01/05/2026
သတိထားရမည့်အရာများ
#တချို့က ငါသီလသွားယူတယ်
ငါကဥပုသ်ကြီးနဲ့ဆိုပြီး မိမိကိုယ်မိမိမဟာမြင့်မြတ်သူလိုမာနကြီးသွားတတ်တယ်
တလွဲမာနပေါ့
အဲ့အခါ ငါလိုနင်တို့တောင်လိုက်လုပ်နိုင်လားလို့မပြောရုံတမည်..
အိမ်မှာကျန်နေသူ
လမ်းမှာထွက်ကစားသူ
သူ့စီးပွားရေးပဲ သူလုပ်နေသူတွေကို အထင်သေးနေတတ်တယ်။
ဒါက ဒီလိုများငါဖြစ်နေပြီလားလို့..
သတိချက်ချင်းဝင်လာခဲ့ရင်ပြုပြင်သင့်ပါတယ်။
( အသက်အရွယ်ဂုဏ်ရှိန်ဝါကြီးမြင့်သူ လောကကိုဓမ္မဓိဌာန်ကျကျမြင်သိပြီး မာနကိုပယ်သူလူပုဂ္ဂိုလ်ရဟန်းပုဂ္ဂိုလ်တွေကိုကျွန်မကဦးချပြီး..
ကျွန်မတို့လိုလောကီကနေလောကုတ္တရာဘက်စစိတ်ဝင်စားခြေလှမ်းစပုဂ္ဂိုလ်တို့အတွက်ရည်ရွယ်ပါတယ်။)
အဲ့အခါ အထက်မှာကျွန်မတင်ပြထားသလို..
အဲ့သလိုတလွဲမာနလေးများငါ့မှာဝင်လာပြီးလာဆိုရင်
ဒါက အင်မတန် သတိထားရမယ့် " ဓမ္မမာန " (သို့မဟုတ်) " ဝိပဿနာမာန " လို့ ခေါ်တဲ့ တလွဲမာနမျိုးပါပဲလို့အရင်ဆုံးသတိဝင်ပါနော်။
ကုသိုလ်ကောင်းမှု လုပ်နေပေမဲ့ စိတ်ထဲမှာ
" ငါကမှ လုပ်နိုင်တာ၊ သူတို့ကတော့ အဓိပ္ပာယ်မရှိတာတွေ လုပ်နေကြတာ " ဆိုတဲ့ အတွေးဝင်လာပြီဆိုရင်
အဲဒီကုသိုလ်ဟာ အကုသိုလ်နဲ့ ရောယှက်သွားပါပြီနော်။
အဲဒီလို အခြေအနေမျိုးနဲ့ ပတ်သက်ပြီး ဒီအချက်လေးတွေကို သတိပြုကြည့်လိုက်ပါရှင်....
၁။ အနှစ်ပျောက်ပြီး အဖတ်တင်ခြင်း
သီလဆောက်တည်တယ်ဆိုတာ မိမိရဲ့ ဒေါသ၊ မာနနဲ့ အကုသိုလ်တွေကို ယဉ်ပါးအောင်၊ ငြိမ်သက်အောင် ထိန်းကျောင်းတာပါ။
သီလယူထားပါလျက်နဲ့ တခြားသူကို အထင်သေးတဲ့စိတ် (မာန) ဝင်လာရင် အပြင်ပန်း သီလအရောင်တောက်နေပေမဲ့ အတွင်းစိတ်ကတော့ ညစ်နွမ်းသွားပါပြီ။
ဒါကို " တရားရယောင်နဲ့ တရားနဲ့ ဝေးနေခြင်း " လို့ ပြောလို့ရပါတယ်။
၂။ ဘုရားရှင်လက်ထက်က သာဓကများ
မြတ်စွာဘုရားရှင် လက်ထက်တော်က အိမ်ထောင်ရှင်မဖြစ်တဲ့ ဝိသာခါကျောင်းအမကြီး ဆိုရင် သားရေးသမီးရေး၊ မြေးရေးတွေနဲ့ အင်မတန် အလုပ်များသူပါ။
ဒါပေမဲ့ သူဟာ အိမ်တွင်းတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ရင်းနဲ့ပဲ သောတာပန်ဖြစ်ခဲ့ပါတယ်။ ကုသိုလ်ဆိုတာ အလုပ်အကိုင်၊ နေရာဒေသအပေါ်မှာ မူတည်တာမဟုတ်ဘဲ
" နှလုံးသွင်းမှန်ကန်မှု (ယောနိသောမနသိကာရ)" အပေါ်မှာပဲ မူတည်ပါတယ်။
၃။ ကိုယ့်အလုပ်ကိုယ်စစ်ဖို့
တခြားသူတွေက အထင်သေးတဲ့ပုံစံပြလာရင် စိတ်မကောင်းမဖြစ်ပါနဲ့။
စီးပွားရေးလုပ်နေသူ။
မိသားစုကို လုပ်ကျွေးနေတာဟာ " မင်္ဂလာတရား " နဲ့ ညီပါတယ်။
ကလေးထိန်းနေသူ။ဒါဟာ "မေတ္တာဘာဝနာ" လက်တွေ့ကျင့်သုံးနေတာပါ။
လမ်းမှာကစားနေသူ။သူ့မှာလည်း သူ့အပူအပင်နဲ့သူ အနားယူနေတာဖြစ်နိုင်ပါတယ်။
သူတစ်ပါးကို အကဲဖြတ်နေတဲ့စိတ်ဟာ ကိုယ့်စိတ်ကို ပူလောင်စေပါတယ်။
တကယ်တရားသိတဲ့သူ၊
သီလစင်ကြယ်တဲ့သူဟာ
သူတစ်ပါးကို အထင်သေးဖို့နေနေသာသာ
အားလုံးအပေါ်မှာ ပိုပြီးတော့တောင် သနားဂရုဏာ ထားတတ်ကြပါတယ်။
၄။ အိမ်တွင်းသာသနာက ပိုခက်ခဲနိုင်ပါတယ်
တကယ်တော့ အေးအေးချမ်းချမ်း ကျောင်းကန်သွားပြီး သီလယူတာထက်၊
ရှုပ်ထွေးလှတဲ့ အိမ်မှုကိစ္စတွေကြားထဲမှာ စိတ်ကိုမပူလောင်အောင် ထိန်းပြီး မေတ္တာမပျက်ဘဲ နေထိုင်ရတာက ပိုပြီးတော့တောင် ကျင့်ကြံရခက်ပါတယ်။
ဒါကြောင့် မိသားစုတာဝန် ထမ်းဆောင်နေရလို့ အားငယ်စရာမလိုပါဘူး။
" ငါကတော့ ဥပုသ်စောင့်တယ် " ဆိုတဲ့ မာနထက်
"ငါကတော့ ဘယ်သူ့ကိုမှ စိတ်ဒုက္ခမပေးဘူး၊
ငါ့တာဝန်ကို ငါကျေပွန်အောင် လုပ်တယ်" ဆိုတဲ့ စိတ်အေးချမ်းမှုက ပိုပြီး အနှစ်သာရရှိလှပါတယ်။
ကိုယ့်စိတ်ထဲမှာ
" ငါ့မှာ မိသားစုတာဝန်ရှိလို့ မလုပ်နိုင်တာ " ဆိုတဲ့ အားငယ်စိတ်လေးကို ဖယ်ထုတ်ပြီး၊
လုပ်နေရတဲ့ အလုပ်တွေအပေါ်မှာပဲ စေတနာထားလိုက်ရင် အဲဒါဟာ အကောင်းဆုံးသော အကျင့်တရားပါပဲ။
#အိမ်တွင်းသာသနာပြုနည်း
မိသားစုတာဝန်တွေ၊ သားရေးသမီးရေးတွေနဲ့ လုံးပန်းနေရတဲ့ အိမ်ရှင်မတစ်ယောက်အတွက် အပြင်ဗိမာန်ကျောင်းကန်သွားပြီး သီလဆောက်တည်ဖို့ဆိုတာ တကယ်မလွယ်ကူတဲ့ ကိစ္စပါ။
