02/07/2025
ါဆရာ
တကယ်နှမျောရပါတယ်😥😥😥
ဆရာနိုင်မြန်မာ ကွယ်လွန်
**********************************
“ကမ္ဘာမကြေဘူး” သီချင်းကို ရေးသားခဲ့သူ တေးရေးဆရာ နိုင်မြန်မာ (ဦးနိုင်ဦးမြင့်) ဟာ ဒီကနေ့ ဖေဖေါ်ဝါရီ ၇ ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တယ်လို့ တော်လှန်အနုပညာအသိုင်းဝန်းကနေ သိရပါတယ်။
ဆရာဟာ “ကမ္ဘာမကြေဘူး” သီချင်းတွေ အပြင် ဝါဆိုမိုး၊ တခါက မြစန်းကြည်၊ မြစန်းကြည်လေးရေ စတဲ့ ထင်ရှားတဲ့ သီချင်းတွေကို ရေးစပ်ခဲ့သူလည်းဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက မတရားဖမ်းဆီးထားသူ အဆိုတော်ဗျူဟာရဲ့ ဖခင်လည်းဖြစ်ပါတယ်။
ဆရာ မကွယ်လွန်မီမှာ
"ချစ်သော - - တော်လှန်ရေး"
---------------------------------------------------------------။
ကံဆိုးမ သွားလေရာ
မိုးလိုက်လို့ ရွာနေတဲ့ အချိန်မှာ
လူတိုင်းကို ထီးတစ်ချောင်းဆီ မပေးနိုင်တာ
မင်းအပြစ် မဟုတ်ပါဘူးကွာ
မိုးထဲရေထဲက လူတစ်ယောက်
မင်း ရှေ့ကိုရောက်လာခဲ့ရင်သာ
မင်းဆောင်းနေတဲ့ ထီးကလေးအောက်မှာ
ခဏလောက်မိုးခိုပါစေ
အချမ်းပြေကော်ဖီလေးတခွက်လောက်သောက်ပါစေ
တကယ့်ပြည်သူတွေဟာ
တော်လှန်ရေးသမား စစ်စစ်တွေကို
အဲဒီလိုမျိုး ချစ်တတ်ကြပါတယ်လေ။ ဆိုတဲ့ ကဗျာကိုလည်း ရေးသားခဲ့ပါတယ်။
ဆရာနိုင်မြန်မာဟာ နှလုံးရောဂါဝေဒနာကို ခံစားနေရသူဖြစ်ပြီး အခုကွယ်လွန်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီးတော့ တိကျစွာ မသိရသေးပါဘူး။
#နိုင်မြန်မာ #ကမ္ဘာမကြေဘူး #ဗျူဟာ
01/28/2025
America မှာ မကောင်းတဲ့အချက်တွေလည်း ရှိပါတယ်...
" လူမျိုးရေးမခွဲခြားဘူး၊ ခွဲခြားလို့မရဘူး"ဆိုတဲ့
နောက်ကွယ်မှာ မသိမသာလူမျိုးရေးခွဲခြားမှုတွေရှိတယ်...
သူတို့လူမျိုးတစ်ယောက်နဲ့ ပြသနာဖြစ်ရင် ပိုပြီးနစ်နာသူဟာ ကိုယ်ဖြစ်နေတတ်ပါတယ်...
Car Accident ဖြစ်တဲ့အခါ ကိုယ်က အမှန်၊
တစ်ဖက်ကအမှားဆိုရင်တောင် မှတ်ချက်ပေးတဲ့ ရဲက
သူတို့လူမျိုးဘက်ကို မျက်နှာလိုက်ပြီး
ဆုံးဖြတ်သွားတာမျိုးတွေရှိတတ်တော့ စာရေးသူဆို
ကားမှာအမြဲတမ်း ကင်မရာတပ်ထားပါတယ်...
ကင်မရာရှိရင် စစ်ဆေးတဲ့ရဲကလည်း
တော်ရုံ မျက်နှာမလိုက်တော့ပါဘူး..
