲ့အပင်က ခုမှလာမှာ အပေါ်က အကြောင်းလေးတွေကပြောရင်းသတိရသွားလို့ 🤭
ဖေဖေ့ကို အမှတ်ရစေတဲ့အပင်ကြီးက CHO မှတ်မိနေတဲ့ နာမည်ကတော့ စစ်စေးပင်ပါ
ဘာလို့အမှတ်ရလည်းဆိုရင်လေ CHO တို့ငယ်ငယ်ကသွားလည်တဲ့ တောင်တွေနားမှာ စစ်စေးပင်တွေရှိတယ်... ။
စစ်စေးသီးလေးတွေကို မြင်ဘူးလားဟင်?
သူ့အသီးမှာက ပန်ကာလို လက်တံဖက်လေးတွေပါတယ်...
လေထဲကိုမြောက်လိုက်ရင် အသီးရဲ့အလေးချိန်ရယ် အပေါ်ကလက်တံဖက်လေးတွေရယ်ကြောင့် ပန်ကာလေးလိုပြန်ကျလာတယ်လေ...။
လေထဲမြောက်လိုက် ကျလာရင်ပြန်ကောက်ပြီးမြောက်လိုက်နဲ့ ငယ်ငယ်ကတော့ အဲ့လိုဆော့ခဲ့ရတာလေးကပဲပျော်စရာလေနော်...။
တကယ်တော့ အဲ့အသီးလေးကို ဖေဖေကကောက်လာပေးပြီး သမီးဒါ စစ်စေးသီးလေ ဒီလိုလေး ဆော့ရတာဆိုပြီးပြောပြလို့သိခဲ့တာ။ ဒါကြောင့် အဲ့အပင်ကိုမြင်ရင်တော့ ဖေဖေ့ကိုအမှတ်ရမိတယ်။
ခုလည်းတောင်တက်သွားရင်း အသီးလေးတွေ တွေ့ရင်ကောက်ပြီးဆော့မိနေတုန်း အပင်ကိုတွေ့တိုင်းလည်း ဖေဖေ့ကိုလွမ်းမိပါတယ် 😔🥰
ဒီအပင်နဲ့ အသီးလေးတွေတွေ့ရင် ဆော့ကြည့်နော် 🥰
CHO ကတော့ စစ်စေးပင်လို့ပဲ မှတ်မိနေတယ်...
ငယ်ငယ်ကအမှတ်တရလေးတခုကို တောင်တက်သွားတိုင်းသတိရမိလို့ မျှဝေပေးလိုက်ပါတယ်ရှင့်...။