ဒါပေမဲ့ " အိမ်တွင်းသာသနာ " ဆိုတာက အနှစ်ချုပ်လိုက်ရင် ကိုယ်နေထိုင်တဲ့ အိမ်ဂေဟာကိုပဲ ဘုရားကျောင်းကန်သဖွယ် သဘောထားပြီး လုပ်ဆောင်တာကို ဆိုလိုတာပါ။
အိမ်မှာနေရင်းနဲ့လည်း အချိန်မကုန်၊ အလုပ်မပျက်ဘဲ ကုသိုလ်ရနိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်ရှင်
၁။ အလုပ်ကုသိုလ်ကို ဘာဝနာပြောင်းလဲခြင်း
မီးဖိုချောင်ဝင်တာ၊ အိမ်သန့်ရှင်းရေးလုပ်တာ ဒါတွေဟာ ပင်ပန်းတဲ့ အလုပ်တွေဖြစ်ပေမဲ့ စိတ်ထားလေးပြောင်းလိုက်ရင် ကုသိုလ်ဖြစ်သွားပါတယ်။
မေတ္တာပွားခြင်း။
မိသားစုအတွက် ဟင်းချက်တဲ့အခါ " ငါ့မိသားစုဝင်တွေ ဒီဟင်းကိုစားပြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ " ဆိုတဲ့ စိတ်နဲ့ချက်တာဟာ မေတ္တာဘာဝနာပွားတာပါပဲ။
သတိကပ်ခြင်း။
တံမြက်စည်းလှည်းရင်၊ ပန်းကန်ဆေးရင် လက်လှုပ်ရှားမှုနောက်ကို စိတ်ကလေးထည့်ထားတာဟာ သတိပဌာန်ကျင့်စဉ်တစ်ခုပါပဲ။
၂။ အချိန်တိုအတွင်း သီလဆောက်တည်ခြင်း
ဥပုသ်ရက်မှ သီလယူရမယ်လို့ သတ်မှတ်မထားပါဘူး။
မနက်အိပ်ရာထ ဘုရားကန်တော့တဲ့အခါ ငါးပါးသီလကို ခံယူဆောက်တည်လိုက်ပါ။
တစ်နေ့တာလုံး အလုပ်လုပ်နေရင်း "ငါသီလရှိတယ်" ဆိုတဲ့ အသိက သင့်ကို ကြည်လင်စေပါလိမ့်မယ်။
ညဘက် ကလေးတွေအိပ်၊ အလုပ်တွေပြီးလို့ ကိုယ်ပိုင်ချိန်ရတဲ့ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး ဂုဏ်တော်ပွားတာဖြစ်ဖြစ်၊ အသက်ရှူမှုကို သတိကပ်တာဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။
၃။ အိမ်ကို သာသနာ့နယ်မြေဖြစ်အောင် ဖန်တီးခြင်း
အိမ်မှာ အလုပ်လုပ်နေရင်း (သို့) ဟင်းချက်နေရင်း တရားတော်တွေကို အသံဖွင့်ထားပေးပါ။
ဒါဟာ အိမ်ရဲ့ ပတ်ဝန်းကျင်ကို အေးချမ်းစေသလို မိမိနားထဲမှာလည်း တရားအသိတွေ ကိန်းနေစေပါတယ်။
သားသမီးတွေကို လိမ္မာယဉ်ကျေးအောင် ဆုံးမတာ၊ မိဘဝတ်တရားကျေပွန်တာတွေဟာလည်း မြတ်စွာဘုရားဟောကြားတဲ့ မင်္ဂလာတရားတော်တွေနဲ့အညီ နေထိုင်ခြင်းဖြစ်လို့ အိမ်တွင်းသာသနာပြုနေတာပါပဲ။
၄။ စိတ်စေတနာ (Volition) က အဓိက
ဗုဒ္ဓဘာသာမှာ " စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ " (စေတနာသည်သာ ကံဖြစ်သည်) လို့ ဆိုထားပါတယ်။ အလုပ်များလို့ ကျောင်းမသွားနိုင်တာကို စိတ်မပူပါနဲ့။ ကိုယ့်ရဲ့ နေ့စဉ်တာဝန်တွေကို စိတ်ကောင်းစေတနာနဲ့ ကျေပွန်အောင် ထမ်းဆောင်နေတာဟာ အလွန်မွန်မြတ်တဲ့ အိမ်တွင်းသာသနာပြုခြင်း ဖြစ်ပါတယ်။
မိသားစုအတွက် ပေးဆပ်နေရတဲ့ သင့်ရဲ့ပင်ပန်းမှုတွေကို "ဝေယျာဝစ္စကုသိုလ်" အဖြစ် ပြောင်းလဲရှုမြင်ကြည့်ပါ။
အဲဒီလိုဆိုရင် အလုပ်လုပ်ရတာ ပိုပြီး ပေါ့ပါးလန်းဆန်းလာပါလိမ့်မယ်လို့ရေးသားရင်းဖြင့်နှစ်သစ်ကိုစိတ်လက်ပေါ့ပါးလန်းဆန်းစွာကျော်ဖြတ်ကြရအောင်နော်။
#ဆုပြည့်ရတနာ
ကိုယ့်အတွက်ပဲ စိတ်ပူပါ
https://www.facebook.com/share/p/1E7XHWA6ur/
ရှိနေကြလို့ပါ
https://www.facebook.com/share/p/1C6DFaJAsY/
အတ္တကြီးရင် ဘဝဟာ လေးပါတယ်
https://www.facebook.com/share/p/1CG3irtDQJ/
သေရမှာအတူတူ တရားနနဲ့ပဲသေမယ်
https://www.facebook.com/share/p/18MzVuhqA4/
မာနလျော့ချလိုသူများအတွက်
https://www.facebook.com/share/p/1E5V2rL8PP/
#ဆုပြည့်ရတနာ #ဗေဒင်နဲ့လက္ခဏာ #ဆောင်းပါးရသများ
credit: :ဆုပြည့်ရတနာ
01/05/2026
တရားအားထုတ်သူ(၃)မျိုး အကြမ်းမျဉ်းခွဲခြားနိုင်ပါသည်။
(၁) ကုသိုလ်လိုချင်၍ တခါတရံမှ အားထုတ်သူ၊
(၂) အကျိုးရှိမှန်းသိ၍ အမြဲပုံမှန်အားထုတ်နေသူ၊
(၃) အကြောင်းအမျိုးမျိုးကြောင့် သံဝေဂဉာဏ်ရ၍ အားထုတ်သူ၊
တတိယသူသည် ပန်းတိုင်အထိသွားမည့်သူဟု သတ်မှတ်နိုင်ပါသည်။
သူသည် လောကကိုငြီးငွေ့နေချိန်၊ လွတ်လမ်းရှာချိန်ဖြစ်သောကြောင့် အချိန်ကျပြီဟု ပြောနိုင်သည်။
..................................................