လူမျိုးရေးခွဲခြားမှုရှိသလို
-အာရှတွေကို မြင်တာနဲ့ ကြည့်မရတာတွေ၊
- ရိုက်နှက်တာတွေ၊
-ကိုဗစ်ဖြန့်ဖြူးသူတွေဆိုပြီး အနိုင်ကျင့်
သတ်ဖြတ်တာတွေဟာ မြို့ကြီးတွေမှာ
အတော်များပြားခဲ့ပါတယ်...
ကျောင်းတွေမှာဆိုရင်လည်း
-မူးယစ်ဆေးဝါးသုံးစွဲတဲ့ ဆယ်ကျော်သက်တွေ၊
-ဘာဂိုဏ်းညာဂိုဏ်းထဲရောက်သွားတဲ့သူတွေ၊
- မိန်းကလေးတွေဆိုရင်လည်း အသက် ၁၃ နှစ်လောက်နဲ့
ကုတင်ပေါ်တက်လိုက်ဆင်းလိုက်နဲ့ ဖြစ်နေတာတွေ
အများကြီးရှိပါ...
ဒါ့ကြောင့် ကိုယ့်သားသမီးကို ကျောင်းထားမယ်ဆိုရင် ကျောင်းကောင်းရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်...
တစ်ချို့ကပြောတယ်.. " ဘယ်ကျောင်းထားထား တော်တဲ့ကလေးက တော်မှာပဲ၊ ကျောင်းကောင်းမလိုဘူး၊
ကလေးပေါ်မှာပဲ မူတည်တယ်" လို့ပြောကြပေမယ့်
" တံငါးနားနီးတံငါး၊ မုဆိုးနားနီး မုဆိုးပါ" ...
ပတ်ဝန်းကျင်ဟာ အင်မတန်အရေးကြီးပါတယ်...
လူတန်းစားပေါင်းစုံ ကျောင်းမှာသွားထားမိလို့
-ကိုယ့်ကလေး ဆေးစွဲသွားတာ၊
- ဂိုဏ်းတွေထဲရောက်ကုန်တာ၊
- အပေါင်းအသင်းမှားပြီး သူငယ်ချင်းတွေ
မြှောက်ပေးမှုကြောင့် ဆယ်ကျော်သက်မိန်းကလေးတွေ
ဖြစ်ချင်သလိုဖြစ်နေတာတွေ ဒူးနဲ့ဒေး...
တက္ကသိုလ်ဝင်ခွင့်တွေမှာဆိုရင်လည်း
အာရှလူမျိုးတွေအတွက် ဝင်ခွင့်ရမှတ်ကမြင့်ပြီး
အာရှတွေဟာ အမှတ်ပိုများရပါတယ်...
အာရှပြီးမှ လူဖြူ၊
အာ့နောက်မှာမှ စပဲနစ်လူမျိုးတွေနဲ့ လူမည်းတွေပါ....
အာရှဖြစ်ရင် အမှတ်ပိုများရတဲ့အတွက်
တစ်ဖက်ကကြည့်ရင်လည်း ကိုယ်တွေအာရှတွေကို
သူတို့က ပိုတော်တယ်ထင်မိလို့လည်း
ဖြစ်ကောင်းဖြစ်နိုင်မှာပါ...
ဒုစရိုက်မှုတွေလည်း အလွန်ထူပြောပြီး
- မြင်မြင်သမျှ သေနတ်နဲ့လိုက်ပစ်နေတဲ့ စိတ်ရောဂါသည်တွေ၊ -child abuse ၊ ကလေးခိုးမှု၊ ပြန်ပေးဆွဲမှု၊ ကလေးမုဒိနိးမှု၊ -serial killers တွေ အင်မတန်များပြားပါတယ်...