တရားစခန်းရွေးချယ်တာမှန်ဖို့ အလွန်ကြီးပါသည်။
တရားစခန်း-
ဗုဒ္ဓနည်းလမ်းကျ ဝိပဿနာကို စနစ်တကျသင်ကြားပြသနေသောနေရာဖြစ်ဖို့ အရေးကြီးပါသည်။
ဆရာရှာခြင်း-
သံဃာဖြစ်နိုင်သလို၊
လူပုဂ္ဂိုလ်လဲ ဖြစ်နိုင်သည်။
မိမိနဲ့ကိုက်ညီဖို့သာလိုသည်။
ဥပမာ-၁၀ တန်းကျောင်းသားတယောက်သည် ပါမောက္ခကြီးကိုယ်တိုင်သင်သော်လဲ အဆင်မပြေ၊ အရွယ်တူ ဂိုက်လုပ်သည့်သူနှင့်မှ ဉာဏ်ရှင်းပြီး ဂုဏ်ထူးထွက်သူလဲ ရှိသည်။
မြတ်စွာဘုရားနဲ့တွေ့တိုင်းလဲ ကျွတ်တမ်းမဝင်နိုင်ပါ။
သူ့သာဝကနဲ့သူ ရှိတယ်ဆိုတာ ဘုရားလက်ထက်တော်ကထဲက ရှိခဲ့ပါတယ်။
ဗုဒ္ဓနည်းလမ်းကျလဲဖြစ်၊ ကိုယ်တိုင်လဲ ဉာဏ်ရှင်း၊
ပြတဲ့ဆရာလဲ ပန်းတိုင်ရောက်ပြီးလို့ ယူဆရ၊
ကိုယ့်ရှေ့မှလဲ ပန်းတိုင်ရောက်သူတွေထွက်ပေါ်နေတယ်လို့ ယူဆရင်တော့ တစိုက်မတ်မတ်သာ အားထုတ်ပေတော့။
ဘာသာစကား-
မြန်မာပြည်မှာဖြစ်သဖြင့် အထူးစိတ်ပူစရာမရှိ၊
သို့သော် မြတ်စွာဘုရား တရားတော်များကို လူတိုင်းသေချာနားမလည်၊ နားမလည်တော့ သေချာလိုက်မလုပ်၊
တကယ့်အနှစ်သာရကို မသောက်သုံးမိ၊
ပါဠိဘာသာကြောင့်ဖြစ်သည်။
ယခုအခါ ပါချုပ်ဆရာတော်အပါအဝင်၊ ဆရာတော်ကြီးများမှ မြန်မာလိုဘာသာပြန်ထားသည်မှာ အလွန်ကျေးဇူးများသည်။
ငယ်ငယ်ကထဲက မြင်ဘူးထားသည့် အလွန်အရေးကြီးတဲ့ ရုပ်နာမ်တို့ရဲ့ကြောင်းကျိုးဖြစ်စဉ်ကို ထိထိမိမိရှင်းပြထားတဲ့ ပဋိစ်စသမုပ်ပါဒျအဝိုငျးကို အရွယ်ကြီလာတဲ့အထိနားမလည်၊ နားလည်သူလဲနည်းသည်။
မိရိုးဖလာဗုဒ္ဓဘာသာများသောကြောင့်-
မသိဘူးလားဆိုတော့ သိသည်။
သေချာသိလားဆိုတော့ မသိ။
ရာသီဥတု-
မြန်မာပြည်မှာက တနေရာနှင့်တနေရာသိပ်မကွာ။
ပူလွန်း၊ အေးလွန်းသော ကိုယ်နဲ့နေသားမကျသော နေရာဖြစ်ရင်လဲ အနှောင့်အယှက်ဖြစ်နိုင်သည်။
ဥပမာ-ဝင်ရိုးစွန်းဒေသဆိုရင် အရမ်းအေးပြီး တရားထုတ်ခြင်းငှာ မစွမ်းနိုင်။
အရပ်ဒေသ-
အိမ်နဲ့ မနီးလွန်း၊ မဝေးလွန်း ဖြစ်ဖို့လိုသည်။
နီးရင်လဲ အဆင်မပြေဖြစ်တိုင်း အိမ်ပြန်ပြေးချင်စိတ်ပေါက်နိုင်သည်။
အရမ်းဝေးလွန်းရင်လဲ အခက်အခဲတခုခုဖြစ်တဲ့အခါ အဆင်မပြေ။
အန္တရာယ်ကင်း၍ ဆိတ်ငြိမ်ဖို့လိုသည်။
လူတွေနဲ့အရမ်းနီးရင် ဧည့်သည်အလာများခြင်းနှင့် အသံမျိုးစုံ နှောင့်ယှက်နိုင်သည်။
နေရာထိုင်ခင်း-
ကိုယ်နေနေကျ ပုံစံနဲ့အနည်းငယ်နီးစပ်ဖို့လိုသည်၊
တရားထိုင်တာ၊ အိပ်တာ၊ ရေချိုးတာ၊ အိမ်သာ။
( အရမ်းမကွာဟဖို့ကိုဆိုလိုပါသည်၊ ချေးချွတ်များခိုင်းခြင်းမဟုတ်၊ ကြိုတင်ပြင်ဆင်နိုင်ပါရန်။ )
အခုခောတ်အခါမှာ တရားစခန်းအတော်များများမှာ အလှူရှင်များကြောင့် အများအားဖြင့် ခောတ်မှီနေပြီဖြစ်သည်။
အစားအသောက်-
မြန်မာလူမျိုးတွေအတွက်ကတော့ နေရာအားလုံး သိပ်မကွာ၊ အဆင်ပြေနိုင်။
နိုင်ငံခြားသားအတွက်မူ အချိန်တခုအဆင်ပြေရန် ရွေးချယ်ဖို့လိုမည်။
သက်သတ်လွတ်သမားများအတွက်တော့ ကြိုပြီး လေ့လာဖို့လိုမည်။
အရေးမကြီးဟု ထင်ရသော်လဲ တကယ့်လက်တွေ့မှာ တရားအားထုတ်သူအတွက် အနှောင့်အယှက်ဖြစ်နိုင်သောကြောင့် မျှဝေခြင်းဖြစ်ပါသည်။
သင့်တော်ပြီဟု ဆုံးဖြတ်ပြီးသည်နှင့် မိမိရုပ်နာမ်ကို မသေရုံတမယ်သာ စောင့်ရှောက်ပြီး တရားအားထုတ်တော့မည်ဟု စိတ်ပိုင်းဖြတ်ရမည်။
..........................................
🙏 မြတ်စွာဘုရားတရားတော်တွေကို သေချာလေ့လာကြည့်လျှင်
အလွန်စနစ်ကျသည်ကို တွေ့ရှိရပါသည်။ 🙏
တရားအားထုတ်တော့မယ်ဆိုလျှင်..
မြတ်စွာဘုရားက သပ်ပါယ ၄ မျိုးမျှတဖို့လိုကြောင်း ဟောကြားထားပါတယ်။
(၁) ဥတုသပ်ပါယ - (ရာသီဥတုမျှတ)
(၂) အာဝါသသပ်ပါယ - (အရိပ်အာဝါသမျှတ)
(၃) အဟာရသပ်ပါယ - (အစားအစာမျှတ)
(၄) ပုဂ်ဂလသပ်ပါယ - (ပုဂ္ဂိုလ်ရေးဆိုင်ရာ ရွေးချယ်မှုနှင့် ကိုယ်တိုင်အားစိုက်မှု)
အားလုံးရွေးချယ်ဆုံးဖြတ်ပြီးသည်နှင့်..
ဒီတထိုင်မှာ အပိုင်ရကို ရရမည်ဟု စိတ်ပိုင်းဖြတ်ပြီး အားထုတ်ပါ။
..........................................
တရားအားထုတ်တာပဲ ဘယ်မှာပဲအားထုတ်အားထုတ်မရဘူးလားဆိုရင်တော့..
ရပါတယ်။
အကျိုးရှိသင့်သလောက်မရှိနိုင်ပါ။
မစွန့်ကာမ၊ ဆရာမရှိ၊ ဝီရိယရော့၊ အားအင်ပျော့ခါ၊ လွန်စွာအယူမှား ဤငါးပါး
တရားမဂ်ဖိုဝေးလေသတည်း.. ဟု
မိုးကုတ်ဆရာတော်ဘုရားကြီးက ဆုံးမထားပါတယ်။
တရားအားထုတ်မယ်ဆိုပြီး ကာမဂုဏ်အာရုံတွေလဲမစွန့်၊ ကိုယ်သိသလောက်၊
တတ်သလောက်နဲ့ပဲ အားထုတ်နေမယ်ဆိုရင် ထင်သလောက်ခရီးမပေါက်နိုင်ပါ။
တရားစခန်းဆိုကထဲက ရည်ရွယ်ချက်တူတွေစုနေပြီး တယောက်တပြန် လေးစားခြင်း၊ အားယူခြင်းဖြင့် ခရီးပိုရောက်နိုင်သည်။
...................................................
ဥပမာ- ရွှေတိဂုံကို သွားချင်ရင်၊ ရောက်ဘူးတဲ့သူကိုမေး၊
ဒါမှမဟုတ် လမ်းမှန်သိပြီး လက်ရှိမှာ သွားနေတဲ့သူကိုမေးမှဖြစ်မှာပါ။
မသိသူအချင်းချင်းမေးရင်တော့ ရွာလည်နေမှာ ဖြစ်ပါတယ်။
ရွှေတိဂုံကို နည်းလမ်းအမျိုးမျိုးနဲ့သွားနိုင်ပြီး ဘုရားနဲ့နီးလာလေ၊
ဘုရားပေါ်ကိုရောက်လေလေ အားလုံးတူညီလာမှာဖြစ်ပါတယ်။
ရင်ပြင်ပေါ်ရောက်ရင်တော့ ပန်းတိုင်တူကြပါပြီ။
အရိယာကြီးများကလဲ မိမိတို့ဖောက်ခဲ့တဲ့လမ်းအတိုင်း တပည့်သာဝကတွေကို
ယုံယုံကြည်ကြည်လက်တွဲခေါ်ခဲ့ကြတာပဲဖြစ်ပါတယ်။
....................................................
🙏 ယုံကြည်၊ ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊
နာမ်နှင့်ရုပ်ကို ဖြစ်ချုပ်ဉာဏ်မြင် ဤငါးအင် အမှန်ပင် မဂ်ရကြောင်း။🙏
တစ်ရက်တရားစခန်းဆရာတော်ဥူးပဏ္ဍိတတရားတော်များမှ
🙏🙏🧘♀️🙏🧘♀️🙏🧘♀️🙏🙏
တရားထိုင်ခြင်းကြောင့် ရရှိသည့်အကျိုးများ
https://www.facebook.com/share/p/17Henovd1g/
စိတ်ငြိမ်အောင် တရားထိုင်ပါ
https://www.facebook.com/share/p/1EFx4SeSLA/
တရားထိုင်ခြင်း
https://www.facebook.com/share/p/18TGhCQizz/
စိတ်ပါရင် အိပ်ယာဟာ ရိပ်သာပါပဲ
https://www.facebook.com/share/p/1E1Q1GWikP/
အလုပ်ပေးတရား
https://www.facebook.com/share/v/18KZ6LdPMf/
creditscore
#တိပိဋကမြန်မာပြန်
#ဘာသာရေး
#ဓမ္မ
ပြန်လည်မျှဝေသည်။
credit: : original uploader
🙏🙏🧘♀️🙏🧘♀️🙏🧘♀️🙏🙏
01/05/2026
ကြည် အိမ်က ရုပ်ပွားဆင်းတုတော်
🙏🙏🧘♀️🙏🧘♀️🙏🧘♀️🙏🙏
30/04/2026
မြိတ်မြို့ရဲ ကဆုန်လရဲ့ နေ့ထူးမြတ်
ဗုဒ္ဓပူဇနိယ ပွဲတော်ကြီး မြို့လှည့် ဖွား၊ ပွင့် ၊ဟော ၊ စံ ပူဇော်ခံ သည့် ကျက်သရေဆောင်
photo သူရစိုး
credit: :MYEIK NOW
🙏🙏🙏🙏🙏🙏🙏🙏🙏
🙏 🙏 🙏 🙏 🙏 🙏
30/04/2026
မဟာမုနိဘုရားကြီး
ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်
credit: :မဟာမုနိဘုရားကြီး ဂေါပက
30/04/2026
ဗုဒ္ဓဘာသာဝင်များ ရေစက်ချ အမျှဝေရာတွင် ထားရှိရမည့် နှလုံးသွင်းပုံ
~~~~~~~~~~~~~~~~~~~~~~~~
☸️ ဗုဒ္ဓဘာသာဝင်တို့သည် ကုသိုလ်ကောင်းမှုပြုပြီးနောက်
ရေစက်ချ အမျှဝေခြင်းကို ပြုလုပ်လေ့ရှိပါသည်။
ဤသို့ပြုလုပ်ရာတွင် မှန်ကန်သော နှလုံးသွင်းဖြင့် ပြုလုပ်ရန် အရေးကြီးပါသည်။
ရေစက်ချ အမျှဝေခြင်းသည် မိမိရရှိသော ကုသိုလ်အဖို့ဘာဂကို အခြားသတ္တဝါများအား
ဝေငှပေးခြင်း ( ပတ္တိဒါန ) ဖြစ်ပါသည်။
~ မှန်ကန်သော နှလုံးသွင်းပုံ
ရေစက်ချ အမျှဝေရာတွင် အောက်ပါအတိုင်း နှလုံးသွင်းသင့်ပါသည်။
• မေတ္တာနှင့် ကရုဏာစိတ်ထားခြင်း-
📙 မိမိပြုခဲ့သော ကုသိုလ်ကောင်းမှု အားလုံးကို အားလုံးသော သတ္တဝါတို့
( လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်း ) အား အမျှပေးဝေပြီး၊
ထိုကုသိုလ်အကျိုးများကို အားလုံးသော သတ္တဝါတို့နှင့်အတူ ဝမ်းမြောက်ဝမ်းသာ ခံစားနိုင်ကြပါစေဟု မေတ္တာ၊ ကရုဏာစိတ်ဖြင့် အာရုံပြု နှလုံးသွင်းရပါမည်။
အထူးသဖြင့် မိမိနှင့် သံယောဇဉ်ရှိသော မိဘ၊ ဆွေမျိုး၊ ဉာတကာများနှင့် ကွယ်လွန်ပြီးသော ပုဂ္ဂိုလ်များအား ရည်စူး၍ အမျှပေးဝေနိုင်ပါသည်။
• ကုသိုလ်မလျော့၊ ပိုမိုတိုးပွားခြင်းကို ယုံကြည်ခြင်း-
☸️ မိမိပြုသော ကုသိုလ်သည် အမျှပေးဝေခြင်းဖြင့် လျော့နည်းသွားခြင်းမရှိဘဲ ပိုမိုတိုးပွားလာသည်ဟု ခိုင်မာသော ယုံကြည်စိတ်ဖြင့် နှလုံးသွင်းရပါမည်။
အမျှဝေခြင်းသည် မိမိ၏ ကုသိုလ်ကို ခွဲဝေပေးခြင်းမဟုတ်ဘဲ၊ ကုသိုလ်ကို ပွားများစေသော အလေ့အကျင့်ကောင်းတစ်ခု (ပတ္တိဒါန) ဖြစ်ပါသည်။
အခြားသူများက မိမိ၏အမျှကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုခြင်းဖြင့် မိမိ၏ကုသိုလ်သည် ပိုမိုကြီးမားလာပါသည်။
• နိဗ္ဗာန်ကို ရည်မှန်းခြင်း-
မိမိပြုသော ဒါန၏ အကျိုးကြောင့် နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ဟု ခိုင်မာစွာ ဆုတောင်းရပါမည်။
ဤဆုတောင်းခြင်းသည် ဒါနပါရမီကို ဖြည့်ကျင့်ရာရောက်ပြီး၊ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် အထောက်အပံ့ဖြစ်စေပါသည်။
• စေတနာ သုံးတန် ပြည့်ဝခြင်း-