လွန်ခဲ့တဲ့နှစ်က Washington State University မှာ
PhD တက်ရောက်နေတဲ့ အသက် ၂၈ နှစ်အရွယ်
ကျောင်းသားတစ်ယောက်ဟာ University of Idaho က ကျောင်းသူ ၃ ယောက်နဲ့ ကျောင်းသားတစ်ယောက်ကို
ရန်ဖြစ်တာမျိုးမဟုတ်ပဲ အခြောက်တိုက်
ဓားနဲ့ထိုးသတ်ခဲ့ပါတယ်... သတ်ခဲ့တဲ့ ကျောင်းသားဟာ
အနေအေးပြီး ထူးချွန်ကျောင်းသားလို့လည်း
သိရှိရပါတယ်ရှင်...
လွန်ခဲ့တဲ့ ၂ နှစ်ကလည်း စာရေးသူတို့ ကုမ္ပဏီနားမှာ
ဖွင့်ထားတဲ့ nail salon တစ်ခုကနေ ည ၉ နာရီလောက် အလုပ်ဆင်းပြီးပြန်လာတဲ့ အာရှအမျိုးသမီးတစ်ယောက်ရဲ့ ကားနောက်ခန်းထဲမှာ ဒုစရိုက်သမား ဝင်ပုန်းနေခဲ့တယ်...
အာ့အမျိုးသမီးကို ဓားထောက်ပြီး
မြို့ပြင်ကိုမောင်းခိုင်းခဲ့တယ်...
အာရှအမျိုးသမီးက ကားတွေများ၊ လူစည်ကားတဲ့နေရာမှာ accident ဖြစ်အောင်လုပ်လိုက်တော့
လူတွေဝိုင်းလာတဲ့အတွက် ဒုစရိုက်သမားဟာ
ထွက်ပြေးသွားခဲ့ပါတယ်...
ဒါမျိုးမှုခင်းတွေဟာ မကြာခဏဆိုသလိုဖြစ်ပွားနေတာပါ...
အမေရိကားဟာ ကောင်းတဲ့အချက်တွေရှိသလို အရူးတွေ၊ psycho တွေ အင်မတန်ပေါများတဲ့
တိုင်းပြည်တစ်ခုဆိုရင်လည်း မမှားပါဘူးရှင်....
01/16/2025
လင်ပျောက်မ
----------------
မိခင်က သားလေးလက်ကိုဆွဲလာပြီး ဈေးထဲကိုရောက်လာသည်။
ဈေးထဲတွင် လူတွေစည်ကားနေချိန်ဖြစ်သည်။ သားငယ်က မိခင်လက်ကိုဆွဲလာရင်းက
“အမေ”
“ဘာလဲသား”
“သား ... ဟို ကောက်ညှင်းပေါင်း စားချင်လို့”
“သားရယ် အမေ့မှာ ပိုက်ဆံမရှိသေးဘူး။ မင်းအဖေက ဈေးထဲကိုလာခဲ့ ပိုက်ဆံပေးမယ်ဆိုလို့ လာခဲ့တာ။ မင်း အဖေကို ခုထိ ရှာမတွေ့သေးဘူး”
“အမေ ... ရေခဲချောင်း စားချင်တယ်”
“သား မပူဆာနဲ့ကွယ် ... အမေ မင်းအဖေကိုရှာနေတာ ... သူ့ကိုတွေ့ရင် ဝယ်ကျွေးမယ်”
မိခင်က သူ့သားကို လက်ဆွဲကာ သွားပြန်သည်။ သူက တစ်နေရာတွင်
“ဒီမှာရှင် ... ကုန်ထမ်းတဲ့ ကိုလှမောင်ကို တွေ့မိကြသလား”
“လှမောင်လား ... ပြန်လာလိမ့်မယ် ... ငါးတန်းကို ငါးတောင်းတွေ သွားပို့နေတယ်”
သူတို့သားအမိ အဆောက်အအုံတစ်ခု၏ လှေကားတွင်ထိုင်နေကြသည်။ ထိုအချိန်တွင် အကြော်သည်က သူတို့ရှေ့ဖြတ်ကာ
“အကြော်စုံ” ဟုအော်သွားသည်။
“အမေ အကြော်စားချင်တယ်”
“သားရယ် ခဏ ခဏမပြောနဲ့ကွာ ... မင်းအဖေတွေ့ရင် ပိုက်ဆံရမှာ။ ပိုက်ဆံရရင်ဝယ်ကျွေးမယ်”
“အဖေကလည်း ကြာလိုက်တာ မလာဘူး”
သူတို့ နာရီဝက်ခန့်အထိ ထိုင်နေကြသေးသည်။ မလာနိုင်သဖြင့် သူက သားကို လက်ဆွဲကာ ငါးဈေးဘက်ကို ထွက်ခဲ့သည်။ ငါးတန်းတွင်လည်း သူ့မိန်းမက သူ့ယောကျ်ားကို လိုက်မေးသည်။
“ခုဏလေးတင် ဒီနားမှာတွေ့သေးတယ်”
“ဘယ် … ဒီအကောင် ပိုက်ဆံရရင် ထုံးစံအတိုင်းနေမှာပေါ့”
ထုံးစံအတိုင်းဆိုသည်ကို သူကကောင်းစွာသိနေသည်။ ထို့ကြောင့်
“အစ်မ အရက်ဆိုင်က ဘယ်နားမှာလဲ”
“ဟို ဈေးအိမ်သာရှေ့ လမ်းတည့်တည့်ဆင်းသွား"
သူတို့သားအမိ အရက်ဆိုင်ကို လိုက်ခဲ့ကြပြန်သည်။
“သားအပြင်မှာနေခဲ့ အမေ အထဲဝင်ရှာလိုက်ဦးမယ်”
မိခင်က ဆိုင်ထဲဝင်ပြီး လျှောက်မေးသည်။
“လှမောင် … ဒီမနက် မလာသေးဘူး”
သူတို့သားအမိ ဈေးထဲကို ပြန်လာကြပြန်သည်။ ကလေးကို လက်ကဆွဲ၊ လင်ကိုလည်း ဟိုကြည့်သည်ကြည့်နှင့် နောက်ဆုံး ကလေးက လက်လွတ်သွားသည်။
“ကိုလှမောင် ... ကိုလှမောင်”
သူက ကလေးကိုမေ့ပြီး လူအုပ်ကြားထဲပြေးလိုက်သွားသည်။ ကိုလှမောင်ကို တွေ့၍ထင်သည်။ ကလေးကို မေ့သွားသည်။
“အမေ ... အမေ ... အမေ”
ကလေးက အမေဟု အော်ကာငိုသည်။
လူတွေက ဝိုင်းလာသည်။
“သားအမေ ဘယ်သွားလို့လဲ”
“အမေ အဖေ့ကိုလိုက်ရှာနေတယ် ဟီး ... ဟီး”
“မငိုနဲ့တိတ်တိတ် ... ဒီမှာ သကြားလုံးစား”
“စားဘူး”
“အမေ ... အမေ ... အမေရေ”
“ကလေးသနားစရာကွယ် ... သူ့အမေ သူ့ကို စွန့်ပစ်သွားတာလား”
“သားလေးရော့ ရော့ ... ဒီမှာ ပေါင်မုန့်လေးစား”
“စားဘူး ... အမေရေ ... အမေ”
ကလေးက သူ့အမေကို တမ်းတပြီး အော်ငိုနေသည်။
“ကလေးကို ပစ်ပြေးသွားတာနေမယ် ... တော်တော် ယုတ်မာတဲ့ကလေးအမေ”
“အမေ ... အမေ ... ဟီး ... ဟီး”
“သား ဒီမှာ ပြောင်းဖူးစား ... ရော့ ...”