☸️အလှူမပြုမီ၊ ပြုဆဲ၊ ပြုပြီး သုံးချိန်လုံး စေတနာ ထက်သန် ရွှင်လန်းနေရပါမည်။ အမျှဝေရာတွင်လည်း ဤစေတနာသုံးတန်ဖြင့် ပြည့်စုံစွာ နှလုံးသွင်းရပါမည်။
အကျိုးကျေးဇူးများ
မှန်ကန်သော နှလုံးသွင်းဖြင့် ရေစက်ချ အမျှဝေခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။
• ကုသိုလ်တိုးပွားခြင်း-
အမျှဝေခြင်းသည် ပတ္တိဒါနကုသိုလ်ဖြစ်၍ မိမိ၏ကုသိုလ်ကို ပိုမိုတိုးပွားစေပါသည်။
• မေတ္တာဓာတ်ပြန့်ပွားခြင်း-
သတ္တဝါအပေါင်းအပေါ် မေတ္တာ၊ ကရုဏာဓာတ်များ ပြန့်ပွားစေပါသည်။
• ဘေးရန်ကင်းဝေးခြင်း-
အမျှဝေခြင်းကြောင့် ဘေးရန်အပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်ရပါသည်။
• နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်ခြင်း-
နိဗ္ဗာန်ကို ရည်မှန်း၍ ဆုတောင်းခြင်းကြောင့် နိဗ္ဗာန်ရောက်ကြောင်း တရားများအတွက် အထောက်အပံ့ဖြစ်စေပါသည်။
ဤသို့ဖြင့် ဗုဒ္ဓဘာသာဝင်တို့သည် ရေစက်ချ အမျှဝေရာတွင် စေတနာသန့်စင်စွာဖြင့် မေတ္တာ၊ ကရုဏာ၊ နိဗ္ဗာန်ကို ရည်မှန်းသော နှလုံးသွင်းများဖြင့် ပြုလုပ်ခြင်းဖြင့် မိမိအတွက်သာမက အခြားသတ္တဝါများအတွက်ပါ ကောင်းကျိုးချမ်းသာများကို ဖြစ်ထွန်းစေနိုင်ပါသည်။
🙏🙏🧘♀️🙏🧘♀️🙏🧘♀️🙏🙏
တရားတော်အပြည့်စုံကို နာယူရန် https://youtu.be/Z-stEvJn2H4?si=D03V1GKJuy-OaYl0
ရေစက်ချ၍လှူခြင်း / ရေစက်မချဘဲလှူခြင်း
https://www.facebook.com/share/p/1AxxQz3VfZ/
အမျှပေးဝေ၍
https://www.facebook.com/share/p/1AnPPXtng8/
ရက်လည်ဆွမ်းသွတ်၌ ပရိတ်သင့် / မသင့်
https://www.facebook.com/share/p/18P1LKuQtu/
မနက်ဖြန်ဆိုတာ သေချာလား
https://www.facebook.com/share/p/18NrH9viG7/
ပြန်လည်မျှဝေသည်။
credit: : original uploader
🙏🙏🧘♀️🙏🧘♀️🙏🧘♀️🙏🙏
29/04/2026
စိတ်အလိုမကျမှုကြောင့် ဒေါသတွေစိတ်ညစ်စရာတွေ၊မုန်းတီးမှုဆိုတာကိုယ့်မှာဖြစ်နေရင် စိတ်နှလုံးဟာ ပူလောင်နေရတယ်...
အဲဒီပူလောင်မှုတွေကိုမလိုချင်ဘူးအေးချမ်းတာကို လိုချင်တယ်ဆိုရင် မေတ္တာနဲ့ အစားထိုးလိုက်ပါတဲ့...
လောကလူတွေမှာ လူငယ်လူရွယ်အသိုင်းအဝိုင်း ထဲမှာ ရံခါရံခါ စိတ်ညစ်စရာဆိုတာ တွေ့လာ တတ်တယ်။
ရံခါရံခါ စိတ်ထဲမှာအလိုမကျတာ တွေ့လာတယ်။
ရံဖန်ရံခါ မထိန်းသိမ်းနိုင်လောက်အောင် ပေါက်ကွဲ မှု မျိုး ဖြစ်လာတတ်တယ်။
အဲဒီလို စိတ်အကျဉ်းအကြပ်တွေ များလာလို့ရှိရင် ထွက်ပေါက်ရှာမရတော့ဘာလုပ်ကြလဲ?
ဒီကနေ့ခေတ် အချို့ပုဂ္ဂိုလ်တွေက စိတ်ဖိစီးမှုတွေကို ထွက်ပေါက်ရှာကြတဲ့အနေနဲ့ မူးယစ်ဆေးဝါးတွေ အသုံးပြုကြတယ်။အရက်သေစာတွေသောက်စားကြတယ်၊အဲဒီနည်းနဲ့ထွက် ပေါက် ရှာကြတယ်။
ဆိုလိုတာက ပြဿနာဖြစ်လာတယ်။
ထိုပြဿနာကို မေ့ပစ်ဖို့ ကြိုးစားတယ်။
မေ့ပစ်ဖို့ ကြိုးစားတဲ့အခါမှာ အာရုံတစ်ခုခုနဲ့ လွှဲဖယ်အစားထိုးပြီး တကယ်ဖိစီးနေတာကို ဖယ်ရှားပစ်ဖို့မကြိုးစားဘဲနဲ့ ခေတ္တခဏမေ့သွား အောင် တခြားနည်းလမ်းတွေနဲ့ ထွက်ပေါက်ရှာကြတယ်။
အဲဒီထွက်ပေါက်က တကယ့်အစစ်အမှန် ထွက် ပေါက် မဟုတ်သည့်အတွက် ပြဿနာထဲမှာပဲပြန်လည်ဝဲလည်လာတယ်။
တကယ်ငြိမ်းချမ်းတဲ့ အပြင်ဘက်ကို ရောက်မသွားဘဲ အတွင်းထဲမှာ တဝဲလည်လည်နဲ့ ထွက် ပေါက်ရှာရင်းနဲ့ပဲ ဒုက္ခရောက်သွားကြတယ်။
အကျဉ်းအကြပ်တွေက ပိုများလာတယ်။
ပြဿနာ တစ်ခုကနေ နှစ်ခုသုံးခု ဖြစ်လာတယ်။
ဒီကနေ့ထွက်ပေါက်ကို မှန်မှန်ကန်ကန် မရှာနိုင်ဘူး ဆိုလို့ရှိရင် ဒီလိုပဲ ပြဿနာတက်နေကြမှာပဲ။
လူတစ်ယောက် ကွမ်းစားတတ်တဲ့ အလေ့အကျင့်
လုပ်လို့ ကွမ်းစွဲသွားတယ်။
ကွမ်းစွဲသွားတာကို ဘာနဲ့ဖြတ်ရမလဲလို့ စဉ်းစားတယ်။ ဒါက ထွက်ပေါက်ရှာတာပဲ။
သူကကွမ်းကို အလွယ်တကူမဖြတ်နိုင်ဘူး။မဖြတ်နိုင်သည့်အတွက်ကြောင့် ဘာနဲ့ အစားထိုးတုန်းဆိုရင် ဆေးလိပ်နဲ့အစားထိုးတယ်။
ကွမ်းဖြတ်ချင်လို့ ဆေးလိပ်နဲ့ အစားထိုးတဲ့အခါ ကွမ်းဖြတ်လို့ မရတဲ့အပြင်နောက်ထပ် ဆေးလိပ်ပါစွဲသွားတယ်။ဟော ကွမ်းဆေးလိပ်ရော နှစ်ခုစလုံး စွဲသွားတယ်။
အဲဒါမျိုးလိုပဲ စိတ်၏ထွက်ပေါက်ကို အရက်သေစာ တို့၊မူးယစ်ဆေးဝါးတို့နဲ့ အစားထိုးပြီးထွက်ပေါက် ရှာမယ် ဆိုရင် ပြဿနာတွေက ပိုပြီးတော့တက်လာမယ်တဲ့။