“စားဘူး ... သွား ... အမေရေ ... အမေ”
ကလေးတစ်ယောက်တွက် သူ့အမေကလွဲပြီး ဘာမျှအရေးမကြီး။ ဗိုက်ဆာတာလည်းမေ့နေပုံရသည်။ သူက မိခင်ကို အော်ခေါ်ပြီး လိုက်ရှာသည်။ ကလေးကို လူတွေက ဈေးခေါင်းရုံးကိုခေါ်သွားပြီး သွားအပ်ထားလိုက် သည်။ ကလေးမိခင်က လူအုပ်ကြားကိုရောက်လာပြီး
“ဒီမှာရှင် ... ဒီမှာ ကျွန်မ သားလေး ပျောက်သွားလို့ပါ ... ဒီနားမှာ ပျောက်သွားတာ။ အပေါ်အင်္ကျီ အနီလေးနဲ့ ... တွေ့မိကြသလားရှင် ... သားရေ ... သားရေ”
“အဲဒီကလေးလေးလား ... ဈေးခေါင်းရုံးမှာ သွားအပ်ထားတယ်”
မိခင်ဖြစ်သူက ဈေးခေါင်းရုံးကို ပြေးသည်။
“ကျွန်မ သားလေး ... ကျွန်မသားလေး”
“ဒါ ခင်ဗျား သားလား”
“ဟုတ်ကဲ့ပါရှင်”
“ကလေးက ငိုနေတော့တာပဲ ... ဘာကျွေးလို့မှလည်း မစားဘူး”
“ကျွန်မလည်း လူကြားထဲမှာ လက်လွှတ်လိုက်မိတာရှင့် ... ငါ့သားလေး စိတ်ဆင်းရဲသွားရပြီ”
“အမေကလည်း ဘယ်သွားနေတာလဲ ... သားကြောက်လိုက်တာ”
“မကြောက်နဲ့တော့ အမေလာပြီပဲ ... ကျေးဇူးပါရှင် ကျွန်မသားလေးကို ပြန်ခေါ်သွားတော့မယ်”
“ခေါ်သွား”
သူတို့ သားအမိ ဈေးခေါင်းရုံးက ထွက်ခဲ့သည်။
“အမေ ... အဖေ့ကိုတွေ့ခဲ့လား”
“မတွေ့ဘူး”
“သားဗိုက်ဆာလိုက်တာ”
“အမေလည်း ဆာတာပဲကွယ်”
ထိုစဉ် လူတစ်ယောက်က
“ဟဲ့ ... နင် လှမောင်မိန်းမ မဟုတ်လား”
“ဟုတ်ကဲ့”
“နင့်လင် တံတားအောက်မှာ ဖဲရိုက်နေတယ်”
သူတို့သားအမိ တံတားအောက်ကို ပြေးကြသည်။ တံတားအောက်တွင် သူရှာနေသော လင်ကိုတွေ့သည်။
“ကိုလှမောင်”
“ဘာလဲ”
“ကျွန်မတို့သားအမိ ဆာနေပြီ”
“သွားသေလိုက် ... ဒီမှာ ဖဲရှုံးနေရတဲ့အထဲ”
“အဖေ သားဗိုက်ဆာတယ်”
“ဟာ ... ဒီသောက်ကမြင်းမသားအမိ လာဘ်တိတ်တယ် ... ထွက်သွားကြစမ်း”
မိခင်က သားလက်ကိုဆွဲကာ
“လာ သားလေး သွားကြမယ်”
သူတို့ ဈေးထဲပြန်ဝင်ခဲ့ကြသည်။
“အမေ သားဗိုက်ဆာတယ်”
“လာသား”
သူတို့ တစ်နေရာတွင် ထိုင်လိုက်ကြသည်။
“အစ်ကိုကြီး အစ်မကြီးတို့ရယ် ... သားလေးဗိုက်ဆာလို့ တစ်ပြားတစ်ချပ်လောက် စွန့်ကြဲခဲ့ကြပါရှင်”
Crd တင်ညွန့်
၁၆.၁.၂၀၂၅
01/03/2025
မနက်ဖန်ကို