ဒါကြောင့်မို့လို့ အဲဒီဖြေရှင်းနည်းတွေက မှန်ကန်တဲ့ ဖြေရှင်းနည်းတွေ မဟုတ်ဘူး။
အဲဒီထွက်ပေါက်ဟာ မှန်ကန်တဲ့ထွက်ပေါက် မဟုတ်ဘူး။
မြတ်စွာဘုရားဟောထားတဲ့ ထွက်ပေါက်က အလွန်သိမ်မွေ့ပြီး အလွန်ထိရောက်တဲ့ ထွက်ပေါက်ပဲ။
ဘုန်းကြီးတို့တတွေမှာ ရံဖန်ရံခါ စိတ်ထဲမှာ အလိုမကျမှုဆိုတာဖြစ်တယ်။
ထိုအလိုမကျမှု ဟာ ကြီးထွားလာလို့ရှိရင် ပေါက် ကွဲလာတယ်။ဒေါသဗျာပါဒလို့ခေါ်တယ်။
ငြိမ်းချမ်းတဲ့စိတ်ကလေး ပျက်စီးလာတယ်။
ဒေါသဖြစ်လာပြီဆိုရင် လူ့ရဲ့မျက်နှာကလည်း ကြည်လင်ခြင်း မရှိတော့ဘူး ပြုံးချိုခြင်း မရှိတော့ဘူး၊မျက်နှာအနေအထားပါ ပြောင်းလာတယ်။
အဲဒီလို စိတ်ရဲ့ အလိုမကျတဲ့ ဗျာပါဒတို့ ဒေါသ
တို့ဖြစ်လာလို့ရှိရင် ထိုဒေါသရဲ့ ထွက်ပေါက်ရှာတာတချို့က ကိုယ်မကျေနပ်တဲ့ဟာကို တခြားဟာနဲ့ အစားထိုးတယ်(သို့မဟုတ်)မကျေနပ်တဲ့လူကို တစ်ခုခုနဲ့အနိုင်ယူလိုက်တယ်။
အဲဒီ အနိုင်ယူလိုက်တာထွက်ပေါက် မဟုတ်ဘူး။
သို့သော် လူတွေက အဲဒါကိုပဲထွက်ပေါက်ထင်ပြီး အဲဒီကနေ ထွက်ကြတယ်။
ထိုအခါပြဿနာပဲ ထပ်တက်လာတယ်ပေါ့။
မြတ်စွာဘုရားကစိတ်ထဲမှာ အလိုမကျတဲ့ ဗျာပါဒရဲ့ ထွက်ပေါက်အစစ်ကဘာလဲဆိုတော့ မေတ္တာပါတဲ့။
မေတ္တာပွားရမယ်တဲ့မေတ္တာပွားခြင်းဖြင့် ဗျာပါဒရဲ့ ထွက်ပေါက်ကို ရရှိနိုင်တယ်တဲ့၊ဒါ မှန်ကန်တဲ့ နည်းစနစ်ပဲ။
လောကကြီးမှာ မြတ်စွာဘုရားက ဟောထားတယ် “ရန်ကိုရန်ချင်း မတုန့်နှင်းနဲ့၊ ရန်ကိုရန်နဲ့ တုန့်ပြန်ရင် ဘယ်တော့မှ မငြိမ်းဘူး”တဲ့ ဥပမာပေးထားတယ်။
မစင်အညစ်အကြေးတွေ ပေနေတဲ့နေရာကို ရေ နဲ့သာ ဆေးလို့ရတယ်၊ထို မစင်အညစ် အကြေး နဲ့ဆေးကြောလို့ မရဘူးတဲ့။ပိုပိုပြီးတော့သာ ညစ်ထေးသွားမယ်။
ရေစင်ရေသန့်နဲ့ ဆေးကြောမှသာလျှင်စင်ကြယ် နိုင်တယ်။
ထို့အတူပဲ စိတ်အလိုမကျတဲ့စိတ်ထဲမှာ တင်းကျပ်လာတဲ့ စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဒေါသဗျာပါဒဆိုတဲ့ emotion ကို ဖြေဖျောက်ချင်ရင်တော့ မေတ္တာဆိုတဲ့ ထွက်ပေါက်က သွားရမယ်တဲ့။
မေတ္တာဟာ အလိုမကျဖြစ်နေတဲ့ စိတ်ရဲ့ မှန်ကန်တဲ့ထွက်ပေါက်တစ်ခုပါတဲ့။
ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ စကားလုံးအတိုင်းပြောရ ရင် “နိဿရဏံ ဧတံ ဗျာပါဒဿ ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ” - စိတ်ရဲ့ လွတ်မြောက်မှုလို့ဆိုတဲ့ မေတ္တာဟာ ဗျာပါဒဆိုတဲ့ စိတ်အလိုမကျမှုရဲ့ထွက် ပေါက် ဖြစ်ပါတယ်တဲ့။
ဘုန်းကြီးတို့တတွေမှာ ဒေါသ ဆိုတဲ့ စိတ်ထဲမှာ
အလိုမကျမှုမှ တစ်ဦးတစ်ယောက်ကို မုန်းတီးမှုဆိုတာကိုယ့်သန္တာန်မှာဖြစ်နေလို့ရှိရင် စိတ်နှလုံးဟာ ပူလောင်နေရတယ်။
အဲဒီပူလောင်မှုတွေကို မလိုချင်ဘူး ထာဝရ
အေးချမ်းနေတာကို လိုချင်တယ်ဆိုရင် မေတ္တာနဲ့ အစားထိုးလိုက်ပါတဲ့။
မေတ္တာဟာ တကယ့်ထွက်ပေါက်ပါတဲ့။
မေတ္တာနဲ့ အစားထိုးလိုက်လို့ရှိရင် ဗျာပါဒက နှလုံး သား ထဲမှာ လုံးဝရပ်တည်နိုင်စွမ်း မရှိတော့ဘူးတဲ့။
ဒါကြောင့်မို့ ဒီနည်းစနစ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀-ကျော်ကမြတ်စွာဘုရား ဟောထားခဲ့တဲ့ လက်တွေ့ကျင့်သုံးရမယ့်နည်းစနစ်တစ်ခု ဖြစ်ပါတယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
တစ်ယောက်ယောက်ကို မကျေနပ်တဲ့အခါ
https://www.facebook.com/share/p/1DLmUCm75B/
ပုထုဇဥ်ဆိုတော့နော်
https://www.facebook.com/share/p/1B3nk3fuw4/
ဒေါသ၏အလေးချိန်
https://www.facebook.com/share/p/1CKDxPqwDw/
နှလုံးသားထဲကမေတ္တာ
https://www.facebook.com/share/p/18SZGLGLQ1/
ဒေါသစိတ်ပေါ်လာတယ်ဆိုပါစို့
https://www.facebook.com/share/p/1954SSMfX3/
ပြန်လည်မျှဝေသည်။
credit: : original uploader
🙏🙏🧘♀️🙏🧘♀️🙏🧘♀️🙏🙏
29/04/2026
✿ ကိလေသာစစ်မြေပြင်၌ သတိဖြင့် အောင်ပွဲခံခြင်း
════════════════
(⏱️ ဖတ်ရှုရန်ကြာချိန် - ၅ မိနစ် မှ ၇ မိနစ်ခန့်)
ကိလေသာစစ်မြေပြင်သို့ ချီတက်ရာတွင် အစွန်းနှစ်ပါးမှလွတ်သော
" မဇ္ဈိမပဋိပဒါ " ခေါ် အလယ်အလတ် ကြားလမ်းကျင့်စဉ်အကြောင်းကို
" ကိလေသာစစ်မြေပြင်သို့စစ်ချီခြင်း " ဆောင်းပါးတွင် လေ့လာခဲ့ကြပြီး ဖြစ်ပါ သည်။
ယခု ဤဆောင်းပါးတွင်မူ ထိုစစ်မြေပြင်၌ အောင်ပွဲခံနိုင်ရန် အရေးကြီးဆုံးဖြစ်သော
" သတိ " ကို ထိထိမိမိ အသုံး ချတတ်ရုံဖြင့် (က) အကျင့် (စရဏ) နှင့် အသိ (ဝိဇ္ဇာ) မည်သို့ တွဲမိသွားပုံ၊ (ခ) မဂ္ဂင်ရှစ်ပါးနှင့် သိက္ခာသုံးပါးတို့ မည်သို့ ပြည့်စုံသွားပုံတို့ကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ပါသည်။
ကိလေသာစစ်မြေပြင်သို့ စစ်ချီကြမည့် ယောဂီစစ်သည်တော်တို့အတွက်
" အလယ်အလတ်လမ်း " (ဝါ) '' ကြားလမ်း " ကျင့်စဉ်ကို သိရုံဖြင့် မလုံလောက်သေးပေ။
လက်တွေ့စစ်မြေပြင်တွင် လက်နက်ကိုင်စွဲပုံ
" အကျင့် " (စရဏ) နှင့် ရန်သူကို အကဲခတ် တတ်သော
" အသိ " (ဝိဇ္ဇာ) နှစ်ခု မည်သို့ပေါင်းစပ်ရမည်ကို သိရန် အလွန်အရေး ကြီးပါသည်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက အကျင့်နှင့်အသိကို စစ်မြေပြင်အတွေ့အကြုံ နှင့် ယှဉ်၍ ဤသို့ ရှင်းလင်းပြတော်မူသည်။
🔹 စစ်မြေပြင်သုံး ကိရိယာများနှင့် အောင်ပွဲပန်းတိုင် (စရဏ နှင့် ဝိဇ္ဇာ)
စစ်တိုက်ရာတွင် မိမိဘက်မှ တပ်ဆင်ထားရမည့် လက်နက်ကိရိယာများရှိသကဲ့သို့၊
သိမ်းပိုက်ရမည့် ပစ်မှတ်များလည်း ရှိပါသည်။ ဓမ္မစစ်မြေပြင်တွင် မိမိဘက်မှ ဖြည့်ဆည်းရမည့် အကျင့်ကိရိယာများကို "စရဏ (၁၅) ပါး" ဟုခေါ်ပြီး၊ ရရှိလာမည့် အထူးသိဉာဏ် အောင်ပွဲများကို "ဝိဇ္ဇာ" ဟု ခေါ်ပါသည်။
စရဏ (၁၅) ပါးဟူသည် -
🔸 (က) အခြေခံ စောင့်စည်းမှုများ
• (၁) သီလ (ကိုယ်၊ နှုတ် စောင့်စည်းခြင်း)
• (၂) ဣန္ဒြေယ (မျက်စိ၊ နား စသည့် ဒွါရခြောက်ပါးကို လုံခြုံစွာပိတ်ဆို့ခြင်း)
🔸 (ခ) နေ့စဉ်နေထိုင်မှု အလေ့အကျင့်များ
• (၃) ဘောဇနမတ္တညု (အစားအသောက်ကို မျှတရုံသာ မှီဝဲခြင်း)
• (၄) ဇာဂရိယ (နိုးကြားတက်ကြွနေခြင်း)
🔸 (ဂ) စိတ်ဓာတ်ခွန်အားဖြည့် သူတော်ကောင်းတရားများ
• (၅) သဒ္ဓါ (ယုံကြည်ချက် ခိုင်မာခြင်း)
• (၆) သတိ (စစ်သားကောင်းပမာ သတိလက်မလွတ်ခြင်း)
• (၇) ဗာဟုသစ္စ (ကျင့်စဉ်လမ်းကြောင်းကို အမြဲလေ့လာခြင်း)
• (၈) ဝီရိယ (ရဲရင့်စွာ ကြိုးစားအားထုတ်ခြင်း)
• (၉) ပညာ (အမှားအမှန် ခွဲခြားနိုင်ခြင်း)
• (၁၀) ဟီရိ (မကောင်းမှုပြုရမည်ကို ရှက်ခြင်း)
• (၁၁) သြတ္တပ္ပ (မကောင်းမှုပြုရမည်ကို ကြောက်ခြင်း)
🔸 (ဃ) အဆင့်မြင့် သမာဓိအကျင့်များ
• (၁၂) အာကာသဈာန် (ရုပ်ကိုမသုံး ဟင်းလင်းပြင်ချည်းလုံးလုံး ဖြစ်စေခြင်း)
• (၁၃) ဝိဉာဏဈာန် (ဟင်းလင်းပြင် မသုံး နာမ်စဉ်ချည်းလုံးလုံး ဖြစ်စေခြင်း)
• (၁၄) အာကိဉ္စဈာန် (ရုပ်သက်ပျောက်ဆုံး နာမ်သက်ချည်းလုံးလုံးဖြစ်စေခြင်း)
• (၁၅) နေဝသညာဈာန် (နာမ်ရိုင်းပျောက်ဆုံး နာမ်၏ အသိမ်မွေ့ဆုံးသို့ ရောက်စေခြင်း) တို့ဖြစ်သည်။
ဝိဇ္ဇာ (အထူးသိဉာဏ်) ဟူသည် - ထိုသို့ ကျင့်ကြံအားထုတ်မှုကြောင့် ရရှိလာမည့် အသိဉာဏ်များမှာ ဝိဇ္ဇာ (၃) ပါး နှင့် ဝိဇ္ဇာ (၈) ပါးဟူ၍ ရှိပါသည်။
• ဝိဇ္ဇာ (၃) ပါး တွင် အတိတ်ဘဝကိုသိသောဉာဏ် (ပုဗ္ဗေနိဝါသာနုဿတိ)၊ ဝေးသောကွယ်သောအရာ ကိုမြင်သောဉာဏ်(ဒိဗ္ဗစက္ခု)နှင့် ကိလေသာကုန်ခမ်းကြောင်းကိုသိသောဉာဏ် (အာသဝက္ခယဉာဏ်) တို့ ပါဝင်ပြီး လောကီနှင့် လောကုတ္တရာ ရောစပ်နေပါသည်။
• ဝိဇ္ဇာ (၈) ပါး ကား သောတာပတ္တိမဂ်ဖိုလ် မှသည် အရဟတ္တမဂ်ဖိုလ်အထိ မဂ်ဉာဏ် (၄) ပါး၊ ဖိုလ်ဉာဏ် (၄) ပါးဖြစ်ပြီး လောကုတ္တရာသက်သက် အသိအမြင်များ ဖြစ်ပါသည်။
🔹 စစ်မြေပြင်သုံး အဓိကလက်နက် (သတိ)
အစွန်းနှစ်ပါးမှလွတ်ကင်းသော မဇ္ဈိမပဋိပဒါလမ်းအစစ်ကို လျှောက်လှမ်းလိုလျှင် "သတိ" ဟူသော လက်နက်ကို စွဲကိုင်ရပါမည်။
စစ်မြေပြင်ရောက် စစ်သားကောင်းတစ်ယောက်သည် မိမိလက်ထဲရှိ လက်နက်ကို အသင့်ပြင်ထားရသည်။ ရန်သူလာလာ၊ တိရစ္ဆာန်လာလာ ... မည်သူလာသည်ဖြစ်စေ အသက်အန္တရာယ်ရှိလာလျှင် လက်ထဲရှိလက်နက်ဖြင့် မလွတ်တမ်း ပစ်ခတ်ရမည်သာ ဖြစ်သည်။
ဤ၌ ဆရာတော်ကြီးက အလွန်ထိမိသော အဆုံးအမတို့ကို မိန့်ကြားတော်မူပါသည်။
"သတိလေးတစ်လုံးသည် ဘူးရုံ တစ်ရုံလုံး၏ ရေသောက်မြစ်ပဲ ယောဂီတို့…။ စစ်ပွဲကြားက စစ်သား တစ်ယောက်ဟာ လက်ထဲရှိ သူ့လက်နက်ကို အသင့်ပြင်ထားတယ်။ မျက်စိကို ဖွင့်၊ နားကို စွင့်လျက်နဲ့လည်း နေ တယ်။ အသက်ချင်းလဲကြရမှာကိုး။ သည်အချိန်မှာပဲ တစ်ဖက်ရန်သူ လာတယ်ဆိုရင် ဘယ့်နှယ်လုပ်သလဲ... လက်ထဲရှိတဲ့ သေနတ်နဲ့ ပစ်မှာပဲ။ နွား၊ ကျွဲများ ပြေးလွှားလာရင်ကော... မလွတ်တမ်း ပစ်ထည့်လိုက်မှာပဲ။ ဘာလာ လာ၊ သည်သတိလက်နက်တစ်မျိုးတည်းနဲ့ပဲ ကိစ္စပြီးစေရမယ်။ ဘာဖြစ်ဖြစ် သည်သတိနဲ့ပဲ ဖြေရှင်းရမယ်။