မျှော်လင့် ရင်ခုန်နေတယ်။
အမေစု အပါအ၀င်
နိုင်ငံရေးအကျဥ်းသားအားလုံး
လွတ်ကြပါစေ။
01/02/2025
အောင်ဆန်းစုကြည် ဖယ်ထုတ်ရေး အကြံ ပက်လက်လန်
****************************************
ဒေါ်အောင်ဆန်းစုကြည်ကို နဝတ/နအဖ စစ်အစိုးရက နာမည်ဖျက်ခဲ့တာ အများသိကြတယ်။ ဘယ်သူ့မယား၊ ဘာကောင်မ၊ ညာကောင်မ စကလို့ နောက်ဆုံး ပြည့်တန်ဆာလိုတောင် သုံးနှုန်းခဲ့တာ။ နာမည်ဖျက်ရုံတင်မက၊ လူ့အသက်ကိုပါ လုပ်ကြံခဲ့တာ ၂၀၀၃ ဒီပဲယင်းမှာ။ ဆိုလိုတာက စစ်တပ်ဟာ ဒေါ်စုအပေါ် ဘယ်တုန်းကမှ မိတ်ဆွေလို သဘောမထားခဲ့ဘူး။ ဒေါ်စုဖက်ကတော့ ဒီလိုမဟုတ်တာ အများသိပါတယ်။
၂၀၁၅/၂၀၁၆ မှာ NLD အစိုးရဖွဲ့ပြီး အစိုးရတာဝန်ယူတော့လည်း စစ်တပ်ဟာ NLD အစိုးရကို နည်းအမျိုးမျိုးနဲ့ နှောင့်ယှက် ဖျက်ဆီးခဲ့တာပါပဲ။ ရခိုင်ပြည်နယ် အရေးကိစ္စမှာ အဓိက ဂြိုလ်မွှေတာ စစ်တပ်ပါပဲ။ ပြီးတော့ အဲဒီ ကိစ္စကို အကြောင်းပြုပြီး ဒေါ်စု ရထားတဲ့ နိုင်ငံတကာ ထောက်ခံမှုကို ချိနဲ့သွားအောင် စစ်တပ်က စနစ်တကျ လုပ်ခဲ့တာ။ ဒေါ်စုကတော့ အလွန့်အလွန်မှ ကြပ်တည်းလှတဲ့ အခက်အခဲမျိုးစုံကြားမှာ တိုင်းပြည်နဲ့ လူထုကို အတတ်နိုင်ဆုံး ကာကွယ်ပေးသွားခဲ့တယ်။ ဒေါ်စုကြုံရတဲ့ အခက်အခဲ၊ အကြပ်အတည်းတွေဟာ ဖြေရှင်းဖို့ မဖြစ်နိုင်လောက်အောင်ကို ကြီးမားလွန်းလှတယ်။ နိုင်ငံတကာကတစ်ဖက်၊ စစ်တပ်က တစ်ဖက်၊ စစ်တပ်က မီးမွှေးထားတဲ့ အစွန်းရောက်တွေကတစ်ဖက်၊ ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်နိုင်ငံလိုမျိုးထူထောင်ဖို့ ကြိုးပမ်းနေတဲ့ အီးအေအိုက တစ်ဖက်၊ ဒေသခံလူထုတွေက တစ်ဖက်နဲ့ ဘက် ပေါင်းစုံကြားမှာ ဖြေရှင်းဖို့ မဖြစ်နိုင်တဲ့ ပြဿနာကို ကိုင်တွယ်ရတယ်။ မဖြစ်နိုင်လို့လည်း ခုချိန်ထိ ဘယ်သူကမှ မဖြေရှင်းနိုင်တာပါပဲ။ ဒီလို အခြေအနေကြား မှာတောင် ဒေါ်စုဟာ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အခင်းအကျင်းတွေ ဖန်တီးခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ပြဿနာ ပြေလည်သွားရင် အကျိုးစီးပွားဆုတ်ယုတ်တော့မယ် အစုအဖွဲ့အသီးသီးက ဒေါ်စုကို နည်းမျိုးစုံနဲ့ ဖျက်ဆီးမှုပြုတယ်။ နိုင်ငံတကာကတော့ ဒေါ်စု လုပ်တာတွေကို အာရုံစိုက်ဖို့ ပျက်ကွက်ခဲ့ပြီး၊ ဒေါ်စုက ပါးစပ်က ဘာမှ မပြောလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို လျစ်လျူရှုခဲ့တော့တယ်။