ငါ ဝင်မရှုပ် လေနဲ့၊ ငါဝင်ရှုပ် အလုပ်များသွားမယ်။"
ယောဂီတို့သည်လည်း မိမိခန္ဓာတွင် မည်သည့်အာရုံ ပေါ်လာပေါ်လာ "ငါ" ဝင်မရှုပ်ဘဲ "သတိ" ဟူသော လက်နက်တစ်မျိုးတည်းဖြင့်သာ အကဲခတ် မှတ်သိနေရပါမည်။
ဥပမာ - ထိုင်နေစဉ် နှာသီးဝ၌ လေတိုးတာလေးကို သတိကပ်၍ စေ့စေ့စပ်စပ် ရှုကြည့်နေမည်။ လေဝင်လာ လျှင် ထိမှန်းသိမည်၊ လေထွက်သွားလျှင် ထိမှန်းသိမည်။ ဤသို့ "ထိတယ်၊ သိတယ်" ဟူသော သတိလေးဖြင့် ကပ်ကြည့်နေခြင်းသည် စိတ်လွတ်ကိုယ်လွတ်လည်း မဟုတ်၊ အတင်းအကျပ် ချုပ်တည်းထားခြင်းလည်း မဟုတ်ဘဲ အရှိကို အရှိတိုင်း သိနေသော "မဇ္ဈိမပဋိပဒါလမ်း" (ဝါ) "ကြားလမ်းအစစ်" ပင် ဖြစ်ပါသည်။
🔹 သတိတစ်လုံးတည်းဖြင့် မဂ္ဂင်ယာဉ်ရထား တည်ဆောက်ခြင်း
ဤသတိတစ်လုံးကို ထိထိမိမိ အသုံးချလိုက်သည်နှင့် တစ်ပြိုင်နက် မဂ္ဂင်ရှစ်ပါး ယာဉ်ရထားကြီးသည် အလိုအလျောက် တပ်ဆင်ပြီးသား ဖြစ်သွားပါသည်။
၁။ သမာဓိမဂ္ဂင်အုပ်စု နှာသီးဝ၌ အမှတ်မလွတ်အောင် ကြောင့်ကြစိုက်ထုတ်နေမှုသည် ဝီရိယ (သမ္မာ ဝါယာမမဂ္ဂင်)၊ ကပ်၍မှတ်နေမှုသည် သတိ (သမ္မာသတိမဂ္ဂင်)၊ ဝင်တိုင်းထွက်တိုင်း ငြိမ်သက်စွာ သိနေမှုသည် သမာဓိ (သမ္မာသမာဓိမဂ္ဂင်) ဖြစ်သွားပါသည်။
၂။ ပညာမဂ္ဂင်အုပ်စု ထိုသို့ သမာဓိရလာသောအခါ လေ၏ ဝင်ပုံထွက်ပုံ သဘောတရားများကို အရှိအတိုင်း မှန်ကန်စွာ မြင်လာမှုသည် သမ္မာဒိဋ္ဌိမဂ္ဂင်၊ ထိုအမှန်အသိဆီသို့ စိတ်ကို ရှေးရှုတင်ပေးနေမှုသည် သမ္မာသင်္ကပ္ပမဂ္ဂင် ဖြစ်သွားပါသည်။
၃။ သီလမဂ္ဂင်အုပ်စု ရှေ့က သတိဖြင့်မှတ်၊ နောက်က ပညာဖြင့် အမှန်သိနေသည့် အချိန်ခဏလေး အတွင်း၌ မကောင်းသောစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု (သမ္မာဝါစာမဂ္ဂင်)၊ မကောင်းသောအလုပ် လုပ် ဆောင်ခြင်းမှ ရှောင်ကြဉ်မှု (သမ္မာကမ္မန္တမဂ္ဂင်)၊ မကောင်းသော နည်းလမ်းဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်မှု (သမ္မာအာဇီဝမဂ္ဂင်) တည်းဟူသော သီလမဂ္ဂင်များမှာလည်း ဒုစရိုက်များ ဝင်ရောက်ခွင့်မရတော့သဖြင့် အလိုလို လုံခြုံပြီးသား ဖြစ်သွားပါသည်။
ထိုအကြောင်းကို ဆရာတော်ကြီးက ယခုကဲ့သို့ ပေါင်းရုံး၍ မိန့်ကြားတော်မူပါသည်။
"အားလုံးပေါင်းတော့ သတိ ရှိ၊ အသိ ရှိတယ်။
သတိနောက် အသိ အမြဲ နောက်လိုက်ပါနေတယ်။ သည် သတိနဲ့ အသိ ရှိနေသမျှ သမာဓိ၊ ပညာ အကုန်ပါပြီး သီလသိက္ခာလည်း ပါပြီးပေါ့။
သည်တော့ တို့ယောဂီတွေ မှတ်နေတဲ့ သတိလေးတစ်လုံးက… မဂ္ဂင်ရှစ်ပါး ယာဉ်ရထားကြီးလည်း အဆင်သင့် တပ်ဆင်ပြီးသား ဖြစ်သွားပါပြီ။ သိက္ခာသုံးပါး အကျင့်များလည်း အသွားမပျက် ကွင်းဆက်မိနေပြီမဟုတ်လား"
🔹 နိဂုံး
သံသရာအဆက်ဆက်က ရှုံးနိမ့်ခဲ့ရသော ကိလေသာစစ်ပွဲများကို ယခုဘဝတွင် အပြီးတိုင် အဆုံးသတ်ရန် အချိန်တန်ပါပြီ။
သို့ဖြစ်၍ ယောဂီသူတော်စင်အပေါင်းတို့သည် ဘုရားရှင်နှင့်တကွ ကျေးဇူးတော်ရှင် ဆရာတော် ဘုရားကြီးများ လက်ဆင့်ကမ်း ပေးသနားခဲ့သော 'သတိ' ဟူသည့် အမွေရပတ္တမြားကို အရင်းတည်လျက် ထိုသတိ ဖြင့် အကျင့် (စရဏ) နှင့် အသိ (ဝိဇ္ဇာ) ကို အချိုးကျပေါင်းစပ်ကာ၊ မဂ္ဂင်ရှစ်ပါး ယာဉ်ရထားကြီးကို စီးနင်းလျက် အို၊ နာ၊ သေခြင်းကင်းရာ အသင်္ခတနိဗ္ဗာန်နန်းဆီသို့ အောင်ပွဲခံ ချီတက်နိုင်ကြပါစေသတည်း။
🙏🙏🧘♀️🙏🧘♀️🙏🧘♀️🙏🙏
လူ့အခွင့်အရေး
https://www.facebook.com/share/p/1Ci1A3UM7k/
နောက်ဆုံးစိတ်၏ခရီးစဥ်
https://www.facebook.com/share/p/1CLviX4tRa/
ဓာတ်ကျွန်ဘဝမှ နိုးထခြင်း
https://www.facebook.com/share/p/1HWqRyxSek/
အရိယာအိမ် လူလိမ်မဝင်ရ
https://www.facebook.com/share/p/1Aq6MYpoHz/
ငါသာအမှတ် တရားခံ
https://www.facebook.com/share/p/1GnUz4PyN9/
#ငြိမ်းချမ်းသာ
#တရားအမြုတေများ_၁၈
#သုဝဏ္ဏသျှမ် #စာပြီးရက်စွဲ-13-4-2026
#သင်္ကြန်အကြိုနေ့
credit ::Thuwannashan
ပြန်လည်မျှဝေသည်။
🙏🙏🧘♀️🙏🧘♀️🙏🧘♀️🙏🙏