ဒီအခြေအနေတွေဟာ စစ်တပ်အတွက် အခွင့်ကောင်းတွေ ဖြစ်ခဲ့ပြီး၊ ၂၀၂၁ မှာ စစ်တပ်ဟာ ဒေါ်စုကို အထီးကျန်အောင် လုပ်နိုင်ပြီလို့ ယူဆတဲ့အတွက် အာဏာသိမ်းခဲ့တာပါပဲ။
ဆိုလိုတာက - မြန်မာလို့ ခေါ်တဲ့ တိုင်းပြည်မှာ စစ်တပ်ရဲ့ နံပါတ် ၁ ရန်သူဟာ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်တယ်။ ဘယ်အီးအေအိုမှ မဟုတ်ဘူး။ ဒါပေမယ့် စစ်တပ်ရဲ့ တွက်ကိန်းမှားသွားတာက ဒေါ်စုအပေါ် နိုင်ငံတကာ ထောက်ခံမှု လျော့သွားပေမယ့်၊ မြန်မာပြည်သူများကတော့ တခဲနက် ထောက်ခံနေဆဲဖြစ်သလို၊ ဒေါ်စုဆိုတာကို နိုင်ငံရေးအီကွေးရှင်းထဲက ထုတ်လိုက်ရင် နောက်ကြောင်းပြန်လှည့်ဖို့ ခက်တဲ့ “ဘက်စုံပြည်တွင်းစစ်” ဖြစ်မယ်ဆိုတဲ့ အချက်ပါပဲ။ တိုင်းစစ်ဌာနချုပ် ၂ ခု ကျရှုံးခြင်းက ဒီ တွက်ကိန်းမှားမှုရဲ့ သက်သေပါပဲ။
ဒီကြားထဲမှာမှ - ဒေါ်စု ကို အလာဂျီရှိတဲ့ လူတန်းစားတွေ၊ အုပ်စုတွေ ထွက်လာတယ်။ ထိုသူတွေကတော့ နယ်စပ်က စီအက်စ်အိုများ၊ ပြည်တွင်းက “အောင်ဆန်းစုကြည်-အလာဂျီရှိသော” စီအက်စ်အိုများ၊ စစ်တပ်ကို ဘောပြေးမဖို့ စောင့်ဆိုင်းနေတဲ့ တတိယအုပ်စုဆိုသူများနဲ့ ခေါင်းစဉ်ပေါင်းစုံနဲ့ ပြည်ပမှာ လုပ်စားနေကြတဲ့ “ပြည်ပြေး” အုပ်စုအချို့ တို့ပဲ ဖြစ်တယ်။ NUG တောင် ဒီအုပ်စုတွေရဲ့ လွှမ်းမိုးမှု ခံရတဲ့အတွက် ဒေါ်စုလွတ်မြောက်ရေး ဝဇီပိတ် ကျင့်နေတာ (ဒါနဲ့ ပတ်သက်လို့ နောက်မှ အကျယ်ရေးပြမယ်)။
ဒီအုပ်စုတွေဟာ စစ်အပ်က အာဏာသိမ်းပြီး ဒေါ်စုကို ထောင်ထဲ ထည့်လိုက်တဲ့အခါ အလွန်အင်မတန် ပျော်ရွှင်ကြတဲ့ အုပ်စုတွေဖြစ်တယ်။ နိုင်ငံရေးမှာ “ခွေးတိုးပေါက်ကနေဝင်ဖို့” စစ်တပ်က အနစ်နာခံပြီး လမ်းရှင်းပေးလိုက်တယ်လို့တောင် အယူရှိကြနိုင်တယ်။ ဒါပေမယ့် ပြဿနာက မြန်မာပြည်သူလူထုပဲ။
ပြဿနာက မြန်မာပြည်သူ လူထုဆိုတာ ဒီလိုပါ - မြန်မာပြည်သူလူထုဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံရေး ထောက်ခံမှု၊ ယုံကြည်ကိုးစားမှုတို့ဟာ ဆံချည်တမျှင်မျှ လျော့ပါးမသွားသလို၊ ပိုလို့တောင် တိုးလာတယ်။ ဒါကို စစ်တပ်က တော်တော် ကြေကွဲပါတယ်။ ဒီလိုပဲ စစ်တပ်နဲ့အတူ ကြေကွဲသူများကတော့ အပေါ်မှာ ထောက်ပြထားတဲ့ အုပ်စုတွေပါပဲ။
ဆိုတော့ - စစ်တပ်ဟာ နိုင်ငံရေးမှာ ဒေါ်စုအပေါ် ပြည်သူက ဘယ်လို သဘောရှိတယ်ဆိုတာသိဖို့ “ချုံပုတ်ကို ခဲပစ်သလို” ဖြူဖြူထွေးကြော်ငြာကနေ လုပ်ကြည့်တယ်။ စစ်တပ်အတွက် မဟန်ဘူးဆိုတဲ့အဖြေထွက်တယ်။ ဒီအခြေအနေမှာ စစ်တပ်ကဲ့သို့ ဒေါ်စုကို မုန်းတဲ့ အထက်ဖော်ပြပါ အုပ်စုများက “ဖရီးဒန်းအော့ဖ် အိတ်စပရက်ရှင်” တို့၊ ဘာမလုပ်ပါနဲ့၊ ညာမလုပ်ပါနဲ့ဆိုပြီး အထွန့်တက်ကြတယ်။
တကယ်တော့ - ဘယ်သူကမှ ဖြူဖြူထွေးကို ဘာမှ လုပ်ဖို့ အစီအစဉ်မရှိဘူး။ ပြင်းပြင်းထန်ထန် ကန့်ကွက် ဆဲဆိုတာကလွဲလို့ ဘာမှ မလုပ်ဘူး။ လုပ်ရလောက်အောင်လည်း အရေးပါမနေဘူး။ (စာထုတ်တယ်ဆိုတဲ့ အဖွဲ့ကလည်း ရုတ်ရက်ကြီးပေါ်လာဆိုပဲ။)
ဘယ်သူကမှ မလုပ်တာကြီး၊ မရှိတာကြီး (non-existence) ကို ပြပြပြီး၊ လုပ်လိုက်ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုတာဟာ ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူး။
ခြုံငုံရရင် - ဒေါ်စု နဲ့ ပတ်သက်ရင် စစ်တပ်ဟာ ဒေါ်စုကို အသက်အန္တရာယ်အထိ ခြိမ်းခြောက်ခဲ့သလို၊ အခုထိလည်း ခြိမ်းခြောက်ထားဆဲဖြစ်တယ်။ ဒီလိုပဲ စစ်တပ်နည်းတူ (စစ်တပ်လောက်မပြင်းထန်ပေမယ့်) ဒေါ်စု နိုင်ငံရေးမှာ မရှိလေ ကောင်းလေ ဆိုတဲ့ အထက်ဖော်ပြပါ အုပ်စုများကလည်း ဒေါ်စု နိုင်ငံရေးကို ပြန်ဝင်လာမှာကို မလိုလားဘူး။ စစ်တပ်အတွက်ရော၊ ထိုသူများအတွက်ပါ အကြီးမားဆုံး စိန်ခေါ်မှုဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာပြည်သူလူထုပါပဲ။ ဒီ နောက်ခံအခင်းအကျင်း context ကို မြင်နိုင်မှ ဖြစ်ပျက်နေတာတွေကို နားလည်နိုင်မယ်။
စစ် မော်
Crd